"ဆရာ.. ချင်းဟယ် တစ်ယောက် ဆရာ့အနားမှာ နေလာတာ ၂၂၁၁ ရက် ရှိပြီ"
ရွှီချင်းဟယ် သည် လုံရှင်းထျန်း ကို အလွန်လေးစားသည်။
ထိုသို့ လေးစားရခြင်းမှာ ပညာသင်ကြားပေးမှုနှင့် အသက်ကယ်ပေးခဲ့သည့် ကျေးဇူးကြောင့်သာမက သူ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သားတစ်ယောက်၏ အရိုအသေပေးမှုမျိုးကြောင့်လည်း ဖြစ်သည်။
လုံရှင်းထျန်း သာမရှိလျှင် ယနေ့ ရွှီချင်းဟယ် ဆိုသူ ရှိလာမည် မဟုတ်ပါ။
"ဆရာ့အနေနဲ့ မင်းရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ စွဲမြဲနေမှန်း ငါ သိပါတယ် မူလကတော့ မင်း အောင်မြင်မှုတွေ ပိုမို ရရှိလာမှ ပြောပြဖို့ စီစဉ်ထားပေမဲ့ အခုတော့ ကမ္ဘာကြီးက ရှုပ်ထွေးမှုများဆီ ဦးတည်နေပြီ.. ဒါကြောင့် ထိမ်ချန်ထားစရာ မလိုတော့ဘူး"
ထိုစကားကို ကြားလိုက်ရသော် ရွှီချင်းဟယ် ၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ဆရာပြောသော စကားများ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။
သူက ငါ့ကို စွန့်ပစ်တော့မှာလား... ရွှီချင်းဟယ် ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး မြေပေါ်သို့ အလျင်အမြန် ဒူးထောက်လိုက်သည်။
"တပည့်ရဲ့ နှလုံးသားထဲက အမုန်းတရားတွေကို နောင်တစ်ချိန်မှာ တပည့်ကိုယ်တိုင် ဖြေရှင်းပါ့မယ်။ အခုအချိန်မှာတော့ ဆရာ့အနားမှာပဲ တည်ငြိမ်စွာ နေထိုင်ပြီး ကျင့်ကြံရင်း ဆရာ့အပေါ် သားတစ်ယောက်ရဲ့ ဝတ္တရားကိုသာ ကျေပွန်ချင်ပါတော့တယ်.. ဆရာ"
"ရပ်" လုံရှင်းထျန်း က သူ့ကို စကားဖြတ်ပြောရန် လက်ကို မြှောက်လိုက်သည်။
"ဆရာ့အနေနဲ့ မင်းကို စွန့်ပစ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကမ္ဘာကြီးက ရှုပ်ထွေးမှုများဆီ ရောက်တော့မှာ.. ငါကိုယ်တိုင်တောင် အပြင်လောကကနဲ့ မဆက်ဆံဖို့ မဖြစ်နိုင်တော့ဘူး.. မင်းရဲ့ ကျင့်ကြံမှုကလည်း အဆင့်တစ်ခု ရောက်နေပြီဆိုတော့ အပြင်လောကမှာ သွားပြီး စမ်းသပ်ကြည့်ဖို့ အချိန်တန်ပြီ"
‘ငါ့ရဲ့ တပည့်ကောင်းလေးရေ.. မင်းသာ မပြန်ဘူးဆိုရင် ချီရန်ရွှယ် က မင်းရဲ့ မောင်နှမတွေကို အကုန်သတ်ပြီး ထျန်းဒိုအင်ပါယာကို လုံးဝ သိမ်းပိုက်သွားလိမ့်မယ်။ နောင်တစ်ချိန်မှာ ငါ့ရဲ့ လုံခြုံရေးက ဘာဖြစ်လာမလဲ…’
ရွှီချင်းဟယ် သည် လူမိုက်မဟုတ်ပါ။ လုံရှင်းထျန်း ဘေးတွင် နေထိုင်ရင်း အရာသစ်များစွာကို သင်ယူခဲ့ရသောကြောင့် ချက်ချင်း နားလည်သွားသည်။
အထူးသဖြင့် လုံရှင်းထျန်း ခေါ်ဆိုသော "ကမ္ဘာလုံးဆိုင်ရာ သဟဇာတဖြစ်မှု" ဆိုသည့်အရာကိုပင်..ဒါဟာ ဆရာ့ရဲ့ ရည်မှန်းချက်ပဲ.. သူက ကမ္ဘာကြီး ငြိမ်းချမ်းရေး ပြန်ရစေချင်တာ..ဆရာက အစွမ်းအစရှိသူတစ်ယောက်အနေနဲ့ ကမ္ဘာ့လောကထဲကို ဝင်ရောက်ဖို့ အဆင်မပြေပေမဲ့ သူ့တပည့်ကို ကိုယ်စားစေလွှတ်ဖို့ကတော့ အသင့်တော်ဆုံးပဲ။
ထိုသို့ တွေးမိရင်း ရွှီချင်းဟယ် ဒူးတစ်ဖက်ထောက်လိုက်သည်။ "ဆရာက တပည့်ကို တာဝန်ကြီးတစ်ခု အပ်နှင်းလိုက်တာကို.. တပည့် ဆရာ့ကို စိတ်မပျက်စေရပါဘူး.. ချင်းဟယ် က ဆရာ့ရဲ့ စီစဉ်မှုတိုင်းကို လိုက်နာဖို့ အသင့်ပါပဲ"
အင်း... သင်ရကျိုးနပ်တဲ့ ကလေးပါပဲ..
လုံရှင်းထျန်း ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုက အဆင့်တစ်ခု ရောက်နေပြီ.. မင်းလည်း ငယ်သေးတယ်။ ငါ့လိုပဲ တစ်နေ့လုံး သတ်သတ်လွတ်စားပြီး ဘုရားစာရွတ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒီနေ့ ရှောင်ဝူ ထွက်သွားတာက အရာအားလုံးက ကံတရားအတိုင်း ဖြစ်ပျက်နေတာပဲ.. မင်း ထွက်ခွာရမယ့် အချိန် ရောက်ပြီ"
မျှော်လင့်ထားတဲ့အတိုင်းပဲ... ရွှီချင်းဟယ် ပျော်ရွှင်သွားသည်။ ဆရာက တကယ်ပဲ ကမ္ဘာ့လောကအတွက် ဗျူဟာချနေတာပဲ။ သူက ငါ့ကို အင်အားစုစည်းဖို့ အပြင်ကို စေလွှတ်တော့မှာ... "တပည့် ဆရာ့ရဲ့ စီစဉ်မှုတွေကို နားလည်ပါတယ်.. ဆရာ့ကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး" ဟု သူ ကြွေးကြော်လိုက်သည်။
လုံရှင်းထျန်း ရယ်မောလိုက်သည်။ ရွှီချင်းဟယ် သာ အိမ်ရှေ့မင်းသား ရာထူးကို ပြန်ရပြီး ကမ္ဘာကြီး ရှုပ်ထွေးလာတဲ့အခါ သူက လုံခြုံမှုတစ်မျိုး ရလိမ့်မယ်။
"အင်း... သင်ယူရကျိုးနပ်တဲ့ ကလေးပဲ"
လုံရှင်းထျန်း ကျေနပ်စွာ ခေါင်းညိတ်သည်။
"ဒါကို မှတ်ထားပါ - မင်း ထွက်သွားပြီးရင် တခြားသူတွေကို ဆရာ့အကြောင်း မပြောနဲ့.. အလျင်စလိုလည်း မလုပ်နဲ့... လူကြီးလူကောင်းတစ်ယောက်ဟာ အန္တရာယ်ရှိတဲ့ နံရံအောက်မှာ မရပ်ဘူး... အရာအားလုံးကို အလျင်စလို မလုပ်နဲ့"
သူက အတော်လေး ကြာအောင် မှာကြားလိုက်သည်။ ဟုတ်ပါတယ်.. အရေးအကြီးဆုံး အချက်ကတော့ အပြင်မှာ သူနဲ့ တူတဲ့သူတစ်ယောက် ရှိနေသေးတယ်ဆိုတာကို ရွှီချင်းဟယ် ကို သတိပေးဖို့ပါပဲ။
"အို.. ဟုတ်ပြီ"
"မင်းရဲ့ ရင်ထဲမှာ အမုန်းတရားတွေ ရှိနေမှန်း ငါ သိတယ်.. ဒါပေမဲ့ အခုအချိန်မှာ ဒေါသနဲ့ မလုပ်ဆောင်ပါနဲ့.. အရာအားလုံးကို ဖြေးဖြေးချင်းချင်း လုပ်ရမယ်... နောက်ဆုံးအနေနဲ့ ဆရာ မင်းကို ပြောရမယ့် အချက်တစ်ခု ရှိတယ်... မင်း အပြင်ရောက်သွားရင် ထျန်းဒိုအင်ပါယာကို ချက်ချင်း မပြန်ပါနဲ့"
"...."
ရွှီချင်းဟယ် သည် တခြားစကားများကို တိတ်ဆိတ်စွာ မှတ်သားထားသော်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် ရုတ်တရက် မော့ကြည့်လိုက်သည်။
လုံရှင်းထျန်း က ရှင်းပြမနေပေမဲ့ သူ၏ အမူအရာမှာ အလွန်ပင် လေးနက်နေသည်။ ရွှီချင်းဟယ် သည် သူ၏ ရင်ထဲရှိ ဝေဝါးမှုများကို ဖိနှိပ်လိုက်ပြီး လုံရှင်းထျန်း ၏ စကားကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"ဆရာ ဒီလို ပြောရတဲ့ အကြောင်းရင်း ရှိရမယ်... စောင့်ဦး... ငါ ထျန်းဒိုအင်ပါယာကနေ ထွက်လာတာ ၆ နှစ် ရှိပြီ.. ရွှီချင်းဟယ် ဆိုတဲ့ နာမည်ကို လူတွေ မေ့နေလောက်ပြီ။ ငါ အလျင်စလို ပြန်သွားရင် ရလဒ်နှစ်ခုပဲ ရှိမယ်။ ပထမ - ငါ ပြန်သွားရင် ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဝိညာဉ်နန်းတော် နဲ့ တခြားအင်အားစုတွေ ငါ့ကို တိုက်ခိုက်လာမယ်... ဒုတိယ - အင်ပါယာက ငါ့ကို အသိအမှတ် မပြုတာ.. ဒါက အဆိုးဆုံး ရလဒ်ပဲ"
ထိုအချက်ကို သဘောပေါက်သွားသဖြင့် ရွှီချင်းဟယ် သည် အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ ဆရာက တကယ်ပဲ အရာအားလုံးကို ထွင်းဖောက် မြင်နေတာပဲ... ဆရာ့ရဲ့ ဆိုလိုရင်းကတော့ လျှို့ဝှက်စွာနဲ့ အင်အားစုစည်းပြီး အချိန်တန်မှ အင်ပါယာကို ပြန်သွားဖို့ပဲ။ အဲဒီအခါကျရင် ငါ့ကို ဘယ်သူ ထိန်းချုပ်နိုင်မှာလဲ...
"ဆရာ့မှာ ကြီးမားတဲ့ ပညာဉာဏ် ရှိပါတယ်"
သူသည် ခေါင်းကို အကြိမ်ကြိမ် ငြိမ့်လိုက်သည်။ "တပည့်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ.. မဟုတ်ရင် တပည့် ကောင်းကင်ကို ဆန့်ကျင်တဲ့ အမှားကြီး ကျူးလွန်မိတော့မှာ"
"...." လုံရှင်းထျန်း သည် ဘာမှ မတုံ့ပြန်ဘဲ ငေးငိုင်နေသည်။
ရွှီချင်းဟယ် ဒီလို လုပ်နေတာကို ကြည့်ရတာ သူ တစ်ခုခုတော့ နားလည်သွားပုံ ရပါတယ်။
သူသည် အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီအတိုင်းဆိုရင် မင်း ဒီနေ့ ထွက်သွားလို့ ရပြီ ဒါနဲ့ ရှောင်ဝူ ကိုလည်း ရှာကြည့်ပေးပါဦး သူ့ကို ပြန်လာအောင် စည်းရုံးကြည့်ပါ.. ဒါပေမဲ့ သူ မပြန်ချင်ရင်တော့ သူ့အတွက် စိတ်မပူပါနဲ့.. မင်းရဲ့ ကိစ္စတွေကိုပဲ ဦးစားပေးပါ.. နားလည်လား"
"တပည့် နာခံပါ့မယ်"
"အာရို ကျေးဇူးတင်ပါတယ် သခင်" အာရို သည် မျက်ရည်စက်များကို သုတ်လိုက်ပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
အနည်းဆုံးတော့ လုံရှင်းထျန်း က ရှောင်ဝူ ကို လုံးဝ စွန့်ပယ်မသွားသေးဘူး.. အခြေအနေ ပြောင်းလဲဖို့ အခွင့်အရေး ရှိပါသေးတယ်။
"မင်းက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်ဆိုတော့ ငါ့မိသားစုဝင်ပဲ.. ဒါကြောင့် မင်းရဲ့သမီးကိုလည်း ငါ အမြဲ စောင့်ကြည့်ပေးမှာပါ"
လုံရှင်းထျန်း သည် လည်ပင်းကို လှည့်ရင်း မနက်ခင်း နေရောင်ခြည်ကို မျက်နှာမူကာ လေ့ကျင့်ခန်း လုပ်နေသည်။
အာရို ၏ လှပသော ပုံရိပ်မှာ တုန်ခါသွားသည်။
အိမ်မွေးတိရစ္ဆာန်... မိသားစု... ဒါဟာ လုံရှင်းထျန်း ဒီစကားလုံးတွေကို ပထမဆုံးအကြိမ် သုံးခြင်း ဖြစ်သည်..
ဆိုလိုသည်မှာ သူမသည် သူ့ရဲ့ ခွင့်ပြုချက်ကို ရသွားပြီ။
ထိုအချိန်တွင် သူမသည် လုံရှင်းထျန်း ၏ အဖွဲ့သားတစ်ယောက် ဖြစ်သွားပြီ။ ထိုအချက်ကို တွေးမိရင်း သူမ၏ ပါးပြင်များမှာ အနည်းငယ် နီရဲလာပြီး ရှက်ရွံ့စွာ ဦးညွှတ်လိုက်သည် - "အ-အာရို ကြိုးစားပါ့မယ်.. ကျေးဇူးပြုပြီး စိတ်ချပါ သခင်"
အာရိုအသံကြောင့်သူ ပြန်လှည့်ကြည့်လိုက်သည်။ သူမသည် လက်နှစ်ဖက်ကို ပူးယှက်ကာ ရှက်ရွံ့စွာ ဦးညွှတ်နေပြီး ပါးလွှာသော ပန်းရောင်ဝတ်စုံအောက်တွင် သူမ၏ ကိုယ်ခန္ဓာမှာ အနည်းငယ် ပေါ်လွင်နေသည်။ သူသည် ဒီနေ့ မနက်ခင်း လေ့ကျင့်ခန်းက အတော်လေး နွေးထွေးသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
...
"အားလုံးပဲ.. ဒီလောက်ဆို ရပါပြီ" ဝါးတော အပြင်ဘက်တွင် ရွှီချင်းဟယ် ရပ်လိုက်ပြီး သူ့နောက်မှ ခွေးနက်ကြီး အပြင် သူ့ဘေးတွင် နွားများ.. မြင်းများ.. ငှက်များနှင့် တိရစ္ဆာန်များကို ပြန်လှည့်ကြည့်လိုက်သည်။
"ဆရာသာ မင်းတို့ အပြင်ထွက်လာတာ သိသွားရင် နောက်တစ်ခါ အရိုက်ခံရလိမ့်မယ်"
"...." ခွေးနက်ကြီး ၏ မျက်နှာမှာ ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ "ငါ အပြင်ကို တကယ် ထွက်ချင်တာ... ချင်းဟယ်.. မင်း ပြန်သွားပြီး ငါ့ကို မင်းနဲ့အတူ ခေါ်သွားဖို့ ဆရာ့ကို တောင်းဆိုပေးပါလား"
"ချိုင် အစ်ကိုကြီး.. ဆရာ့ရဲ့ စိတ်နေသဘောထား ဘယ်လိုရှိလဲဆိုတာ မင်း သိတာပဲလေ" ရွှီချင်းဟယ် သည် လက်လျှော့ကာ ပုခုံးတွန့်လိုက်သည်။
"ထားပါတော့.. ထားလိုက်ပါတော့" ခွေးနက်ကြီး သည် သက်ပြင်းချလိုက်ပြီး စိတ်ဓာတ်ကျစွာဖြင့် ခြံဝင်းဆီသို့ ပြန်လှည့်သွားသည်။
"အားလုံးပဲ စိတ်ချကြပါ.. ငါ နောက်တစ်ခါ ပြန်လာတဲ့အခါ မင်းတို့အားလုံးအတွက် သင့်တော်တဲ့ ဇနီးသည်တွေကို သေချာပေါက် ခေါ်လာခဲ့မယ်" ရွှီချင်းဟယ် သည် လက်သီးကို ဝှေ့ယမ်းလိုက်သည်။
"တကယ်ပြောတာလား" ခွေးနက်ကြီး သည် လျှာကို ထုတ်လိုက်သည်။
"...."
"သွားတော့.. သွားကြတော့" နွားအိုကြီးက သူ့ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် "ချင်းဟယ်.. မင်း ငယ်ငယ်ကတည်းက အကြီးအကျယ် အောင်မြင်လိမ့်မယ်ဆိုတာ ငါ သိခဲ့တာပါ။ ဒါက ငါ့ခန္ဓာကိုယ်က အမွေးတစ်ခုပါ.. အန္တရာယ်ရှိတဲ့အချိန်မှာ မင်းရဲ့အသက်ကို ကယ်ပေးနိုင်တယ်..ငါ နွားမအမျိုးမျိုးကို လိုချင်တယ်.. ငါ့အတွက် အပိုနည်းနည်းလောက် ရှာပေးဖို့ မမေ့နဲ့နော်"
ဆိတ်အိုက သူ့ကို ဘေးသို့ တိုးလိုက်ပြီး အော်လိုက်သည် - "ချင်းဟယ်.. ဒီအဘိုးကြီးက အများကြီး မတောင်းဆိုပါဘူး.. ဆိတ်မလေးဆိုရင်ပဲ ရပါပြီ။ ဒါက ဆရာ့ဆီက ငါ့ခန္ဓာကိုယ်အမွေးတွေနဲ့ ရက်လုပ်ထားတဲ့ ဆွယ်တာပါ.. သူက ဘယ်လို အအေးဓာတ်ကိုမဆို ကာကွယ်ပေးနိုင်တယ်"
တိရစ္ဆာန်နှစ်ကောင်က အလွန် ရိုးသားစွာ ပြောနေသည်ကို မြင်တော့ တခြား ငှက်များနှင့် တိရစ္ဆာန်များလည်း မနေနိုင်တော့ဘဲ အလျင်အမြန် ရှေ့သို့ တိုးလာကာ သူတို့၏ တောင်းဆိုချက်များကို ပြောကြသည်။
ရွှီချင်းဟယ် သည် မှတ်စုစာအုပ်ငယ်လေးကို ထုတ်ယူပြီး တစ်ခုချင်းစီကို မှတ်သားလိုက်သည်။
ထိုစကားပြောဆိုမှုသည် နှစ်နာရီကြာအောင် ကြာမြင့်ခဲ့သည်။ ရွှီချင်းဟယ် သည် ထူထဲသော မှတ်စုစာအုပ်ကို သိမ်းလိုက်ပြီး တိရစ္ဆာန်များကို နောက်ဆုံးအနေနဲ့ ဝမ်းနည်းစွာ နှုတ်ဆက်ကာ လှည့်ထွက်သွားခဲ့သည်။
"၆ နှစ်" သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။
"ဝိညာဉ်နန်းတော်.. အတိတ်က အကြွေးတွေကို ငါ တစ်ခုချင်းစီ သေချာပေါက် ပြန်တောင်းမယ်"
စကားပြောပြီးနောက် သူသည် တောအုပ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
...
တစ်ချိန်တည်းမှာပင်။ ကြယ်တာရာ တောအုပ်ကြီးတစ်နေရာရာတွင်။
ဘုန်း... ဧရာမ တောနွားကြီးတစ်ကောင်ကို အဖြူရောင် ဝတ်စုံနဲ့ ပုံရိပ်တစ်ခုက လက်ချောင်းလေး တစ်ချက်တည်းနဲ့ လှဲချလိုက်သည်။
"ဝိုး... ဓားအဘိုးက အရမ်း အံ့သြဖို့ကောင်းတာပဲ"
အဖြူရောင် ဝတ်စုံနဲ့ လူကြီးတစ်ယောက်ရဲ့ ဘေးမှာ.. သေးငယ်တဲ့ ကောင်မလေးတစ်ယောက်က သူမရဲ့ ဖြူဖွေးနုနယ်တဲ့ လက်ကလေးတွေကို လက်ခုပ်တီးပြီး ပါးဖောင်းဖောင်းလေးတွေကို ဖောင်းလိုက်သည်။
"လိမ္မာလိုက်တာ.. ရုံရုံ"
အဖြူရောင် ဝတ်စုံနဲ့ လူကြီးက ကောင်မလေးရဲ့ ခေါင်းကို ပွတ်သပ်ပေးပြီး "မြန်မြန်.. အခု သူ့ကို သတ်ပြီး သူ့ရဲ့ ဝိညာဉ်ကွင်းကို စုပ်ယူလိုက်"
"ဟုတ်" ကောင်မလေးက ခေါင်းညိတ်လိုက်ပြီး တောင်ကုန်းကြီးလို တောနွားကြီးကို ကြောက်ရွံ့ခြင်း လုံးဝ မရှိပေ။
သို့သော် သူမသည် ဓားကို ဝှေ့ယမ်းကာ တောနွားကြီးကို အပြီးသတ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ.. တောအုပ်နက်ထဲမှ အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင် တွေ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဝိညာဉ်နန်းတော် သန့်စင်မိန်းမပျို ရဲ့ပစ်မှတ်သားရဲကို ခိုးရဲတယ်လား... မင်းတို့တွေ အတော်လေး အတင့်ရဲတာပဲ.."