ကြယ်တာရာ တောအုပ်ကြီး…
မြူခိုးတွေက ထူထပ်လွန်းပြီး ပင့်ကူအိမ်လို ရှုပ်ထွေးနေတာကြောင့် ဝါးတောကြီးကို လေဝင်ပေါက်မရှိသလောက် ပိတ်ဆို့ထားသည်။ ထိုနေရာတွင် လမ်းလျှောက်နေရသည်မှာ နက်ရှိုင်းသော ပင်လယ်ရေအောက်ထဲ ရောက်နေသကဲ့သို့ အသက်ရှူရ ကြပ်လွန်းလှသည်။
မြူခိုးတို့သည် အေးစက်စက်နှင့် ထူးဆန်းစွာ ခြောက်ခြားဖွယ် ကောင်းလှသည်။
နှစ် ၁၀၀,၀၀၀ ရှိသော ဝိညာဉ်သားရဲ တစ်ကောင်ပင်လျှင် ထိုနေရာအနီးသို့ တစ်ဝက်လောက်တောင် ကပ်ရဲမည်မဟုတ်ပေ။
"ဟူး…ဟူး"
ရုတ်တရက် ဝါးတောအစပ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ ဝိညာဉ်စွမ်းအင် အရှိန်ကြောင့် အနားရှိ ဝါးရွက်များ ဆူညံစွာ လှုပ်ခတ်သွားသည်။
"ရှဲ...ရှဲ"
ထိုပုံရိပ်သည် သူ၏ ဝိညာဉ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ မျက်နှာသည် ပြတ်သား၍ ခန့်ညားနေပြီး ခန္ဓာကိုယ်တွင် တောက်ပသော သံချပ်ကာဝတ်စုံ တစ်ဝက်တစ်ပျက်ကို ဝတ်ဆင်ထားသည်။
သူ၏ ရွှေရောင်ဆံပင်များသည် မှောင်မိုက်နေသော ဝန်းကျင်တွင် အလွန်ပင် ထင်ရှားနေသည်။
သူသည် ပိန်ပါးသော လူငယ်လေးတစ်ယောက် ဖြစ်သည်။
သူသည် အသက်ကို ပြင်းပြင်းရှူရင်း အနောက်ဘက်ကို တစ်ချက်တစ်ချက် ပြန်ကြည့်ကာ လေးနက်သော အမူအရာဖြင့် ရှေ့ကို ဆက်ကြည့်လိုက်သည်။
"ရွှီချင်းဟယ် .. မင်းသွားမယ့်လမ်းက ပိတ်နေပြီ..အခုချက်ချင်း လက်နက်ချမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေး ကျန်သေးတယ်"
သူ တွန့်ဆုတ်နေစဉ်မှာပင် လူမြင်ဖို့ ခက်ခဲလောက်အောင် မြန်ဆန်သည့် အရိပ်မည်းများစွာသည် သူ၏ အနောက်ဘက်တွင် ပေါ်လာသည်။
လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသော ဝိညာဉ်စွမ်းအင် တစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာသည်။
"ဝိညာဉ်နန်းတော်... ငါ ရွှီချင်းဟယ် ဒီနေ့အတွက် ရန်ငြိုးကို သေချာမှတ်ထားမယ်"
ရွှီချင်းဟယ် ၏ ရွှေရောင်ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး သူ၏ မျက်ဝန်းထဲမှ အေးစက်သော အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။
တစ်ဝက်စက္ကန့်လောက် တွန့်ဆုတ်ပြီးနောက် သူသည် သွားကိုကြိတ်ကာ ဝါးတောထဲသို့ တိုးဝင်သွားသည်။
"သေတွင်းတူးနေတာပဲ"
အနောက်က အရိပ်မည်းများက အေးစက်စက် နှာမှုတ်လိုက်သည်။ သူတို့ ဝါးတောထဲသို့ ဝင်ခါနီးတွင် တောထဲမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
"ဂရား..."
ထိုအသံမှာ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည့် နတ်ဆိုးတစ်ကောင်၏ အသံနှင့် တူလှသည်။
အရိပ်မည်းအားလုံး ရပ်တန့်သွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ "ဒီစွမ်းအားက... နှစ် ၁၀၀,၀၀၀ အထက်ရှိတဲ့ ဝိညာဉ်သားရဲတစ်ကောင်လား"
သူတို့သည် အခြားသော ရွှေရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို ကြည့်ကာ "မင်းသား.. ဒီဝါးတောရဲ့ အစွန်အဖျားက ဝိညာဉ်သားရဲတွေကတောင် နှစ်ပေါင်း ၅၀,၀၀၀ အဆင့်ရှိနေတာပါ ရွှီချင်းဟယ် ဝင်သွားရင်တော့ သေချာပေါက် သေမှာပါ ကျွန်တော်တို့ ဆက်လိုက်ကြမှာလား"
ရွှေရောင်ဝတ်စုံနှင့် ပုံရိပ်က မျက်လုံးကို မှေးကျဉ်းလိုက်သည်။ သူသည် မျက်နှာဖုံးတစ်ခုကို ထုတ်ယူ၍ တပ်ဆင်လိုက်ရာ "ရွှီချင်းဟယ်" ၏ အသွင်အပြင်သို့ ပြောင်းလဲသွားပြီး လှောင်ပြုံးပြုံးလိုက်သည်။
"ဒီအချိန်ကစပြီး ငါကပဲ တကယ့် ရွှီချင်းဟယ် ဖြစ်လာပြီ"
"တပ်ခေါက်ကြ"
"....."
"ဟူး... ဟူး"
ဝိညာဉ်သားရဲများ ရှိနေသော်လည်း ရွှီချင်းဟယ် သည် ခြေတစ်လှမ်းမျှ မနောက်ဆုတ်ခဲ့ပေ။
အသက်ကို ပြင်းပြင်းရှူရင်း သူ ဝါးတောထဲကို တိုးဝင်သွားသည်။ ပေတော်တော်များများ ရောက်သွားချိန်တွင် မှောင်မိုက်နေသော ဝါးတောသည် ရုတ်တရက် ရှင်းလင်းသွားပြီး ရွှေရောင်အလင်းတန်းများ မြင်နေရသည်။
ဝါးတဲအိမ်လေးတစ်ခု ပေါ်လာသည်။
"ဟို... ဟိုမှာ လူတွေရှိတာလား"
ရွှီချင်းဟယ် သည် သူ၏ စွမ်းအားကုန်ဆုံးသွားပြီး လဲကျသွားသည်။
သူ သတိမေ့မြောမသွားခင်မှာပင် ယောက်ျားတစ်ယောက်၏ ခန့်ညားသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
"၁၀ နှစ်"
"ငါ ဒီငရဲလိုနေရာမှာ ပိတ်မိနေတာ ၁၀ နှစ်ရှိပြီ.. နောက်ဆုံးတော့ လူတစ်ယောက် ရောက်လာပြီ"
"ဝမ်ချိုင်... သူ့ကို အိမ်ထဲ ဆွဲခေါ်ခဲ့လိုက်"
...
တောထဲရှိ ဝါးတဲအိမ်..
ကြက်များနှင့် ငှက်များက အပြန်အလှန် အော်မြည်နေပြီး နွားများနှင့် သိုးများက တဲတစ်ခုတည်းတွင် အတူနေထိုင်နေကြသည်။
လုံရှင်းထျန်း သည် ကုလားထိုင်တွင် မှီထိုင်ရင်း ဝမ်းသာလွန်း၍ မျက်ရည်များ ကျလာသည်။
"စနစ်"
"၁၀ နှစ်"
"ဒီ ၁၀ နှစ်ကို ငါ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာ မင်းသိလား"
"မင်း သိရဲ့လား"
သူသည် သူ၏ရှေ့ရှိ အပြာရောင် စခရင်ကို လက်ညှိုးထိုးကာ ရူးသွပ်သကဲ့သို့ အော်ပြောလိုက်သည်။
လုံရှင်းထျန်း သည် လွန်ခဲ့သော ၁၀ နှစ်က ဒီတောင်တန်းကြီးဆီသို့ မူလခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။
သူသည် နေ့စဉ် ဆိုင်းအင် ဝင်ခြင်းဖြင့် ဆုလာဘ်များ ရရှိသည့် စနစ် တစ်ခုကို ရခဲ့သည်။
သို့သော် ဒါက သတင်းကောင်း မဟုတ်ပေ။
ဘာကြောင့်လဲဆိုတော့ သူက မူလခန္ဓာကိုယ်ပါ တပါတည်း ပါလာသောကြောင့် ဖြစ်သည်။
သူသာ သေဆုံးသွားလျှင် မူလဂြိုလ်ပြာကမ္ဘာသို့ ပြန်သွားရန် လမ်းစရှိတော့မည် မဟုတ်ပေ။
သူသည် ဒီကမ္ဘာက မည်သို့သော ကမ္ဘာမျိုးလဲဟု စနစ် ကို မေးဖူးပြီး စနစ် ကလည်း မဖုံးကွယ်ဘဲ ဒါကမှာ ရွမ်ဟွမ် ကမ္ဘာတစ်ခု ဖြစ်ကြောင်း ပြောပြခဲ့သည်။(ရွမ်ဟွမ်=ဝိညာဉ်စွမ်းအားသုံးတဲ့ကမ္ဘာအမျိုးအစား =ကျင့်ကြံခြင်းကမ္ဘာ)
ရွမ်ဟွမ် ကမ္ဘာတွင် သာမန်လူတစ်ယောက်၏ အသက်သည် ခွေးတစ်ကောင်ထက်ပင် တန်ဖိုးနည်းပြီး အစွမ်းထက်သူများမှာ နေရာတိုင်းတွင် ရှိနေသည်။
အပေါ်ကို မော့ကြည့်လိုက်လျှင် ဝိညာဉ်အလံများစွာကို တွေ့ရနိုင်ပြီး အောက်ကို ကြည့်လိုက်လျှင် လူသားအသားဖြင့် လုပ်ထားသော ဆေးလုံးများကို တွေ့ရနိုင်သည်။
အသက်ရှင်ဖို့အတွက် နှိမ့်ချကာ နေထိုင်ရမည်ဖြစ်သောကြောင့် သူသည် ဝါးတဲငယ်လေးထဲတွင်သာ နေပြီး အပြင်သို့ မထွက်ခဲ့ပေ။
ဒီလို နေလာခဲ့ရာ ၁၀ နှစ် ကုန်ဆုံးသွားခဲ့သည်။
ဒီနေ့တော့ သူသည် သူနှင့် မျိုးနွယ်တူသူ လူသားတစ်ယောက်ကို နောက်ဆုံးတော့ တွေ့ရှိခဲ့လေပြီ...
"သူ့ဝတ်စားဆင်ယင်မှုကို ကြည့်ရတာ သူက မင်းမျိုးမင်းနွယ် ဖြစ်ပုံရတယ်.. သူ့အဆင့်အတန်းက ရိုးရှင်းမှာ မဟုတ်ဘူး။ ငါသာ စွမ်းအားကျင့်စဉ်တစ်ခုခု ရလိုက်မယ်ဆိုရင်" လုံရှင်းထျန်း သည် သူ၏ စိတ်ထဲတွင် တွေးတောနေသည်။
ဒီကမ္ဘာတွင် စွမ်းအားမရှိဘဲ အသက်ရှင်ရန် အလွန်ခက်ခဲလှသဖြင့် သူ့ကို အပြစ်တင်၍ မရပေ။
ထို့နောက် စနစ်မှ...
【ဒင်…သင် ဒီနေ့အတွက် ဆိုင်းအင် မဝင်ရသေးပါ… ဆိုင်းအင် ဝင်မလား...】
သူ တွေးတောနေစဉ်မှာပင် စနစ် မျက်နှာပြင် ပေါ်လာသည်။
"ဆိုင်းအင် ဝင်မယ်"
လုံရှင်းထျန်း သည် စိတ်မရှည်သော အမူအရာဖြင့် "ဒီတစ်ခါ ဆုက ဘာဖြစ်မလဲ ခန့်မှန်းကြည့်ရအောင်"
"ကြက်တစ်ကောင်... ခွေးတစ်ကောင်... နွားတစ်ကောင်... မြင်းတစ်ကောင်"
ဘာကောင်များလဲ…
သူသည် စနစ် ၏ ဆုလာဘ်များကို လုံးဝ စိတ်မဝင်စားပေ။
အကြောင်းရင်းမှာ ရိုးရှင်းသည်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း သူရရှိခဲ့သော ဆုလာဘ်များသည် တိရစ္ဆာန်များအပြင် သူနှင့် လုံးဝ အသုံးမဝင်သော ထူးဆန်းသည့် အရာများသာ ဖြစ်နေခဲ့သည်။
သူ စွမ်းအားကျင့်စဉ်ကို တမ်းတနေရသည့် အကြောင်းရင်းမှာလည်း ဒါကြောင့်ဖြစ်သည်။
【ဒင်... နတ်ဘုရားဖြစ်ခြင်း ဆေးလုံး ၁ လုံး ရရှိပါသည်.. ဂုဏ်ယူပါသည်။】
(မှတ်ချက် - နတ်ဘုရားဖြစ်ခြင်း ဆေးလုံးကို စားသုံးပြီးနောက် သင်သည် ကျပန်း နတ်ဘုရားတစ်ပါး၏ အစွမ်းကို ရရှိနိုင်သည်။ နတ်ဘုရား၏ အဆင့်သည် သင်၏ ကိုယ်ပိုင်စွမ်းအားနှင့် အရည်အချင်းပေါ်တွင် မူတည်သည်.. စားသုံးပြီးနောက် အိမ်ရှင်သည် နတ်ဘုရားအစွမ်းကို ဖယ်ရှားပိုင်ခွင့် ရှိသည်)
"နောက်ထပ် အသုံးမဝင်တဲ့ အရာတစ်ခုပဲ"
လုံရှင်းထျန်း သည် ညည်းတွားရန်ပင် အားမရှိတော့ဘဲ ထိုဆေးလုံးကို လက်နှစ်ချောင်းကြားတွင် ညှပ်ကာ နေရောင်တွင် ထောင်ကြည့်လိုက်သည်။
သူသည် ဒီလိုဆေးလုံးမျိုးကို ဆိုင်းအင် ဝင်ရာမှ အကြိမ်ကြိမ် ရဖူးသည်။ အစပိုင်းတွင် အစွမ်းထက်သည့် ပစ္စည်းများဟု ထင်ကာ တစ်ခါတည်း ထောင်ပေါင်းများစွာ စားကြည့်ခဲ့သော်လည်း စနစ် က ပြောသည်မှာ...
ဘယ်လောက်ပင်စားစား အိမ်ရှင်အတွက် အသုံးမဝင်ကြောင်း ပြောခဲ့သည်...
စကားမရှိတော့ပေ... လုံရှင်းထျန်း သည် စိတ်ထဲတွင် စနစ် ကို ဆဲဆိုနေစဉ်မှာပင် ခွေးဟောင်သံတစ်ခုကို ကြားလိုက်ရသည်။
"ဝုတ်.. ဝုတ်.. ဝုတ်"
အနက်ရောင် ခွေးကြီးတစ်ကောင်သည် ဝါးတဲထဲမှ ပြေးထွက်လာပြီး ခေါင်းကိုမော့ကာ လုံရှင်းထျန်း ကို ကြည့်၍ ဟောင်လိုက်သည်။
"သူ သတိရလာပြီလား" လုံရှင်းထျန်း သည် ဝမ်းသာအားရနှင့် ထရပ်လိုက်သည်။
"ဝမ်ချိုင်.. ရော့ ဒီနတ်ဘုရားဖြစ်ခြင်း ဆေးလုံးက မင်းအတွက် ဆုလာဘ်ပဲ"
သူသည် ဆေးလုံးကို ပေါ့ပေါ့တန်တန် ပစ်ပေးလိုက်ပြီး အိမ်ထဲသို့ ပြေးဝင်သွားသည်။
အနက်ရောင် ခွေးကြီးသည် ဆေးလုံးကို မြင်သောအခါ အမြီးကို ပြတ်လုမတတ် ဝှေ့ယမ်းနေပြီး တံတွေးများပင် မြေကြီးပေါ်သို့ တစက်စက် ကျလာသည်။
ကြက်ဖကြီးတစ်ကောင်သည် ဘေးမှ ပြေးလာပြီး ခွေးကြီး၏ အဖြစ်ကို မြင်သောအခါ တံတွေးထွေးလိုက်သည်။
"ဘာကို ပျော်နေတာလဲ... ဝိညာဉ်သားရဲတွေက နတ်ဘုရားဆေးလုံး စားလို့ ဘာမှ အကျိုးမရှိဘူး.. ဒီခေတ်မှာ ဝိညာဉ်သားရဲတွေကို နတ်ဘုရား မဖြစ်ခွင့်ပေးမထားဘူး"
အနက်ရောင် ခွေးကြီးသည် မျက်လုံးကို လှန်လိုက်သည်။
"အူကြောင်ကြောင်ကောင်... မင်းက နှစ်ပေါင်း ၁,၀၀၀,၀၀၀ ရှိတဲ့ နှစ်တစ်သန်းဝိညာဉ်သားရဲဆိုပြီး ပြောနေသေးတယ်။ ဝိညာဉ်သားရဲတွေ နတ်ဘုရား မဖြစ်နိုင်ရင် ငါက ဝိညာဉ်သခင် အချို့ကို ဖမ်းပြီး ငါ့အိမ်မွေးတိရစ္ဆာန်အဖြစ် ထားလိုက်မယ်လေ.. အဲ့ဒီအခါ ငါက နတ်ဘုရားတွေရဲ့ အရှင်သခင် ဖြစ်မလာဘူးလား"
"...."
ဒါလည်း အဓိပ္ပာယ်ရှိသားပဲ... ကြက်ဖကြီးသည် စဉ်းစားတွေးတောနေသည်။
သို့သော် မကြာမီ သူ၏ အမူအရာ ပြောင်းသွားပြီး ရယ်မောလိုက်သည်။
"သခင်က အပြင်ထွက်ခွင့်မပြုဘူးလေ"
"ဒါလည်း ဟုတ်တာပဲ.. ငါ တကယ်ပဲ သခင် ဘာတွေ တွေးနေလဲ မသိဘူး.. သူက ဒီလောက် အစွမ်းထက်လျက်နဲ့ ဒီလို ပျက်စီးနေတဲ့ နေရာမှာ ပုန်းနေတာပဲ"
"သခင်မှာ သူ့အစီအစဉ်နဲ့သူ ရှိတာပေါ့..မင်းလို ဉာဏ်တိမ်တဲ့ကောင်က ဘာသိမှာလဲ"
ထိုအသံကို ကြားပြီးနောက် ကြက်ပေါက်လေးတစ်ကောင်သည် ခေါင်းကို ထုတ်လာသည်။
"ဖေဖေ.. ဘာလို့ ကျွန်တော့်အကြောင်း ပြောနေတာလဲ"
"သွားစမ်း... နှစ် ၁၀၀,၀၀၀ ရှိနေပြီ အခုထိ အရူးလို လုပ်နေတုန်းလား"
"ဟုတ်ကဲ့.. ဖေဖေ"
……………..
"မင်း သတိရပြီလား"
လုံရှင်းထျန်း သည် ကုတင်ဘေးတွင် ထိုင်ကာ ရွှီချင်းဟယ် ကို ကြည့်၍ ပြုံးလိုက်သည်။
"ဂုဏ်ယူပါတယ်.. ခွဲစိတ်မှု အောင်မြင်ပါတယ်။ မင်း အခု မိန်းကလေး ဖြစ်သွားပြီ... ဟားဟား... အခု ဘယ်လို ခံစားရလဲ"
"...."
"ဆရာကြီး.. ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်.. ရွှီချင်းဟယ် ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"
ရွှီချင်းဟယ် သည် သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားသည်ကို သိလိုက်ရသဖြင့် ကုတင်ပေါ်မှ ဆင်းကာ ဒူးထောက်ကန်တော့လိုက်သည်။
"သေးငယ်တဲ့ ကိစ္စလေးပါပါ..မင်း နာမည်က... ခဏလေး"
လုံရှင်းထျန်း သည် လက်ကို ဝှေ့ယမ်းလိုက်သော်လည်း သူ၏ နာမည်ကို ကြားလိုက်ရသည်နှင့် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားပြီး ထိုလူငယ်လေးကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"ရွှီချင်းဟယ်... မင်းနာမည်က ရွှီချင်းဟယ် လို့ ပြောလိုက်တာလား"
"ဟုတ်ကဲ့.. ဆရာကြီး"
"ဒါဆို မေးပါရစေ.. ဒီကမ္ဘာမှာ သိုင်းဝိညာဉ် တွေ ရှိလား"
"မှန်ပါတယ်.. ဆရာကြီး"
"မင်းနေတဲ့ အင်ပါယာက ထျန်းဒိုအင်ပါယာလို့ ခေါ်လား... မင်းက အိမ်ရှေ့စံမင်းသားလား... မျိုးရိုးလိုက် ဝိညာဉ်ဖြစ်တဲ့ ငန်းကို ပိုင်ဆိုင်ထားတာလား"
"အကုန်လုံး ဆရာကြီး ပြောတဲ့အတိုင်း ပါပဲ"
"...."
မေးခွန်းများ ရပ်တန့်သွားသည်။
လုံရှင်းထျန်း သည် တိတ်ဆိတ်နေသည်။
ရွှီချင်းဟယ် မှာ ထိတ်လန့်တုန်လှုပ်နေသည်။
လုံရှင်းထျန်း သည် သူ ရွမ်ဟွမ် ကမ္ဘာအမျိုးအစားသို့ ရောက်နေမှန်း သိသော်လည်း မည်သည့်ကမ္ဘာမှန်း အမြဲတွေးနေခဲ့သည်။
အခုတော့ သူရောက်နေတာက သုန့်လော် တိုက်ကြီး(ဝိညာဉ်ကုန်းမြေတိုက်ကြီး)
ဖြစ်နေပါပေါ့လား...
သူ့အရင်ဘဝက သူသည် ဝတ္ထုအမျိုးမျိုးကို ဖတ်ခဲ့ဖူးသည်။
သုန့်လော် တိုက်ကြီး…
ဝတ္ထုလောကတွင် နာမည်ကြီးပြီး ဝေဖန်သူလည်းများပြီး ပေါက်သည့် စာအုပ်ဖြစ်သည်။ ဇာတ်လိုက်မှာ လူနှင့်သားရဲ၏ ကပြားဖြစ်ကြောင်း သူ ကောင်းကောင်း မှတ်မိနေသည်။
သူသည် ထိုဝတ္ထုထဲသို့ တိုက်ရိုက်ရောက်လာလိမ့်မည်ဟု ဘယ်လိုမှ မထင်ခဲ့မိပေ...
ရွှီချင်းဟယ် မှာ သူ၏ အထောက်အထားကို တိတိကျကျ သိနေသည့် ရှေ့မှလူကြီးကား မည်သူဖြစ်မည်နည်းဟု စိတ်ထဲတွင် ထိတ်လန့်နေသည်။
"နောက်ဆုံးတော့"
လုံရှင်းထျန်း ၏ မျက်နှာသည် တည်ငြိမ်နေသော်လည်း သူ၏ ရင်ထဲတွင် လှိုင်းထန်နေသည်။ "နောက်ဆုံးတော့ ငါ ဘယ်မှာရောက်နေမှန်း သိသွားပြီ"
သုန့်လော်တိုက်ကြီး…
ဝိညာဉ်တွေကသာ အမြင့်ဆုံးဖြစ်သည့် ကမ္ဘာ...
{ဒါပေမဲ့ မဟုတ်သေးဘူး..ဒါဆို ဘာလို့ ငါ့မှာ ဝိညာဉ်နိုးထခြင်း မရှိသေးတာလဲ}
【ဒင်... အိမ်ရှင် ရောက်ရှိနေသည့်နေရာကို နားလည်သွားတဲ့အတွက် ဂုဏ်ယူပါတယ်…ဆုလာဘ် မရှိပါ...】
【ဖော်ရွေသော သတိပေးချက် - အိမ်ရှင်က မူလခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ကူးပြောင်းလာသည့်အတွက် ပိုင်ရှင်၏ တည်ရှိမှုသည် သီးခြားစည်းမျဉ်းများအတိုင်း ဖြစ်သည်။ ဤကမ္ဘာ၏ ရှိပြီးသား စည်းမျဉ်းများကို မပြောင်းလဲနိုင်သောကြောင့် ပိုင်ရှင်သည် ဝိညာဉ်နိုးထခြင်း မပြုလုပ်နိုင်ပါ】
"ဘာ"
"ဒါဆို ငါက ဝိညာဉ်မရှိတဲ့ အမှိုက်တစ်ကောင် ဖြစ်နေတာလား... ယွီရှောင်ကန်း ထက်တောင် ပိုဆိုးတဲ့ တည်ရှိမှုမျိုးလား... ခွေးကောင် စနစ်... ငါ့ကို သိုင်းဝိညာဉ်တစ်ခု ပေးစမ်း"
လုံရှင်းထျန်း သည် စိတ်ထဲတွင် ငိုယိုလိုက်သည်။
ဘုန်း...
သူ၏ ခန္ဓာကိုယ်အတွင်းမှ မဟာစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်ကို သူ သတိမထားမိပေ။
ခြံဝင်းထဲတွင်..
တိရစ္ဆာန်အမျိုးမျိုးတို့သည် ထိုစွမ်းအားကို ခံစားလိုက်ရပြီး အားလုံး ကြောက်လန့်တုန်လှုပ်ကာ မြေကြီးပေါ်တွင် ဝပ်တွားနေကြသည်။
အနက်ရောင် ခွေးကြီး "ဘယ်သူက သခင်ကို စိတ်အနှောင့်အယှက် ပေးလိုက်တာလဲ... ဘာလို့ သူ ဒေါသထွက်နေတာလဲ"
ကြက်ဖကြီး - "ငါထင်တာတော့ သခင်က အဲ့ဒီလူက မိန်းကလေး မဟုတ်ဘဲ ယောက်ျားလေး ဖြစ်နေတာကို သိသွားလို့ စိတ်ရှုပ်နေတာ ဖြစ်မယ်"
ဆိတ်အို - "အင်း... ငါ သခင်နောက် လိုက်လာကတည်းက မိန်းကလေးတစ်ယောက်ကိုမှ မမြင်ဖူးဘူး.. မင်းတို့ထဲက တစ်ယောက်ယောက်ကို မိန်းကလေးအသွင် ပြောင်းပြီး သခင်ကို အဖော်ပြုခိုင်းရင် ကောင်းမလား"
"မင်း သေချင်ရင်တော့ လုပ်ကြည့်လေ"
အခန်းထဲတွင်..
"ဝေါ့"
အခုလေးတင် သတိရလာသော ရွှီချင်းဟယ် သည် စွမ်းအားဖိအားကြောင့် မြေပြင်ပေါ်သို့ ပိကျသွားပြီး သွေးတစ်လုပ်အန် ထွက်လာသည်။ သူသည် လုံရှင်းထျန်း ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
"ဝိညာဉ်စွမ်းအင် တစ်စက်လောက် ထုတ်လိုက်တာနဲ့တင် ငါ့ကို ထိခိုက်စေနိုင်တယ်... ဒါ... ဒါက ဘယ်လို တည်ရှိမှုမျိုးလဲ"