အခန်း(၁) သိုင်းဝိညာဉ် နှိုးထခြင်း နှင့် မိုးကောင်းကင်ကို ထောက်ပံ့သည့် တည်ရှိမှု သက်ဆင်းလာခြင်း
ဝူဟွန်းမြို့တော်ရဲ့ ဆန်းပြားခမ်းနားတဲ့ မိဘမဲ့ဂေဟာတစ်ခုအတွင်းမှာ ဖြစ်ပါတယ်။
"ယွင်ယွမ်... လှံကျင့်နေတာ ရပ်လိုက်တော့ ဒီနေ့က ငါတို့ သိုင်းဝိညာဉ် နှိုးထရမဲ့နေ့လေ"
"မင်း အခုလို လှံရေးပြပြီး ဘယ်လောက်ပဲ ကြိုးစားကျင့်နေပါစေဦး မင်းအဖေရဲ့ သိုင်းဝိညာဉ်ကို ဆက်ခံရချင်မှ ဆက်ခံရမှာလေ ပြီးတော့ မင်းနိုးထလာမဲ့ သိုင်းဝိညာဉ်က လှံ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ"
ကျောက်ပေါက်မျက်နှာနဲ့ ကောင်လေးတစ်ယောက်က စိုက်ပျိုးရေးကွင်းပြင်အလယ်မှာ သစ်သားလှံကို မနားတမ်း ဝှေ့ယမ်းကစားနေတဲ့ ကောင်လေးကို အသံကျယ်ကျယ်နဲ့ လှမ်းအော်ပြောလိုက်ပါတယ်။
ဒီနေ့ဟာ ဝိညာဉ်နန်းတော်ကနေ ဒီမိဘမဲ့ကလေးတွေရဲ့ သိုင်းဝိညာဉ်တွေကို နှိုးထပေးမဲ့နေ့ ဖြစ်ပါတယ်။
သူတို့သာ အရည်အသွေးကောင်းမွန်တဲ့ သိုင်းဝိညာဉ်နဲ့ မြင့်မားတဲ့ ဝိညာဉ်စွမ်းအားကို နှိုးထနိုင်ခဲ့ရင် သူတို့ရဲ့အနာဂတ်ဟာ သူတို့အဖေတွေလိုပဲ အရမ်းကို တောက်ပလင်းလက်လာမှာ ဖြစ်ပါတယ်။
ဒီမိဘမဲ့ဂေဟာမှာ နေထိုင်ကြတဲ့ ကလေးတွေရဲ့ မိဘတွေဟာ ဝိညာဉ်နန်းတော်မှာ ဝိညာဉ်ဘုရင်အဆင့်နဲ့ ထို့ထက်မြင့်မားတဲ့ အဆင့်ရှိခဲ့ကြတဲ့ ဝိညာဉ်ဆရာတွေချည်းပါပဲ။
ကင်းလွတ်ခွင့်မရှိဘဲ သူတို့အားလုံးဟာ ဝိညာဉ်နန်းတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြတာကြောင့် ဝိညာဉ်နန်းတော်ကလည်း ဒီမိဘမဲ့ကလေးတွေကို စနစ်တကျ သေချာစောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ကြီးပြင်းလာတဲ့အထိ ဒီမိဘမဲ့ဂေဟာက ကောင်လေးတွေမှာ မိဘတွေရဲ့ အနီးကပ်ပြုစုယုယမှုကို လွဲလို့ ကျန်တာအားလုံး နီးပါး ပြည့်စုံခဲ့ကြပါတယ်။
ကွင်းပြင်ထဲမှာ လှံရေးကျင့်နေတဲ့ ကောင်လေးရဲ့အမည်က ယွင်ယွမ်ပဲ ဖြစ်ပါတယ်။ သူရဲ့မိဘနှစ်ပါးစလုံးဟာ ဝိညာဉ်သူတော်စင်အဆင့် ကျွမ်းကျင်သူတွေဖြစ်ကြပြီး ယွင်ယွမ်ကို မွေးဖွားပြီး မကြာခင်မှာပဲ ဝိညာဉ်နန်းတော်အတွက် အသက်စွန့်လွှတ်သွားခဲ့ကြတာပါ။
ဒါပေမဲ့ ယွင်ယွမ်မှာ နောက်ထပ် အရေးကြီးတဲ့ အထုပ္ပတ္တိတစ်ခု ရှိပါသေးတယ်။ သူက ဒီကမ္ဘာက လူမဟုတ်ပါဘူး။
သူဟာ ကမ္ဘာကူးပြောင်းလာသူတစ်ယောက် ဖြစ်ပါတယ်။
ထန်ဆန်းလိုပဲ တခြားကမ္ဘာကနေ ကူးပြောင်းလာသူတစ်ယောက်ဖြစ်ပေမဲ့ ကွဲပြားတာကတော့ သူက မူရင်းဝတ္ထုကို ဖတ်ဖူးထားတဲ့ ကူးပြောင်းသူတစ်ယောက် ဖြစ်နေတာပါပဲ။
ကွင်းပြင်ရဲ့ အလယ် ဗဟိုမှာတော့...
ကောင်လေးက လက်ထဲက သစ်သားလှံကို ဆက်တိုက် ဝှေ့ယမ်းနေပါတယ်။ အသက်ငယ်သေးပေမဲ့ လှံကို ကိုင်တွယ်ထားပုံက တောင်တစ်လုံးလို ခိုင်ခံ့ငြိမ်သက်နေပြီး လှံရိုးက နည်းနည်းလေးမျှ ယိမ်းနွဲ့လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေခဲ့ပါတယ်။
လှုပ်ရှားမှု စတင်လိုက်တဲ့အခါ ခြေလှမ်းတွေက ပေါ့ပါးလွန်းပြီး မြန်လွန်းခြင်း နှေးလွန်းခြင်းမရှိဘဲ ခြေလှမ်းတိုင်းက တိုင်းတာထားသလို တိကျသေချာလှပါတယ်။
သူက လက်ကို မြှောက် လက်ကောက်ဝတ်ကို လှည့်ကာ လှံကို ထိုးသွင်းလိုက်ပါတယ်။ လှံကစားပုံ လှုပ်ရှားမှုတွေက သန့်ရှင်းသပ်ရပ်ပြီး လျှပ်တစ်ပြက်မျှ မြန်ဆန်လှတာကြောင့် ကလေးသဘာဝ စိတ်စောမှုမျိုး လုံးဝမရှိပါဘူး။
လှံထိပ်ဖျားက လေကို တိုးဝှေ့ခွဲထွက်သွားတဲ့ အသံက ရှင်းလင်းပြတ်သားပြီး သာယာလို့နေပါတယ်။ ထိုးသွင်းခြင်း ၊ ကာကွယ်ခြင်းနဲ့ နောက်ပြန်လှည့်ခြင်း လှုပ်ရှားမှုတိုင်းက စနစ်တကျ အစီအစဉ်တကျ ရှိလှပါတယ်။ စွမ်းအားက နုနယ်သေးပေမဲ့ လှံရဲ့ ဝိညာဉ်ဓာတ်ကတော့ အထင်အရှား ပုံပေါ်နေပြီ ဖြစ်ပါတယ်။
ကောင်လေးက ငြိမ်သက်စွာ ရပ်တန့်လိုက်ပြီး တည်ငြိမ်အေးဆေးတဲ့ သူ့ရဲ့ မျက်နှာလေးပေါ်မှာ ချွေးစက်တချို့နဲ့ မျက်လုံးအစုံကတော့ ကြယ်ပွင့်တွေလို တောက်ပလို့နေပါတယ်။
ကလေးတစ်ယောက် ဖြစ်သော်လည်း မြင့်မားတဲ့ တည်ငြိမ်မှု ထင်းရှူးပင်လို ငြိမ်သက်ပြီး လေပြင်းလို လျင်မြန်တဲ့ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားတာပါ။
"အေးပါ... ငါ အခုပဲ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်"
လှံကို သိမ်းဆည်းလိုက်ပြီးနောက် ယွင်ယွမ်က ခြံဝင်းတံခါးဘက်ကို ကြည့်လိုက်ပြီး နှစ်ပေါင်းများစွာ အတူတူရှိခဲ့တဲ့ အပေါင်းအဖော်တွေကို ပြန်ပြောလိုက်ပါတယ်။
ပြီးတော့ သစ်သားလှံကို သစ်ပင်တစ်ပင်မှာ မှီထားလိုက်ပြီး သိုင်းဝိညာဉ် နှိုးထမဲ့နေရာကို သွားဖို့ လူငယ်တစ်စုရဲ့ နောက်ကို လိုက်ပါသွားခဲ့ပါတယ်။
နှိုးထရေး စင်မြင့်ရဲ့ ရှေ့မှာတော့...
အသက်ခြောက်နှစ်အရွယ် ကလေးတစ်စု စုဝေးရောက်ရှိနေကြပါတယ်။ တချို့က မိဘမဲ့ဂေဟာက ဖြစ်ပြီး တချို့ကတော့ ဝိညာဉ်နန်းတော်ရဲ့ ဆွေမျိုးသားချင်းတွေ ဖြစ်ကြပါတယ်။
နှိုးထရေး စင်မြင့်ပေါ်မှာတော့ ဝတ်ရုံနီဝတ် ရဟန်းမင်းတစ်ပါး ရပ်နေပြီး အောက်က ကလေးတွေကို ကြင်နာစွာ ကြည့်ရှုနေခဲ့ပါတယ်။
သိုင်းဝိညာဉ် နှိုးထဖို့ စောင့်ဆိုင်းနေကြတဲ့ ဝိညာဉ်နန်းတော်ရဲ့ လူငယ်တွေ အားလုံး ရောက်ရှိလာတာကို မြင်တော့ ဝတ်ရုံနီ ရဟန်းမင်းက သိုင်းဝိညာဉ် နှိုးထခြင်း အခမ်းအနား စတင်ကြောင်း ကြေညာဖို့ ပြင်လိုက်ပါတယ်။
ဒါပေမဲ့ နောက်တစ်ခဏမှာပဲ...
ရွှေရောင်ဆံပင်ရှည်များ ပိုင်ဆိုင်ထားပြီး ချောမောလှပတဲ့ မျက်နှာ ရွှေမှင်ကနုတ်များ ကွပ်ထားတဲ့ ပုပ်ရဟန်းမင်းကြီး ခေါင်းဆောင်းနှင့် ရွှေဖြူရောင် ဝတ်ရုံတော်ကို ဆင်မြန်းထားတဲ့ အမျိုးသားတစ်ဦးက နှိုးထရေး စင်မြင့်ကို သို့ လှမ်းလာခဲ့ပါတယ်။
သူ့ဘေးနားမှာတော့ တောက်ပတဲ့ မျက်ဝန်းတွေနဲ့ လှပလွန်းတဲ့ မိန်းကလေးငယ်တစ်ဦး ရပ်နေခဲ့ပါတယ်။
ဝတ်ရုံနီ ရဟန်းက ထိုအမျိုးသားကို မြင်လိုက်တာနဲ့ ချက်ချင်း မှတ်မိသွားပြီး ရိုသေစွာ ပြောလိုက်ပါတယ်။
"ပုပ်ရဟန်းမင်းကြီး အရှင်မြတ်"
ထိုအမျိုးသားကတော့ အခြားသူမဟုတ်ဘဲ လက်ရှိ ဝိညာဉ်နန်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ချန်ရွှမ်ကျိ ဖြစ်ပြီး သူ့ဘေးနားမှာတော့ မကြာသေးမီကမှ တပည့်အဖြစ် လက်ခံထားတဲ့ ဘီဘီတုံ ရှိနေခဲ့ပါတယ်။
သူမဟာ အမြွှာသိုင်းဝိညာဉ်နဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ပါလာတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ပါတယ်။
နှိုးထရေး စင်မြင့်အောက်မှာ သိုင်းဝိညာဉ် နှိုးထတော့မဲ့ လူငယ်တစ်စုဟာ စင်မြင့်ဘေးက ချန်ရွှမ်ကျိကို ကြည့်ပြီး လေးစားကြည်ညိုစိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။
ဒီလူက သူတို့ ဝိညာဉ်နန်းတော်ရဲ့ အမြင့်မြတ်ဆုံး ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ချန်ရွှမ်ကျိ ဖြစ်ပြီး အခုလို သူတို့ရှေ့မှာ ရောက်နေတာကြောင့် ဘယ်လိုလုပ် ရင်မခုန်ဘဲ ရှိပါ့မလဲ။
ချန်ရွှမ်ကျိ ရောက်လာတဲ့အခါ ဝတ်ရုံနီ ရဟန်းမင်းကို ကြည့်ပြီး တည်ငြိမ်အေးဆေးတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။
"အားနာနေစရာ မလိုပါဘူး ငါတို့ ဝိညာဉ်နန်းတော်ရဲ့ အနာဂတ် ဝိညာဉ်တွေကို မြန်မြန် နှိုးထပေးလိုက်ပါ"
"မှန်လှပါ ပုပ်ရဟန်းမင်းကြီး အရှင်မြတ်"
ဒါကို ကြားတော့ ဝတ်ရုံနီ ရဟန်းမင်းက ခေါင်းငြိမ့်လိုက်ပြီး သိုင်းဝိညာဉ်တွေ နှိုးထပေးဖို့ စာအုပ်ထဲက နာမည်တွေကို တစ်ယောက်ချင်းစီ ခေါ်လိုက်ပါတယ်။
"ကျန်းဆန်း... သိုင်းဝိညာဉ်က မြစိမ်းရောင် သံမဏိဓား မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၄ ရှိတာကြောင့် သိုင်းဝိညာဉ် အကယ်ဒမီမှာ တက်ရောက်သင်ယူခွင့် ရှိတယ်"
"လီရှီး... သိုင်းဝိညာဉ်က မီးတောက်ကျား မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၆ ရှိတာကြောင့် သိုင်းဝိညာဉ် အကယ်ဒမီမှာ တက်ရောက်သင်ယူခွင့် ရှိတယ်"
...
အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ နည်းနည်းလေးမှ လွဲလို့ ရောက်နေတဲ့ လူငယ်အားလုံးနီးပါး သိုင်းဝိညာဉ်တွေ နှိုးထပြီးသွားကြပါပြီ။
ဒါပေမဲ့ သိုင်းဝိညာဉ် နှိုးထခဲ့တဲ့ ဒီလူငယ်တွေထဲမှာ ပါရမီအပါဆုံးဆိုသူတောင်မှ အဆင့်မြင့် သိုင်းဝိညာဉ်ကိုပဲ နှိုးထနိုင်ခဲ့ပြီး မွေးရာပါ ဝိညာဉ်စွမ်းအားက အဆင့် ၇ ပဲ ရှိခဲ့ပါတယ်။
နှိုးထရေး စင်မြင့်ပေါ်က ဝတ်ရုံနီ ရဟန်းမင်းကတော့ တော်တော်လေး ကျေနပ်နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆင့်မြင့် သိုင်းဝိညာဉ်နဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၇ ကို ပိုင်ဆိုင်ထားတာကြောင့် အနာဂတ်မှာ ဝိညာဉ်သူတော်စင် ဖြစ်လာဖို့ အခွင့်အလမ်း အလွန်များပြီး ဝိညာဉ်ဒိုလော့ ဖြစ်လာဖို့တောင် ဖြစ်နိုင်ခြေ ရှိနေလို့ပါ။
စင်မြင့်ဘေးမှာ ရပ်နေတဲ့ ချန်ရွှမ်ကျိကတော့ သက်ပြင်းချလိုက်ပြီး သူ့ဘေးက ထူးချွန်လွန်းတဲ့ တပည့်ဖြစ်သူနဲ့ ယှဉ်လိုက်ရင် လုံးဝ ကျေနပ်မှု မရှိတာ အထင်အရှားပါပဲ။
မကြာသေးမီကမှ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်နဲ့ အမြွှာသိုင်းဝိညာဉ် ပိုင်ရှင် ပြိုင်ဘက်ကင်း ပါရမီရှင် ဘီဘီတုံကို တပည့်အဖြစ် လက်ခံထားတာကြောင့် သူ့ရဲ့ စံနှုန်းတွေက သဘာဝအတိုင်း မြင့်မားနေခဲ့တာ ဖြစ်ပါတယ်။
ဘီဘီတုံကလည်း သိုင်းဝိညာဉ် နှိုးထပြီးသွားကြတဲ့ လူငယ်တစ်စုကို စိတ်ဝင်စားမှု မရှိတော့ပါဘူး။
သူမက စိတ်ဝင်စားစရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ယောက် ပါလာမလားလို့ ထင်ခဲ့ပေမဲ့ မျှော်လင့်မထားဘဲ အသန်မာဆုံး ဆိုသူကတောင် အဆင့်မြင့် သိုင်းဝိညာဉ် ပိုင်ရှင်နဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၇ ပဲ ရှိနေခဲ့တာပါ။
ဒီလို သာမန် ပါရမီရှင်မျိုးက သူမရဲ့ ယှဉ်ပြိုင်လိုစိတ်ကိုတောင် မနှိုးဆွနိုင်ခဲ့ပါဘူး။ တစ်ခါတစ်ရံမှာ ပါရမီ အရမ်းပါလွန်းတာကလည်း အမှားတစ်ခု လိုပါပဲ သူမမှာ ယှဉ်ပြိုင်ဘက်ဆိုလို့ လုံးဝ မရှိခဲ့ပါဘူး။
ဘီဘီတုံ တစ်ယောက် ဂုဏ်ယူဝင့်ကြွားနေတုန်းမှာပဲ...
နှိုးထရေး စင်မြင့်ပေါ်သို့ ကလေးတစ်ယောက်နဲ့ တူသော်လည်း တည်ငြိမ်ပြီး အေးဆေးတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတဲ့ ကောင်လေးတစ်ယောက် တက်လာခဲ့ပါတယ်။
‘အင်း... သူက တော်တော်လေး ချောတာပဲ’
ယွင်ယွမ်ရဲ့ ရုပ်ရည်ကို မြင်လိုက်ရတာနဲ့ ဘီဘီတုံက သူ့ရဲ့ ငယ်ရွယ်တဲ့ ရုပ်ရည်သွင်ပြင်ကို မချီးမွမ်းဘဲ မနေနိုင်ခဲ့ပါဘူး။
သိုင်းဝိညာဉ် နှိုးထခဲ့ကြတဲ့ လူငယ်တစ်စုထဲမှာ ယွင်ယွမ်ရဲ့ ရုပ်ရည်က အရမ်းကို ထင်းထွက်နေခဲ့ပါတယ်။ အထူးသဖြင့် သူ့ရဲ့ မျက်လုံးတွေက ကြယ်ပွင့်တွေလို ရှင်းလင်းနေပြီး အကြည့်တွေကလည်း အရမ်းကို ခိုင်မာလွန်းနေတာပါ။
ယွင်ယွမ်ကိုကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးတစ်ခုက ချန်ရွှမ်ကျိရဲ့ အာရုံကိုလည်း ဖမ်းစားလိုက်ပါတယ်။
‘စိတ်ဝင်စားစရာပဲ... ဒီလောက် ငယ်ငယ်လေးနဲ့ လှံရဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားတယ်ပေါ့ သူ ဘယ်လို သိုင်းဝိညာဉ်မျိုး နှိုးထမလဲဆိုတာ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်’
နှိုးထရေး စင်မြင့်ပေါ်မှာတော့...
ဝတ်ရုံနီ ရဟန်းမင်းက ယွင်ယွမ်ကို ကြည့်လိုက်ပြီး အံ့ဩသွားတဲ့ အရိပ်အယောင်တစ်ခု မျက်လုံးထဲမှာ လှပ်ခနဲ ဖြတ်ပြေးသွားကာ ခဏမျှ တုံ့ဆိုင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ သူက ချက်ချင်းပဲ အသိပြန်ဝင်လာပြီး သိုင်းဝိညာဉ် နှိုးထခြင်း အဆင့်အတိုင်း ယွင်ယွမ်ရဲ့ သိုင်းဝိညာဉ်ကို စတင် နှိုးထပေးလိုက်ပါတယ်။
နောက်တစ်ခဏမှာပဲ...
အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်ထက်ကို ထိုးတက်သွားခဲ့ပြီး ယွင်ယွမ်ရဲ့ လက်ထဲမှာ တောက်ပတဲ့ အဖြူရောင်အလင်းတွေ ထုတ်လွှတ်နေတဲ့ သေးငယ်ပြီး တင်းပြည့်နီးပါး ပွင့်လင်းမြင်သာနေတဲ့ လှံတစ်ချောင်း ပေါ်ထွက်လာခဲ့ပါတယ်။
လှံထိပ်ဖျားရဲ့ ထက်မြက်မှုက အပြည့်အဝ ပေါ်လွင်နေပြီး ပြင်းထန်ကာ ခန့်ညားတဲ့ အရှိန်အဝါကို ပြသနေခဲ့ပါတယ်။ လှံရိုးနဲ့ လှံသွား ဆုံရာနေရာမှာတော့ ရှေးဟောင်းပြီး အားကောင်းလှတဲ့ မိုးကောင်းကင်ကို ထောက်ပံ့ခြင်းဆိုတဲ့ စာလုံးနှစ်လုံးကို ရေးထွင်းထားခဲ့ပါတယ်။
ယွင်ယွမ်ရဲ့ သိုင်းဝိညာဉ် နှိုးထလာတဲ့ ခမ်းနားဆန်းပြားတဲ့ မြင်ကွင်းက နှိုးထရေး စင်မြင့်ဘေးမှာ ရပ်နေတဲ့ ချန်ရွှမ်ကျိရဲ့ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ပါတယ်။
"သူ့ရဲ့ ဝိညာဉ်စွမ်းအားကို မြန်မြန် စမ်းသပ်လိုက်"
ချန်ရွှမ်ကျိရဲ့ အရေးတကြီး အသံထွက်ပေါ်လာပြီး ဝတ်ရုံနီ ရဟန်းမင်းကို တိုက်တွန်းလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ချန်ရွှမ်ကျိရဲ့ မျက်လုံးတွေက တောက်ပတဲ့ အလင်းတွေ ဖြာထွက်သွားခဲ့ပါတယ်။ ယွင်ယွမ်ရဲ့ လှံပေါ်ထွက်လာတဲ့ ခဏမှာပဲ ဒီလှံရဲ့ အရည်အသွေး ကောင်းမွန်မှုကို သူက တစ်ချက်ကြည့်ရုံနဲ့ သိလိုက်တာပါ။
သူတို့ ဝိညာဉ်နန်းတော်ရဲ့ ဖြစ်လာနိုင်ဖွယ် ပြိုင်ဘက်ဖြစ်တဲ့ ဟောက်ထျန်းဂိုဏ်းက ဆက်ခံလာတဲ့ ဟောက်ထျန်းတူရဲ့ စွမ်းအားတောင်မှ ဒီလှံကို မယှဉ်နိုင်ပါဘူး။
ဒီကောင်လေးရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားက အနည်းဆုံး အဆင့် ၉ ရှိနိုင်ပြီး မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ပါလာဖို့ ဖြစ်နိုင်ခြေ အရမ်းမြင့်မားတယ်လို့ ချန်ရွှမ်ကျိ ခန့်မှန်းလိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် သိုင်းဝိညာဉ် ပိုသန်မာလေလေ မွေးရာပါ ဝိညာဉ်စွမ်းအား ပိုမြင့်မားလေလေပဲ ဖြစ်ပါတယ်။