အခန်း (၈) ရှောင်ဝူနှင့် ဒုတိယမြောက် ချိတ်ဆက်မှုပစ်မှတ်
"ဆရာ ကျွန်တော် ယုံကြည်ပါတယ် ဆရာက အဲဒီ ဆရာကြီးမုန့်ထက် သေချာပေါက် ပိုသာပါတယ်။ လင်းချီက မျက်စိမမြင်လို့ ဆရာ့လို ဆရာကောင်းတစ်ယောက်ကို လက်လွတ်ခံလိုက်တာပါ" ယွီရှောင်ကန်း၏ ခေါ်ဆောင်သွားခြင်းကို ခံရသော ထန်ဆန်းသည် ယွီရှောင်ကန်း၏ ညိုမှောင်နေသော မျက်နှာအမူအရာကို သတိပြုမိသဖြင့် နှစ်သိမ့်စကား ဆိုလိုက်သည်။
"လိမ္မာတဲ့ ကလေးပဲ ဆရာက မင်းကို တပည့်တစ်ယောက်အနေနဲ့ လမ်းညွှန်ပေးဖို့ပဲ ရည်ရွယ်ထားတာပါ" ယွီရှောင်ကန်း၏ မျက်နှာ အနည်းငယ် ပျော့ပြောင်းသွားသည်။
မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ရှင် လင်းချီကို လက်လွတ်လိုက်ရသော်လည်း အနည်းဆုံးတော့ သူ့တွင် မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားသည့် ထန်ဆန်း ရှိနေသေးသည်။
"မင်းနဲ့ လင်းချီ နှစ်ယောက်လုံးက မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ရှင်တွေ ဖြစ်ပေမဲ့ မင်းရဲ့ အလားအလာက သူ့ထက် အများကြီး ပိုမြင့်ပါတယ်။ အမြွှာသိုင်းဝိညာဉ်တွေက နောက်ပိုင်းအဆင့်တွေရောက်လေလေ ပိုပြီး လျင်မြန်စွာ တိုးတက်လာလေလေပဲ ပြီးတော့ သာမန် ဝိညာဉ်ဆရာတွေထက်လည်း ပိုပြီး အစွမ်းထက်တယ်" ထန်ဆန်းသည် ယွီရှောင်ကန်း၏ စကားကို အကြွင်းမဲ့ ယုံကြည်ကာ ခေါင်းကို တရစပ် ညိတ်လိုက်သည်။
တစ်ဖက်တွင်မူ ဆရာကြီးမုန့်သည် လင်းချီကို အကယ်ဒမီ၏ နောက်ဘက်ရှိ ဝါးတောထဲသို့ ခေါ်ဆောင်သွားသည်။
"ရှောင်ချီ မင်းက မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ရှင်ဖြစ်လို့ ဝိညာဉ်ကွင်းတစ်ခုကို ချက်ချင်း ထည့်သွင်းလို့ ရတယ်။ ဒီညမှာတော့ မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ စိတ်စွမ်းအားကို မြှင့်တင်ပေးဖို့ ဆေးစိမ်ချိုးခြင်းပြုလုပ်ပေးမယ် ဒါမှ မင်း ပိုမိုမြင့်မားတဲ့ အဆင့်ရှိတဲ့ ဝိညာဉ်ကွင်းကို စုပ်ယူနိုင်မှာ ဖြစ်တယ်"
"ကျေးဇူးတင်ပါတယ် ဆရာ"
လင်းချီသည် နော့တင်းမြို့ထဲတွင် ဝေလငါးကော်ကို ကိုယ်တိုင် ရှာဖွေရန် စီစဉ်ထားသော်လည်း ယခုအခါ ဆရာကြီးမုန့်က ဆေးစိမ်ချိုးခြင်း ပြုလုပ်ပေးမည်ဖြစ်ရာ လင်းချီအနေဖြင့် ကိုယ်တိုင် ရှာဖွေနေစရာ မလိုတော့ပေ။
ဝေလငါးကော်သည် ဝိညာဉ်ဆရာ၏ ခန္ဓာကိုယ် အရည်အသွေးကိုသာ မြှင့်တင်ပေးနိုင်သော်လည်း ဆရာကြီးမုန့်၏ ဆေးစိမ်ချိုးခြင်းမှာ စိတ်စွမ်းအားကိုပင် မြှင့်တင်ပေးနိုင်သည်။ ဆရာကြီးမုန့်သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"မင်း နောက်ဆိုရင် ဒီမှာပဲဖြစ်ဖြစ် ကျောင်းဆောင်မှာပဲဖြစ်ဖြစ် နေလို့ရတယ်"
ဝါးတောသည် အလွန်တိတ်ဆိတ်သော နေရာဖြစ်ရာ တရားမှတ်ခြင်းနှင့် ကျင့်ကြံခြင်းအတွက် အကောင်းဆုံးပင် ဖြစ်သည်။
ဤကဲ့သို့ ကောင်းမွန်သော နေရာရှိနေသဖြင့် လင်းချီသည် ကလေးတစ်သိုက်နှင့်အတူ ကျောင်းဆောင်ထဲတွင် တိုးဝှေ့နေရန် ပျင်းရိနေမိသည်။
နော့တင်းအကယ်ဒမီမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။ ၎င်းတွင် စုစုပေါင်း ကျောင်းဆောင် အခန်းကြီး ခုနစ်ခန်းသာ ရှိသည်။
၎င်းတို့အနက် တစ်ခန်းမှာ အတန်းတိုင်းမှ အလုပ်သင်ကျောင်းသားများအတွက် ဖြစ်ပြီး ကျန်အခန်းများမှာ တစ်တန်းလျှင် တစ်ခန်းစီ ဖြစ်သည်။ ဒါဟာ ကျောင်းဆောင်တစ်ခုနှင့်ပင် မတူတော့ဘဲ အကျဉ်းထောင် အခန်းတစ်ခုထက်ပင် ပို၍ နုံချာလှသည်။
ဆရာကြီးမုန့်သည် လင်းချီအတွက် ဆေးစိမ်ချိုးရန် ပြင်ဆင်ပေးရန် ဝါးအိမ်တွင် ကျန်ရစ်ခဲ့ပြီး လင်းချီကမူ ကျောင်းဝင်ခွင့် မှတ်ပုံတင်ရန် တစ်ယောက်တည်း ထွက်လာခဲ့သည်။
စီမံခန့်ခွဲရေးရုံးသို့ သူ ရောက်ရှိသွားသောအခါ ကင်းမြီးကောက် အမြီးကဲ့သို့ ဆံပင်ကျစ်ဆံမြီးရှည်ကြီးနှင့် ချစ်စရာ ကောင်မလေးတစ်ယောက် မှတ်ပုံတင်နေသည်ကို တွေ့လိုက်ရသည်။
ဤကဲ့သို့ ထူးခြားသော အမှတ်အသားများကြောင့် လင်းချီသည် သူမမှာ လူသားမဟုတ်သည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
"ကျွန်မနာမည်က ရှောင်ဝူပါ ကခုန်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ဝူပါ"
"မင်းမှာ မျိုးရိုးအမည် မရှိဘူးလား" ဟု သင်ကြားရေးဌာနမှ ဆရာတစ်ဦးက မေးလိုက်သည်။
"မရှိပါဘူး ကျွန်မနာမည်က ရှောင်ဝူ ပါပဲ"
သင်ကြားရေးဌာနမှ ဆရာများသည် ထပ်မမေးတော့ပေ။ တောနယ်မှ ကလေးတစ်ယောက်တွင် ရိုးရှင်းသော အမည်တစ်ခုသာ ရှိခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ သူသည် နောက်ထပ် ကလေး၏ အမည်ကို မေးရန် အပြင်သို့ အကြည့်တွင် လင်းချီ ဝင်လာသည်ကို မြင်လိုက်ရသည်။
"လင်းချီ မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကျောင်းအုပ်ကြီးက မင်းကို မှတ်ပုံတင်စရာ မလိုဘူးလို့ ပြောထားပြီးသားပါ။ ကျောင်းဆောင်တွေက တော်တော်လေး လူကျပ်နေတော့ မင်းအတွက် အခန်းသီးသန့် စီစဉ်ပေးဖို့ ကျောင်းအုပ်ကြီးက ပြောထားတယ်"
ကျောင်းအုပ်ကြီး၏ ဤမျှ ဂရုတစိုက်ရှိမှုမှာ ဆရာကြီးမုန့်ကြောင့်လား သို့မဟုတ် ဆူးယွင်ထောင်က သူ့အတွက် ကောင်းသတင်း ပြောပေးထား၍လား ဆိုသည်ကို လင်းချီ မသိပေ။အချက်အလက်များကို အေးအေးဆေးဆေး မှတ်ပုံတင်နေစရာ မလိုခြင်းမှာ လင်းချီ၏ ဆန္ဒနှင့် ကွက်တိပင်။
"အခန်းသီးသန့် မလိုပါဘူး။ မှတ်ပုံတင်စရာ မလိုဘူးဆိုရင် ကျွန်တော် သွားပါရစေဦး"
"ကောင်းပါပြီ" ဆရာက ပြုံးလျက် ပြန်ပြောသည်။
"ဒီလူက ဘယ်သူလဲ"
"မြို့စားမင်းရဲ့ သားတောင်မှ ဒီလောက် အခွင့်အရေး မရဘူး မဟုတ်လား"
ဆရာဖြစ်သူက လင်းချီအပေါ် မည်မျှ ကောင်းမွန်စွာ ဆက်ဆံသည်ကို မြင်သောအခါ တန်းစီနေသော ကလေးများသည် မနာလိုဖြစ်သွားကြသလို လင်းချီ၏ အမှတ်အသားကိုလည်း အလွန် စိတ်ဝင်စားသွားကြသည်။
ဆရာဖြစ်သူက စားပွဲကို ခေါက်လိုက်သည်။
"နောက်တစ်ယောက်"
"သူတို့က မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ရှင်တွေဖြစ်လို့ အနာဂတ်က တောက်ပနေတာ။ မင်းတို့သာ မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ရှင် ဖြစ်မယ်ဆိုရင် ကျောင်းက မင်းတို့ကိုလည်း ဒီလို ကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ပေးမှာပါ"
"ဟား"
ထိုစကားကြောင့် ရုံးခန်းအတွင်းတွင် ပို၍ပင် လှုပ်ခတ်သွားသည်။
"မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ဟုတ်လား တကယ်ပဲ မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ရှင် ရှိနေတာလား"
"ကျွန်တော့်ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားက အဆင့်နှစ်ပဲ ရှိတာ သူဆိုရင် ပထမဆုံး ဝိညာဉ်ကွင်းကိုတောင် ချက်ချင်း စုပ်ယူနိုင်မှာ မဟုတ်လား"
ဤအချိန်တွင် သူတို့သည် လင်းချီ ရရှိသော အခွင့်အရေးများကို မနာလိုမဖြစ်ကြတော့ဘဲ လင်းချီ၏ ပါရမီကိုသာ အားကျနေကြတော့သည်။
"ဟေး မင်းနာမည်က လင်းချီ ဟုတ်တယ်မလား"
ရုံးခန်းအပြင်ဘက်တွင် ရှောင်ဝူနှင့် လင်းချီတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ရှောင်ဝူသည် လင်းချီထံမှ အလွန် စိတ်အေးချမ်းရသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်ဟု ခံစားရသည်။
လင်းချီနှင့် အတူရှိနေရခြင်းမှာ စတားဒိုးတောအုပ်ကြီးထဲတွင် ရှိနေရသလို အလွန်ပင် စိတ်လက်ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိလှသည်။
{နော့တင်းမြို့သို့ မြေပုံချဲ့ထွင်မှု ထည့်သွင်းပြီးပါပြီ။ ချိတ်ဆက်နိုင်သော ပစ်မှတ်တစ်ခုကို တွေ့ရှိသည်။ ချိတ်ဆက်မလား}
ထိုအချိန်တွင် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။
ဟင် မြေပုံချဲ့ထွင်မှုမှာ ချိတ်ဆက်စရာ အသစ်တွေ ပါလာတာလား။
ဘာကြောင့် ယွီရှောင်ကန်းကို အရင်က မချိတ်ဆက်နိုင်ခဲ့တာလဲ ယွီရှောင်ကန်းက အရည်အချင်း မရှိလွန်းလို့ ဖြစ်ရမယ်။
"ဟေး ငါ့ကို မဖြေရသေးဘူးလေ။ ငါ့နာမည်က ရှောင်ဝူပါ ကခုန်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ဝူပါ"
အကယ်၍ တစ်ခြားသူသာ သူမကို ဤသို့ လျစ်လျူရှုထားပါက ရှောင်ဝူသည် သေချာပေါက် ဒေါသထွက်နေမည်ဖြစ်သည်။
သို့သော် လင်းချီ၏ ရှေ့တွင်မူ သူမ၏ ဒေါသများအားလုံး ပျောက်ကွယ်သွားပြီး လင်းချီက သူမအပေါ် အမြင်မကြည်ဖြစ်သွားမှာကိုသာ သူမ စိုးရိမ်နေမိသည်။
"ချိတ်ဆက်မယ်"
လင်းချီသည် စိတ်ထဲမှ တိုးတိုးလေး တွေးလိုက်သည်။ ရှောင်ဝူ၏ နောက်ခံအင်အားမှာ ထန်ဆန်းလောက် မကောင်းသည်မှာ သေချာသည်။
သို့သော် သူမ၏ ဝိညာဉ်သားရဲဆိုသည့် အမှတ်အသားက လင်းချီအတွက် ကွဲပြားခြားနားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးနိုင်သည်။
"ဟုတ်တယ် ငါ့နာမည်က လင်းချီပါ"
အဖြေကို ရရှိသောအခါ ရှောင်ဝူ၏ မျက်နှာမှာ ချက်ချင်းပင် အပြုံးများဖြင့် လင်းလက်သွားသည်။
"ကျွန်မနာမည်က"
"သုံးကြိမ်မြောက် မိတ်ဆက်နေဖို့ မလိုပါဘူး။ မင်းနာမည် ရှောင်ဝူ ဆိုတာ ငါ သိပါတယ်" ဟု လင်းချီက သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ရှောင်ဝူသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
"မင်းမှာ မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ရှိတယ်လို့ ဟိုထဲက ဆရာတွေ ပြောတာ ကြားတယ် မင်း တကယ်ကို တော်တာပဲ" ရှောင်ဝူသည် လူသားလောကထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ရာ ဘာပြောရမှန်း မသိဖြစ်နေသည်။
လင်းချီသည် စနစ်၏ အောင်မြင်စွာ ချိတ်ဆက်ပြီးကြောင်း အသိပေးချက်ကို ကြားလိုက်ရသော်လည်း ဆုလာဘ်အသစ်များကိုတော့ မရရှိသေးပေ။
သို့သော် ၎င်းမှာ အံ့သြစရာ မဟုတ်ပေ။ ရှောင်ဝူသည် သူမ၏ နောက်ခံအချက်အလက်များကို ထုတ်ဖော်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ လှေကားမှ ဆင်းလာသည့် လမ်းတစ်လျှောက်တွင် ရှောင်ဝူသည် လင်းချီ၏ အာရုံကို ရရန် စကားများစွာ ပြောနေခဲ့သည်။
"လင်းချီ မင်း ဘယ်ကျောင်းဆောင်မှာ နေတာလဲ ငါ မင်းနဲ့အတူ ကျောင်းဆောင်တစ်ခုတည်းမှာ နေလို့ ရမလား" လင်းချီ၏ တုံ့ပြန်မှုမှာ အေးစက်နေသော်လည်း ရှောင်ဝူကမူ မရပ်မနား စကားပြောနေဆဲဖြစ်သည်။
လင်းချီသည် စိတ်ထဲမှ တွေးလိုက်မိသည် "ဒါဟာ သက်ရှိသတ္တဝါ အားလုံးကို ကာကွယ်ပေးနိုင်တဲ့ ကံကြမ္မာခန္ဓာကိုယ်ရဲ့ စွမ်းရည်လား" မဟုတ်ပါက ဒေါသကြီးလှသော ဤယုန်မလေး ရှောင်ဝူမှာ ဤမျှ စကားပြောရ လွယ်ကူနေမည် မဟုတ်ပေ။
"ငါ ကျောင်းဆောင်မှာ မနေဘူး ကျောင်းနောက်ဘက်က ဝါးတောအိမ်လေးမှာ နေတာ"
"ဝါးတောအိမ်လေးလား အဲဒါက အလုပ်သင်ကျောင်းသား ကျောင်းဆောင်တွေထက် အများကြီး ပိုကောင်းမှာပဲ" ရှောင်ဝူ၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။
နားထောင်ရသည်မှာ အလွန်ကောင်းလှသည်။ အလုပ်သင်ကျောင်းသား ကျောင်းဆောင်များနှင့် နှိုင်းယှဉ်လျှင် သူမသည် သဘာဝနှင့် ပိုနီးစပ်သော ဝါးတောအိမ်ကဲ့သို့ နေရာမျိုးကို ပိုနှစ်သက်သည်။ အထူးသဖြင့် လင်းချီလည်း ထိုနေရာတွင် နေသည် မဟုတ်ပါလား။ ရှောင်ဝူသည် သူမ၏ အင်္ကျီအနားသတ်ကို ဆွဲဖျစ်နေမိသည်။
သူမသည် လူသားလူ့အဖွဲ့အစည်းထဲသို့ ယခုမှ စတင်ဝင်ရောက်လာခြင်း ဖြစ်သော်လည်း လူသားကမ္ဘာတွင် အရာအားလုံးအတွက် ပိုက်ဆံလိုအပ်သည်ကို သူမ သိသည်။ သူမသည် လင်းချီနှင့်အတူ ဝါးတောအိမ်တွင် နေချင်သော်လည်း သူမတွင် ပြားစေ့တစ်စေ့မှ မရှိသဖြင့် တောင်းဆိုရန် ဝန်လေးနေမိသည်။
အလုပ်သင်ကျောင်းသား ကျောင်းဆောင်မှ ထွက်လာသော ထန်ဆန်းသည် အခြား အလုပ်သင်ကျောင်းသားများနှင့်အတူ ထမင်းစားဆောင်သို့ ဦးတည်နေသည်။လင်းချီကို သူ မြင်လိုက်သောအခါ မမြင်ချင်ယောင်ဆောင်ရန် ပြင်လိုက်သည်။ ထို့နောက်တွင်တော့ လင်းချီ၏ ဘေးမှ ရှောင်ဝူကို သူ မြင်လိုက်ရသည်။
"တကယ့်ကို လှပတဲ့ ကောင်မလေးပဲ"
အလုပ်သင်ကျောင်းသား တစ်ဦးက ထန်ဆန်း၏ စိတ်ထဲမှ စကားကို ထုတ်ပြောလိုက်သည်။
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဤကောင်မလေးကို မြင်လိုက်ရသည့်အခါ ထန်ဆန်း၏ ရင်ထဲတွင် မရှင်းပြနိုင်သော လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားသည်။
ရှောင်ဝူနှင့် လင်းချီတို့ အလွန်နီးကပ်စွာ ရပ်နေကြပြီး ရှောင်ဝူက လင်းချီနှင့် ပိုမိုနီးကပ်ရန် အမြဲ ကြိုးစားနေသည်ကို မြင်သောအခါ ထန်ဆန်းသည် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
လင်းချီကို ရှောင်ရန် ရည်ရွယ်ထားသော ထန်ဆန်းသည် မရှင်းပြနိုင်သော စိတ်အလိုကြောင့် သူတို့ဆီသို့ လျှောက်သွားလိုက်သည်။
"မင်းလည်း အလုပ်သင်ကျောင်းသား ကျောင်းဆောင်မှာ နေတာလား ငါတို့အားလုံးက အလုပ်သင်ကျောင်းသားတွေပါပဲ။ အကယ်၍ မင်း လမ်းမသိရင် ငါ လမ်းပြပေးနိုင်ပါတယ်"
ရှောင်ဝူက သူမသည်လည်း အလုပ်သင်ကျောင်းသား ကျောင်းဆောင်တွင် နေသည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါ ထန်ဆန်းသည် အလွန်ပင် ဝမ်းသာသွားပြီး ကောင်းကင်ဘုံက သူ့ကို ကူညီနေသည်ဟု ခံစားလိုက်ရသည်။
ရှောင်ဝူသည် လင်းချီကို မည်သို့ ပြောရမည်နည်းဟု စဉ်းစားနေစဉ် ခေါင်းလှည့်ကြည့်လိုက်ရာ သာမန်မျက်နှာပေးနှင့် တစ်စုံတစ်ဦးကို မြင်လိုက်ရသည်။
"မလိုပါဘူး"