အခန်း (၅) ခရမ်းရောင်မိစ္ဆာမျက်လုံးက မျက်စိနာသလို နီရဲသွားခြင်း
"အဖေ ကျွန်တော် သွားတော့မယ်နော်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါဦး"
နော့တင်းမြို့ အခြေခံ ဝိညာဉ်ဆရာအကယ်ဒမီသို့ သွားရန် ပြင်ဆင်နေစဉ် ထန်ဆန်းသည် ထန်ဟောင်ကို စိုးရိမ်တကြီးဖြင့် နှုတ်ဆက်လိုက်သည်။
ထန်ဟောင်မှာ အခါအားလျော်စွာ ချောင်းဆိုးနေဆဲဖြစ်ပြီး ဒဏ်ရာများ သက်သာလာသည့် လက္ခဏာ မတွေ့ရသေးပေ။ ထန်ဟောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ စကားပြောလာသည် "မင်း လင်းချီနဲ့ ရင်းနှီးအောင် ပေါင်းရမယ် သူ့ကို ရန်သူလိုမျိုး မဆက်ဆံမိစေနဲ့"
အတော်ကြာအောင် စဉ်းစားပြီးနောက်တွင်လည်း ထန်ဟောင်သည် ထန်ဆန်းနှင့်အတူ လိုက်မသွားခဲ့ပေ။ပထမအချက်အနေဖြင့် သူသည် ထန်ဆန်းကို သူ့အပေါ် မှီခိုနေစေခြင်း မပြုလိုပေ။
ဒုတိယအချက်မှာ ထိုညက အစွမ်းထက်ပုဂ္ဂိုလ်ကြီးမှာ သူ့ကို ဆက်လက် ဒုက္ခမပေးခဲ့ပေ။ လင်းချီကဲ့သို့ ပါရမီရှင်တစ်ဦးနှင့် အတူရှိနေခြင်းက ထန်ဆန်းကို ပို၍ တက်ကြွလာစေပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်သာယာနေခြင်းမှ တားဆီးပေးနိုင်လိမ့်မည်။
နောက်ထပ်အချက်တစ်ခုမှာ လင်းချီကို မိမိလက်အောက်ခံဖြစ်အောင် သိမ်းသွင်းရန်မှာ မဖြစ်နိုင်ပေ။ ရှောင်ဆန်းအနေဖြင့် သူနှင့် သူငယ်ချင်းကောင်း ဖြစ်နိုင်ခဲ့လျှင် အနာဂတ်တွင် များစွာ အထောက်အကူ ဖြစ်လိမ့်မည်။
"နားလည်ပါပြီ အဖေ"
ထန်ဆန်း၏ လေသံမှာ အနည်းငယ် အေးစက်နေသည်။ အကြောင်းပြချက်မရှိဘဲ သူသည် သူနှင့်အတူ မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားသော လင်းချီကို ရင်ထဲကနေ အလိုလို ရွံရှာမိနေသည်။
အိမ်ပြင်သို့ ထွက်လာသည့်အခါတွင်တော့ ထန်ဆန်းသည် သူ့ထက် များစွာ ပိုချောမောသော လင်းချီက ရွာလူကြီး ဂျက်၏ ဘေးတွင် ရပ်နေသည်ကို ချက်ချင်း မြင်လိုက်ရသည်။ထန်ဆန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ရွာလူကြီး ဂျက်ကို ကြည့်ကာ ပြောလိုက်သည်။
"အဖိုးဂျက် သွားကြရအောင်"
ထန်ဟောင်က လင်းချီနှင့် အဆင်ပြေအောင်ပေါင်းရန် ပြောထားသော်လည်း လင်းချီ၏ မျက်နှာကို မြင်လိုက်ရသည့်အခါ သူသည် စကားပင် မပြောချင်တော့ပေ။
လင်းချီသည် ထန်ဆန်း၏ နောက်ကွယ်မှ အိမ်ကလေးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ ထက်မြက်သော အကြားအာရုံကြောင့် ထန်ဟောင်၏ အောင့်အီးထားသော ချောင်းဆိုးသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ဟောင်ကြီး ခမျာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပဲ ဒါကို ကြားရတာ တကယ် စိတ်ချမ်းသာဖို့ ကောင်းတယ်။လင်းချီ ပြုံးလိုက်မိပြီး သူ၏ စိတ်အခြေအနေမှာ များစွာ ကောင်းမွန်လာသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အစားအသောက်များမှာ ပိုကောင်းလာခဲ့ပြီး သူသည် လင့်ချင်း၏ လမ်းညွှန်မှုအောက်တွင် တိုက်ခိုက်ရေးစွမ်းရည်များကို လေ့ကျင့်ကာသူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းရည် တစ်ခုကိုပင် ဖန်တီးခဲ့ပြီး ဖြစ်ရာ သူ၏ ဝိညာဉ်ရေးရာမှာ များစွာ တိုးတက်လာခဲ့သည်။
"ရှောင်ချီ သွားကြစို့" ဟု ရွာလူကြီး ဂျက်က လင်းချီကို ပြောလိုက်သည်။
"ကောင်းပါပြီ"
လမ်းခုလတ်တွင် ရွာလူကြီး ဂျက်က ပြောလာသည် "ငါတို့ရွာမှာ နော့တင်း အကယ်ဒမီအတွက် အလုပ်သင်ကျောင်းသားနေရာ တစ်ခုပဲ ရတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကျောင်းလစာ ပေးရလိမ့်မယ်။ ဒီတော့ ဒီနေရာကို ရှောင်ဆန်းကို ပေးလိုက်ကြတာပေါ့"
ရွာလူကြီး ဂျက်သည် ထန်ဆန်းကို ပိုချစ်၍ မဟုတ်ဘဲ လင်းချီကဲ့သို့ လူတစ်ယောက်ကို အလုပ်သင်ကျောင်းသားအဖြစ် ထားရှိခြင်းမှာ နှမြောစရာကောင်းသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
လင်းချီ ပေးထားသော ရွှေဒင်္ဂါး သုံးပြားမှာ မကုန်သေးဘဲ ရှိနေရာ လင်းချီ၏ ကျောင်းလစာ ပေးရန် လုံလောက်သည်။ကိုယ့်ကျောင်းလစာကိုယ် ပေးတက်သူ ဖြစ်လာခြင်းက ရှောင်ချီ့ကို ကျောင်းတွင် အထင်အမြင်သေးမခံရစေသည့်အပြင် စာသင်ရန် အချိန်လည်း ပိုရစေလိမ့်မည်။
လင်းချီကမူ လက်ကာပြလိုက်ကာ သူသည် အလုပ်သင်ကျောင်းသား လုပ်ရန် ဆန္ဒမရှိကြောင်း အချက်ပြလိုက်သည်။လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် လူသူဝေးသော ဝိညာဉ်တော်ကျေးရွာထဲ၌ပင် ငွေဒင်္ဂါးအချို့နှင့် ကြေးဒင်္ဂါး တစ်ဒါဇင်ကျော်ကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။
အကယ်၍ သူသာ နော့တင်းမြို့သို့ ရောက်သွားလျှင် ခရီးစဉ်တစ်ခုအတွင်း ဝိညာဉ်ဒင်္ဂါးမည်မျှအထိ ကောက်ရမည်ကို သူ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။သူ ဘာမှမလုပ်လျှင်ပင် ပိုက်ဆံကောက်ရင်းနှင့်ပင် အလွန် သက်တောင့်သက်သာ ရှိသော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အဖိုးရွာလူကြီး" ဟု ထန်ဆန်းက ခပ်တိုတိုပင် ကျေးဇူးတင်စကား ပြောလိုက်သည်။
အကယ်၍ လင်းချီသာပါမလာခဲ့လျှင် သူသည် ဂျက်ကို အနည်းငယ် ကျေးဇူးတင်မိမည် ဖြစ်သော်လည်း လင်းချီက နော့တင်း အကယ်ဒမီသို့ လိုက်လာသည်ဖြစ်ရာ သူသည် အလည်လာခြင်း မဟုတ်သည်မှာ သိသာနေသည်။
"ငါ့ကိုကျတော့ အလုပ်သင်ကျောင်းသား လုပ်ခိုင်းပြီး ကျောင်းမှာ အလုပ်လုပ်ခိုင်းတယ် လင်းချီ့ကိုကျတော့ ကျောင်းလစာ သီးသန့် ပေးပေးတယ် ဒါက တကယ့်ကို မတရားတာပဲ" ဟု ထန်ဆန်းက မနာလိုစိတ်ဖြင့် တွေးနေမိသည်။
သူ့အမြင်တွင် လင်းချီမှာ မိဘမဲ့တစ်ဦးဖြစ်ပြီး သူ့ထက်ပင် အခြေအနေ ပိုဆိုးသည်ဖြစ်ရာ ကျောင်းလစာ ပေးနိုင်လိမ့်မည် မဟုတ်ဘဲ ရွာလူကြီး ဂျက်ကသာ စိုက်ထုတ်ပေးနေသည်ဟု ယူဆထားသည်။
ထန်ဆန်း၏ သိမ်ငယ်တတ်သော စိတ်သဘောထားအရ ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်သည့်အခါ သူသည် လင်းချီကို ပိုမိုမုန်းတီးလာရုံသာမက ရွာလူကြီး ဂျက်အပေါ်တွင်လည်း များစွာ အေးစက်လာခဲ့သည်။
"ငါ့ရဲ့ သိုင်းဝိညာဉ်က ငွေပြာမြက်ဖြစ်နေလို့လား ဒါဆိုရင် လင်းချီမှာရော အလားအလာ ရှိလို့လား မင်း နောင်ကျရင် သေချာပေါက် နောင်တရလိမ့်မယ်"
ထန်ဆန်းသည် ကျင့်ကြံခြင်းပိုင်းတွင် လင်းချီကို ကျော်တက်မည်ဟု စိတ်ပိုင်းဖြတ်နေစဉ်မှာပင် လင်းချီက လမ်းပေါ်ရှိ နေရာတစ်ခုသို့ လမ်းလျှောက်သွားသည်ကို မြင်လိုက်ရသည်။
"ကံကောင်းလိုက်တာ ဒီမှာ ရွှေဒင်္ဂါး တစ်ပြား ရှိနေတာပဲ"
တောင်တက်လမ်းကျဉ်းလေးမှ ထွက်၍ လမ်းမကြီးပေါ်သို့ တက်လိုက်သည်နှင့် မျက်စိတစ်ဆုံး မြက်တောထဲတွင် နေရောင်ဟပ်နေသော ရွှေဒင်္ဂါးပြားလေးမှာ လင်းချီ၏ မျက်လုံးထဲသို့ ဝင်လာခြင်း ဖြစ်သည်။
"ဘာ"
ထန်ဆန်း လှမ်းကြည့်လိုက်သည့်အခါ လင်းချီက ရွှေဒင်္ဂါးပြားကို ကောက်ယူနေသည်ကို မြင်လိုက်ရသည်။
ဒီကောင်ရဲ့ ကံက တကယ် မယုံနိုင်စရာပဲ။ တုန့်လော့တိုက်ကြီးကို ရောက်လာကတည်းက ထန်ဆန်း ရွှေဒင်္ဂါးတစ်ပြားမှ မမြင်ဖူးသေးပေ။ ထန်ဟောင်သည် ပန်းပဲထု၍ ရသမျှ ကြေးဒင်္ဂါးလေးများကိုပင် အရက်ဖိုးအဖြစ် ချက်ချင်း သုံးစွဲပစ်လေ့ရှိသည်။ရွာလူကြီး ဂျက်သည်လည်း အံ့အားသင့်နေပုံရသည်။
"ရှောင်ချီ မြေးက တကယ် ကံကောင်းတာပဲ"
ရွာထဲမှာတင် ရွှေဒင်္ဂါး ငါးပြား တွေ့ခဲ့သည်မှာပင် မယုံနိုင်စရာ ကောင်းနေပြီဖြစ်ရာ လမ်းပေါ်မှာပါ ပိုက်ဆံကောက်ရလိမ့်မည်ဟု ရွာလူကြီး ဂျက် တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။
"ကျွန်တော့်ကံက တော်တော်လေး ကောင်းတယ်လို့ ပြောရမှာပေါ့"
ဝိညာဉ်ဒင်္ဂါးကို သုတ်သင်၍ သိမ်းဆည်းလိုက်ပြီးနောက် လင်းချီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ကံကြမ္မာခန္ဓာကိုယ်ဆိုတာ ဘာလဲ ဒါတွေက အခြေခံ လှုပ်ရှားမှုတွေပဲ။ အကယ်၍ ရွှေဒင်္ဂါးသာ မဟုတ်ခဲ့လျှင် လင်းချီ ခါးပင် ကုန်းလိုက်မည် မဟုတ်ပေ။
"ကံတိုက်ဆိုင်တာပါပဲ"
ထန်ဆန်းက ဘာမှမပြောသော်လည်း သူ၏ မျက်နှာအမူအရာမှာ သူ၏ အတွေးများကို ဖော်ပြနေသည်ကို ပါးနပ်သော လင်းချီက သတိထားမိလိုက်သည်။
"အိုဟိုး မင်းက မယုံဘူးပေါ့လေ"
လင်းချီသည် အသစ်စက်စက် နတ်ဘုရားဘုရင်လောင်းလေးကို အနည်းငယ် တုန်လှုပ်သွားအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကံကြမ္မာခန္ဓာကိုယ်၏ ကံကောင်းခြင်းမှာ အလိုအလျောက်ဖြစ်သော်လည်း သူ၏ ဆန္ဒမှာ အလွန်အကျွံ မဖြစ်သရွေ့ သူ လိုချင်သည့်အရာကို ရရှိရန် ဖြစ်နိုင်ခြေ အလွန်များသည်။ အထူးသဖြင့် ဝိညာဉ်ဒင်္ဂါး ကောက်ရခြင်းကဲ့သို့သော သေးငယ်သည့် ကိစ္စရပ်များတွင်မူ ပြောနေစရာပင် မလိုတော့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် မိုင်ဝက်ခန့်ပင် မဝေးသော နေရာ၌ ရွှေရောင်အလင်းတန်းမှာ လင်းချီ၏ အမြင်အာရုံထဲသို့ အချိန်ကိုက် ဝင်လာပြန်သည်။ ၎င်းကို ရွာလူကြီး ဂျက်ဖြစ်စေ ထန်ဆန်းဖြစ်စေ သတိမထားမိကြပေ။
"ဟော နောက်ထပ် ရွှေဒင်္ဂါး နှစ်ပြား ထပ်တွေ့ပြန်ပြီ"
"ဘာ ဒါ မဖြစ်နိုင်တာ"
ထန်ဆန်းသည် ဤတစ်ကြိမ်တွင်တော့ တိုက်ရိုက်ပင် အော်ပြောလိုက်မိသည် ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ပိုက်ဆံကို တစ်ကြိမ်ပြီးတစ်ကြိမ် ကောက်ရနိုင်မှာလဲ ဒီကမ္ဘာက လူတွေက ဒီလောက်တောင် ပေါ့ဆကြပြီး တစ်နေ့လုံး ရွှေဒင်္ဂါးတွေ လိုက်ချနေကြတာလား။
အကယ်၍ ကြေးဒင်္ဂါးသာ ဆိုလျှင် ထားပါတော့ ဒါက ရွှေဒင်္ဂါးလေ။ လမ်းဘေးမှာသာ ပြုတ်ကျနေခဲ့ရင် တစ်ခြားသူတွေ ကောက်သွားတာ ကြာလှပြီ။
"မဖြစ်နိုင်တာ မရှိပါဘူး။ ကံကောင်းနေရင် ဘာမဆို ဖြစ်နိုင်တာပဲ"
လင်းချီသည် ထန်ဆန်း၏ ပုခုံးကို ပုတ်ကာ ဘာမှမဟုတ်သည့် ကိစ္စကို အုတ်အော်သောင်းနင်း ဖြစ်နေသည့် ညီငယ်လေးတစ်ဦးကို ကြည့်သလို ကြည့်လိုက်သည်။
မုန်းစရာကောင်းလိုက်တာ ထန်ဆန်းသည် စိတ်ထဲကနေ ကြိတ်၍ အံကြိတ်လိုက်မိပြီး သူ၏ မျက်လုံးများထဲတွင် ခရမ်းရောင် အရိပ်အယောင်များ ပေါ်လာသည်။
ပိုက်ဆံတွေ့တာနဲ့ပဲ ဘာဖြစ်လဲ ငါ့ရဲ့ ခရမ်းရောင်မိစ္ဆာမျက်လုံးရှိနေတာတောင် ပိုက်ဆံကို ဒီလောက် လွယ်လွယ်ကူကူ တွေ့နိုင်မယ်လို့ ငါ မယုံဘူး။
လင်းချီ၏ စိန်ခေါ်မှုကို ခံစားရသဖြင့် ထန်ဆန်းသည် သူ၏ ခရမ်းရောင်မိစ္ဆာမျက်လုံးကို အသုံးပြု၍ လမ်း၏ ဘေးတစ်ဖက်တစ်ချက်ကို စေ့စေ့စပ်စပ် ကြည့်တော့သည်။ ရွှေဒင်္ဂါးများ ပုန်းအောင်းနေနိုင်သည့် မည်သည့် ထောင့်စွန်းကိုမျှ သူ အလွတ်မပေးပေ။
ရွာလူကြီး ဂျက်မှာမူ လင်းချီ၏ ကံကောင်းမှုကို ကြည့်ကာ ဆွံ့အလျက် ရှိသည်။ သူသည် လင်းချီ၏ ကျောင်းလစာ ပေးရန်ပင် စဉ်းစားနေခဲ့သေးသည်။
သို့သော် လင်းချီသာ ဤကဲ့သို့ ကံကောင်းနေမည်ဆိုလျှင် အခြေခံ ဝိညာဉ်ဆရာ အကယ်ဒမီ မဆိုထားနှင့် ဈေးကြီးလှသော အဆင့်မြင့် ဝိညာဉ်ဆရာ အကယ်ဒမီများ၏ ကျောင်းလစာကိုပင် လမ်းပေါ်က ပိုက်ဆံကောက်ရင်း အလွယ်တကူ ပေးနိုင်လိမ့်မည်ဟု သူ ယုံကြည်သွားတော့သည်။
"ရှောင်ဆန်း မင်းလည်း ပိုက်ဆံ ကောက်ချင်လို့လား"
ဂျက်သည် ထန်ဆန်း၏ ခရမ်းရောင်မိစ္ဆာမျက်လုံးကို မမြင်ရသော်လည်း သူ လမ်းတစ်လျှောက်လုံး ဟိုကြည့်ဒီကြည့် လုပ်နေသည်ကိုတော့ မြင်နေရသည်။
ထန်ဆန်းက ဘာမှပြန်မပြောဘဲ သူ၏ စုံစမ်းထောက်လှမ်းသော မျက်လုံးများကိုသာ ဆက်လက် အသုံးပြုနေသည်။၎င်းကို မြင်သည့်အခါ ဂျက်က ရယ်ချင်သလိုဖြင့် ခေါင်းရမ်းလိုက်သည်။
အကယ်၍ ရွှေဒင်္ဂါးများသာ ဤမျှ အလွယ်တကူ တွေ့နိုင်မည်ဆိုလျှင် တုန့်လော့တိုက်ကြီးရှိ လူတိုင်း သန်းကြွယ်သူဌေး ဖြစ်နေကြမှာပေါ့။လင်းချီမှာမူ ထန်ဆန်း၏ အမူအရာကို ပြပွဲတစ်ခုကြည့်သလို အေးအေးဆေးဆေး ကြည့်ရင်း လမ်းလျှောက်နေသည်။
ခရမ်းရောင်မိစ္ဆာမျက်လုံးမှာ နာမည်ကြီးသော်လည်း ကံကြမ္မာခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။ ခရမ်းရောင်မိစ္ဆာမျက်လုံးက ထန်ဆန်း၏ နောက်ခံကို ဖော်ပြနိုင်သော်လည်း စနစ်၏ ဆုလာဘ်ကို ဖြစ်ပေါ်စေရန် ပျက်ကွက်ခဲ့ခြင်းမှာ ၎င်းမှာ အလွန် အားနည်းလွန်းပြီး ကံကြမ္မာခန္ဓာကိုယ်၏ အလိုအလျောက် စွမ်းဆောင်ရည်ကို မမီသောကြောင့် ဖြစ်သည်။
ရလဒ်အနေဖြင့် ထန်ဆန်း၏ ခရမ်းရောင်မိစ္ဆာမျက်လုံးမှာ လမ်းတစ်လျှောက်လုံး စူးစူးစိုက်စိုက် ကြည့်လွန်းသဖြင့် မျက်စိနာသလို နီရဲလာခဲ့သော်လည်း ကြေးဒင်္ဂါး တစ်ပြားပင် ရှာမတွေ့ခဲ့ပေ။
"ရှောင်ဆန်း လမ်းကို သေသေချာချာပဲ လျှောက်ပါတော့လား"
ထန်ဆန်း ပိုက်ဆံကောက်ရန် အလွန်အမင်း စိတ်အားထက်သန်နေပြီး ကျင်းငယ်လေးများထဲသို့ အကြိမ်ကြိမ် ခြေချော်ကျနေသည်ကို မြင်ရသဖြင့် ဂျက်က မနေနိုင်ဘဲ အကြံပေးလိုက်သည်။
"တွေ့ပြီ"
ရွာလူကြီး ဂျက် စကားပြော၍ပင် မဆုံးသေးမီမှာပင် ထန်ဆန်းသည် လမ်းဘေးရှိ နေရာတစ်ခုသို့ ဝုန်းခနဲ ပြေးသွားတော့သည်။ သားကောင်ကို ခုန်အုပ်သည့် ဗိုက်ဆာနေသော ခွေးတစ်ကောင်လိုပင်။