အခန်း (၃၇) တုကူးပေါ်ရဲ့ လျော်ကြေးပေးရမှုက တကယ့်ကို မတရားလွန်းတယ်
"ငါ့ပြဿနာ ငါ့မှာ ဘာပြဿနာရှိလို့လဲ"
တုကူးပေါ် မှာ မတရားသဖြင့် ခံစားလိုက်ရသည်။
သူ့အိမ်သူပြန်လာရင်း သီချင်းလေးဆို အဆိပ်ငွေ့လေးရှူပြီး လာခဲ့တာကို အခုတော့ သူ့ဇာတိမြေက အလုခံလိုက်ရပြီ။
သူက ကျူးလွန်ခံရသူပါ သူ့မှာ ဘာအပြစ်ရှိလို့လဲ
မင်းတို့ တစ်ခုခုကို ခိုးချင်တိုက်ချင်တယ်ဆိုရင်လည်း ရပါတယ် ငါ့ထက် အစွမ်းထက်တာကို ငါလက်ခံပါတယ် ဒါပေမဲ့ လူကို ဒီလိုမျိုးတော့ လာပြီး အနိုင်မကျင့်သင့်ဘူးလေ။
"မင်း အခုနက ငါ့အပေါ် မကောင်းတဲ့အကြံ ရှိခဲ့လား မရှိခဲ့ဘူးလား ဆိုတာကိုပဲ ပြော။"
"ရှိတော့ ရှိပါတယ် ဒါပေမဲ့..."
"ဒါပေမဲ့တွေ လုပ်မနေနဲ့တော့။ ကျန်တာကိုတော့ လင်းချင်နဲ့ပဲ ဆွေးနွေးလိုက်တော့။"
သူ့ကို ပြောရမယ်
တုကူးပေါ်သည် သူ့ကို လူသတ်တော့မည့် အကြည့်မျိုးဖြင့် ကြည့်နေသော လင်းချင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ပြောမည့်စကားလုံးများကို ပြန်မျိုချလိုက်တော့သည်။
"မင်းက ငါ့အပေါ် မကောင်းတဲ့အကြံ ရှိခဲ့ပြီး ငါ့ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်ခဲ့တဲ့အတွက် လျော်ကြေးပေးဖို့ မလိုဘူးလား"
တုကူးပေါ်သည် မျက်လုံးအပြူးသားဖြင့် ဘဝရဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်နေသည့်အလား ကြည့်နေမိသည်။
"မဟုတ်ဘူးလေ ငါက စိတ်ထဲကပဲ ကြံစည်ရသေးတာပါ မင်းကို လက်ဖျားနဲ့တောင် မထိရသေးဘူး အဲ့ဒါက မင်းကို ဘယ်လိုလုပ် ပြင်းပြင်းထန်ထန် ထိခိုက်စေမှာလဲ ပြီးတော့ အဲ့ဒါအတွက် လျော်ကြေးပါ ပေးရမယ် ဟုတ်လား"
"အဲ့ဒါကိုလည်း လင်းချင် ဆီမှာ အယူခံဝင်နိုင်ပါတယ်။"
လင်းချင်က မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။
"ကြံစည်ချင်တယ် ဟုတ်လား ကြံတောင်မကြံစည်ရဘူးလေ"
တုကူးပေါ် ချက်ချင်း နားလည်သွားသည်။
ဒါက ညှိနှိုင်းနေတာမဟုတ်ဘဲ တစ်ဖက်သတ် ဖိနှိပ်နေတာပဲ ဖြစ်သည်။
တောက်... သူ တကယ့်ကို ရက်စက်တာပဲ။ ဒီကလေးက ရက်စက်ပြီး ကောက်ကျစ်တာ ဝိညာဉ်နန်းတော်က ကောင်တွေထက်တောင် သာသေးတယ်။ သူကတော့ အကောင်ကြီးကြီး ဖြစ်မယ့်ကိန်းပဲ။
တုကူးပေါ်သည် လင်းချီထံမှ တရားမျှတမှု ရလိမ့်မည်ဟု မျှော်လင့်မိခြင်းမှာ သူကိုယ်တိုင် အလွန်မိုက်မဲခဲ့ခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။
"ကောင်းပြီ မင်း သဘောအတိုင်းပဲ။ မင်း ဘယ်လို လျော်ကြေးမျိုး လိုချင်လဲဆိုတာသာ ပြောတော့။"
လင်းချီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဒီအဆိပ်အဘိုးကြီးက လက်တွေ့ကျတတ်သားပဲ။
"ပထမအချက် ဒီ ရေခဲနှင့်မီး ယင်ယန်တွင်းက သဘာဝအလျောက် ဖြစ်တည်လာတာဆိုပေမဲ့ မင်းက ဒီကို အရင်ရောက်နေတာ ကံကောင်းလို့ပဲ။ ဒီနေရာကို ငါ့ရဲ့ လျော်ကြေးအဖြစ် သတ်မှတ်လိုက်မယ်။ မင်းမှာ ကန့်ကွက်စရာ မရှိဘူးမလား"
တုကူးပေါ်မှာ အသက်ကို ပြင်းပြင်းရှူရင်း စိတ်မသက်မသာဖြင့် ပြောလိုက်သည်
"ကန့်ကွက်စရာ မရှိပါဘူး။"
ဆရာကြီးမုန့်၏ အင်အားမှာ သူ့ထက် များစွာသာလွန်နေသည်ကို သိလိုက်ရကတည်းက ရေခဲနှင့်မီး ယင်ယန်တွင်းကို ဆက်လက်ပိုင်ဆိုင်ခွင့်ရရန် မျှော်လင့်ချက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လင်းချင် ထပ်ပေါ်လာသောအခါတွင်မူ သူ၏ အသက်ကိုပင် ကယ်တင်နိုင်ပါ့မလားဟု ပို၍ ခံစားလိုက်ရသည်။
"နောက်ပြီးတော့ မင်း ငါ့အမိန့်တွေကို နာခံရမယ် နားလည်လား"
"ဘာ မင်းက ငါ့ကို မင်းရဲ့ လက်အောက်ငယ်သား ဖြစ်စေချင်တာလား"
တုကူးပေါ်သည် တစ်သက်လုံး မာနကြီးခဲ့သူဖြစ်ပြီး ဝိညာဉ်နန်းတော်ကိုပင် မျက်နှာမထောက်ခဲ့သူ ဖြစ်ရာ ဤကဲ့သို့ အရှက်ခွဲခံရမှုကို မည်သို့ သည်းခံနိုင်မည်နည်း
"မဟုတ်ဘူး လက်အောက်ငယ်သား မဟုတ်ဘူး။ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် မင်းက အလွန်ဆုံးရှိမှ တရားမဝင် လက်အောက်ငယ်သားပဲ ဖြစ်နိုင်မယ်။"
တုကူးပေါ်မှာ အကြီးအကျယ် အရှက်ကွဲသွားရသည်။
စီရင်ချက်တုန့်လော့ အဆင့်အတန်းရှိသူ တစ်ယောက်က တရားဝင် လက်အောက်ငယ်သားတောင် မဖြစ်နိုင်ဘူးလား
"အဲ့ဒါကို မကျေနပ်တာလား မင်း ငါ့ကို အနိုင်ယူနိုင်ရင် သခင်လေးရဲ့ တရားဝင် လက်အောက်ငယ်သား ဖြစ်ခွင့်ရအောင် ငါ အခွင့်အရေး ပေးမယ်။" လင်းချင်က သူ၏လက်သီးကို ဆုပ်လိုက်သည်။
"မလိုတော့ပါဘူး။"
သူက လင်းချင်ကို တိုက်ရမယ် ဟုတ်လား မရယ်ပါနဲ့။
လင်းချင်မှာ ဆရာကြီးမုန့်ထက် ပိုအစွမ်းထက်မည်ဟု သူက ကနဦးတွင် ခန့်မှန်းရုံသာ ရှိခဲ့သော်လည်း အထုခံလိုက်ရပြီးနောက်တွင်မူ သူ လုံးဝသေချာသွားခဲ့ပြီ ဖြစ်သည်။
သူသည် ဆရာကြီးမုန့်ကိုတောင် မယှဉ်နိုင်ရာ လင်းချင်ကို ဆိုဖွယ်ရာ မရှိပေ။
"ဒါဆိုရင် မင်း သဘောတူမှာလား မတူဘူးလား" လင်းချီက ဆက်မေးလိုက်သည်။
သူသည် တုကူးပေါ်၏ စွမ်းရည်များကို အထင်ကြီးလှသည်တော့ မဟုတ်ပေ။
အမှန်စင်စစ် တုကူးပေါ်သည် အင်အားရော သစ္စာရှိမှုတွင်ပါ ဆရာကြီးမုန့်နှင့် လင်းချင်တို့ကို မယှဉ်နိုင်ပေ။
လင်းချီက တုကူးပေါ်ကို အမိန့်နာခံခိုင်းခြင်းမှာ ခန့်မှန်းချက်တစ်ခုကို သက်သေပြရန်အတွက်သာ ဖြစ်သည်။
မူလဇာတ်လမ်းအရဆိုလျှင် တုကူးပေါ်သည် ထန်ဆန်း၏ မဟာမိတ် တစ်နည်းအားဖြင့် နောက်ခံလူများထဲမှ တစ်ဦး ဖြစ်လာပေလိမ့်မည်။
ယခု သူ ကြားဖြတ်နှောင့်ယှက်လိုက်ပြီဖြစ်ရာ ထန်ဆန်းအနေဖြင့် တုကူးပေါ်နှင့် ထပ်မံတွေ့ဆုံနိုင်ပါဦးမလား တုကူးပေါ်ကရော သူ၏မဟာမိတ် ဖြစ်လာဦးမလားဆိုသည်မှာ ပြောရန်ခက်သွားပြီ ဖြစ်သည်။
လင်းချီသည် သူ "ကူညီ" ပေးထားသော ထန်ဆန်း၏ နောက်ခံအသစ်က ဆုလာဘ်တစ်ခုခုကို ဖြစ်ပေါ်စေမလားဆိုသည်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဤရွေးချယ်မှုနှင့် ရင်ဆိုင်ရသောအခါ တုကူးပေါ် တွေဝေသွားသည်။
အကယ်၍ သူသာ ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သူဆိုလျှင် ချက်ချင်း ငြင်းဆိုမိပေလိမ့်မည်။
သို့သော် ယခုအခါတွင်မူ သူ့တွင် ပူပန်ရမည့် မြေးမလေး ရှိနေသည်။
ငါသာ သေသွားရင် တုကူးယန်ကို ဘယ်သူက ကာကွယ်ပေးမှာလဲ သူမ အနိုင်ကျင့်ခံရရင် ဘာလုပ်မလဲ
သားဖြစ်သူကို ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးရှုံးခဲ့ရသဖြင့် တုကူးပေါ်သည် တုကူးယန်ကို အလွန်အမင်း အလိုလိုက်ခဲ့ပြီး သူမကို ဤကမ္ဘာပေါ်တွင် အားကိုးရာမဲ့ တစ်ယောက်တည်း ထားခဲ့ရန် မရက်စက်နိုင်ပေ။
"ငါ... ငါ မင်းကို ကူညီဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ သိက္ခာကို ထိခိုက်စေမယ့် အလုပ်မျိုးတော့ မဖြစ်ရဘူး။"
တုကူးပေါ်က အလျှော့ပေးလိုက်သော်လည်း ထိုအလျှော့ပေးမှုက ပို၍ သိက္ခာရှိစေရန်အတွက် အခြေအနေတစ်ရပ်ကို ထပ်လောင်းထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
"အရမ်းကောင်းတယ် မင်းရဲ့ ဆုံးဖြတ်ချက်က ပညာရှိရာရောက်တယ်။"
ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် တုကူးပေါ်သည် ရုတ်တရက် စိတ်သက်သာရာရသွားသည်။
အချို့သော ဆုံးဖြတ်ချက်များသည် တစ်ကြိမ်တစ်ခါ ချမှတ်ပြီးသွားပါက လက်ခံရန် ထိုမျှလောက် မခက်ခဲတော့ပေ။
ဖြန်း
တုကူးပေါ် စိတ်လျှော့လိုက်ရုံရှိသေး လက်ကြီးတစ်ဖက်က သူ၏ပုခုံးကို လာပုတ်သည်။
မင်း ဘာလုပ်တာလဲ
တုကူးပေါ်သည် သူ့ရှေ့တည့်တည့်တွင် ရပ်နေသော လင်းချင်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။
လင်းချင်က ပြုံးပြသည်။
သူ့အပြုံးက နွေဦးလေပြေညင်းကဲ့သို့ နွေးထွေးသည်ဟု သူက ယူဆသော်လည်း တုကူးပေါ်၏ မျက်လုံးထဲတွင်မူ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေသည်။
"မင်းက သခင်လေးအတွက် အလုပ်လုပ်နေပြီဆိုတော့ စည်းမျဉ်းတွေကို သိထားရမယ်။ လာပါ ငါ မင်းကို သီးသန့်လမ်းညွှန်မှုလေးတွေ ပေးမလို့ပါ။"
တုကူးပေါ်မှာ တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။
ငါ ငြင်းလို့ရမလား
မင်းကော ဘယ်လိုထင်လဲ
သူ၏ ခံစားချက်တွင် လင်းချင်၏ ယခုတစ်ကြိမ် အပြုံးမှာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်နေသည်။
သွားပြီ
တုကူးပေါ်သည် သူ၏အနာဂတ်မှာ မှောင်မိုက်နေပြီဟု ခံစားလိုက်ရသည်။
သူ့ကို နှိမ်နင်းနိုင်တဲ့ ဆရာကြီးမုန့်ရယ် သူ့အင်အားနဲ့ ဖိနှိပ်နိုင်တဲ့ လူကြမ်းကြီး လင်းချင်ရယ် ကြားမှာ သူကော အနာဂတ်အတွက် ဘာမျှော်လင့်ချက် ရှိနိုင်ဦးမှာလဲ
လင်းချင်က တုကူးပေါ်ကို ဝန်ထမ်းသစ် လေ့ကျင့်ရေးဆီ ခေါ်သွားသည်ကို လင်းချီက ပြုံးရင်းကြည့်နေပြီးနောက် ဆရာကြီးမုန့်ဘက်သို့ လှည့်ကာ ပြောလိုက်သည်
"ဆရာ... နောက်ပိုင်းကျရင် ငါတို့ ဒီမှာပဲ ခဏနေကြစို့။"
ဆရာကြီးမုန့်က အသာအယာ ခေါင်းညိတ်လိုက်သည်။
"အချိန်ကိုက်ပါပဲ။ ဆေးပင်ထူးတွေကို သုံးပြီး နတ်ဘုရားရာထူးကို ကိုယ်တိုင်စုစည်းနိုင်တဲ့ အာနိသင်ကို ဘယ်လိုမြှင့်တင်မလဲဆိုတာ ငါ ဒီမှာ လေ့လာလို့ရတယ်။ ဆေးပင်ထူးမဟုတ်တဲ့ တခြားဆေးပင်တွေကိုတော့ ဆေးလုံး တွေအဖြစ် ဖော်စပ်တာ ဒါမှမဟုတ် ဆေးရေချိုးတာမျိုး လုပ်လို့ရတယ် အဲ့ဒါက မင်းရဲ့ ကျင့်ကြံခြင်းနှုန်းကို မြှင့်တင်ပေးနိုင်လိမ့်မယ်။"
အမှန်စင်စစ် ရေခဲနှင့်မီး ယင်ယန်တွင်းမှာ သာမန် ဝိညာဉ်သခင်တစ်ဦးအတွက် ကျင့်ကြံရန် ကောင်းမွန်သော နေရာတစ်ခု မဟုတ်ပေ။
ပုံမှန်အားဖြင့် ဝိညာဉ်အကြီးအကဲ တစ်ဦးသည် ဤနေရာတွင် ကျင့်ကြံရန် မရဲတင်းပေ။ ဤနေရာတွင် ကြာကြာနေပါက ပြင်းထန်လှသော စွမ်းအင်များကြောင့် အသက်အန္တရာယ် ရှိနိုင်ပါသည်။
ဆရာကြီးမုန့်သည် အလွန်ပျော်ရွှင်နေသော လင်းချီကို ကြည့်ကာ ဘာမှမပြောတော့ပေ။
လင်းချီ၏ ကံကောင်းမှုနှင့် လိုက်လျောညီထွေရှိမှုတို့ကို ဆရာကြီးမုန့် မသံသယဖြစ်မိပေ။ လင်းချီအတွက်မူ ဤနေရာမှာ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သလို ဖြစ်နေသည်။
ပြင်းထန်လှသော စွမ်းအင်များမှာ လင်းချီအတွက်မူ နူးညံ့သော နွေဦးလေပြေညင်းကဲ့သို့ပင်။
ရှောင်ဝူအတွက်မူ သူမ၏ ဝိညာဉ်သားရဲ အသွင်ပြောင်းမှုမှာ လင်းချီလောက် မကောင်းသော်လည်း အချိန်အနည်းငယ်ကြာလျှင် လိုက်လျောညီထွေ ဖြစ်သွားနိုင်ပါသည်။
"ငါတို့ ဒီမှာ နေတော့မယ်ဆိုရင် အေးအေးဆေးဆေး အနားယူလို့ရမယ့် နေရာတစ်ခု ရှာဖို့လိုမယ်။"
ဆရာကြီးမုန့်သည် သူ၏ ဝိညာဉ်ပုံစံသို့ နောက်တစ်ကြိမ် ဝင်ရောက်လိုက်ပြီး အဋ္ဌမမြောက် ဝိညာဉ်စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ သစ်ပင်၏ အစွန်းဘက်ရှိ ဝိညာဉ်ဝါးပင်တစ်ပင်မှာ သန့်စင်သော သက်စောင့်အားမာန်များ ပြည့်နှက်သွားပြီး လျင်မြန်စွာ ကြီးထွားပြန့်နှံ့လာတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝါးပင်မှာ တက်ကြွလှပသော ဝါးအိမ်တစ်လုံးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
"တကယ့်ကို အံ့သြစရာပဲ။"
ရှောင်ဝူသည် နော့တင်းအကယ်ဒမီက နေ့ရက်တွေကို သတိရသွားရင်း ဝါးအိမ်ကို အံ့သြတကြီး ကြည့်နေမိသည်။
"ဆရာ... ဆရာ့ရဲ့ ဝိညာဉ်စွမ်းရည်က တကယ်ကို အဆင်ပြေတာပဲ" ဟု လင်းချီက အာမေဍိတ်ပြုလိုက်သည်။
ဒီစွမ်းရည်တစ်ခုတည်းနဲ့တင် သူက ဆောက်လုပ်ရေးနယ်ပယ်မှာ မာစတာတစ်ယောက် ဖြစ်နေပါပြီ။
ဆရာကြီးမုန့်သာ အိမ်ခြံမြေလုပ်ငန်းထဲ ဝင်မယ်ဆိုရင် သေချာပေါက် သူဌေးကြီး ဖြစ်မှာပဲ။
သဘာဝအတိုင်းဖြစ်ပြီး ညစ်ညမ်းမှုမရှိတဲ့ အိမ်တစ်လုံးကို မျက်တောင်တစ်ခတ်အတွင်း ဆောက်နိုင်တာ ဘယ်သူနဲ့မှ မယှဉ်နိုင်ဘူးလေ။
ရှောင်ဝူက လင်းချီကို အထပ်ထပ် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်
"လင်းချီ... ငါတို့..."
"သွားပြီးတော့ ဝါးအိမ်ကို သန့်ရှင်းရေးလုပ်လိုက်ဦး။ မြန်မြန်လုပ်။"
လင်းချီက ရှောင်ဝူထံသို့ လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။ ၎င်းမှာ ဆရာကြီးမုန့် ပေးထားသော နေ့စဉ်လူသုံးကုန် ပစ္စည်းများစွာ ပါဝင်သည့် သိုလှောင်လက်စွပ်တစ်ခု ဖြစ်သည်။
"ဟုတ်ကဲ့ပါ သခင်လေး။"
ရှောင်ဝူမှာ လက်စွပ်ကို လက်ခံလိုက်ရင်း မျက်မှောင်ကြုတ်သွားသည်။ ခါးသီးလှသော လက်တွေ့ဘဝက သူမကို အစေခံမလေး ဖြစ်နေသေးကြောင်း ပြန်လည် သတိပေးလိုက်ခြင်းပင်။
လင်းချီမှာ ကိုယ်ချင်းစာတရားမရှိသော အရှင်သခင်ဖြစ်ပြီး သူမကတော့ သနားစရာကောင်းသော အစေခံမလေးဖြစ်သည်ဟု သူမ ခံစားလိုက်ရသည်။
လင်းချီသည် ရှောင်ဝူ၏ စိတ်ကူးယဉ်မှုများနှင့် ခံစားချက်များကို ဂရုမစိုက်ဘဲ ရေခဲနှင့်မီး ယင်ယန်တွင်း ၏ စမ်းရေတွင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"ရှောင်ချီ... သတိထားဦး စမ်းရေတွင်းထဲမှာ အလွန်ပူပြင်းတဲ့ စွမ်းအင်နဲ့ အလွန်အေးမြတဲ့ စွမ်းအင်တွေ ရှိနေတယ်။ အထဲကို ပြုတ်ကျရင် ဒုက္ခရောက်ကုန်မယ်..."
ဗွမ်း
ဆရာကြီးမုန့် စကားမဆုံးခင်မှာပင် လင်းချီမှာ စမ်းရေတွင်းထဲသို့ ခုန်ချလိုက်ပြီဖြစ်သည်။
ဝန်ထမ်းသစ် လေ့ကျင့်ရေးကို အားမရှိသလို လုပ်ဆောင်နေသော တုကူးပေါ်သည် အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ဆွံ့အသွားရသည်။
"ဒီကလေး သေသွားတာက ငါနဲ့ မဆိုင်ဘူးနော်။ မင်းကိုယ်တိုင် မြင်တဲ့အတိုင်းပဲ သူဘာသာသူ ခုန်ချသွားတာ။"
တုကူးပေါ်၏ အမြင်တွင် လင်းချီမှာ သေချာပေါက် သေဆုံးသွားပြီ ဖြစ်သည်။
သူကိုယ်တိုင်ပင် စမ်းရေတွင်းက ရေကို အလွယ်တကူ မထိရဲရာ လင်းချီမှာမူ ဆိုဖွယ်ရာ မရှိပေ။
ဖြန်း
လင်းချင်က လက်မြှောက်ပြီး ပါးတစ်ချက် ရိုက်လိုက်သည်။
"ငါနဲ့ မဆိုင်ဘူးလို့ ပြောနေတာပဲကို" တုကူးပေါ်မှာ ငိုချင်လာပြီဖြစ်သည်။
သူကိုယ်တိုင်က မာနတွေကို စွန့်လွှတ်ပြီး တခြားသူရဲ့ တရားမဝင် လက်အောက်ငယ်သား ဖြစ်လာခဲ့ပေမဲ့ သူဌေးဖြစ်သူက ချက်ချင်းပဲ အားမလိုအားမရဖြစ်ပြီး စမ်းရေတွင်းထဲ ခုန်ချကာ သတ်သေသွားတာလား
"အဲ့ဒါကြောင့် ငါ မင်းကို ရိုက်တာလား"
"ဒါဆို ဘာကြောင့်လဲ"
"သေချာပေါက် သခင်လေးကို မရိုမသေ ပြောလို့ပေါ့။ မင်းသာ သခင်လေးကို ကလေး လို့ ထပ်ခေါ်ရဲဦးမယ်ဆိုရင် ငါ မင်းကို သတ်ပစ်လိုက်မယ်။"
တုကူးပေါ် “.... “
လင်းချင်ကတော့ အရူးတစ်ယောက်ပဲ။
အခုက ဒီလို အသေးအဖွဲကိစ္စတွေကို ပြောနေရမယ့် အချိန်လား အဲ့ဒီ ကလေး... သခင်လေးကို သွားပြီး မဆယ်ယူဘူးဆိုရင် သူ့မှာ အရိုးတောင် ကျန်တော့မှာ မဟုတ်ဘူး။
ထိုအချိန်မှာပင် တုကူးပေါ်သည် စမ်းရေတွင်းဆီမှ အသံတစ်ခု ကြားလိုက်ရသည်။
"လန်းဆန်းလိုက်တာ တကယ့်ကို လန်းဆန်းသွားတာပဲ"