အခန်း (၃၃) မဖြစ်မနေသွားရမည့်ဂူ ရေခဲနှင့်မီး ယင်ယန်တွင်း
"လင်းချီ... ကျွန်မတို့ အခု နော့တင်းအကယ်ဒမီကို ပြန်ကြမလား"
စတားဒူ တောအုပ်ကြီးမှ ထွက်ခွာလာပြီးနောက် ရှောင်ဝူက မေးလိုက်သည်။
"ဟင် နင် ငါ့ကို ဘယ်လိုခေါ်သင့်တာလဲ"
ဒီယုန်မလေးကတော့ ဆိုးနေပြီ စတားဒူ တောအုပ်ကြီးထဲက ထွက်လာတာနဲ့ သူမရဲ့ အဆင့်အတန်းကို မေ့သွားပုံရသည်။
ရှောင်ဝူသည် မျက်နှာလေးနီကာ ဟိုဟိုဒီဒီ လှုပ်ရှားနေမိသည်။
"လင်းချီ... သခင် လို့ ခေါ်ရမှာက အရမ်းရှက်ဖို့ကောင်းလို့ပါ။ အရှင်... ကျွန်မကို သနားသောအားဖြင့် သခင် လို့ မခေါ်ခိုင်းပါနဲ့ဦးနော် ဟုတ်ပြီလား"
ရှောင်ဝူသည် သိက္ခာကို အတော်လေး ဂရုစိုက်သူဖြစ်ရာ အခြားသူများရှေ့တွင် လင်းချီအား "သခင်" ဟု ခေါ်ရန် သူမ လုံးဝ စိတ်မပါပေ။
"နှမြောစရာပဲ ငါကတော့ ဒီဝိညာဉ်အရိုးကို မလိုအပ်ဘူးလေ။ တကယ်ကတော့ လိမ္မာပြီး အသိတရားရှိတဲ့ အစေခံမလေးကို ပေးမလို့ပဲ အခုတော့ မလိုတော့ဘူး ထင်တယ်"
လင်းချီသည် ငါးရောင်ခြယ်ကြယ်လိပ်ပြာထံမှ ရရှိထားသော ပြင်ပဝိညာဉ်အရိုးကို ထုတ်ကာ လက်ထဲတွင် ပစ်ကစားလိုက်သည်။
"သခင်... အရှင်က ကျွန်မရဲ့ သခင်ပါ ကျွန်မ ရှောင်ဝူက အသက်နဲ့လဲပြီး အစေခံမယ့် သခင်ပါရှင်"
ရှောင်ဝူသည် အံ့သြဖွယ်ကောင်းလောက်အောင် မျက်နှာပြောင်းလဲနိုင်စွမ်းကို ပြသလိုက်သည်။
ခုနတင် သခင် လို့ မခေါ်နိုင်ပါဘူးလို့ ပြောခဲ့တဲ့သူက အခုတော့ အလွန်ပင် သဘာဝကျကျ သခင် ဟု ခေါ်နေတော့သည်။
အတောင်ပံလေးတွေရပြီး ပျံသန်းနိုင်တဲ့ ယုန်မလေးတစ်ကောင် ဖြစ်ချင်ရင် သိက္ခာအနည်းငယ်လောက်က ဘာအရေးလဲ
"အရှင်ဆီက ပစ္စည်းယူထားပြီးရင် ကိုယ်က ဘယ်သူလဲဆိုတာ မမေ့နဲ့ဦး"
ထိုသို့ပြောပြီးနောက် လင်းချီသည် ပြင်ပဝိညာဉ်အရိုးကို ရှောင်ဝူထံသို့ ပစ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်။ သခင်က အကောင်းဆုံးပဲ"
ရှောင်ဝူသည် ၎င်းကို အမြန်ဖမ်းကာ အသည်းအသန် သုတ်သင်လိုက်သည်။
တော်တော်လေးကြာအောင် တစ်ကိုယ်တော် ချိုပါသော အကြေးခွံချပ်ဝတ်သားရဲကို စီးနင်းပြီး အတော်ဝေးဝေးသို့ ရောက်ရှိလာမှသာ ရှောင်ဝူ သတိပြန်ဝင်လာတော့သည်။
"သခင်... ဒါက နော့တင်းအကယ်ဒမီကို ပြန်တဲ့လမ်း မဟုတ်ဘူး မဟုတ်လား"
"သေချာပေါက် မဟုတ်ဘူးလေ ငါတို့က နေဝင်ချိန်တောအုပ်ကို သွားမှာ"
ထန်ဆန်းဆီကနေ ရသမျှ သိုးမွေးတွေကိုတော့ လောလောဆယ် အကုန်လုံးနီးပါး ရိတ်သိမ်းပြီးပြီဖြစ်သည်။
သိုးမွေးအရှည်ဆုံး သိုးတစ်ကောင်တောင်မှ ကောင်းကောင်းမွန်မွန် ပြန်ပေါက်ဖို့ အခြေအနေတွေ လိုအပ်သေးသည် မဟုတ်လား မဟုတ်ရင် တစ်ကိုယ်လုံး ပြောင်သွားအောင် အကုန်နှုတ်ပစ်လိုက်ရင် ကြည့်မကောင်းဖြစ်လိမ့်မည်။
ထန်ဆန်းဆီက ဆုလာဘ်တွေ ရယူတာကလွဲလို့ နော့တင်းအကယ်ဒမီမှာ လင်းချီ လွမ်းဆွတ်နေစရာ ဘာမှမရှိပေ။
အပြန်အလှန်အားဖြင့် နေဝင်ချိန်တောအုပ်ကတော့ နေရာကောင်းတစ်ခုဖြစ်သည်။
အဲ့ဒီမှာရှိတဲ့ ရေခဲနှင့်မီး ယင်ယန်တွင်းကတော့ တုန့်လော့တိုက်ကြီးမှာ မဖြစ်မနေသွားရမည့် ဂူတစ်ခုပင် ဖြစ်သည်။
"နေဝင်ချိန်တောအုပ် သခင်... သခင်က အခုတင် ဒုတိယဝိညာဉ်ကွင်း ရထားတာလေ ဘာလို့ ဝိညာဉ်သားရဲတောအုပ်ထဲကို ထပ်သွားမှာလဲ"
"စကားမများစမ်းနဲ့။ နင်လို အောက်ခြေအစေခံမလေးက သခင့်ကိစ္စတွေကို ဝင်စွက်ဖက်စရာ လိုလို့လား"
လင်းချီ၏နောက်တွင် ရှောင်ဝူသည် နှုတ်ခမ်းကိုစူကာ သွားကြိတ်နေမိသည်။
ရှောင်ဝူသည် ဒေါသထွက်သော်လည်း ပြန်မတုံ့ပြန်ပေ။
ဝိညာဉ်အရိုးအတွက် ပျံသန်းနိုင်ဖို့အတွက် ရှေးဦးသားရဲနတ်ဘုရားအတွက် ဝိညာဉ်သားရဲတွေရဲ့ အနာဂတ်အတွက်။
ငါ အောင့်ခံလိုက်မယ်
နော့တင်းအကယ်ဒမီ။
လင်းချီ ထွက်သွားပြီးကတည်းက ထန်ဆန်းသည် လင်းချီ၏ လွှမ်းမိုးမှုအောက်မှ လွတ်မြောက်သွားသဖြင့် ဖိအားအတော်လေး လျော့ကျသွားသော်လည်း အခြားတစ်ဖက်မှ ဖိအားများကတော့ တိုးလာခဲ့သည်။
သူ၏ ခမ်းနားလှသော ဒူးထောက်မှုမှာ နော့တင်းအကယ်ဒမီတွင် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့ပြီး ပုံပြင်မှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ ဆန်းပြားလာခဲ့သည်။
ထန်ဆန်းသည် ယခုအခါ သာမန် လှောင်ပြောင်မှုများကို လျစ်လျူရှုနိုင်နေပြီဖြစ်သည်။
သို့သော် အချို့သော လွန်လွန်ကျွံကျွံ လုပ်သူများကတော့ ရှိရင်းစွဲအပေါ်တွင် ထပ်ဆင့်တီထွင်နေကြဆဲဖြစ်သည်။
အချို့က သူ့ကို သင်္ချိုင်းမှာ ငိုချင်းချရာမှာ ဆရာကျသူဟု ဆိုကြသည် အချို့က ကိုးကွယ်ရာအဖေရှာရတာ ဝါသနာပါသူဟု ဆိုကြသည် အချို့ကတော့ ဒူးပျော့ပြီး ဒူးထောက်ရတာ ဝါသနာပါသူဟု ဆိုကြပြန်သည်။
ထန်ဆန်းသည် သူသာ နော့တင်းအကယ်ဒမီက ထွက်သွားလျှင်ပင် သူ၏ဒဏ္ဍာရီမှာ ထိုနေရာတွင် ဆက်လက် ရှင်သန်နေဦးမည်ဟု ယုံကြည်နေသည်။
ထန်ဆန်းသည် စိတ်အခြေအနေ မကောင်းသလို ယွီရှောင်ကန်းသည်လည်း ယနေ့ရက်ပိုင်းအတွင်း စိတ်မအေးဖြစ်နေရသည်။
ထန်ဟောက်ပေါ်လာပြီးကတည်းက သူသည် ထန်ဆန်းကို မကြာခဏ ခေါ်သွားလေ့ရှိပြီး တစ်ယောက်တည်း သီးသန့် သင်ကြားပေးနေသည်။
ဒါဟာ ယွီရှောင်ကန်းအတွက် ပြင်းထန်တဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားရစေသည်။
ဟောက်ထျန်းအရှင်က ငါ့ကို ဆရာတစ်ယောက်အနေနဲ့ မကျေနပ်လို့ ရှောင်ဆန်းကို ခေါ်သွားဖို့ ပြင်နေတာလား
ဒါတော့ မဖြစ်ဘူး။ ထန်ဆန်းက ယွီရှောင်ကန်းအတွက် အခုချိန်မှာ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။
"တစ်ခုခုတော့ လုပ်မှဖြစ်မယ် တစ်ခုခုတော့ လုပ်ရမယ်"
"ရပြီ"
ထန်ဟောက် ပြန်လည်ပေါ်လာပြီး ထန်ဆန်းကို ကိုယ်တိုင်သင်ကြားပေးဖို့ ပြင်နေချိန်တွင် ယွီရှောင်ကန်းသည် သူ အကြာကြီး စဉ်းစားထားသော အကြံဥာဏ်ကို ထုတ်ဖော်လိုက်သည်။
"ဟောက်ထျန်း အရှင်... ခဏလောက် စောင့်ပါဦး"
"ပြောစမ်း"
ထန်ဟောက်၏ သဘောထားမှာ အတော်လေး အေးစက်နေသည်။
လင်းချီနှင့် ဆရာကြီးမုန့်တို့သာ မရှိခဲ့လျှင် ထန်ဟောက်သည် ယွီရှောင်ကန်းကို အလွန်တော်သော ဆရာတစ်ယောက်ဟု ထင်မိကောင်း ထင်မိပေလိမ့်မည်။
လူချင်းနှိုင်းယှဉ်ရခြင်းရဲ့ အဆိုးဆုံးအချက်ကတော့ စီရင်ချက်တုန့်လော့ရဲ့ အစွမ်းကို ပိုင်ဆိုင်ထားပြီး အကန့်အသတ်ကျော်လွန်တဲ့ ဝိညာဉ်ကွင်း စုပ်ယူမှု လျှို့ဝှက်ပညာရပ်ကို သိထားတဲ့ ဆရာကြီးမုန့်နဲ့ နှိုင်းယှဉ်လိုက်ရင် ယွီရှောင်ကန်းဆိုတဲ့ သီအိုရီဆရာကြီးကို အမှိုက်ပုံးထဲပဲ ပစ်လိုက်ချင်စရာ ဖြစ်နေလို့ပင်။
ယွီရှောင်ကန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
ငါ့ခန့်မှန်းချက် မှန်နေပြီ ဟောက်ထျန်း အရှင်က ငါ့အပေါ် သိပ်ပြီး မကျေနပ်ဘူးပဲ။
"အမှန်တော့... ရှောင်ဆန်းအတွက် နော့တင်းအကယ်ဒမီမှာ ဆက်နေတာက မကောင်းဘူးလို့ ကျွန်တော် ထင်ပါတယ်"
"အို ဘာကို ဆိုလိုတာလဲ"
ထန်ဟောက်သည် ယွီရှောင်ကန်းက သူ့ကို ထန်ဆန်းအား ခေါ်သွားခွင့်ပြုတော့မည်ဟု ထင်လိုက်သည်။
"ကျွန်တော့်မှာ ဖလန်းဒါးဆိုတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ရှိပါတယ် နောက်ထပ် သူငယ်ချင်းတစ်ယောက်နဲ့ ပူးပေါင်းပြီး ရွှေတြိဂံနယ်မြေမှာ နာမည်ကျော်ခဲ့ကြတာပါ။"
"ဖလန်းဒါးက ရှရက်ခ်အကယ်ဒမီဆိုတဲ့ ကျောင်းကို တည်ထောင်ထားပါတယ် အဲ့ဒီကျောင်းက ထူးခြားပြောင်မြောက်တဲ့ မိစ္ဆာ ကျောင်းသားတွေကိုပဲ လက်ခံသင်ကြားပေးတာပါ ရှောင်ဆန်းလို ပါရမီရှင်မျိုးအတွက် ပညာသင်ဖို့ အကောင်းဆုံးနေရာပါပဲ"
"ရှောင်ဆန်းက ငယ်သေးတယ်ဆိုပေမဲ့ သူ့ရဲ့ ပါရမီနဲ့ဆိုရင် ရှရက်ခ်အကယ်ဒမီကသာ သူ့ကို အကောင်းဆုံး လေ့ကျင့်ပေးနိုင်မှာပါ"
အသေအချာ စဉ်းစားပြီးနောက် ယွီရှောင်ကန်းသည် ပြင်ပအကူအညီ ရယူရန် ဆုံးဖြတ်လိုက်သည်။
သူကိုယ်တိုင်က ဆရာတစ်ယောက်အနေနဲ့ ဟောက်ထျန်း အရှင်ကို မကျေနပ်အောင် မလုပ်နိုင်ဘူးဆိုရင် ဖလန်းဒါးနဲ့ တစ်ကျောင်းလုံးကို ဆွဲခေါ်လာရမှာပဲ။
ရှရက်ခ်
ထန်ဟောက် စိတ်ဝင်စားသွားသည်။
သူသည် ယွီရှောင်ကန်းအပေါ် မကျေနပ်မှု အချို့ရှိခဲ့သော်လည်း မိစ္ဆာတွေကို လေ့ကျင့်ပေးတဲ့ ဒီအကယ်ဒမီအကြောင်း ကြားလိုက်ရတဲ့အခါ ရှောင်ဆန်းအတွက် တကယ်ကို သင့်တော်တယ်လို့ ခံစားလိုက်ရသည်။
"မင်းပြောတဲ့ ဖလန်းဒါးဆိုတဲ့လူက ဘယ်လောက်အထိ တော်လို့လဲ"
ယွီရှောင်ကန်းသည် ထန်ဟောက်၏ သဘောထား အနည်းငယ် ပျော့ပြောင်းသွားသည်ကို သိလိုက်သဖြင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။
"ဖလန်းဒါးရဲ့ ပါရမီက ကျွန်တော့်ထက် အများကြီး သာပါတယ်။ သူက အခုဆို ဝိညာဉ်သူတော်စင် အဆင့်ကို ရောက်နေပြီဖြစ်သလို ပျံသန်းနိုင်စွမ်းရှိတဲ့ ဝိညာဉ်သူတော်စင်လည်း ဖြစ်ပါတယ်"
"သူ့အပြင် ရှရက်ခ်အကယ်ဒမီမှာ ကျောက်ဝူကျီ နဲ့ လီယွီစုန်းလိုမျိုး အစွမ်းထက်တဲ့ တခြားဆရာတွေလည်း ရှိနေတာကြောင့် ဒါဟာ ထိပ်တန်းအကယ်ဒမီတစ်ခု ဖြစ်ပါတယ်"
ထန်ဟောက်သည် အသာအယာ ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်သူတော်စင်ရဲ့ အစွမ်းက သူ့အတွက် ဘာမှမဟုတ်ပေမဲ့ အခုအချိန်မှာ ထန်ဆန်းကို သင်ကြားပေးဖို့အတွက်တော့ လုံလောက်ပါသည်။
ထန်ဟောက်ကိုယ်တိုင်လည်း တခြားသူကို သင်ကြားပေးရာမှာ မကျွမ်းကျင်ပေ။ ယွီရှောင်ကန်းရဲ့ သင်ကြားနိုင်စွမ်းကို မသံသယဖြစ်ခဲ့လျှင် သူသည် ထန်ဆန်းကို သင်ကြားပေးနေဖို့ အချိန်ဖြုန်းနေမည် မဟုတ်ပေ။
"ငါ သဘောတူတယ်"
ထန်ဟောက်သည်လည်း စိတ်အေးလက်အေးနှင့် အနားယူပြီး သူ၏အင်အားကို ပြန်လည်မြှင့်တင်ချင်နေသည်။
လင်းချီလည်း ထွက်သွားပြီ လင်းချီရဲ့နောက်ကွယ်က အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးလည်း ထွက်သွားပြီ။
ထန်ဟောက်သည် ထိုလူနှင့် ထပ်မံတွေ့ဆုံရဦးမည်ဟု ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည်။
ထိုအစွမ်းထက်ပြီး အရှက်မရှိသောလူနှင့် ထပ်မံတွေ့ဆုံချိန်တွင် သိက္ခာမရှိဘဲ ထပ်မံ အနှိပ်စက်ခံနေရလို့တော့ မဖြစ်ဘူး မဟုတ်လား
အနည်းဆုံးတော့ ပြန်လည်ခုခံနိုင်စွမ်း ရှိရမည်။
"အရှင် သဘောတူတာလား"
ယွီရှောင်ကန်း၏ ရင်ထဲတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်သွားသည်။
ဤဆုံးဖြတ်ချက်မှာ တကယ့်ကို မှန်ကန်လှသည် ဟောက်ထျန်း အရှင်က တကယ်ပဲ သဘောတူလိုက်ပြီ။
"သဘောတူတယ်။ ရှောင်ဆန်းကို ခေါပြီး အမြန်ဆုံး ထွက်ခွာလိုက်တော့။ သူ အမြန်ဆုံး ကြီးပြင်းလာဖို့ လိုတယ်"
"ဟုတ်ကဲ့ပါ မနက်ဖြန်ကျရင် ရှောင်ဆန်းကို ခေါ်ပြီး ရှရက်ခ်အကယ်ဒမီကို သွားပါ့မယ်"
ရက်အနည်းငယ် ခရီးနှင်ပြီးနောက် လင်းချီနှင့် အဖွဲ့သည် နေဝင်ချိန်တောအုပ်သို့ ရောက်ရှိလာကြသည်။
"ရှောင်ချီ... မင်းပြောတဲ့ ရေခဲနှင့်မီး ယင်ယန်တွင်းက ဘယ်နားမှာလဲ"
ဆရာကြီးမုန့်သည် ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ ရေခဲနှင့်မီး ယင်ယန်တွင်းကဲ့သို့သော ရတနာမြေမျိုးတွင် ရှားပါးလှသော ဝိညာဉ်ဆေးပင်များစွာ ရှိနေမည်ကို သိထားသည်။
လင်းချီသည်လည်း ၎င်း၏ အတိအကျ တည်နေရာကို မသိပေ။
ရေခဲနှင့်မီး ယင်ယန်တွင်းသည် နေဝင်ချိန်တောအုပ်ထဲက တောင်တစ်တောင်ပေါ်မှာ ရှိသည်ဟုသာ သူ သိထားသည်။
ဒါပေမဲ့ ကိစ္စမရှိပါဘူး ဒါက လမ်းကြောင်းရွေးချယ်တဲ့ ကိစ္စပဲ မဟုတ်လား ကံတရားပေါ်မှာ မူတည်တဲ့ ကိစ္စတွေဆိုရင် လင်းချီက ဘယ်တော့မှ မထိတ်လန့်တတ်ပေ။
"ကံကောင်းခြင်းခန္ဓာကိုယ်... မင်းရဲ့ အစွမ်းကို ငါ ကြည့်ရသေးတာပေါ့"
လင်းချီသည် သစ်ကိုင်းတစ်ကိုင်းကို ချိုးကာ အမှတ်မထင် ပစ်ချလိုက်သည်။
"ဒီဘက်လမ်းပဲ"
သစ်ကိုင်းကျသွားရာ လမ်းကြောင်းကို ကြည့်ပြီး သစ်ကိုင်းထိပ်ဖျား ညွှန်ပြရာဘက်ကို လင်းချီက လက်ညှိုးထိုးပြလိုက်သည်။
သူ၏ လုပ်ဆောင်ချက်မှာ ဆရာကြီးမုန့်နှင့် ရှောင်ဝူတို့ကို ဆွံ့အသွားစေသည်။ ရေခဲနှင့်မီး ယင်ယန်တွင်းရဲ့ တည်နေရာကို ဒီလိုနည်းနဲ့ ဆုံးဖြတ်တာက ယုတ္တိရှိရဲ့လား
သို့သော် ပြန်စဉ်းစားကြည့်လျှင် လင်းချီကိုယ်တိုင်က အကြီးမားဆုံး ယုတ္တိမရှိမှု ဖြစ်နေသဖြင့် သူတို့လည်း လက်ခံနိုင်သွားကြသည်။
အဆိပ်ငွေ့တွေ ဖုံးလွှမ်းနေတဲ့ တောင်ခြေရင်းကို ရောက်သွားတဲ့အခါမှာတော့ ထိုလက်ခံနိုင်မှုမှာ "တကယ်ကို အရှင်နဲ့ ထိုက်တန်ပါတယ်" ဆိုတဲ့ ခံစားချက်သို့ ပြောင်းလဲသွားတော့သည်။
"ရေခဲနှင့်မီး ယင်ယန်တွင်းက ဒီတောင်ပေါ်မှာ ရှိတာပဲ"
လင်းချီသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ကံကောင်းခြင်းခန္ဓာကိုယ်က တကယ့်ကို အသုံးဝင်သည်။ တခြားသူသာ တည်နေရာအတိအကျကို သိလျှင်တောင်မှ ဒီနေရာကို ဒီလောက်အလွယ်တကူ ရှာတွေ့နိုင်မှာ မဟုတ်ပေ။