အခန်း (၃၂) ဝိညာဉ်အရိုးနှစ်ခု သခင်လင်းချီ
"စီနီယာ... ဝိညာဉ်သားရဲတွေ လူအသွင်ပြောင်းပြီးသွားရင် ကောင်းကင်ဘေးဒုက္ခထက် ပိုကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်မျိုးနဲ့ ထပ်တွေ့ရဦးမှာလားဟင်"
ရှောင်ဝူမှာ အသက်ဝဝ မရှင်ရသေးပေ သူမ မသေချင်သေးပါ။
သူမအနေနဲ့ လင်းချီအတွက် အရန်ဝိညာဉ်ကွင်းလုပ်ပေးရဦးမည် မဟုတ်လား အဲ့ဒီအရန်အဆင့်ကလည်း အကန့်အသတ်မရှိ ဆက်ရှိနေဦးမှာပါ။
"နင် ထင်တာ မမှားပါဘူး။"
အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲက ဆိုသည်မှာ "ဝိညာဉ်သားရဲတစ်ကောင် လူအသွင်ပြောင်းလဲပြီးတဲ့နောက်မှာ ခန္ဓာကိုယ်က လူသားဖြစ်သွားရုံတင်မကဘဲ စိတ်ဓာတ်တွေပါ ယိမ်းယိုင်သွားတတ်တယ် ဝိညာဉ်သားရဲနဲ့ လူသားကြားက စည်းတွေ ဝေဝါးလာပြီး နောက်ဆုံးမှာ လူသားတွေဘက်ကို ပါသွားတတ်ကြတယ်။"
"အဲ့ဒါက အဆိုးဆုံး မဟုတ်သေးဘူး။ အသွင်ပြောင်းထားတဲ့ ဝိညာဉ်သားရဲတွေဟာ နောက်ဆုံးမှာ စတေးခံရတဲ့ ကံကြမ္မာနဲ့ပဲ ရင်ဆိုင်ရလေ့ရှိတယ်။ ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးတွေအားလုံးက တခြားသူတွေအတွက် အကျိုးအမြတ် ဖြစ်သွားတာပဲ ရှိတယ်။"
ထိုစကားကို ကြားသောအခါ ရှောင်ဝူမှာ ကြောက်စိတ်များ လျော့ပါးသွားသည်။
ထို့နောက် သူမသည် လင်းချီ၏ လက်မောင်းကို ဖက်လိုက်လေသည်။
"လင်းချီ... မဟုတ်ပါဘူး အရှင်... လင်းချီအစ်ကို ကျွန်မက အစ်ကို မျက်စိကျထားတဲ့ အရန်ဝိညာဉ်ကွင်းလေ။ ကျွန်မ တခြားသူရဲ့ ဝိညာဉ်ကွင်း ဖြစ်သွားမှာကို အစ်ကိုက ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူးမလား။"
ရှောင်ဝူသည် သိက္ခာရှိသော ယုန်မလေးတစ်ကောင်ဖြစ်ရာ လင်းချီ၏ အရန်ဝိညာဉ်ကွင်း ဖြစ်မည်ဟု တစ်ခါ ပြောပြီးလျှင် ဘယ်တော့မှ စကားမပျက်ပေ။
"အင် ဟုတ်လို့လား ဟို တိုက်တန်ဧရာမမျောက်ဝံနဲ့ ကောင်းကင်ပြာနွားနဂါး အကောင်ကြီးနှစ်ကောင် ရောက်လာတုန်းက ဘယ်သူကများ သူ့ကို ရှောင်ဝူအစ်မ လို့ ခေါ်ခိုင်းခဲ့တာပါလိမ့်"
"ဘယ်သူလဲ ဘယ်သူလဲ ဘယ်သူက အဲ့ဒီလောက်တောင် ရိုင်းစိုင်းရဲတာလဲ"
ရှောင်ဝူသည် သူမကိုယ်သူမ အတိတ်မေ့သွားသည့်အလား ဟန်ဆောင်လိုက်ရာ လင်းချီထက်ပင် ပို၍ ဟန်ဆောင်ကောင်းနေသေးသည်။
"လင်းချီအစ်ကို... စိတ်လျှော့ပါ အဲ့ဒါ သေချာပေါက် တာမင်ဖြစ်မှာပါ။ အာမင်ကလည်း ခဏတာ ဝေခွဲမရဖြစ်ပြီး မှားပြောမိတာ ဖြစ်မှာပါ။ အစ်ကိုက သဘောထားကြီးတဲ့သူပဲ သူတို့ကို ခွင့်လွှတ်ပေးလိုက်ပါနော်။"
"ဟမ်"
ကောင်းကင်ပြာနွားနဂါးနှင့် တိုက်တန်ဧရာမမျောက်ဝံတို့သည် သူတို့၏ မီးအိမ်ကြီးများကဲ့သို့သော မျက်လုံးများဖြင့် ရှောင်ဝူကို စိုက်ကြည့်လိုက်ကြသည်။
ဒီကလေးမလေး ရှောင်ဝူ ငါတို့က နင့်ကို အစ်မ လို့ ခေါ်ပေးတာကို နင်က ငါတို့အပေါ် ဒီလို ဆက်ဆံတာလား
"ကျွန်တော်တို့ မှားသွားပါတယ်။"
"ကျွန်တော်တို့မှာ အပြစ်ရှိပါတယ် အရှင် ခွင့်လွှတ်ပေးပါ။"
ယခင်က လင်းချီအပေါ် မယဉ်မကျေး ဆက်ဆံမိခဲ့သည်ကို သတိပြုမိသွားသော ကောင်းကင်ပြာနွားနဂါးနှင့် တိုက်တန်ဧရာမမျောက်ဝံတို့သည် အပြစ်ဝန်ခံရန် အလုအယက် ကြိုးစားကြတော့သည်။
အခြေအနေကို နားလည်သူမှာ ပညာရှိဖြစ်ရာ သက်တမ်း တစ်သိန်းရှိ ဝိညာဉ်သားရဲ ဖြစ်လာသူများမှာ ထိုအသိဉာဏ် သေချာပေါက် ရှိကြသည်။
အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲက ရှောင်ဝူကို ဆိုသည်မှာ
"အရှင်နောက်ကို လိုက်ခွင့်ရတာဟာ နင့်အတွက် တကယ့်ကို အကြီးမားဆုံး ကံကောင်းခြင်းပဲ။ အရှင်ဟာ သားရဲနတ်ဘုရားရဲ့ ဆက်ခံသူပဲ။ အရှင် ဘေးမှာ ရှိနေသရွေ့ နင့်ရဲ့ စိတ်ဝိညာဉ် ယိမ်းယိုင်သွားမှာကို ကာကွယ်ပေးနိုင်လိမ့်မယ်။"
ရှောင်ဝူသည် ထိုစကားကို ကြားသောအခါ အလွန်ပင် ဝမ်းသာသွားသည်။
ဒါဆို အရန်ဝိညာဉ်ကွင်း ဖြစ်ရတာက တကယ်တော့ ကောင်းတဲ့အချက်ပဲပေါ့
ဒါက လင်းချီရဲ့ အမှတ်အသား အလုပ်ခံထားရသလိုပဲ အခုဆို သူမက အရှင်သခင်ရှိတဲ့ အိမ်မွေးယုန်မလေး ဖြစ်သွားပြီဖြစ်ရာ တခြား ဘာအဖြစ်မှ ယိမ်းယိုင်သွားမှာ မဟုတ်တော့ပေ။
"ဒါပေမဲ့..."
တိုက်ခိုက်ရေးနတ်မျောက်ဝံသည် ရန်လိုသော အကြည့်များဖြင့် စကားဆိုလာသည်။
"နင်လို ယုန်မလေးတစ်ကောင်က အရှင်ကို အဲ့ဒီလောက်အထိ ရင်းရင်းနှီးနှီး ခေါ်နေတာက သင့်တော်ရဲ့လား"
"အင် ဒါဆို ကျွန်မကလည်း အရှင် လို့ပဲ ခေါ်ရမလား"
"အဲ့ဒါလည်း မရသေးဘူး။ နင်က လူအသွင်မပြောင်းခင်မှာတောင် ကျင့်ကြံခြင်း သက်တမ်း တစ်သိန်းပဲ ရှိတာ။ အရှင်ရဲ့ လက်အောက်ငယ်သား ဖြစ်ဖို့တောင် အရည်အချင်း မပြည့်သေးဘူး။ အရှင်ရဲ့ အစေခံမလေး ဖြစ်ခွင့်ရတာတင် နင့်အတွက် ဂုဏ်ယူစရာပဲ။ နင် အရှင်ကို သခင် လို့ ခေါ်သင့်တယ်။"
"သခင်"
ရှောင်ဝူမှာ စိတ်မကောင်းဖြစ်သွားသည်။
သူမ၏ အဆင့်အတန်းမှာ အလွန်လျင်မြန်စွာ ကျဆင်းသွားခဲ့ပြီ။ သူမက သက်တမ်း တစ်သိန်းရှိ ဝိညာဉ်သားရဲ ဖြစ်ပါလျက်နှင့် အစေခံမလေး ဖြစ်ဖို့ပဲ တန်တာလား
"ဘာလဲ နင်က မကျေနပ်လို့လား"
"ကျေနပ်ပါတယ် ကျေနပ်ပါတယ်။ သေချာပေါက် လိုလိုလားလား ရှိပါတယ်ရှင်။"
တိုက်ခိုက်ရေးနတ်မျောက်ဝံနှင့် အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲတို့၏ အကြည့်အောက်တွင် ရှောင်ဝူမှာ "ဟင့်အင်း" ဟု တစ်ခွန်းမှ မဟရဲပေ။
"သခင်... ရှောင်ဝူက နောက်ဆို သခင့်ကို သေချာပေါက် အကောင်းဆုံး ပြုစုစောင့်ရှောက်ပါ့မယ်။"
ရှောင်ဝူသည် သူမ၏ လက်ကလေးနှစ်ဖက်ကို စုကာ ဝမ်းဗိုက်ရှေ့တွင် အသာချထားပြီး တိုးတိုးလေး ပြောလိုက်သည်။
"လိမ္မာတယ် သခင်က မုန့်ဝယ်ကျွေးမယ်နော်။"
လင်းချီသည် ပြုံးကာ ခေါင်းယမ်းလိုက်သည်။
အို သခင် ဆိုတဲ့ စကားလုံး ထွက်လာတဲ့အချိန်မှာပဲ သူနဲ့ ရှောင်ဝူကြားမှာ သနားစရာကောင်းလောက်အောင် ထူထဲလှတဲ့ အတားအဆီးကြီးတစ်ခု ဖြစ်ပေါ်သွားမှန်း သူ သိလိုက်ရသည်။
"ဒီ ငါးရောင်ခြယ်ကြယ်လိပ်ပြာမှာ ဝိညာဉ်အရိုးများ ကျန်ခဲ့လား သွားကြည့်လိုက်ဦး။"
"ဟုတ်ကဲ့ပါ ရှောင်ဝူ အခုချက်ချင်း သွားကြည့်ပါ့မယ်။"
ရှောင်ဝူသည် သူမ၏ လက်သီးလေးကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော်လည်း လှုပ်ရှားမှုကမူ လုံးဝ ရပ်တန့်မသွားပေ။
ဝိညာဉ်အရိုး ဆိုသည်မှာ ထွက်ပေါ်လာဖို့ မလွယ်ကူလှပေ။ ပြီးခဲ့သည့် အသူရာဓားကျောရိုးသားရဲဆီက ပြင်ပဝိညာဉ်အရိုးတစ်ခု ရရှိခဲ့ခြင်းမှာပင် အတော်ပင် ထူးခြားလှပြီ ဖြစ်သည်။
သို့သော် ရှောင်ဝူ သေသေချာချာ စစ်ဆေးကြည့်လိုက်သောအခါ သူမ၏ အတွေးအခေါ်များမှာ ပုံသေကားကျ ဖြစ်နေဆဲဖြစ်ကြောင်း သိလိုက်ရသည်။
သခင်က သာမန်လူတစ်ယောက်မှ မဟုတ်တာ။
သခင်နဲ့ ပတ်သက်လာရင်တော့ ပုံမှန် အသိဉာဏ်တွေကို အားကိုးလို့ မရဘူး။
ငါးရောင်ခြယ်ကြယ်လိပ်ပြာမှာ ဝိညာဉ်အရိုး ထွက်ပေါ်လာရုံတင်မကဘဲ နှစ်ခုတောင် ထွက်လာခဲ့သည်။
"သခင်... ဒီမှာ ဝိညာဉ်အရိုး... ဝိညာဉ်အရိုး နှစ်ခုတောင် ရှိနေတယ်ရှင်"
ရှောင်ဝူသည် စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားထိန်းချုပ်လိုက်သည်။ ဒါဟာ သာမန်ကိစ္စလေးပါပဲ ဝိညာဉ်အရိုး နှစ်ခုတင်ပဲကို ဘာများ အဆန်းရှိလို့လဲ
"နှစ်ခု"
လင်းချီကိုယ်တိုင်ပင် အနည်းငယ် အံ့သြသွားရသည်။
ဝိညာဉ်သားရဲ တစ်ကောင်တည်းကနေ ဝိညာဉ်အရိုး နှစ်ခု တစ်ပြိုင်တည်း ထွက်လာနိုင်တာလား
"ဟင် သခင်... ဒီတစ်ခုကလည်း ပြင်ပဝိညာဉ်အရိုးနဲ့ တူနေပြန်ပြီ မဟုတ်ဘူးလားရှင်"
လင်းချီသည် ဝိညာဉ်အရိုး တစ်ခုကို ဆရာကြီးမုန့်ထံ ကမ်းပေးလိုက်သည်။
"မှန်တယ် ဒါက ပြင်ပဝိညာဉ်အရိုးပဲ။ ဒီဝိညာဉ်အရိုးကို စုပ်ယူပြီးရင် ဝိညာဉ်ရှင်က သူ့ရဲ့ ကျောပေါ်မှာ လိပ်ပြာအတောင်ပံတစ်စုံ ပေါက်လာပြီး ပျံသန်းနိုင်စွမ်း ရလာလိမ့်မယ်။"
တုန့်လော့တိုက်ကြီး တစ်ခုလုံးမှာတောင် ပျံသန်းနိုင်စွမ်းရှိတဲ့ ဝိညာဉ်ရှင် ဆိုတာ အလွန်ရှားပါးလှသည်။
မွေးရာပါ ပျံသန်းနိုင်စွမ်းရှိတဲ့ ဝိညာဉ်ရှင်တွေကလွဲရင် အလွန်အစွမ်းထက်တဲ့ ဝိညာဉ်ရှင်တွေသာ သူတို့ရဲ့ ဝိညာဉ်စွမ်းအားကို သုံးပြီး ပျံသန်းနိုင်ကြတာ ဖြစ်သည်။
ဒီဝိညာဉ်အရိုးက သက်တမ်း တစ်သောင်း မပြည့်သေးပေမဲ့ ဒီသတင်းသာ ပြန့်သွားရင် ဝိညာဉ်ရှင်တွေကြားမှာ သေချာပေါက် လုယူတိုက်ခိုက်ကြမယ့် ပစ္စည်းပဲ။
ဒါပေမဲ့ လင်းချီအတွက်တော့ သိပ်ပြီး အသုံးမဝင်လှပေ။
သူ့ရဲ့ ပထမ ဝိညာဉ်စွမ်းရည်ကတင် ပျံသန်းနိုင်စွမ်း ပေးထားပြီးသားဖြစ်ကာ ငါးရောင်ခြယ်ကြယ်လိပ်ပြာထက်တောင် အများကြီး ပိုမြန်နေသေးသည်။
ငါးရောင်ခြယ်ကြယ်လိပ်ပြာက ပေးခဲ့တဲ့ နောက်ထပ် ဝိညာဉ်အရိုးတစ်ခုကတော့ အဓိက ဝိညာဉ်အရိုး ခြောက်မျိုးထဲက တစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်ဝိညာဉ်အရိုးပင် ဖြစ်သည်။
ထုံးစံအတိုင်း လင်းချီသည် သူ့အတွက် အရာအားလုံး ပေးဆပ်သွားသော ငါးရောင်ခြယ်ကြယ်လိပ်ပြာအတွက် ခမ်းနားသော ဈာပနတစ်ခု ပြုလုပ်ပေးလိုက်သည်။
သက်တမ်း တစ်သိန်းကျော်ရှိ ဝိညာဉ်သားရဲ ပေါင်းများစွာနဲ့အတူ သားရဲနတ်ဘုရား ဖြစ်သူ လင်းချီကိုယ်တိုင် ၎င်း၏ ဈာပနကို တက်ရောက်ခဲ့ကြသည်။ အမွေအနှစ်အဖြစ် သတ်မှတ်ခံရသူများမှာ တကယ့်ကို ဂုဏ်ယူထိုက်လှသည်။
"မျောက်လေး... အတောင်ခြောက်ခု... ငါ ပြန်တော့မယ်။"
စတားဒူ တောအုပ်ကြီး ခရီးစဉ်ကနေ လင်းချီ အများကြီး ရရှိခဲ့သည်။
ရှေးဦးသားရဲနတ်ဘုရားရဲ့ ဆက်ခံသူ ဖြစ်လာခဲ့သော်လည်း စတားဒူ တောအုပ်ကြီးထဲမှာပဲ ထာဝရ နေထိုင်သွားဖို့ သူ စိတ်ကူးမရှိပေ။
"အရှင် ပြန်သွားတဲ့အခါ သတိထားပါဦး။ အကယ်၍ ဒီအဘိုးကြီးနဲ့ အရိပ်ထဲက လူသားအစောင့်အရှောက်တို့က အသုံးမကျဘူးဆိုရင် ကျွန်တော်တို့ကို အချိန်မရွေး ဆင့်ခေါ်နိုင်ပါတယ်ရှင်။"
ထိုအဘိုးကြီးဆိုသည်မှာ ဆရာကြီးမုန့်ကို ဆိုလိုခြင်း ဖြစ်သည်မှာ ထင်ရှားသည်။
အရိပ်ထဲတွင် ပုန်းကွယ်နေသော အစောင့်အရှောက်မှာလင်းချင်ဖြစ်ပြီး သူသည် သူ၏ တာဝန်ကို အပြည့်အဝ ထမ်းဆောင်နေကာ တစ်ခါမျှ လူလုံးထွက်မပြခဲ့ပေ။
"ဟွန့် သခင်လေးကို ငါ့ဘာသာ ကာကွယ်နိုင်ပါတယ် မင်းတို့နှစ်ယောက် ပူစရာမလိုပါဘူး။"
အထင်သေးခံလိုက်ရသည်ဟု ခံစားရသောကြောင့် ဖြစ်ရမည် လင်းချင်၏ အသံမှာ အဝေးမှ ထွက်ပေါ်လာသည်။
ရှောင်ဝူမှာ ထပ်မံ၍ တွန့်သွားပြန်သည်။
ဆရာကြီးမုန့် အပြင် တခြား အစွမ်းထက်တဲ့ အစောင့်အရှောက်တွေ ရှိနေသေးမှန်း သူမ မသိခဲ့ပေ။
ဒါ့အပြင် ထိုအသံတစ်ခုတည်းမှာတင် အနိုင်မခံ အရှုံးမပေးတဲ့ အရှင်သခင်ရဲ့ အလိုဆန္ဒတွေ ပါဝင်နေပြီး သူ၏ အစွမ်းမှာ ဆရာကြီးမုန့်ထက်ပင် သာလွန်နိုင်ပေသည်။
"အရှင်... စီနီယာတို့... ကျွန်တော်တို့ ဘာလုပ်ရမလဲ"
တာမင်နှင့် အာမင်တို့က မေးလိုက်သည်။
သူတို့က ရှောင်ဝူအစ်မနဲ့ တွေ့ချင်ရုံသက်သက်ပါ ဒါပေမဲ့ ဒီလို ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးကို သိခွင့်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ဝိညာဉ်သားရဲတွေရဲ့ လျှို့ဝှက်သမိုင်းကြောင်းကို သိသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ ပခုံးပေါ်မှာ တာဝန်တစ်ခု ရှိလာပြီလို့ ခံစားလိုက်ရပြီး ဝိညာဉ်သားရဲတွေရဲ့ အနာဂတ်အတွက် ပါဝင်ကူညီချင်စိတ်တွေ ပေါ်လာခဲ့သည်။
"မျောက်လေးနဲ့ အတောင်ခြောက်ခုတို့ရဲ့ အမိန့်ကို နားထောင်ကြ မလိုအပ်တဲ့ ကိစ္စတွေကို ကိုယ့်ဘာသာ တတ်သယောင်လုပ်ပြီး မလုပ်ကြနဲ့။" လင်းချီက ဆိုသည်။
"ဟုတ်ကဲ့ပါ နားလည်ပါပြီ။ စီနီယာနှစ်ယောက်ရဲ့ အမိန့်ကို နာခံပါ့မယ်။"
ကောင်းကင်ပြာနွားနဂါးနှင့် တိုက်တန်ဧရာမမျောက်ဝံတို့က တည်ကြည်စွာ ပြောလိုက်ကြသည်။
သီးခြား တာဝန်တစ်ခုမှ မရရှိခဲ့သော်လည်း သူတို့အားလုံးမှာ ဝိညာဉ်သားရဲအားလုံးရဲ့ ကံကြမ္မာ ဆိုတဲ့ လေးလံလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီး သူတို့ ပခုံးပေါ် ကျရောက်လာပြီဟု ခံစားလိုက်ရသည်။
"သူတို့ ပြန်သွားကြပြီ။"
လင်းချီသည် လက်ပြနှုတ်ဆက်ကာ များပြားလှသော ဆုလာဘ်များနှင့်အတူ ထွက်ခွာခဲ့တော့သည်။
သူ၏ နောက်ကွယ်တွင် တိုက်ခိုက်ရေးနတ်မျောက်ဝံ အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲ တိုက်တန်ဧရာမမျောက်ဝံနှင့် ကောင်းကင်ပြာနွားနဂါးတို့မှာ သူ့ကို လိုက်လံပို့ဆောင်ပေးနေကြသည်။
ဝိညာဉ်မြို့တော် အဓိပတိနန်းတော်။
ဂန္ဓမာတုန့်လော့နှင့် နွမ်းလျနေသော ဂမ္ဘီရတုန့်လော့တို့ ပြန်ရောက်သည်နှင့် စတားဒူ တောအုပ်ကြီး ခရီးစဉ်အကြောင်းကို ချက်ချင်း သတင်းပို့ကြတော့သည်။
တည်ကြည်ခန့်ညားလှသော အဓိပတိနန်းတော်အတွင်း ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ပီပီတုန်းမှာ မျက်မှောင်ကြုတ်လိုက်သည်။
"ဂူမီ... မင်း ဘယ်လို ဝိညာဉ်သားရဲနဲ့ တွေ့ခဲ့တာလဲ"
"အဲ့ဒါက... ကျွန်တော် ရွှေရောင် အမွှေးအမျှင် အချို့ကိုပဲ မြင်လိုက်ရတာပါ ဝိညာဉ်သားရဲကို သေသေချာချာ မမြင်လိုက်ရပါဘူး။"
"အသုံးမကျလိုက်တာ။"
"ဟုတ်ကဲ့ပါ ကျွန်တော့်မှာ အပြစ်ရှိပါတယ်။"
ဂူမီသည် ခေါင်းငုံ့ကာ ထပ်ခါတလဲလဲ တောင်းပန်နေမိသည်။
ပီပီတုန်းသည် လက်စွပ်ကို ဝေ့ယမ်းလိုက်ပြီး "ထွက်သွားတော့" ဟု မောင်းထုတ်လိုက်သည်။
"ဟုတ်ကဲ့ပါ ကျွန်တော် သွားပါပြီ။"
ပီပီတုန်း ဒေါသထွက်ရခြင်းမှာ ဂူမီတို့က ရှဲ့ယွဲ့တို့အတွက် ဝိညာဉ်ကွင်း ရှာမပေးနိုင်ခဲ့ခြင်း ဆိုသည့် သာမန်ကိစ္စကြောင့် မဟုတ်ပေ။
သူမသည် စတားဒူ တောအုပ်ကြီး အနက်ပိုင်းမှာရှိတဲ့ သက်တမ်း တစ်သိန်းရှိ ဝိညာဉ်သားရဲကို မျက်စိကျနေခြင်းဖြစ်ရာ အခုလို အစွမ်းထက်တဲ့ ဝိညာဉ်သားရဲတစ်ကောင် ပေါ်လာခြင်းကအကယ်၍ ထိုအကောင်ကို သွားပြီး အနှောင့်အယှက် ပေးမိပါက သက်တမ်း တစ်သောင်းရှိ ဝိညာဉ်ကွင်းကို ရယူဖို့ ကိစ္စမှာ အတော်ပင် အခက်တွေ့ရပေလိမ့်မည်။