အခန်း (၃) စူပါတုန့်လော့ အစောင့်အရှောက်
"အဖေ ဒီနေ့ ရွာထဲမှာ ကျွန်တော့်အပြင် နောက်ထပ် မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအားပိုင်ဆိုင်တဲ့ ကလေးတစ်ယောက် ရှိသေးတယ်"
ဖခင်မေတ္တာကို အပြည့်အဝ ခံစားပြီးနောက် ထန်ဆန်းက ထန်ဟောင်ကို လင်းချီအကြောင်း ပြောပြလိုက်သည်။
"ဘာ"
ထန်ဟောင် အလွန်အမင်း အံ့အားသင့်သွားသည်။ မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအားဆိုသည်မှာ အလွန်ရှားပါးလှသည်။ ထန်ဆန်းကဲ့သို့ ရှားပါးလှသော အမြွှာဝိညာဉ်ပိုင်ရှင်မှသာ ဤစွမ်းအားကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်သည်။
ရွာထဲက သာမန်ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်နိုင်ရတာလဲ
"ဘယ်သူလဲ"
ထန်ဆန်း ခေတ္တစဉ်းစားလိုက်သည်။ သူသည် ရွာထဲမှ အခြားသူများကို သိပ်ဂရုမစိုက်သော်လည်း ဒီနေ့မှ လင်းချီက သူ့နာမည်ကို ထုတ်ပြောခဲ့သဖြင့် ထန်ဆန်း သတိရသွားခြင်းဖြစ်သည်။
"လင်းချီပါ သူ့နာမည်က လင်းချီတဲ့"
"သူ့ရဲ့ သိုင်းဝိညာဉ်က ဘာလဲ" ထန်ဟောင်က ထပ်မေးလိုက်သည်။
"ဓားတစ်လက်ပါ ကြည့်ရတာ တော်တော်လေး ထူးခြားတယ်"
ထန်ဆန်းသည် သူ၏ ဟောက်ထျန်းတူအကြောင်းကိုမူ ထည့်မပြောခဲ့ပေ။ ထိုသိုင်းဝိညာဉ်မှာ သိသိသာသာ ဖိနှိပ်ခံလိုက်ရသော်လည်း ၎င်းမှာ စိတ်ထင်ယောင်ထင်မှားဖြစ်ရုံသာ ဖြစ်လိမ့်မည်ဟု သူယူဆထားသည်။
"ဓားလား ဓားသိုင်းဝိညာဉ်ပေါ့"
ထန်ဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ဟောက်ထျန်းဂိုဏ်းသည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်ပြီး ဟောက်ထျန်းတူသည်လည်း အမြဲတမ်း နံပါတ်တစ်သိုင်းဝိညာဉ် ဖြစ်ခဲ့သည်။
သို့သော်လည်း ဟောက်ထျန်းဂိုဏ်းတွင်ပင် မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအား ပိုင်ဆိုင်သူတစ်ဦး ပေါ်ထွက်လာရန် နှစ်ပေါင်းများစွာ စောင့်ရတတ်သည်။
မည်သို့ပင်ဖြစ်စေ လင်းချီ၏သိုင်းဝိညာဉ်သည် ဟောက်ထျန်းတူထက် ပိုအစွမ်းထက်လိမ့်မည်ဟု ထန်ဟောင် မယုံကြည်ပေ။ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သည့် သူ၏ ဟောက်ထျန်းတူအပေါ် ထန်ဟောင်တွင် အကြွင်းမဲ့ ယုံကြည်ချက်ရှိသည်။
"ဒါနဲ့ ဝိညာဉ်နန်းတော်က ဝိညာဉ်ဆရာက သူ့ကို ဂိုဏ်းထဲဝင်ဖို့ ခဏခဏ ဖိတ်ခေါ်နေတယ်"
ထန်ဟောင်၏ မျက်လုံးများ ရုတ်တရက် စူးရှသွားသည်။
ဝိညာဉ်နန်းတော်သည် သူ၏ရန်သူတော်ကြီးဖြစ်ရာ ဤမျှ ပါရမီထူးချွန်သော ကလေးအား ဝိညာဉ်နန်းတော်ထဲဝင်ခွင့်ပေးပြီး သူတို့၏ အင်အားကို ပိုတောင့်တင်းအောင် လုပ်ခွင့်မပေးနိုင်ပေ။
အကယ်၍ လင်းချီအမည်ရှိ ဤကလေးသာ ဝိညာဉ်နန်းတော်၏ အဖွဲ့ဝင်ဖြစ်လာပါက နောင်တစ်ချိန်တွင် ရှောင်ဆန်း၏ အကြီးမားဆုံးရန်သူ ဖြစ်လာပေလိမ့်မည်။
"လင်းချီက ဝိညာဉ်နန်းတော်ကလူတွေနဲ့ လိုက်သွားပြီလား"
ထန်ဟောင်သည် ခြိမ်းခြောက်မှုကို ကြိုတင်ဟန့်တားရန် ပြင်ဆင်လိုက်ပြီဖြစ်သည်။
လင်းချီကို နော့တင်းမြို့သို့ ခေါ်သွားလျှင်ပင် နယ်မြို့လေးက ဝိညာဉ်နန်းတော် ဌာနခွဲလေးက သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။
"မလိုက်သွားသေးဘူး" ထန်ဆန်းသည် ထန်ဟောင်က ဘာကြောင့် လင်းချီအပေါ် ဤမျှ စိတ်ဝင်တစားရှိနေသည်ကို နားမလည်ပေ။
"လင်းချီက သူ စဉ်းစားဦးမယ်တဲ့ နော့တင်းမြို့ရောက်မှ အဖြေပေးမယ်လို့ ပြောတယ်"
"ဟုတ်လား"
ထန်ဟောင်၏ ရင်ဘတ်ထဲမှ သတ်ဖြတ်လိုသော စိတ်အရှိန်မှာ အနည်းငယ် လျော့ပါးသွားသည်။
"မင်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို မချသေးသရွေ့တော့ ငါ မင်းကို အခွင့်အရေးပေးပါ့မယ်"
အနာဂတ်တွင် ရှောင်ဆန်းသည် ဝိညာဉ်နန်းတော်နှင့် ရင်ဆိုင်ရသည့်အခါ ဟောက်ထျန်းဂိုဏ်း၏ လက်အောက်ခံ ဂိုဏ်းလေးခုကဲ့သို့ပင် အစွမ်းထက်သော လက်ရုံးများ လိုအပ်လိမ့်မည်။
ရှောင်ဆန်း၏ လက်အောက်ငယ်သား ဖြစ်ခွင့်ရခြင်းမှာ ထိုကလေးအတွက် အကြီးမားဆုံး ဂုဏ်ယူစရာပင် ဖြစ်ပေလိမ့်မည်။
လင်းချီ၏ အိမ်တွင်မူ သူသည် ထန်ဟောင် မည်သည့်အချိန်တွင် ရောက်လာမည်နည်းဟု စဉ်းစားနေသည်။
မှန်ပါသည်။ သူသည် ဆူးယွင်ထောင်၏ ဖိတ်ခေါ်မှုကို ချက်ချင်းမငြင်းဘဲ ထားခဲ့ခြင်းမှာ ထန်ဟောင် မိမိထံ လာရောက်မည်ကို စောင့်နေခြင်းဖြစ်သည်။
ထန်ဟောင်အနေဖြင့် မိမိ ဝိညာဉ်နန်းတော်ထဲဝင်မည်ကို ဒီတိုင်းထိုင်ကြည့်နေမည်ဟု သူ မယုံကြည်ပေ။
"ဟောင်ကြီးရေ ဟောင်ကြီး မင်း မြန်မြန်လာတာ အကောင်းဆုံးပဲ"
အခန်းထဲတွင် လင်းချီသည် ကံကြမ္မာခန္ဓာကိုယ်ဝိညာဉ်ကို အသုံးပြုလိုက်သည်။
ကံကြမ္မာခန္ဓာကိုယ် အခြေအနေတွင် လင်းချီသည် သူ့ရှေ့က ကမ္ဘာကြီးမှာ ပို၍ ကြည်လင်လာသည်ဟု ခံစားရပြီး ပြတင်းပေါက်မှတစ်ဆင့် ယခင်က မမြင်ရသော အဝေးက နေရာများကိုပါ ရှင်းလင်းစွာ မြင်နေရသည်။
အမြင်အာရုံသာမက အကြားအာရုံ အနံ့ခံအာရုံနှင့် အခြားသော အာရုံခံစားမှုများအားလုံးမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် မြင့်မားလာသည်။
သူသာ အလိုရှိလျှင် မိုင် ၁၀ ကျော်က သစ်ရွက်များကြား လေတိုးသံကိုပင် ကြားနိုင်သည်။ လေက သူ့ထံ သတင်းစကားများ သယ်ဆောင်လာလိုပြီး သစ်ရွက်များက သူ့အတွက် ကခုန်နေကြသလိုပင်။
လင်းချီ၏ သိုင်းဝိညာဉ်နှစ်ခုလုံးမှာ မယုံနိုင်လောက်အောင် အရည်အသွေးမြင့်မားသော်လည်း ၎င်းတို့၏ အဓိကအစွမ်းများမှာ အထူးစွမ်းရည်များအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့မဟုတ်ပါက သူ၏ဝိညာဉ်စွမ်းအားမှာ အဆင့် ၂၀ အထိ ရှိနေလျှင်ပင် ယှဉ်နိုင်မည်မဟုတ်ပေ။
ရွာလူကြီးဂျက် ပို့ပေးသော အရသာရှိသည့် ညစာကို စားပြီးနောက် လင်းချီသည် ကံကြမ္မာခန္ဓာကိုယ် အခြေအနေသို့ ထပ်မံဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
ဤအခြေအနေတွင် သူ၏ ဝိညာဉ်စွမ်းအားမှာ သူ့ဘာသာသူ အလိုအလျောက် လည်ပတ်နေပြီး သူ့အတွက် အသင့်တော်ဆုံးနည်းလမ်းဖြင့် အလုပ်လုပ်နေသည်။
လင်းချီသည် အခြားသော တရားထိုင်နည်းများကို မစမ်းသပ်ဖူးသော်လည်း မည်သည့်နည်းလမ်းမျှ သူ၏ လက်ရှိအခြေအနေကို ကျော်လွန်နိုင်မည်မဟုတ်ဟု ယုံကြည်ထားသည်။
ရုတ်တရက် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။
{ဒေါင် ချိတ်ဆက်နှိမ်နင်းထားသော ပစ်မှတ် ထန်ဆန်း၏ ဘေးတွင် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အစောင့်အရှောက်တစ်ဦး ရှိနေသည်ကို ထောက်လှမ်းမိသည်။}
{နောက်ခံအင်အား နှိမ်နင်းခြင်းစနစ်အရ ပိုင်ရှင်အား အဆင့် ၉၈ ရှိသော စီရင်ချက်တုန့်လော့အစောင့်အရှောက်တစ်ဦးကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်သည်။}
"ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အစောင့်အရှောက်က ဘယ်သူဖြစ်မလဲ ထန်ဟောင် မဟုတ်ဘူးလား"
လင်းချီ ဆွံ့အသွားသည်။ ထန်ဟောင်ကတော့ တကယ်ကို မစောင့်နိုင်တော့တာပဲ။ ဒီလိုအချိန်မျိုးမှာ ရွာထဲက အိမ်အချို့မှာ မီးလင်းနေသေးတာတောင် သူက ရောက်လာဖို့ မအောင့်နိုင်တော့ဘူး။
ဒါပေမဲ့ မင်းလာတာ အချိန်ကိုက်ပါပဲ။ မင်းသာ မလာရင် ငါ့ရဲ့ ဆုလာဘ်က ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး။ လင်းချီ ခဏစောင့်ကြည့်သော်လည်း တစ်ခုခု မှားနေသည်ဟု ခံစားရသည်။
စနစ်ပြောတဲ့ အစောင့်အရှောက်က ဘယ်မှာလဲ ဘာလို့ ရောက်မလာသေးတာလဲ ထန်ဟောင် ရောက်လာမှပဲ ပေါ်လာမှာလား မှောင်မိုက်နေသော ညထဲတွင် ထန်ဟောင်၏ ပုံရိပ်မှာ အရိပ်များအတွင်းသို့ ရောနှောလျက် လင်းချီ၏ အိမ်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ ရုတ်တရက် ထန်ဟောင် ခြေလှမ်းရပ်သွားသည်။
"မင်းက ဘယ်သူလဲ"
သူ့ရှေ့ မလှမ်းမကမ်းတွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက လမ်းပိတ်ရပ်ထားခြင်း ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ထိုလူ မည်သည့်အချိန်တွင် ပေါ်လာသည်ကို ထန်ဟောင် လုံးဝ သတိမထားမိလိုက်ခြင်းပင်။ သူ့မျက်စိနှင့် တပ်အပ်မမြင်ရလျှင် ထိုနေရာတွင် လူတစ်ယောက် ရှိနေသည်ကိုပင် သူ ခံစားသိရှိနိုင်မည် မဟုတ်ပေ။
ဤလူသည် အမှန်တကယ် အစွမ်းထက်သူဖြစ်ပြီး သူ အကောင်းဆုံးအခြေအနေမှာ ရှိစဉ်ကထက်ပင် ပို၍ အစွမ်းထက်နေနိုင်သည်။
"ဟမ် ငါက သခင်လေးရဲ့ အစောင့်အရှောက်ပဲ မင်းလို ခိုးကြောင်ခိုးဝှက် သတ္တဝါက ငါတို့သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ"
"သခင်လေး"
ထန်ဟောင် နားမလည်နိုင် ဖြစ်သွားသည်။ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက သခင်လေးတစ်ယောက်ရဲ့ အစောင့်အရှောက်ပဲ ဖြစ်နေရတာလား။
အထက်တန်းဂိုဏ်းသုံးဂိုဏ်း၏ ဆက်ခံသူများတွင်ပင် ဤအဆင့်ရှိသော ကာကွယ်မှုမျိုး မရှိပေ။ ဝိညာဉ်နန်းတော်ပင်လျှင် ဤမျှ သဘောကောင်းလိမ့်မည်မဟုတ်။
"မင်းပြောတဲ့ သခင်လေးဆိုတာ လင်းချီလား"
ဤလူ ပေါ်လာခြင်းမှာ အကြောင်းမဲ့မဟုတ်သည်မှာ သေချာသည်။ ထန်ဟောင်သည် သူ လာခဲ့သည့် အကြောင်းရင်းကို ပြန်စဉ်းစားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
ရွာထဲက သာမန်ကလေးတစ်ယောက်မှာ ဒီလောက်အစွမ်းထက်တဲ့ အစောင့်အရှောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ ဝိညာဉ်နန်းတော် ပုပ်ရဟန်းမင်းကြီးရဲ့ တရားမဝင်ကလေး ဖြစ်နေရင်တောင် ဒါက မဖြစ်နိုင်ဘူးမလား။
"ဟမ် မင်းရဲ့ မိုက်မဲမှုအတွက် ပေးဆပ်လိုက်စမ်း"
ထိုလူ၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့်အမျှ ထန်ဟောင်၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကြောင့် ထန်ဟောင်၏ ဦးရေပြားများပင် စိမ့်တက်သွားသည်။
ဝုန်း
ပြင်းထန်သော အသံကြီးကြောင့် ဝိညာဉ်တော်ကျေးရွာရှိ အိပ်ပျော်နေသူအားလုံး နိုးလာကြပြီး နိုးနေသူများမှာလည်း ထိတ်လန့်သွားကြသည်။
အရပ်မျက်နှာအနှံ့မှ ကြက်တွန်သံ ခွေးဟောင်သံများ ထွက်ပေါ်လာပြီး နွားများနှင့် သိုးများ၏ အော်ဟစ်သံများဖြင့် ရောထွေးနေတော့သည်။
"ဘာဖြစ်တာလဲ ဘာတွေ ဖြစ်ကုန်တာလဲ"
"ငလျင်လှုပ်တာလား ဒါမှမဟုတ် တောင်ပြိုတာလား"
ရွာသားများ တစ်ယောက်ပြီးတစ်ယောက် အိမ်ထဲမှ ပြေးထွက်လာကြသည်။
"ရှောင်ချီ ရှောင်ချီ မြေးလေး ဘာမှမဖြစ်ဘူးမလား"
အဖိုးဂျက်သည် လင်းချီထံသို့ အရင်ဆုံး ပြေးလာသည်။ လင်းချီ ဘေးကင်းနေသည်ကို မြင်မှသာ သူ သက်ပြင်းချနိုင်တော့သည်။
"ရွာလူကြီးအဖိုး ကျွန်တော် ဘာမှမဖြစ်ပါဘူး ဘာဖြစ်လို့လဲ"
"အဖိုးလည်း မသိဘူး ရှောင်ချီ။ မြေးလေး ဘာမှမဖြစ်ရင် တော်ပါပြီ။ ငလျင်လှုပ်တာ ဖြစ်နိုင်တယ် အိမ်ထဲမှာ မနေနဲ့ဦး"ထိုသို့ပြောပြီးနောက် ရွာလူကြီးဂျက်သည် အသံထွက်ပေါ်ရာအရပ်သို့ စမ်းတဝါးဝါးဖြင့် လျှောက်သွားသည်။
"ဒီမှာ ကျင်းကြီးတစ်ကျင်း ဖြစ်နေတာပဲ ဥက္ကာခဲ ပြုတ်ကျတာလား"
ရွာနှင့် မလှမ်းမကမ်းတွင် အချင်း ၁၀ မီတာကျော်ရှိသော ကျင်းကြီးတစ်ကျင်း ရုတ်တရက် ပေါ်ပေါက်နေသည်။
"ဥက္ကာခဲလည်း မရှိပါလား နျူအာ မင်း ဖွက်ထားတာလား မင်းက ဒီကို အရင်ဆုံး ရောက်တာမလား"
တုန့်လော့တိုက်ကြီးတွင် ဥက္ကာခဲများမှာ အလွန်တန်ဖိုးရှိပြီး ဝိညာဉ်ဆရာအချို့က ဈေးကြီးပေး ဝယ်ယူလေ့ရှိသည်။ အကယ်၍ ဥက္ကာခဲသာ တကယ်တွေ့လျှင် ဈေးကောင်းရမည်မှာ သေချာသည်။
"မင်းကတော့ လျှောက်ပြောပြီ" နျူအာ၏ မျက်နှာ ရဲတက်သွားသည်။
"ငါ မင်းထက် အရင်ရောက်တာ ဟုတ်တယ် ဒါပေမဲ့ အောက်ထဲတောင် မဆင်းရသေးဘူး။ ငါက မင်းရဲ့ ပုဆိုးကြားထဲ ဖွက်ထားမယ်လို့ ထင်နေတာလား"
"ဟားဟားဟား" အားလုံးက ဝိုင်းရယ်ကြတော့သည်။
မျက်စိလျင်သော ရွာသားတစ်ဦးက ကျင်းအလယ်က နေရာတစ်ခုကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။
"ဟိုက အနီရောင်အရာက ဘာကြီးလဲ"
သတ္တိရှိသော အမျိုးသားအချို့ အောက်သို့ ဆင်းကြည့်ကြပြီးနောက် ဆင်းသွားသည့် အရှိန်ထက် ပိုမြန်သော အရှိန်ဖြင့် ပြန်တက်လာကြသည်။
"တကယ်တော့ အဲဒါ ဘာကြီးလဲ ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ"
"သွေး အဲဒါ သွေးတွေပဲ"
အောက်သို့ ဆင်းကြည့်ခဲ့သူများထဲတွင် နျူအာလည်း ပါဝင်သည်။ သူသည် အရပ်ရှည်ပြီး သန်မာသော အမျိုးသားတစ်ဦး ဖြစ်သော်လည်း ယခုမူ ကြောက်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး သွေးမရှိသလို ဖြူလျော့နေတော့သည်။