အခန်း (၂၈) အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲ
"အရှင် ရှင်တို့က ဘယ်သူ့ကို အရှင် လို့ ခေါ်နေတာလဲ"
ရှောင်ဝူသည် ခေါင်းကိုလှည့်ကာ လင်းချီကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။
"သူတို့ ခေါ်နေတဲ့ အရှင် ဆိုတာ ရှင်... ရှင့်ကို ပြောနေတာ မဟုတ်ဘူးမလား"
မယုံနိုင်စရာ ကောင်းလှသော်လည်း လင်းချီ၏ တည်ငြိမ်လှသော အမူအရာကို ကြည့်ခြင်းအားဖြင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။
တကယ့်ကို ဒုက္ခပါပဲ
ရှောင်ဝူတစ်ယောက် စိတ်ဓာတ်တွေ ထပ်ပြီး ပြိုလဲရပြန်ဦးမည်။
လင်းချီနှင့် တွေ့ကတည်းက သူမ၏ ကမ္ဘာကြီးမှာ အကြိမ်ကြိမ် ပျက်စီးခဲ့ရသည်။ လင်းချီ၏ အစွမ်းအစများကို သူမ သိပြီဟု ထင်လိုက်တိုင်း အံ့သြစရာ မရှိတော့ဘူးဟု ယူဆလိုက်တိုင်း လင်းချီသည် သူမအား အသစ်အသစ်သော တုန်လှုပ်ဖွယ်ရာများကို အမြဲပေးလေ့ရှိသည်။
အခြားတစ်ဖက်တွင်မူ လက်ကြီးတစ်ဖက်၏ အဖမ်းခံထားရသော တိုက်တန်ဧရာမမျောက်ဝံ သည် ချောက်နက်ထဲသို့ ကျမသွားစေရန် ကောင်းကင်ပြာနွားနဂါးက အတင်းအကျပ် ဆွဲထားသည်။
တိုက်တန်ဧရာမမျောက်ဝံသည် သူ၏ ခြေကျင်းဝတ်မှ ပြင်းထန်သော ဆွဲအားကို ခံစားလိုက်ရပြီး သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ယိုင်နဲ့သွားခဲ့သည်။ သို့သော် သူသည် ချောက်ထဲသို့ ကျမသွားခဲ့ပေ။ အကြောင်းမှာ သူသည် သူ့ထက် အဆပေါင်းများစွာ ကြီးမားပြီး အလွန်မာကျောသော ခန္ဓာကိုယ်ကြီးတစ်ခုကို သွားရောက်တိုက်မိသောကြောင့် ဖြစ်သည်။
"မျောက်လေး... သတိထားဦးလေ။"
ဤတစ်ကြိမ်တွင်မူ ထိုလက်ကြီးမှာ တိုက်တန်ဧရာမမျောက်ဝံ၏ ဦးခေါင်းပေါ်သို့ ရောက်လာပြီး သူ့အား ဘေးသို့ အသာအယာ တွန်းဖယ်လိုက်ရာ သူသည် ဘေးသို့ ခြေလှမ်းအနည်းငယ် ယိုင်သွားခဲ့သည်။
"အရှင်ကို ဂါရဝပြုဖို့ ငါ့လမ်းကို လာမပိတ်နဲ့။"
ချောက်နက်ထဲမှ ထွက်ပေါ်လာသော ဝိညာဉ်သားရဲမှာ ရွှေရောင်တောက်နေသော ဧရာမမျောက်ကြီး တစ်ကောင် ဖြစ်သည်။ ဤမျောက်ကြီးမှာ တိုက်တန်ဧရာမမျောက်ဝံထက် များစွာ ပိုမိုခန့်ညားလှပသည်။
"တိုက်ခိုက်ရေးနတ်မျောက်ဝံ ဒီဒဏ္ဍာရီထဲက အစွမ်းထက် ဝိညာဉ်သားရဲက တကယ်ပဲ တည်ရှိနေတာလား"
ဤအချိန်တွင် ခဏတာ တိတ်ဆိတ်နေသော ဆရာကြီးမုန့်က စကားပြောလာပြီး ထိုဝိညာဉ်သားရဲ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လင်းချီအား ရှင်းပြလိုက်သည်။
"မင်းလို လူသားတစ်ယောက်ကတော့ ဗဟုသုတ အတော်အတန် ရှိသားပဲ။ ဒါပေမဲ့ အရှင်ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ဖို့တော့ မနည်း ကြိုးစားရဦးမယ်။"
ဆရာကြီးမုန့်၏ မုတ်ဆိတ်မွေးများ တဆတ်ဆတ် တုန်ခါသွားသည်။
ဘာနောက်လိုက်လဲ ငါက ရှောင်ချီရဲ့ ဆရာ ဆရာလေ... မင်းတို့ နားလည်လား
သို့သော်လည်း ဆရာကြီးမုန့်သည် ထိုစကားကို ပြန်မပြင်ရဲပေ။ ဤတိုက်ခိုက်ရေးနတ်မျောက်ဝံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလှရာ သူ မယှဉ်နိုင်ပေ။
"အရှင်... အရှင့်ရဲ့ လက်အောက်ငယ်သားတွေက ဂါရဝပြုပါတယ်။ ရေတွက်လို့မရတဲ့ နှစ်ပေါင်းများစွာတိုင်အောင် ကျွန်တော်မျိုးတို့ဟာ အရှင် ကြွလာမယ့်နေ့ကို နေ့ညမပြတ် မျှော်လင့်နေခဲ့ရတာပါ"
တိုက်ခိုက်ရေးနတ်မျောက်ဝံသည် ရွှေတောင်ကြီး ပြိုလဲကျသကဲ့သို့ ပြင်းထန်သော အသံကြီးနှင့်အတူ လင်းချီ၏ ရှေ့မှောက်၌ ဒူးထောက်ချလိုက်သည်။
ရှောင်ဝူမှာမူ လုံးဝ ထုံထိုင်းသွားခဲ့ပြီ။
ဤအချက်က သူမနှင့် တာမင်း၊ အာမင်းတို့ကို အလွန်ထိတ်လန့်စေခဲ့သည်။ ထိုမျှ အစွမ်းထက်သော ကြောက်မက်ဖွယ်သားရဲကြီးက လူသားတစ်ယောက်ဖြစ်သည့် လင်းချီ၏ ရှေ့တွင် ဒူးထောက်နေသည် မဟုတ်ပါလား။
ဤကမ္ဘာကြီးမှာ တကယ်ကို ရူးသွပ်သွားခဲ့ပြီ။
တိုက်ခိုက်ရေးနတ်မျောက်ဝံသည် လင်းချီကို မျက်ရည်ဝဲလျက် ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"အတောင်ခြောက်ခုပါတဲ့ ကောင်လေး... မြန်မြန်လုပ်စမ်း အတောင်ပံတွေ ရှိနေတာ ဘာထူးလဲ အချိန်ဆွဲမနေနဲ့ အရှင်ကို ဂါရဝပြုဖို့ လာခဲ့စမ်း။"
"မင်းက မြန်တာကိုး ငါက မင်းထက် နောက်ကျမှ နိုးတာဆိုတော့ နှေးတာပေါ့။"
မြေအက်ကြောင်းထဲမှ နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို ရွှေရောင်မျဉ်းတစ်ကြောင်းမှာ အက်ကြောင်းထဲမှ ပျံ့နှံ့လာပြီး မျက်တောင်တစ်ခတ်အတွင်း တိုက်ခိုက်ရေးနတ်မျောက်ဝံ၏ ဘေးသို့ ရောက်ရှိလာသည်။
"အရှင်... ကျွန်တော်မျိုး အရှင့်ကို စောင့်မျှော်နေတာ ကြာပါပြီ။"
ထိုရွှေရောင်မျဉ်း၏ အဆုံးတွင် အတောင်ခြောက်ခုပါသော ပုစဉ်းရင်ကွဲတစ်ကောင် ရှိနေသည်ကို လင်းချီ သတိပြုမိလိုက်သည်။ သို့သော် ဤပုစဉ်းရင်ကွဲမှာ တိုက်ခိုက်ရေးနတ်မျောက်ဝံနှင့် ယှဉ်လျှင် အလွန်ပင် သေးငယ်လှသည်။
တိုက်ခိုက်ရေးနတ်မျောက်ဝံမှာ ခန့်ညားထည်ဝါစွာ မတ်တပ်ရပ်နေစဉ် တိုက်တန်ဧရာမမျောက်ဝံမှာမူ ၎င်းနှင့်ယှဉ်လျှင် ဖွံ့ဖြိုးမှုမရှိသော မျောက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သို့သော် ဤပုစဉ်းရင်ကွဲမှာမူ လူသားလက်ချောင်းခန့်သာ ရှိပြီး သာမန်အင်းဆက်များနှင့်ပင် ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်သည်။
"အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲ ဒီဒဏ္ဍာရီထဲက ရက်စက်တဲ့ ဝိညာဉ်သားရဲလည်း တကယ်ရှိနေတာလား"
ဆရာကြီးမုန့်သည် နောက်တစ်ကြိမ် အံ့သြတကြီး အာမေဍိတ် ထွက်မိပြန်သည်။
လင်းချီက ဘေးတိုက်လှည့်ကြည့်လိုက်သည်။
ဘုရားရေ... ဆရာကြီးမုန့် ဆရာက ပါရမီရှင်တစ်ယောက်လား ဆရာက အရာအားလုံးကို သိနေတဲ့အပြင် ရှင်းပြရတာကိုလည်း တကယ် ဝါသနာပါတာပဲ။
"အာမင်း... အဲ့ဒီစီနီယာကလည်း မျောက်ပဲဆိုတော့ မင်းရဲ့ ဘိုးဘေးများ ဖြစ်နေမလား"
ယခင်က မာန်တက်နေခဲ့သော တိုက်တန်ဧရာမမျောက်ဝံနှင့် ကောင်းကင်ပြာနွားနဂါးတို့မှာ ယခုအခါ နောက်သို့ ဆုတ်သွားကြပြီး တိုးတိုးတိတ်တိတ်သာ စကားပြောရဲကြတော့သည်။
"ဟမ် ကျွန်တော် မသိဘူး။"
"မင်းတို့ ကောင်လေးနှစ်ယောက် မင်းတို့ ဘိုးဘေးအကြောင်း ဘာတွေ ပြောနေကြတာလဲ"
တိုက်ခိုက်ရေးနတ်မျောက်ဝံသည် အဝေးမှနေ၍ လက်ကိုဆန့်ကာ တိုက်တန်ဧရာမမျောက်ဝံနှင့် ကောင်းကင်ပြာနွားနဂါးတို့ကို လှမ်းဖမ်းလိုက်သည်။
"ဒူးထောက်စမ်း ငါကိုယ်တိုင် အရှင်ကို ဘယ်လောက် လေးလေးစားစား ဆက်ဆံနေလဲဆိုတာ မင်းတို့ မမြင်ဘူးလား မင်းတို့လို အကောင်ပေါက်လေးတွေက မတ်တတ်ရပ်နေရဲတယ်လား"
ပြင်းထန်သော အသံကြီးနှင့်အတူ
တိုက်တန်ဧရာမမျောက်ဝံမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဗုန်းခနဲ ဒူးထောက်လိုက်သည်။ တိုက်ခိုက်ရေးနတ်မျောက်ဝံ စီနီယာကိုယ်တိုင် ဒူးထောက်နေတာကို ငါက ဘယ်လိုလုပ် မတ်တတ်ရပ်နေရဲမှာလဲ
သို့သော် ကောင်းကင်ပြာနွားနဂါးမှာမူ ၎င်း၏ မီးအိမ်ကဲ့သို့ မျက်လုံးကြီးများဖြင့် ကြည့်ကာ ဝမ်းနည်းပက်လက် ဆိုသည်မှာ
"စီနီယာ... ကျွန်တော့်မှာ ခြေထောက်မရှိတာ ဘယ်လိုလုပ်ပြီး ဒူးထောက်ရမှာလဲ"
ကောင်းကင်ပြာနွားနဂါးမှာ ဦးခေါင်းမှလွဲလျှင် မြေပြင်ပေါ်၌ သွားလာနေသော ဧရာမမြွေကြီးတစ်ကောင်သာ ဖြစ်သည်။ ၎င်း ဒူးထောက်နေသလား ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
"ဒူးတောင် မထောက်နိုင်ဘူးလား ဒါမှမဟုတ် ငါကပဲ မင်းရဲ့ အမြီးကို ဒူးထောက်ရလွယ်အောင် နှစ်ခြမ်းခွဲပေးရမလား"
"စီနီယာကို အလုပ်မရှုပ်စေချင်ပါဘူး အခုပဲ ဒူးထောက်ပါ့မယ် အခုပဲ ဒူးထောက်ပါ့မယ်။"
အမြီး နှစ်ခြမ်းခွဲခံရမည့် ဘေးမှ လွတ်မြောက်ရန် တာမင်း၏ သိပ်မသွက်လှသော ဦးနှောက်မှာ လျှပ်စစ်အရှိန်ဖြင့် အလုပ်လုပ်လိုက်သည်။ နောက်ဆုံးတွင် သူသည် သူ၏ ခန္ဓာကိုယ်ကို နှစ်ခေါက်ခေါက်လိုက်ရာ အောက်ပိုင်းမှာ အထူမတူသော ခြေထောက်နှစ်ချောင်းသဖွယ် ဖြစ်သွားပြီး ထပ်မံ၍ ခေါက်ချလိုက်သောအခါ ခြေထောက်နှစ်ချောင်း ဒူးထောက်ထားသည့် ပုံစံမျိုး ဖြစ်သွားတော့သည်။
တိုက်တန်ဧရာမမျောက်ဝံသည် သူ၏ အစ်ကိုကြီးကို အံ့သြတကြီး စိုက်ကြည့်နေမိသည်။ ကောင်းကင်ပြာနွားနဂါးက ဒီလောက်အထိ ပျော့ပျောင်းလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေ။ ဘယ်နှစ်ခေါက်တောင် ခေါက်လိုက်တာလဲ
သူ့မှာ ခြေထောက်ရှိနေတာ ကံကောင်းသည် သို့မဟုတ်ပါက တာမင်းကဲ့သို့ ခန္ဓာကိုယ်ကို ခေါက်နိုင်ရန် သူ၏ ခန္ဓာကိုယ်မှာ ထိုမျှ ပျော့ပျောင်းမည်မဟုတ်ပေ။
လင်းချီက မေးလိုက်သည် "မင်းတို့က ဘာလို့ ငါ့ကို အရှင် လို့ ခေါ်တာလဲ"
တိုက်ခိုက်ရေးနတ်မျောက်ဝံနှင့် အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲတို့ ဘာပြောမည်ကို သူ သိချင်နေသည်။ သူတို့က ဝိညာဉ်သားရဲများ လူအသွင်ပြောင်းလဲထားခြင်းဖြစ်သည်ဟု ပြောကြဦးမည်လား
ရှောင်ဝူ၏ မှင်သက်နေသော မျက်ဝန်းများမှာ လှုပ်ခတ်သွားသည်။
"အရှင်... ဒါတွေဟာ ရှေးခေတ်ကာလက သားရဲနတ်ဘုရားချန်ထားခဲ့တဲ့စကားတွေပါ ဒါတွေဟာ လုံးဝ မှန်ကန်ပါတယ်။" ဟု တိုက်ခိုက်ရေးနတ်မျောက်ဝံက ဆိုသည်။
အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲကလည်း ဆိုသည်မှာ
"အရှင်စတားဒူ တောအုပ်ကြီးကို ကြွလာတဲ့အခါမှာသာ ကျွန်တော်မျိုးတို့ဟာ နှစ်ရှည်လများ အိပ်စက်ခြင်းကနေ နိုးထလာမှာပါ ဒါဟာ သံသယဖြစ်စရာ မလိုပါဘူး။"
"သားရဲနတ်ဘုရား မင်းတို့ပြောတာ ဧကရာဇ်ထျန်းကို ပြောတာလား" ဟု တိုက်တန်ဧရာမမျောက်ဝံက တိုးတိုးလေး မေးလိုက်သည်။
အရှင် တီထျန်းမှာ တကယ်ပဲ တဘောင်စကားတွေ ပြောနိုင်စွမ်း ရှိတာလား
"တောက်"
တိုက်တန်ဧရာမမျောက်ဝံက မေးလိုက်သည်နှင့် တိုက်ခိုက်ရေးနတ်မျောက်ဝံသည် ချက်ချင်းပင် တောက်ခေါက်ကာ ကျိန်ဆဲလိုက်တော့သည်။
"တီထျန်းက ဘာမို့လို့လဲ သူက သားရဲနတ်ဘုရားလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဝံ့တယ်လား"
ကောင်းကင်ပြာနွားနဂါး၏ မျက်နှာမှာ တွန့်လိမ်နေသည် အတင်းအကျပ် ဒူးထောက်ခိုင်းခြင်းမှာ သူ့အတွက် အလွန် ခက်ခဲလွန်းလှသည်။
"အရှင် တီထျန်းက နဂါးမျိုးနွယ်ထဲက အစွမ်းထက်တဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သလို စတားဒူ တောအုပ်ကြီးမှာ အစွမ်းအထက်ဆုံး ကြောက်မက်ဖွယ်သားရဲကြီးလည်း ဖြစ်ပါတယ်"
"အဲ့ဒါက တီကောင်တစ်ကောင်ပဲ ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် နဂါးနတ်ဘုရားလို့ ခေါ်တဲ့ အဲ့ဒီ တီကောင်အိုကြီးတောင် ငါတို့ရဲ့ သားရဲနတ်ဘုရားကို အလွန် ရိုသေခဲ့ရတာ။ မင်းတို့လို နောက်ပေါက် တီကောင်လေးက သားရဲနတ်ဘုရားရဲ့ နာမည်ကို ခိုးသုံးရဲတယ်လား"
တိုက်တန်ဧရာမမျောက်ဝံနှင့် ကောင်းကင်ပြာနွားနဂါးတို့မှာ ချီစွမ်းအားတစ်ချက်တောင် မထုတ်ရဲတော့ပေ။
သူတို့သည် တီထျန်းအကြောင်းကို တကယ်တော့ များများစားစား မသိကြပေ။ တီထျန်းမှာ နှစ်ရှည်လများ အိပ်စက်နေခဲ့သူဖြစ်ရာ သူတို့ပင် အနည်းငယ်သာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တီထျန်း၏ အစွမ်းထက်သော ပုံရိပ်မှာ သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေဆဲဖြစ်သည်။
မြေအောက်မှ ထွက်ပေါ်လာသော ဤကြောက်မက်ဖွယ်သားရဲကြီး နှစ်ကောင်က တီထျန်းကို တီကောင်လေးတစ်ကောင်ဟု ခေါ်နေကြသည်လား
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သူတို့သည် နဂါးနတ်ဘုရားကိုပင် လေးစားမှု မရှိခြင်း ဖြစ်သည်။ ဝိညာဉ်သားရဲအားလုံး၏ အရှင်သခင်ဖြစ်သော အစွမ်းထက်လှသည့် နဂါးနတ်ဘုရားကို တီကောင်အိုကြီးဟု ခေါ်ဆိုနေကြသည်။
သူတို့နှစ်ဦးလုံးမှာ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စကားများကို မကြားရစေရန် နားမရှိလျှင် ကောင်းမည်ဟု ဆုတောင်းနေမိကြသည်။
ရှောင်ဝူမှာမူ စီချွန်းငရုတ်ကောင်းတွေ ငရုတ်ကောင်းအမည်းတွေ ဖြူးထားသလိုမျိုး ထုံကျဉ်နေခဲ့ပြီ
ဒါဟာ သူမ လူအသွင်ပြောင်းလဲမှုမှာ ပြဿနာရှိလို့ ဖြစ်ရမယ် ဒါတွေအားလုံးက အမြင်အာရုံ မှားယွင်းမှုတွေပဲ။ မဟုတ်ရင် လက်တွေ့ကြီးက ဘယ်လိုလုပ် ဒီလောက်အထိ အဓိပ္ပာယ်မရှိနိုင်ရမှာလဲ
ဒါဟာ သူမသိတဲ့ စတားဒူ တောအုပ်ကြီးလည်း မဟုတ်သလို သူမသိတဲ့ တုန့်လော့တိုက်ကြီးလည်း မဟုတ်တော့ဘူး။
"မင်းတို့ နဂါးနတ်ဘုရားကို မြင်ဖူးလား"
လင်းချီက စိတ်ဝင်တစား မေးလိုက်သည်။ စနစ်က ဤကြောက်မက်ဖွယ်သားရဲကြီး နှစ်ကောင်အား ပေးအပ်ထားသော နောက်ခံမှာ နဂါးနတ်ဘုရားနှင့်ပင် ပတ်သက်နေသဖြင့် အလွန်ပင် ထူးခြားလှသည်။
အတောင်ခြောက်ခုပါ ရွှေပုစဉ်းရင်ကွဲသည် လင်းချီ၏ ဘေးသို့ ပျံသန်းလာခဲ့သည်။
"အရှင်... အဲ့ဒါတွေက ရှေးဟောင်း သမိုင်းကြောင်းတွေပါ။ နဂါးနတ်ဘုရားလို့ ခေါ်တဲ့အရာက အတ္တကြီးတဲ့ ငါးခူအိုကြီး တစ်ကောင်ပါပဲ ဝိညာဉ်သားရဲအားလုံးရဲ့ အကြီးမားဆုံး ရန်သူလို့တောင် ပြောလို့ရပါတယ်။"
မျက်တောင်တစ်ခတ်အတွင်းမှာပင် နဂါးနတ်ဘုရားမှာ တီကောင်အိုကြီးအဆင့်မှ ငါးခူအိုကြီးအဆင့်သို့ ပြောင်းလဲသွားခဲ့ပြန်ပြီ ဖြစ်သည်။