အခန်း (၂၅၄) အခြားကံကြမ္မာတစ်ခု (ဇာတ်သိမ်းပိုင်း)
"အရှင်မင်းကြီး... ရှောင်ဆန်း သေသွားပြီလား"
လင်းချီနှင့် အဖိုးဂျက်တို့သည် တောင်လမ်းငယ်လေးအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းနေကြသည်။
တာ့လီတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးနောက် ကျေးရွာလူကြီး ဂျက်သည် သူ၏ ဇာတိမြေကို စတင်လွမ်းဆတ်လာခဲ့သည်။
လင်းချီသည်လည်း ထိုနေရာဟောင်းသို့ ပြန်လည်သွားရောက်လိုသဖြင့် ကျေးရွာလူကြီး ဂျက်နှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
"ဟုတ်တယ်... အဖိုးက အနည်းငယ် နှမြောတသ ဖြစ်မိလို့လား"
ကျေးရွာလူကြီး ဂျက်က ခေါင်းခါပြလိုက်သည်။
"ဒီလိုမျိုး ဖခင်တစ်ယောက်ရှိတာနဲ့တင် ထန်ဆန်း လမ်းမှားရောက်သွားတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒါက သိပ်ပြီးတော့ မဆိုးပါဘူး။ ငါတို့ရဲ့ ဝိညာဉ်တော်ရွာကနေ မင်းလိုမျိုး ဧကရာဇ်တစ်ပါး... မဟုတ်ဘူး နတ်ဘုရားဧကရာဇ်တစ်ပါး ထွက်ပေါ်လာခဲ့တာကတင်... အတိုင်းအဆမရှိ ကံကောင်းလှပါပြီ။ ငါတို့တွေက ဒီထက်ပိုပြီး ဘာတွေကို မျှော်လင့်နိုင်ဦးမှာလဲ"
ကျေးရွာလူကြီး ဂျက်သည် အဓိကအားဖြင့် ထန်ဟောင်အပေါ် ပြစ်တင်ဝေဖန်ရင်း တတွတ်တွတ် ပြောဆိုနေခဲ့သည်။
စိန်ဝိညာဉ်ရွာသို့ ပြန်လည်ရောက်ရှိလာသည့် အခါတွင်မူ ကျေးရွာလူကြီး ဂျက်သည် အနည်းငယ် မိန်းမောသွားခဲ့ရသည်။
သူ တာ့လီတွင် ရှိနေခဲ့စဉ်အတွင်း စိန်ဝိညာဉ်ရွာသည် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီး မြို့ငယ်လေးတစ်မြို့နှင့်ပင် ဆင်တူနေခဲ့ပြီ ဖြစ်သည်။
တာ့လီဧကရာဇ်၏ မွေးရပ်မြေဖြစ်သော နဂါးနိုင်ငံတော်သည် လူအများအပြားအတွက် ကြီးမားလှသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့သည်။
တဖြည်းဖြည်းနှင့် ရွာကြီးမှာ ပိုမို၍ ကြီးမားလာခဲ့ပြီး မြို့ပြတစ်ခုအဖြစ် တည်ဆောက်မှုများ စတင်လာခဲ့သည်။
လင်းချီ၏ အိမ်နှင့် ကျေးရွာလူကြီး ဂျက်၏ အိမ်တို့မှာမူ မပြောင်းလဲဘဲ ရှိနေခဲ့ပြီး ရွာကို တိုးချဲ့သည့် အချိန်တွင်ပင် မည်သူမျှ မထိရဲကြချေ။
ကျေးရွာလူကြီး ဂျက်၏ အိမ်တံခါးဝသို့ ရောက်ရှိလာချိန်မှာပင် ထူးဆန်းလှသော ဗုန်းခနဲ အသံတစ်သံကြောင့် သူသည် အတိတ်ကို လွမ်းဆတ်နေရာမှ အသိစိတ် ပြန်လည်ဝင်လာခဲ့သည်။
"ယုန်... ယုန်ကလေးလား"
သစ်ပင်တစ်ပင်အောက်၌ ဖူးဖူးမှုတ်နေသော ယုန်တစ်ကောင်သည် မျက်လုံးအိမ်များ လန်လျက် လဲလျောင်းနေခဲ့သည်။
"မင်း ငယ်ငယ်တုန်းက တကယ်ကို ကံကောင်းခဲ့တာ။ နော့တင်းအကယ်ဒမီကို သွားတဲ့လမ်းမှာ တစ်လျှောက်လုံး ပိုက်ဆံတွေ ကောက်ရခဲ့သလိုပေါ့။ အခု မင်း ပြန်လာတော့လည်း ယုန်တစ်ကောင်က ဒီအတိုင်း ပြေးဝင်တိုက်မိပြီး မေ့လဲသွားတာပဲ။ ဒီလောက် ဝဖြိုးတဲ့ ယုန်မျိုးက တွေ့ရခဲပါတယ်။"
"ဒါကို အမြန်လေး အဆင်ပြေအောင် လုပ်ပေးပါဦး အဖိုးရဲ့ လက်ရာကို ငါ ထပ်ပြီး မြည်းစမ်းချင်လို့။"
လင်းချီ ဝိညာဉ်တော်ရွာ၌ ရှိစဉ်တုန်းက ကျေးရွာလူကြီး ဂျက်သည် သူ့ကို အလွန် ဂရုစိုက်ခဲ့ပြီး ကျေးရွာလူကြီး ဂျက်၏ အိမ်၌ ထမင်းအမြောက်အမြား စားသောက်ခဲ့ဖူးသည်။
"ဒါက ကောင်းတာပေါ့ ဒါပေမဲ့ ဒါက ငါ့ရဲ့ ကျေးလက်လက်ရာ သက်သက်ပဲ။ အရှင်မင်းကြီးရဲ့ ခံတွင်းနဲ့ ကိုက်ညီပါ့မလား မသိဘူး။"
လင်းချီက ပြုံးလျက် ပြောဆိုလိုက်သည်။ "ငါက အဖိုးရဲ့ လက်ရာကိုပဲ တမ်းတနေခဲ့တာပါ။"
သူသည် ကျေးရွာလူကြီး ဂျက်ကို ယခင်အတိုင်း သူ၏ နာမည်ကိုသာ ခေါ်ဆိုရန် အကြိမ်ကြိမ် ပြောဆိုခဲ့လင့်ကစား အဖိုးအို ဂျက်ကမူ ခေါင်းမာလျက် သူသည် ယခုအခါ ဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်သဖြင့် ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာ ရှိရမည်ဟု ပြောဆိုခဲ့သည်။
ကျေးရွာလူကြီး ဂျက်သည် တာ့လီတွင် ဂုဏ်သိက္ခာကြီးမားလှသော နေရာတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ရွာတွင် ရှိစဉ်တုန်းက အလေ့အထများကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး အရာခပ်သိမ်းကို မိမိဘာသာကိုယ်တိုင် ပြုလုပ်လေ့ရှိသည်။
မကြာမီမှာပင် သူသည် ယုန်သားဟင်း တစ်ပန်းကန်ကို ယူဆောင်လာခဲ့သည်။
"မြည်းစမ်းကြည့်ပါဦး အမြန် မြည်းစမ်းကြည့်ပါဦး။"
ကျေးရွာလူကြီး ဂျက်၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များအောက်၌ လင်းချီသည် ယုန်ခြေထောက်တစ်ဖက်ကို ယူဆောင်ကာ အသေအချာ အရသာခံ စားသုံးလိုက်သည်။
"အရင်တုန်းက နတ်ဘုရားလောကကနေ မင်း ယူလာပေးတဲ့ စားဖိုမှူးနတ်ဘုရား လုပ်တဲ့ အစားအစာတွေက တကယ်ကို အရသာရှိလှတာ။ မင်း ဒီယုန်သားကို စားရတာ အသားမကျ ဖြစ်နေမလားပဲ"
လင်းချီသည် ယုန်သား အနည်းငယ်ကို ထပ်မံစားသုံးပြီးနောက်...
"ဘာစားဖိုမှူးနတ်ဘုရားလဲ အဖိုးရဲ့ လက်ရာက စားဖိုမှူးနတ်ဘုရားထက် အဆပေါင်းများစွာ ပိုပြီး သာလွန်ပါတယ်။ ငါက အဖိုးရဲ့ လက်ရာကိုပဲ ပိုပြီး နှစ်သက်တယ်။"
"ကောင်းပါပြီ... ကောင်းပါပြီ ပိုပြီးတော့ စားပါဦး။ အရှင်မင်းကြီးက တော်တော်လေး ပိန်လွန်းတယ်။ ကိုယ်အလေးချိန် နည်းနည်းလောက် ထပ်တက်ဖို့ လိုအပ်တယ်။"
...
တောင်ကုန်း၏ နောက်ကွယ် ရေတံခွန်၏ အပြင်ဘက်၌။
"အရှင်မင်းကြီး... ဒီအပြာရောင်ငွေမြက်က ထန်ဆန်းရဲ့ မိခင်လား"
လင်းချင်သည် ရေတံခွန်နောက်ကွယ်ရှိ ဂူအတွင်းမှ မြက်ပင်တစ်ပင်ကို ဆွဲနုတ်လိုက်သည်။
ထန်ဟောင်သည် အာယင်၏ ဝိညာဉ်အရိုးကို ထန်စန်းထံသို့ ပေးအပ်ခဲ့စဉ်တုန်းက အာယင်သည် ဤနေရာ၌သာ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ၎င်းတို့သည် နေရာအနှံ့အပြားနှင့် ပင်လယ်ရပ်ခြားအထိပါ ထွက်ပြေးပုန်းအောင်းနေခဲ့ကြရသဖြင့် အာယင်ကို ဂရုစိုက်ရန်အတွက် အချိန်မရှိသလောက်ပင် ဖြစ်နေခဲ့ရသည်။
"ဟုတ်တယ်။"
"အဲဒီ ကြွက်စုတ် ထန်ဟောင်က တကယ်ကို ထူးဆန်းတဲ့ ခံတွင်းမျိုး ရှိတာပဲ။ သူက လူကို သဘောမကျဘဲ မြက်ပင်ကို သဘောကျတာလား။ တကယ်ကို အောက်တန်းစားပဲ။"
ထန်ဟောင် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း လင်းချင်၏ သူအပေါ် ထားရှိသော မုန်းတီးမှုများမှာမူ လျော့နည်းသွားခြင်း မရှိချေ။
"ငါ မင်းကို လုပ်စေချင်တဲ့ အရာတစ်ခု ရှိတယ်။"
"အရှင်မင်းကြီးရဲ့ အမိန့်က ငါ့ရဲ့ အမိန့်ပါပဲ။ ဓားတောင်ပဲဖြစ်ဖြစ် မီးပင်လယ်ပဲဖြစ်ဖြစ် ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေအနှံ့အပြားပဲဖြစ်ဖြစ် အရှင်မင်းကြီး အမိန့်ပေးမယ်ဆိုရင် လင်းချင်အနေနဲ့ အကြိမ်ပေါင်း သောင်းချီပြီး သေဖို့တောင် မတွန့်ဆုတ်ပါဘူး။"
"ဒါက ဒီလောက်အထိ မရှုပ်ထွေးပါဘူး။ ငါ မင်းကို နောင်နှစ်ပေါင်း သောင်းချီတဲ့ အနာဂတ်ဆီကို သွားစေချင်ရုံတင်ပါ။"
"နှစ်ပေါင်း သောင်းချီပြီးနောက်လား"
"ပိုပြီး တိတိကျကျ ပြောရရင်တော့ အခြားသော ကံကြမ္မာတစ်ခုရဲ့ နှစ်ပေါင်း သောင်းချီတဲ့ အနာဂတ်ဆီကိုပေါ့။"
လင်းချီက ပြောဆိုလိုက်သည်။ "အဲဒီ ကံကြမ္မာထဲမှာ မင်းကော ငါကော မရှိကြဘူး။ ထန်ဆန်းက အသူရာနတ်ဘုရားနဲ့ ပင်လယ်နတ်ဘုရား ဖြစ်လာခဲ့ပြီး နတ်ဘုရားလောကကို မြင့်မားစွာ ထိန်းချုပ်ထားလျက် တုန့်လော့တိုက်ကြီးကို အထက်စီးကနေ ကြည့်ပြီး အမိန့်ပေးနေခဲ့တာ။"
"ဘာ"
လင်းချင်သည် အလွန်အမင်း ဒေါသထွက်သွားခဲ့ရသည်။
"အဲဒီ ကြွက်အိုကြီးရဲ့ မျိုးဆက်က... မဟုတ်ဘူး ငါ ဆိုလိုတာက မြက်ကြွက်က ဒီလိုမျိုး ကောင်းမွန်တဲ့ အဆုံးသတ်မျိုးနဲ့ ထိုက်တန်လို့လား"
လင်းချင်သည် ထန်ကလန်မှ လူများ ကောင်းမွန်စွာ နေထိုင်နေရသည်ကို မည်သို့မျှ ကြည့်မနေနိုင်ချေ။
"ဒါကြောင့် မင်း အဲဒီ သတ်မှတ်ထားတဲ့ နှစ်ပေါင်း သောင်းချီတဲ့ အနာဂတ်ဆီကို သွားပြီး ကမ္ဘာမြေကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားအောင် ပြုလုပ်နိုင်ပါတယ်။"
ဖန်ဆင်းရှင်နတ်ဘုရား၏ အကူအညီကြောင့် လင်းချီ၏ နတ်ဘုရားရာထူး သုံးခုစလုံးသည် ကံကြမ္မာနတ်ဘုရားရာထူးတစ်ခုအဖြစ် ယာယီအားဖြင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သော်လည်း ကံကြမ္မာ၏ စွမ်းအားကို အစစ်အမှန် တတ်ကျွမ်းနားလည်ရန်အတွက်မူ အလှမ်းဝေးနေသေးသည်။
သူသည် မိမိ၏ သတ်မှတ်ထားသော ကံကြမ္မာလမ်းကြောင်းကို ပိုမို၍ ကောင်းမွန်စွာ နားလည်နိုင်ရန်အတွက် ကံကြမ္မာကို ထပ်မံ၍ နှောင့်ယှက်ဖျက်ဆီးပစ်ရန် လိုအပ်သည်။
လင်းချင်သည် ဤအရာများနှင့် ပတ်သက်၍ ဘာတစ်ခုမျှ မသိရှိသလို သိရှိလိုစိတ်လည်း မရှိချေ။
"ကောင်းတယ်... အလွန်ကောင်းတယ်။ ငါ ဆက်ပြီး မစောင့်ဆိုင်းနိုင်တော့ဘူး။ ဒါနဲ့ အဲဒီ ကံကြမ္မာရဲ့ နှစ်ပေါင်း သောင်းချီတဲ့ အနာဂတ်မှာ ထန်ဟောင်က ရှိနေဦးမှာလား"
"သေချာပေါက် ရှိနေတာပေါ့။ ထန်ဆန်းလိုမျိုး သိတတ်တဲ့ သားလိမ္မာက သူ၏ ဖခင်ကို ဘယ်လိုလုပ်ပြီး ချန်ထားခဲ့ပါ့မလဲ"
"ယွီရှောင်ကန်းကော"
လင်းချင်သည် ထိုကျော်ကြားလှသော အသုံးမကျသူကြီးကို ရုတ်တရက် သတိရသွားခဲ့ခြင်း ဖြစ်သည်။
လင်းချီ”.....”
ငါ စကားတွေ အများကြီး ပြောမိသွားပြီ။ ထန်နတ်ဘုရားဘုရင်က သူ၏ ဆရာအပေါ် အလွန် ရိုသေလေးစားပြီး တစ်ရက်မျှ ဆရာဖြစ်ဖူးလျှင်ပင် ဘဝတစ်သက်တာပတ်လုံး ဖခင်ကဲ့သို့ပင် ရှိရမည်ဟု ပြောဆိုခဲ့ဖူးရာ သေချာပေါက် သူလည်း ပါဝင်ပေလိမ့်မည်။
"သွားတော့။"
လင်းချီသည် အပြာရောင်ငွေမြက်ပင်ထံမှ ကံကြမ္မာကြိုးမျှင်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ၎င်းကို တောင်နှင့်မြစ်ဓားနှင့် ချည်နှောင်ကာ ကံကြမ္မာဝဲကရက်ကြီးကို ဓားချက်တစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်ရာ အခြားသော ကံကြမ္မာမြစ်ကြီးတစ်ခုသည် ယခုအချိန်နှင့် ယခုနေရာသို့ ချိတ်ဆက်သွားခဲ့ရတော့သည်။
"ငါ သွားပါ့မယ်။"
လင်းချင်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ၎င်းအတွင်းသို့ တိုက်ရိုက် ခုန်ဝင်သွားခဲ့သည်။
...
"ရှရှိက်ခ်အကယ်ဒမီလား တကယ်ကိုညစ်ပတ်တဲ့နေရာပဲ။ ဒီလိုမျိုး အကယ်ဒမီက တည်ရှိနေဖို့ ထိုက်တန်လို့လား ဖျက်ဆီးပစ်စမ်း။"
"ဒုစရိုက်ဝိညာဉ်သခင်လား ဒါက အရင်တုန်းက အရှင်မင်းကြီး ရှင်းလင်းပစ်ခဲ့တဲ့ အကျင့်ပျက် ဝိညာဉ်သခင်တွေနဲ့ ဆင်တူနေတာ မဟုတ်ဘူးလား သွေးနတ်ဆိုးက မုန့်အဖြစ် စားသုံးခဲ့တဲ့ အရာတွေက အခုတော့ မာနထောင်လွှားနေကြတာလား ဒါက သေချာပေါက် ထန်ဆန်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။"
"ထန်ဂိုဏ်းလား နာမည်ကို ကြည့်တာနဲ့တင် ဘာမှအသုံးမကျဘူးဆိုတာ သိသာလှပါတယ်။ အားလုံးကို အပြတ်ရှင်းပစ်စမ်း။"
အခြားသော အချိန်လိုင်းတစ်ခုအတွင်း၌ လင်းချင်သည် ကမောက်ကမဖြစ်အောင် ဖျက်ဆီးမှုများစွာကို ပြုလုပ်နေခဲ့သည်။
နတ်ဘုရားလောက၏ အထက်ကောင်းကင်ယံ၌ မြင့်မားစွာ ထိုင်နေသော ထန်ဆန်းသည် အနည်းငယ် မျက်မှောင်ကုတ်လိုက်သည်။
"ဟင်... တုန့်လော့တိုက်ကြီးပေါ်မှာ ဘာဖြစ်လို့ ဒီလိုမျိုး အပြောင်းအလဲတွေ ဖြစ်ပေါ်လာရတာလဲ ဒီလူကတော့ တကယ်ကို သေတွင်းရှာနေတာပဲ။"
အာယင်နှင့်အတူ အေးအေးဆေးဆေး အချိန်များကို ကုန်ဆုံးနေသော ထန်ဟောင်သည်လည်း ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရသည်။
"အာဟောက်... ဘာဖြစ်လို့လဲ"
"ငါ ဘာကြောင့်လဲတော့ မသိဘူး ဒါပေမဲ့ ငါ့ရဲ့ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားသလို ခံစားရပြီး ကြီးမားတဲ့ အန္တရာယ်တစ်ခုခု ငါတို့ဆီ ကျရောက်တော့မယ့်အလား မကောင်းတဲ့ အတိတ်နိမိတ်မျိုး ခံစားနေရတယ်။"
အာယင်က ပြုံးလိုက်သည်။
"မင်း အတွေးလွန်နေတာပါ။ ရှောင်ဆန်းက နတ်ဘုရားဘုရင်တစ်ပါးပဲလေ။ ငါတို့ကို ဘယ်သူကများ အန္တရာယ်ပြုနိုင်မှာလဲ"
"ဒါလည်း ဟုတ်တာပါပဲ။"
ထန်ဟောင်က ခေါင်းညိတ်လိုက်လင့်ကစား ထိုမကောင်းသော အတိတ်နိမိတ် ခံစားချက်ကြီးမှာမူ ပျောက်ကွယ်မသွားခဲ့ချေ။
...
"သခင်။"
ရှောင်ဝူနှင့် ရှောင်ချိုးတို့သည် အဆိပ်ငါးပါးသားရဲတစ်ကောင်နှင့်အတူ ရောက်ရှိလာခဲ့ကြသည်။
"သခင်... ကြည့်ပါဦး။ ဒီနဂါးဥက အက်ကွဲကြောင်းတွေ ပေါ်နေပြီ။"
ယခင်က လူသားဧကရာဇ်များ၏ နဂါးရထားလုံးပေါ်တွင် ထွက်ပေါ်လာခဲ့သော နဂါးဥပေါ်၌ အက်ကွဲကြောင်းအမြောက်အမြား ပေါ်ထွက်နေခဲ့ပြီး နဂါးပေါက်ကလေးတစ်ကောင်အဖြစ်သို့ မကြာမီ ပေါက်ဖွားလာတော့မည် ဖြစ်သည်။
"အင်း... ငါတို့ နဂါးကိုးကောင်စလုံးကို စုဆောင်းဖို့ အချိန်တန်ပြီ ထင်တယ်။"
"ရှောင်ဝူ ရှောင်ချိုး။"
"ရှိပါတယ်။"
"သခင်... ဘာများ အမိန့်ရှိလို့လဲ"
အဆိပ်ငါးပါးသားရဲသည် လင်းချီ၏ ဘေးနားသို့ ပျံသန်းလာခဲ့ပြီး နောက်ထပ်အရာများ ရှိသေးကြောင်း ပြသနေခဲ့သည်။
လင်းချီသည် ကောင်းကင်နဂါးကြယ်တာရာဆီသို့ သွားရာ ဟင်းလင်းပြင် တံခါးပေါက်ကို ဖွင့်လှစ်လိုက်သည်။
"အဲဒီကိုသွားပြီး ငါ့အတွက် နဂါးအနည်းငယ်လောက်ကို ဖမ်းခေါ်ခဲ့ပေးပါ။"
သူ့အနေဖြင့် မိမိ၏ လက်ကို ဆန့်ထုတ်ရုံမျှဖြင့် နဂါးအနည်းငယ်ကို အလွယ်တကူ ဖမ်းဆီးနိုင်လင့်ကစား ၎င်းမှာ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်မဟုတ်ချေ။
"ကောင်းပါပြီ သခင်... စိတ်မပူပါနဲ့။ ငါ ၎င်းတို့အားလုံးကို အထီးပဲဖြစ်ဖြစ် အမပဲဖြစ်ဖြစ် အကြီးပဲဖြစ်ဖြစ် အငယ်ပဲဖြစ်ဖြစ် အသန်မာဆုံးပဲဖြစ်ဖြစ် အားအနည်းဆုံးပဲဖြစ်ဖြစ် အရှင်မင်းကြီးအတွက် အပြတ်ဖမ်းခေါ်ခဲ့ပါ့မယ်။"
"စကားတွေ အများကြီး ပြောမနေနဲ့တော့ အမြန် သွားကြစမ်း။"
ရှောင်ဝူသည် ဟင်းလင်းပြင် တံခါးပေါက်အတွင်းသို့ ယိုင်တိုင်တိုင်ဖြင့် ခုန်ဝင်သွားခဲ့ပြီး သူမ၏ နောက်ကွယ်မှ ရှောင်ချိုးနှင့် အဆိပ်ငါးပါးသားရဲတို့လည်း ထပ်ချပ်မကွာ လိုက်ပါသွားခဲ့ကြသည်။
...
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ရှောင်ဝူနှင့် ရှောင်ချိုးတို့သည် နဂါးများကို လွန်ခဲ့သော အချိန်ကတည်းကပင် ပြန်လည်၍ ဖမ်းခေါ်လာခဲ့ကြပြီး ဖြစ်သည်။
ဤနေ့တွင်မူ လင်းချင်သည်လည်း နှစ်ပေါင်း သောင်းချီသော အနာဂတ်ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာခဲ့သည်။
"အရှင်မင်းကြီး... ထန်ဟောင်နဲ့ ထန်ဆန်းတို့ ကြွက်သားအဖေနဲ့သားကို ငါ ထပ်ပြီးတော့ သတ်ပစ်ခဲ့ပါပြီ။"
"အခြားသော ကံကြမ္မာတွေထဲမှာ အသက်ရှင်ကျန်ရစ်နေသေးတဲ့ ထန်ဟောင်တွေ ရှိနေဦးမလား မသိဘူးနော်"
လင်းချင်သည် ယခုအထိ အားမရသေးဘဲ ရှိနေဆဲ ဖြစ်သည်။
လင်းချီသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
၎င်းတို့၏ ကံကြမ္မာများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် သက်လတ်ပိုင်းအရွယ် ထန်ဆန်းတစ်ဦး ထွက်ပေါ်လာခဲ့ပြီး နောက်တစ်ခဏ၌ ကလေးငယ်အရွယ် ထန်ဆန်းတစ်ဦးနှင့် အမျိုးသမီး ထန်ဆန်းတစ်ဦးတို့ပါ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
ကံကြမ္မာကြိုးမျှင်ပေါ်ရှိ အသေးငယ်ဆုံးသော လှိုင်းတွန့်တစ်ခုကပင် အမျိုးမျိုးသော အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်သည်။
လင်းချီသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အတိုင်းအဆမဲ့လှသော ထန်ဆန်း၏ ပုံရိပ်ယောင်များအားလုံး ကွယ်ပျောက်သွားခဲ့ရတော့သည်။
သူသည် မိမိ၏ ကံကြမ္မာကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် ကံကြမ္မာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
လင်းချင်က ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။ "ထန်ဆန်းတွေ ဒီလောက်တောင် များတာလား အရှင်မင်းကြီး... ထန်ဟောင်တွေလည်း ဒီလောက်အထိ အများကြီး ရှိနေနိုင်တာလား ဒါတွေကို ငါ့ကိုပဲ တစ်ခုချင်းစီ ရှင်းခွင့်ပြုပါ အရှင်မင်းကြီးကိုယ်တိုင် စွမ်းအားတွေ အားစိုက်ထုတ်စရာ မလိုပါဘူး။"
**************ပြီးဆုံးပါပြီ။**********************
************အားပေးသူတစ်ယောက်ချင်းစီးတိုင်းကိုလဲ ကျေးဇူးအထူးတင်ပါတယ်******