အခန်း (၂၂) ငါ့လောက်မကြီးဘူး
ယွီရှောင်ကန်း၏ ပြောင်းလဲသွားမှုကြောင့် နော့တင်းအကယ်ဒမီ မှ ကလေးတစ်စု အလွန်အံ့အားသင့်သွားကြရုံတင်မကဘဲ ထန်ဟောင်၏ မျက်လုံးထဲတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
အချိန်ကာလကို ပြောင်းလဲစေပြီး လူတစ်ယောက်ကို ဘာမှမရှိဘဲ ဆယ်နှစ်ခန့် ရုတ်တရက် အိုမင်းသွားစေနိုင်သည့် ဤကဲ့သို့သော ဝိညာဉ်စွမ်းရည်မျိုးကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
"ဝိညာဉ်စွမ်းရည်က ဒီလောက်အထိ စွမ်းအားရှိနိုင်လို့လား"
တူတစ်လက်ကိုသာ ကိုင်တတ်သည့် လူကြမ်းကြီးဖြစ်သော ထန်ဟောင်အဖို့ ဤအရာမှာ လုံးဝ နားမလည်နိုင်သော ကိစ္စဖြစ်သည်။
"သခင်လေးရဲ့ ဆရာကတော့ အစွမ်းမဆိုးဘူးပဲ။ ငါကိုယ်တိုင် ယွီရှောင်ကန်းကို သွားဆုံးမနေစရာ မလိုတော့ဘူး။"
လင်ချင်းမှာမူ ဆရာကြီးမုန့်၏ စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်နေသည်။
"ဒါပေမဲ့ ဆရာဖြစ်သူကတောင် ဒီလောက် စွမ်းဆောင်ပြနေမှတော့ သခင်လေးရဲ့ အစောင့်အရှောက်ဖြစ်တဲ့ ငါကလည်း နောက်ကောက်ကျနေလို့ မဖြစ်ဘူး။"
ပြောပြီးသည်နှင့် လင်ချင်းသည် ထန်ဟောင်ကို ပြန်ကြည့်လိုက်သည်။
လင်ချင်း၏ ထိုကောက်ကျစ်စက်ဆုပ်ဖွယ် ကောင်းသော အကြည့်ကြောင့် ထန်ဟောင်မှာ ဦးရေခွံပင် ထုံကျင်သွားတော့သည်။
"မင်း... မင်း ဘာလုပ်မလို့လဲ ရှောင်ဆန်းရှုံးသွားပြီပဲ မင်း စကားကို တည်ရမယ်လေ။"
"ပြီးတော့ ရှောင်ဆန်း ဒီလောက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာတောင် ငါ လင်းချီအပေါ် ဘာရန်ငြိုးမှ မထားခဲ့ဘူး။"
ထန်ဟောင်သည် အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။ လင်ချင်း၏ အရိုက်အနှက်ကို အကြိမ်ကြိမ် ခံထားရသဖြင့် လင်းချီအပေါ် မကောင်းသော အကြံအစည်များ ထပ်မံထားရှိရန် သူ မဝံ့ရဲတော့ပေ။
လင်းချီ၏ ပထမဆုံး ဝိညာဉ်ကွင်းသည် အဘယ်ကြောင့် နှစ်၂ထောင်အဆင့် ဖြစ်နေရသနည်းဆိုသည်ကို သူ အလွန်သိချင်နေပြီး လင်းချီသည် ထန်ဆန်းအတွက် ကြီးမားသော ရန်သူဖြစ်သည်ဟု ယူဆနေသော်လည်း မည်သည့် အရိပ်အယောင်မျှ မပြရဲပေ။
"မင်းကို ရိုက်ဖို့အတွက် အကြောင်းပြချက် လိုသေးလို့လား"
ရလဒ်အနေဖြင့် လင်ချင်းသည် ထန်ဟောင် မည်သို့ပင် ဆင်ခြေပေးပါစေ တိုက်ရိုက်ပင် လက်ပါတော့သည်။
"ဒီလောက် အရှက်မရှိတဲ့ သားမျိုးကို မွေးထားတဲ့အတွက် အဖေဖြစ်တဲ့ မင်းမှာလည်း အပြစ်ရှိတယ်။ မင်းလည်း လူကောင်းဖြစ်မှာ မဟုတ်ဘူး။ ဒါကို သားသမီးကို ဆုံးမမှုမရှိတာ အဖေရဲ့ အပြစ်လို့ ခေါ်တယ်။"
"မင်း..."
ထန်ဟောင်မှာ ဒေါသထွက်လွန်းသဖြင့် စကားပင် မထွက်နိုင်တော့ပေ။
ဒါကတော့ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။ ရှောင်ဆန်းက လင်းချီကို နိုင်ရင် မင်းက ငါ့ကို သတ်မယ် ရှောင်ဆန်းက လင်းချီကို ရှုံးတော့လည်း မင်းက ငါ့ကို ရိုက်မယ်။ လောကမှာ မင်းထက် ကျိုးကြောင်းဆင်ခြင်မှု မရှိတဲ့လူ ရှိသေးလို့လား
သို့သော် ထန်ဟောင်၏ ရင်ထဲတွင် မည်မျှပင် နာကျည်းနေပါစေ လင်ချင်း၏ ရိုက်နှက်လိုသော စိတ်ဆန္ဒကို မပြောင်းလဲနိုင်ခဲ့ပေ။
"လူကို အနိုင်ကျင့်လွန်းလှချည်လား။"
ထန်ဟောင်သည် အစွမ်းကုန် ပြန်လည်ခုခံသော်လည်း လင်ချင်း၏ ပိုမိုပြင်းထန်သော တုံ့ပြန်မှုကိုသာ ရရှိခဲ့သည်။
"ငါက ရိုက်နေတာကို မင်းက ပြန်ခုခံရဲသေးတယ်ပေါ့"
"ဖူး"
နော့တင်းအကယ်ဒမီအတွင်းရှိ ကျောင်းသားများသည် အဝေးတစ်နေရာမှ ထွက်ပေါ်လာသော မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သည့် အသံကြီးများကို ကြားနေကြရသည်။
"ရှောင်ဆန်း... နောက်ဆိုရင် လူပီသအောင် သိက္ခာရှိရှိ နေစမ်းပါ။ ဒီလို ခိုးကြောင်ခိုးဝှက် နည်းလမ်းအောက်တန်းစားတွေကို မသုံးနဲ့။"
လင်းချီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော ထန်ဆန်းကို အထက်စီးမှ ငုံ့ကြည့်ကာ ဆိုလိုက်သည်။
ဤသိုးငယ်လေးမှာ မကြီးထွားသေးသဖြင့် ဒေါသထွက်ပြီး သေမသွားစေရန် သူ သတိထားရမည်။
လင်းချီသည် ထန်ဆန်းထံမှ ဆုလာဘ်များ ပိုမိုရယူရန် စဉ်းစားထားဆဲဖြစ်ရာ အနည်းဆုံးတော့ ထန်ဆန်းအနေဖြင့် ပင်လယ်နတ်ဘုရားနှင့် အသူရာနတ်ဘုရားနောက်ခံများ ပေါ်ထွက်လာသည့်အထိ တောင့်ခံထားနိုင်ရမည် ဖြစ်သည်။
"ဖူး"
ထန်ဆန်းသည် ဘာမှပြန်မပြောနိုင်ဘဲ သွေးတစ်လုပ်ကို အမြင့်သို့ ပန်းထုတ်လိုက်သည်။
သူ မသိသည်မှာ ထိုအချိန်မှာပင် သူ၏ဖခင်မှာလည်း သူ့နည်းတူ သွေးတစ်လုပ်ကို တစ်ပြိုင်နက်တည်း ပန်းထုတ်လိုက်ခြင်းပင်။ ဆရာတပည့်ထက် သားအဖချင်းမို့ သွေးပန်းထုတ်သည့် ဟန်ပန်မှာပင် အလွန်တူလှသည်။
"လင်းချီ... ငါ ထန်ဆန်းက မင်းကို သေချာပေါက် ကျော်တက်ပြမယ်။ ဒါက ငါ့အတွက် ပထမဆုံးနဲ့ နောက်ဆုံး ရှုံးနိမ့်မှုပဲ ဖြစ်ရမယ်။"
သွေးထွေးပြီးနောက် ထန်ဆန်း၏ မျက်နှာမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာသည်။
"ကောင်းတယ် စိတ်ဓာတ်ရှိသားပဲ ဒီအတိုင်း ဆက်ထား။"
လင်းချီက ပြုံးလျက် ဆိုလိုက်သည်။
"မင်း..."
ထန်ဆန်းမှာ နောက်တစ်ကြိမ် သွေးထပ်ပန်းတော့မတတ် ဖြစ်သွားသည်။ လင်းချီက သူ့ကို လှောင်ပြောင်ခြင်း သို့မဟုတ် ဆဲဆိုခြင်းမျိုး ပြုလုပ်ပါက သူ ဤမျှလောက် မခံရခက်ပေ။ အခုမူ လင်းချီက သူ့ကို လုံးဝဂရုမစိုက်သည့်အပြင် အားပေးသည့် အမူအရာမျိုး ပြုလုပ်နေခြင်းက ထန်ဆန်း၏ ရင်ဝကို ဓားနှင့် ထိုးလိုက်သကဲ့သို့ ခံစားရစေသည်။
လင်းချီ၏ အားပေးမှုမှာ အတုအယောင်မဟုတ်ပေ။ ထန်ဆန်းမှာ ဤနေရာတွင် လဲကျသွား၍မရသလို စိတ်ပျက်အားငယ်သွား၍လည်း မဖြစ်ပေ။ သူက လင်းချီအတွက် အသုံးချရန် တန်ဖိုးများ ကျန်ရှိနေသေးသည် မဟုတ်လား။ ထန်ဆန်း၏ နောက်ခံမှာ သူတစ်ဦးတည်းအတွက် မဟုတ်ဘဲ လင်းချီအတွက်လည်း ဖြစ်သည်။
"ဘာလို့လဲ... ဘာလို့ မင်းက ငါ့ရဲ့ ငွေပြာမြက် ရစ်ပတ်ချည်နှောင်ခြင်း ကို ဒီလောက် လွယ်လွယ်လေး ဖျက်ဆီးနိုင်ရတာလဲ။"
လင်းချီ ထွက်ခွာတော့မည်ကို မြင်သောအခါ ထန်ဆန်းက အားနည်းစွာ မေးလိုက်သည်။ သူသည် လင်းချီ၏ လက်သီးနည်းစနစ်အကြောင်းကို မမေးခဲ့သလို လင်းချီ အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်းဟုလည်း မမေးခဲ့ပေ။ သူ၏ ငွေပြာမြက် ရစ်ပတ်ချည်နှောင်ခြင်စွမ်းရည်မှာ အဘယ်ကြောင့် ဤမျှ နုနယ်နေရသနည်းဆိုသည်ကိုသာ မေးလိုက်ခြင်းဖြစ်သည်။
"အင်း... မင်းရဲ့ အမေအရင်းက... မဟုတ်ပါဘူး မင်းရဲ့ ငွေပြာမြက် ရစ်ပတ်ချည်နှောင်ခြင်း ကိုယ်တိုင်က ရယ်စရာကောင်းနေလို့ ဖြစ်နိုင်မလား"
လင်းချီသည် ထိုမေးခွန်းကို ရယ်စရာဟု ထင်မိသည်။ အမှန်တရားမှာ မင်းရဲ့အကူအညီက ငါ့လောက် အင်အားမကြီးလို့ပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်လုံးကအကူအညီ သုံးနေတဲ့သူတွေဆိုတော့ ကိုယ့် "ကြိုးစားမှု" နဲ့ကိုယ်ပဲ ပေါ့လေ။
"မင်း... ငါ... ဖူး"
ထန်ဆန်း၏ ဤသွေးတစ်လုပ်မှာမူ ချွေတာ၍ မရတော့ဘဲ ယခင်ကထက် ပို၍ပင် မြင့်မားစွာ ပန်းထွက်သွားတော့သည်။ ဤသွေးတစ်လုပ်ကို ထွေးထုတ်ပြီးနောက် ထန်ဆန်းသည် သတိလစ်သွားခဲ့သည်။
"လင်းချီ... နင် သူ့ကို ဒေါသထွက်ပြီး သတိလစ်သွားအောင် လုပ်လိုက်ပြီ" ဟု ရှောင်ဝူက ဆိုသည်။
"မဟုတ်တာ... ငါက အမှန်အတိုင်း ပြောလိုက်ရုံတင်ပါ။ ရှောင်ဆန်းကို ယုံလိုက်စမ်းပါ သူက စိတ်ဓာတ် ဒီလောက်အထိ သိမ်ငယ်တဲ့သူ မဟုတ်ပါဘူး။"
ရှောင်ဝူက နှုတ်ခမ်းမဲ့လိုက်သည်။ ဘယ်သူက ဒီစကားကို ယုံမှာလဲ။ ဒီကောင်လေးကသာ စိတ်ဓာတ်ကြီးမြတ်တယ်ဆိုရင် ဒီကမ္ဘာမှာ စိတ်ပုပ်တဲ့လူ ရှိတော့မှာ မဟုတ်ဘူး။
"နင်က တမင်တကာ လုပ်တာ။"
"ငါ့ကို အပုပ်ချရဲတယ်ပေါ့ ကြည့်ရတာ သိမ်းဆည်းထားတဲ့ ဝိညာဉ်ကွင်းကို အသုံးချဖို့ အချိန်ရောက်ပြီ ထင်တယ်။"
"တောင်းပန်ပါတယ် ကျွန်မ မှားသွားပါတယ် ကျွန်မ လူမမယ်မို့လို့ နားမလည်တာပါ။" ရှောင်ဝူက ချက်ချင်းပင် တောင်းပန်စကား သုံးခွန်း ဆင့်ဆိုလိုက်သည်။
"အင်း... ဆုံးမရတာ လွယ်သားပဲ။"
စကားပြောနေရင်း လင်းချီနှင့် ရှောင်ဝူတို့၏ ပုံရိပ်များသည် ဝါးတောအတွင်းသို့ ကွယ်ပျောက်သွားကြသည်။
...
"အင်း... ဒါ ဘယ်နေရာလဲ"
ထန်ဆန်း နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်ချိန်တွင် ၎င်းမှာ အလုပ်သင်ကျောင်းသားဆောင်လည်း မဟုတ်သလို နော့တင်းအကယ်ဒမီရှိ ယွီရှောင်ကန်း၏ အခန်းလည်း မဟုတ်ပေ။ ရုတ်တရက် ဆံပင်ဖြူဖြူနှင့် ပုံရိပ်တစ်ခု ဖြတ်သွားသည်ကို သူ မြင်လိုက်ရသည်။
"မင်းက ဘယ်သူလဲ"
သတိမလည်သေးသော ထန်ဆန်းမှာ ထိတ်လန့်သွားပြီး ကိုယ်ကို ရုတ်တရက် ထလိုက်သည်။ သို့သော် ထိုသို့ ပြင်းထန်သော လှုပ်ရှားမှုကြောင့် သူ၏ ကိုယ်ပေါ်တွင် ပြင်းထန်သော နာကျင်မှုတစ်ခု ခံစားလိုက်ရပြန်သည်။
"ရှောင်ဆန်း... ငါပါပဲ။"
ယခုမှာ ညအချိန်ဖြစ်သဖြင့် ထန်ဆန်းသည် သူ၏ ခရမ်းရောင် မိစ္ဆာမျက်လုံးကို ချက်ချင်း အသုံးမပြုနိုင်ခဲ့ရာ ဆယ်နှစ်ခန့် အိုမင်းသွားသော ယွီရှောင်ကန်းကို ချက်ချင်း မမှတ်မိခဲ့ပေ။
"ဆရာလား ဆရာ... ဆရာ အဆင်ပြေရဲ့လား"
ဆရာကြီးမုန့်၏ ပြစ်ဒဏ်ပေးခြင်းကို ခံလိုက်ရသဖြင့် ယွီရှောင်ကန်း အိုမင်းသွားသည်ကို ထန်ဆန်း ထိုအခါမှ သတိရတော့သည်။
ယွီရှောင်ကန်း၏ မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိဘဲ နှစ်ပေါင်းများစွာ မြှုပ်နှံထားသော အလောင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော် ထန်ဆန်း၏ စကားကို ကြားသောအခါ သူသည် အပြုံးတစ်ခုကို အနိုင်နိုင် ဖော်လိုက်သည်။
"မင်းကို ကုသပေးဖို့ ကုသရေးဝိညာဉ်ဆရာတစ်ယောက်ကို ငါ ရှာပေးခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့ဒဏ်ရာက အပြည့်အဝ မပျောက်သေးဘူး ပြင်းပြင်းထန်ထန် မလှုပ်ရှားနဲ့ဦး။"
ယွီရှောင်ကန်းသည် နော့တင်းမြို့တွင် သိကျွမ်းသော ကုသရေးဝိညာဉ်ဆရာ မရှိသော်လည်း သူ့တွင် ဝိညာဉ်နန်းတော်၏ တံဆိပ်ပြားရှိသဖြင့် သူတို့ထံမှ အကူအညီ တောင်းခဲ့ခြင်းဖြစ်သည်။ သို့သော် နော့တင်းမြို့မှာ မြို့ငယ်လေးဖြစ်သဖြင့် ကုသရေးဝိညာဉ်ဆရာ၏ စွမ်းရည်မှာ သိပ်မမြင့်မားလှပေ။
ထို့အပြင် တောင်နှင့်မြစ်ဓား၏ ဓားစွမ်းအင်မှာ ဒဏ်ရာရပြီးသည်နှင့် ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ဒဏ်ရာအတွင်းတွင် အချိန်အတော်ကြာ ကိန်းအောင်းနေတတ်သည်။ ထို့ကြောင့် ထန်ဆန်း၏ အပြင်ပန်းဒဏ်ရာများမှာ ပျောက်ကင်းသလောက် ရှိနေသော်လည်း အရေပြားအောက်တွင်မူ ဓားစွမ်းအင်များ ကျန်ရှိနေသေးသည်။
ယွီရှောင်ကန်းသည်လည်း မိမိကိုယ်ကိုယ် ကုသရန် ကြိုးစားခဲ့သေးသည်။ ဆရာကြီးမုန့်ကြောင့် အိုမင်းသွားရခြင်းမှာ ဒဏ်ရာတစ်ခု သို့မဟုတ် အဆိပ်တစ်ခုကြောင့် ဖြစ်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် ကုသရေးဝိညာဉ်ဆရာကမူ သူ၏ ခန္ဓာကိုယ်မှာ ပုံမှန်ပင်ဖြစ်ကြောင်းနှင့် သူသည် မူလကပင် ဤအသက်အရွယ် ဖြစ်သင့်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
ထိုအချိန်တွင် ယွီရှောင်ကန်းသည် သူ၏ ကမ္ဘာပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အစွမ်းမှာ နိမ့်ပါးသဖြင့် ရုပ်ရည်ကို ထိန်းသိမ်းနိုင်စွမ်း မရှိပေ။ ရုတ်တရက် ဆယ်နှစ်ခန့် အိုမင်းသွားရခြင်းကို သူ၏ စိတ်ရော လူပါ လက်မခံနိုင်ဖြစ်နေသည်။
"ဆရာ... ဒီနေရာက ဘာနေရာလဲ"
ယွီရှောင်ကန်းက "နော့တင်းအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးက ငါ့ကို အကယ်ဒမီက ထွက်ခိုင်းတယ်။ မင်းတစ်ယောက်တည်းကို အကယ်ဒမီမှာ ထားခဲ့ဖို့ ငါ စိတ်မချတာနဲ့ မင်းကိုပါ ခေါ်ထုတ်လာခဲ့တာ" ဟု ဆိုသည်။
ဝေးလံသော အရပ်မှ အခြေခံဝိညာဉ်ဆရာကျောင်းလေးတစ်ခုမှ နှင်ထုတ်ခံလိုက်ရခြင်းမှာ ယွီရှောင်ကန်း၏ ဘဝတွင် အရှက်ရဆုံး ကိစ္စများထဲမှ ထိပ်ဆုံး သုံးခုအတွင်း ပါဝင်ပေလိမ့်မည်။
ထန်ဆန်း ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်သွားသည်။
"လင်းချီ... မင်း ငါနဲ့ ငါ့ဆရာအပေါ် ထားခဲ့တဲ့ အရှက်ရမှုတွေကို ငါ သေချာပေါက် ပြန်တောင်းယူမယ်။"
ယွီရှောင်ကန်းမှာမူ ယခင်က ကဲ့ရဲ့လှောင်ပြောင်မှုများကို ကြုံဖူးသော်လည်း ထန်ဆန်းအဖို့မှာမူ ဤသို့သော ရိုက်ခတ်မှုမှာ ပထမဆုံး ဖြစ်သည်။ သူ၏ လင်းချီအပေါ် ထားရှိသော အမုန်းတရားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။