အခန်း (၂၁) အမှားအမှန်ကို ပြောင်းပြန်လှန်ခြင်း
"အားလုံး ပါးစပ်ပိတ်ထားစမ်း။"
ဤမျှလောက်များပြားသော လူအုပ်ကြီးရှေ့တွင် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ အရိုက်ခံရခြင်းကြောင့် ထန်ဆန်း ၏ စိတ်ထဲတွင် ခံစားရသော အရှက်ရမှုမှာ ဖော်ပြ၍မရနိုင်အောင်ပင်။
ဒီနေ့ပြီးရင်တော့ သူသည် နော့တင်းအကယ်ဒမီ တွင် လူတောမတိုးနိုင်လောက်အောင် အရှက်ကွဲသွားပြီဖြစ်သည်။
"ငါ မင်းကို သေချာပေါက် အနိုင်ယူရမယ်။"
ထန်ဆန်းသည် လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်ခဲအချို့သည် လင်းချီ ထံသို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားသည်။
သူသည် ခုနက မြေပြင်ပေါ်တွင် လဲကျနေပြီး ချက်ချင်းပြန်မထနိုင်ခဲ့ခြင်းမှာ ရှုံးနိမ့်မှုကို မယုံကြည်နိုင်ခြင်းကြောင့်သာမက ကျောက်ခဲအချို့ကို တိတ်တဆိတ် ကောက်ယူနေခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
သူ၏ လက်စွပ်မြှားများမှာ ဝိညာဉ်အမဲလိုက်တောအုပ်ထဲတွင် မန်ဒါလာမြွေကို တိုက်ခိုက်စဉ်က အသုံးပြုပြီးသွားခဲ့ရာ အသစ်မဖြည့်ရသေးပေ။
သို့သော် သူ၏ လျှို့ဝှက်လက်နက်အတတ်ပညာကြောင့် သာမန်ကျောက်ခဲများပင်လျှင် အစွမ်းထက်သော အင်အားကို ထုတ်ဖော်နိုင်သည်။
လင်းချီ၏ တိုက်စစ်ကို သူ မတားဆီးနိုင်ခဲ့လျှင်ပင် လင်းချီ၏ ခုခံစစ်သည်လည်း ဤမျှလောက် အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေလိမ့်မည်ဟု သူ မယုံကြည်ပေ။
"ရှက်ဖို့ကောင်းလိုက်တာ။"
"ယုတ်မာလိုက်တာ။"
နောက်ထပ် ကဲ့ရဲ့ရှုတ်ချသံများ ထွက်ပေါ်လာပြန်သည်။
ဝိညာဉ်ဆရာအချင်းချင်း တိုက်ခိုက်ရာတွင် ကျောက်ခဲကိုသုံးပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သည်ကို မည်သူမျှ မမြင်ဖူးကြသဖြင့် ဝိညာဉ်ဆရာတစ်ဦးဖြစ်ရန် လုံးဝမထိုက်တန်ဟု မြင်ကြသည်။
သို့သော် ထန်ဆန်းမှာမူ ထိုအရာများကို ဂရုမစိုက်တော့ပေ။ သူသည် အရှက်ကွဲပြီးသားဖြစ်ရာ ထပ်ပြီး အရှက်ကွဲရန်လည်း မကြောက်တော့ပေ။
"ရှောင်ဆန်းဒါကတော့ မင်းရဲ့အမှားပဲ။"
တိန်း တိန်း တိန်း
လင်းချီသည် ညာလက်မှ တောင်နှင့်မြစ်ဓားဖြင့် အချက်အနည်းငယ် တို့ထိလိုက်ရာ ပျံသန်းလာသော ကျောက်ခဲများမှာ တစ်ခုပြီးတစ်ခု လွင့်စင်သွားသည်။
ထိုကျောက်ခဲများ၏ အကာအကွယ်ကိုယူ၍ ထန်ဆန်းသည် လင်းချီ၏ အနီးသို့ နောက်တစ်ကြိမ် တိုးကပ်လာပြန်သည်။
"တိုက်ခိုက်ရေး သိက္ခာမရှိတဲ့သူတွေက ပြစ်ဒဏ်ခံရသင့်တယ်။"
လင်းချီသည် ထန်ဆန်း၏ နီမြန်းနေသော မျက်လုံးများကို အေးစက်စွာ ကြည့်ရင်း ဆိုလိုက်သည်။
"ဒါတွေက မင်း ငါ့ကို အတင်းအကျပ် လုပ်ခိုင်းတာပဲ။"
အနီးကပ်အကွာအဝေးတွင် ထန်ဆန်းသည် လျှို့ဝှက်လက်နက်နည်းစနစ်ကို အသုံးပြု၍ ကျောက်ခဲ ဆယ်ဂဏန်းခန့်ကို ပစ်လွှတ်လိုက်ပြီး ကိုယ်ပိုင်အကာအကွယ်ကိုပင် ဂရုမစိုက်တော့ဘဲ ညာလက်သီးဖြင့် လင်းချီကို ပြင်းထန်စွာ ထိုးလိုက်သည်။
တစ်ချိန်တည်းမှာပင် ငွေပြာမြက်သိုင်းဝိညာဉ် ပေါ်ထွက်လာပြီး ပထမဆုံး ဝိညာဉ်စွမ်းရည်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။
ထန်ဆန်းသည် သူ၏စွမ်းရည်အားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်ခြင်းဖြစ်သည်။
သူ၏ ကျော့ကွင်းသဖွယ် တိုက်ခိုက်မှုအောက်တွင် လင်းချီအနေဖြင့် လုံးဝဒဏ်ရာမရဘဲ မနေနိုင်ဟု သူ ယုံကြည်နေသည်။
လင်းချီမှာမူ ပထမဆုံး ဝိညာဉ်စွမ်းရည်ကို အသုံးမပြုသေးပေ။
တောင်နှင့်မြစ်ဓား၏ ဓားကိုယ်ထည်သည် အနည်းငယ် တုန်ခါသွားပြီး ဓားစွမ်းအင်မျှင်များ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။ ငွေပြာမြက် ရစ်ပတ်မှုဖြစ်စေ ကျောက်ခဲ လျှို့ဝှက်လက်နက်ဖြစ်စေ ထိုဓားစွမ်းအင်အောက်တွင် အမှုန့်ဖြစ်သွားခဲ့ရသည်။
တောင်နှင့်မြစ်ဓားလမ်းစဉ်သည် မူလကပင် အလွန်အစွမ်းထက်ပြီး အကန့်အသတ်မဲ့သော စွမ်းအားရှိရာ ဓားစွမ်းအင်ကို အမျှင်တန်းသဖွယ် အသုံးပြုခြင်းမှာ အခြေခံအရည်အချင်းမျှသာ ဖြစ်သည်။
ကျောက်ခဲများမှာ အမှုန့်ဖြစ်သွားပြီး ငွေပြာမြက်များမှာလည်း လေထဲတွင် လွင့်စင်သွားသည်။
လင်းချီနှင့် နီးကပ်စွာရှိနေသော ထန်ဆန်းမှာလည်း ထိုဘေးမှ မလွတ်ကင်းခဲ့ပေ။
ပြင်းထန်သော အန္တရာယ်ကို ခံစားမိသော်လည်း သူသည် ခြေလှမ်းကို မရပ်တန့်ဘဲ လင်းချီကို အသေခံ၍ လက်သီးဖြင့် ထိုးရန် ကြိုးစားနေဆဲဖြစ်သည်။
ရှူးခနဲ အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ထန်ဆန်း၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ ဓားရာ ဆယ်ဂဏန်းခန့်ဖြင့် စုတ်ပြဲသွားပြီး သွေးများမှာ သူ၏အဝတ်များပေါ်တွင် ချက်ချင်း စိုရွှဲသွားသည်။
လင်းချီသည် ဤတစ်ကြိမ်တွင် လက်သီးကိုပင် မသုံးတော့ဘဲ ခြေတစ်ချက် မြှောက်ကန်လိုက်ရာ ထန်ဆန်းမှာ အဝေးသို့ လွင့်စင်သွားတော့သည်။
"ရှောင်ဆန်း"
ယွီရှောင်ကန်းသည် စိတ်မကောင်းစွာ အော်ဟစ်လျက် ရှေ့သို့ပြေးထွက်သွားကာ ထန်ဆန်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
ထန်ဆန်းမှာ ယခုအခါ ရှုပ်ပွနေရုံတင်မကဘဲ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေကာ အလွန်ပင် သနားစဖွယ် ဖြစ်နေသည်။
"လင်းချီ... အတန်းဖော်အချင်းချင်း လေ့ကျင့်တာကို မင်း ဘာလို့ ဒီလောက်တောင် ပြင်းပြင်းထန်ထန် လုပ်ရတာလဲ"
ယွီရှောင်ကန်းသည် မျက်ရည်များ ဝဲလျက် လင်းချီကို အပြစ်တင်လိုက်သည်။
လင်းချီက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ရာ ယွီရှောင်ကန်းသည် မနေနိုင်ဘဲ တစ်ကိုယ်လုံး တုန်ရီသွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ ကျောပြင်တွင်လည်း ချွေးစေးများ ထွက်လာပြီး ရှေးဦးကမ္ဘာမှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးနှစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
"ရှက်ဖို့ကောင်းလိုက်တဲ့ အဖိုးကြီးပဲ။ ထန်ဆန်းရဲ့ ဆရာဆိုတော့လည်း မဆန်းပါဘူး ထန်ဆန်းရဲ့ အရှက်မရှိတဲ့ နည်းလမ်းတွေက ရှင့်ဆီက သင်ထားတာ ထင်ပါရဲ့နော်"
ရှောင်ဝူသည် လင်းချီ၏ လက်ပါးစေသဖွယ် သို့မဟုတ် လင်းချီကို အားကျသူနှင့် ကာကွယ်ပေးသူအဖြစ် လုံးလုံးလျားလျား ပါဝင်လာခဲ့သည်။
ယွီရှောင်ကန်း၏ အမှားအမှန်ကို ပြောင်းပြန်လှန်တတ်သော နည်းလမ်းမှာ ကလေးတစ်ယောက်ကိုပင် လိမ်၍မရနိုင်ပေ။
"ဒီအဖိုးကြီးက ဘယ်သူလဲ"
"မသိဘူး သူက ဘာဆရာသခင်ဆိုလားပဲ ကြားဖူးတယ်။"
"တောက်... ဆရာသခင်တဲ့လား။ မင်းတို့ ယွီရှောင်ကန်းရဲ့ အကြောင်းကို မသိသေးဘူးထင်တယ်။"
စီနီယာကျောင်းသားတစ်ဦးက ယွီရှောင်ကန်းသည် သီအိုရီပိုင်းဆိုင်ရာ ဆရာသခင်သာ ဖြစ်ကြောင်းနှင့် သူသည် မည်မျှအထိ အသုံးမကျသောသူဖြစ်ကြောင်း အခြားသူများကို ရှင်းပြလိုက်သည်။
"သူကလည်း နော့တင်းအကယ်ဒမီရဲ့ ဆရာပဲလား" တစ်စုံတစ်ယောက်က မေးလိုက်သည်။
"မဟုတ်ပါဘူး ယွီရှောင်ကန်းက တစ်နေကုန် နှာခေါင်းကို အပေါ်ထောင်ပြီး ငါတို့လို ကျောင်းသားတွေကို လှည့်တောင်မကြည့်ဘူး။"
"ဒီလိုလူနဲ့ ထန်ဆန်းတို့ ဆရာတပည့်ဖြစ်တာကတော့ တကယ်ကို လိုက်ဖက်တာပဲ။"
"အသုံးမကျတဲ့ ဆရာက အသုံးမကျတဲ့ တပည့်ကို သင်ပေးတာပေါ့ ဆရာတပည့် အမွေဆက်ခံတယ်လို့ ခေါ်ရမှာပဲ။"
ယွီရှောင်ကန်းသည် သွားကြိတ်လျက် တစ်ကိုယ်လုံး တုန်ရီနေသည်။
"အသုံးမကျသူ"ဟူသော စကားလုံးကို သူ၏ လူငယ်ဘဝတွင် အကြိမ်ကြိမ် ကြားဖူးခဲ့သော်လည်း အခုထိ နားထဲတွင် ခါးသီးနေဆဲဖြစ်သည်။
"နောက်တစ်ခါ လျှောက်ပြောရဲရင် ငါ ကျောင်းအုပ်ကြီးကိုပြောပြီး မင်းတို့ကို ကျောင်းထုတ်ပစ်မယ်။"
ယွီရှောင်ကန်းသည် သူ့အကြောင်း ပြောနေသူများကို ဒေါသတကြီး ကြည့်လိုက်သည်။
"ယွီရှောင်ကန်း... ခင်ဗျား ငါ့ကျောင်းသားတွေကို ခြိမ်းခြောက်နေတာလား"
ကျောင်းအုပ်ကြီးနှင့် ဆရာကြီးမုန့်တို့ လမ်းလျှောက်လာကြသည်။ ယွီရှောင်ကန်း၏ စကားကို ကြားသောအခါ ကျောင်းအုပ်ကြီးက ချက်ချင်း အေးစက်စွာ မေးလိုက်သည်။
သူသည် ယွီရှောင်ကန်း၏ အရည်အချင်းကို ကြည့်၍ ကျောင်းတွင် လက်ခံထားခြင်းမဟုတ်ဘဲ ပြာလွင်လျှပ်စီး နဂါးမင်းမျိုးနွယ်စုကို ထောက်ထား၍ လက်ခံထားခြင်းဖြစ်သည်။
အကယ်၍ ယွီရှောင်ကန်းသာ ထိုမျိုးနွယ်စုဝင်မဟုတ်လျှင် ဤကဲ့သို့ ဘာမှမလုပ်နိုင်ဘဲ အချောင်စားနေသောသူကို သူ နှင်ထုတ်ပစ်သည်မှာ ကြာပြီဖြစ်သည်။
သို့သော် ယခုမူ ယွီရှောင်ကန်းက နော့တင်းအကယ်ဒမီမှ ကျောင်းသားများကိုပင် ခြိမ်းခြောက်ရဲနေပြီလား
"ကျွန်တော်..." ယွီရှောင်ကန်း ခဏမျှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။
သို့သော် ကျောင်းအုပ်ကြီးအနေဖြင့် သူ၏မျိုးနွယ်စု မျက်နှာကို ထောက်ထားပြီး အလွန်အမင်း အပြစ်ပေးမည်မဟုတ်ဟု သူ တွေးလိုက်မိသည်။
သို့သော် ယွီရှောင်ကန်း ဤတစ်ကြိမ်တွင် မှားသွားခဲ့သည်။
"ခင်ဗျားနဲ့ ကျွန်တော်နဲ့က သူငယ်ချင်းတွေမို့လို့ ကျွန်တော် လက်ခံထားတာ။ ဒါပေမဲ့ ဒီနေ့ကစပြီး နော့တင်းအကယ်ဒမီမှာ ခင်ဗျားအတွက် နေရာမရှိတော့ဘူး။ ခင်ဗျား ပစ္စည်းတွေ သိမ်းပြီး အခုပဲ ထွက်သွားတော့ (လစ်တော့)။"
"ကောင်းလိုက်တာ"
ကျောင်းသားများမှာ လက်ခုပ်တီး၍ အားပေးကြသည်။
ယွီရှောင်ကန်း၏ စကားက လူအတော်များများကို တကယ်ပင် လန့်သွားစေသည်။
နော့တင်းအကယ်ဒမီတွင် တက်နေသော ကျောင်းသားများမှာ ပါရမီ အလွန်ထူးချွန်သူများ မဟုတ်ကြပေ။ ကျောင်းထုတ်ခံရပါက ဝိညာဉ်ဆရာ ဖြစ်လာမည့် အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားနိုင်သည်။
"ကျောင်းအုပ်ကြီးက တော်လိုက်တာ။"
"ကျောင်းအုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ။"
"မင်း... မင်း ငါ့ကို ထွက်သွားခိုင်းရဲတယ်ပေါ့လေ" ယွီရှောင်ကန်းသည် ကျောင်းအုပ်ကြီးကို ဒေါသတကြီး ကြည့်လိုက်သည်။
"ခင်ဗျား ထွက်သွားချင်ရုံနဲ့လည်း လွယ်မှာမဟုတ်ဘူး။"
ဆရာကြီးမုန့် စကားပြောလိုက်သည်။
သူသည် လင်းချီကို တစ်ချက် ညင်သာစွာ ကြည့်လိုက်ပြီးနောက် ဆိုလိုက်သည်
"ငါ့တပည့်အပေါ် အမှားအမှန်ကို ပြောင်းပြန်လှန်ချင်တာလား ခင်ဗျား သတ္တိကတော့ မသေးဘူးပဲ။ ရှောင်ချီကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရင် ခင်ဗျား တန်ဖိုးပေးရလိမ့်မယ်။"
"ခင်ဗျား ဘာလုပ်မလို့လဲ ကျွန်တော်က ပြာလွင်လျှပ်စီး နဂါးမင်းမျိုးနွယ်စုက လူနော်။"
ယွီရှောင်ကန်းသည် ထိတ်လန့်တကြား နောက်သို့ ဆုတ်လိုက်ရာ ထန်ဆန်းကိုပင် ဆက်ဖက်မထားနိုင်တော့ပေ။
"သိက္ခာမရှိတဲ့သူပဲ။ ခင်ဗျားလိုလူက ဆရာသခင်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်လို့လား"
ဆရာကြီးမုန့်မှာမူ လုံးဝ ထိတ်လန့်ခြင်းမရှိဘဲ ဆွေးမြည့်သစ်သားသိုင်းဝိညာဉ် ပေါ်ထွက်လာသည်။
မီးခိုးရောင်မြူများသည် ထိတ်လန့်နေသော ယွီရှောင်ကန်းကို ဝန်းရံသွားခဲ့သည်။
"ဆွေးမြည့်သစ်သားလို အမှိုက်သိုင်းဝိညာဉ်က စီရင်ချက်တုန့်လော့အဆင့်အထိ ကျင့်ကြံ နိုင်တယ်ဆိုတာကို ခင်ဗျား မယုံဘူး မဟုတ်လား ဒါဆိုရင် ဆွေးမြည့်သစ်သားသိုင်းဝိညာဉ်ရဲ့ စွမ်းအားကို ကိုယ်တိုင် မြည်းစမ်းကြည့်လိုက်ပေါ့။"
"ခင်ဗျား ဘာလုပ်မလို့လဲ အခုချက်ချင်း ရပ်လိုက်စမ်း။"
မီးခိုးရောင်မြူများထဲမှ ယွီရှောင်ကန်း၏ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။
သူသည် မြူများကို ဖယ်ရှားရန် လက်များကို ရမ်းခါနေသော်လည်း မည်သည့် သက်ရောက်မှုမျှ မရှိပေ။
အမှန်စင်စစ် ယွီရှောင်ကန်းမှာ နာကျင်မှုကို မခံစားရသလို ထိခိုက်ဒဏ်ရာရသွားသည်ဟုလည်း မထင်ပေ။ သို့သော် ဤသို့သော မသိနိုင်သော အခြေအနေက သူ့ကို ပို၍ ကြောက်လန့်စေသည်။
နောက်ဆုံးတွင် မြူများ ကွယ်ပျောက်သွားရာ ယွီရှောင်ကန်းသည် ဆရာကြီးမုန့်ကို အကြောင်သား ကြည့်နေမိသည်။
ဒီလောက်နဲ့ ပြီးသွားတာလား သူက ပါးစပ်ကသာ ပြောနေတာ တကယ်တော့ ပြာလွင်လျှပ်စီး နဂါးမင်းမျိုးနွယ်စုကို ကြောက်နေတုန်းပဲ မဟုတ်လား
ယွီရှောင်ကန်း ထိုသို့ တွေးနေစဉ်မှာပင် ပတ်ဝန်းကျင်မှ အံ့အားသင့်သံများ ဆူညံသွားသည်။
အားနည်းနေသော ထန်ဆန်းသည်လည်း သူ့ကို အံ့သြတကြီး ကြည့်နေသည်။
"ဆရာ... ဆရာ ဘာလို့ ဒီလောက်တောင် အိုသွားရတာလဲ"
"ဘာ..."
ယွီရှောင်ကန်း ထိတ်လန့်သွားပြီး မှန်တစ်ချပ်ကို ချက်ချင်း ယူကြည့်လိုက်သည်။
မီးခိုးရောင်မြူများအတွင်း ခဏမျှ နေခဲ့ရသော ယွီရှောင်ကန်း၏ ဆံပင်များမှာ ဖြူဖွေးသွားပြီး မျက်နှာနှင့် လက်များတွင်လည်း အရေးအကြောင်းများစွာ ပေါ်လာခဲ့သည်။
"ခင်ဗျားရဲ့ သက်တမ်းကို ဆယ်နှစ် ဆွေးမြည့်သွားအောင် လုပ်လိုက်တာ ဒါက သတိပေးချက်အဖြစ် ပေးတဲ့ ပြစ်ဒဏ်ပဲ။"
ဆရာကြီးမုန့်က အေးစက်စွာ ဆိုလိုက်သည်။
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး"
မှန်ထဲတွင် များစွာ အိုမင်းသွားသော မိမိကိုယ်ကိုယ် ကြည့်ရင်း ယွီရှောင်ကန်းသည် ကောင်းကင်ကိုမော့ကာ အော်ဟစ်လိုက်တော့သည်။