အခန်း (၁၅၈) ယွီလျော့မြန်၏ အစ်ကိုဖြစ်သူအား ရှာဖွေခြင်း
ရှရှိက်ခ်အကယ်ဒမီ။
ဖလန်းဒါးသည် စိတ်မသက်မသာ ဖြစ်နေသော ဧည့်သည်တစ်ဦးကို အတင်းအပြုံးဖြင့် ကြိုဆိုနေရသည်။ သူသည် ဤမျှအထိ ယဉ်ကျေးပျူငှာနေရခြင်းမှာ ထိုဧည့်သည်က သူ့ထက် ပိုမိုအစွမ်းထက်သောကြောင့် မဟုတ်ဘဲ ထိုသူ၏ အဆင့်အတန်းကြောင့်သာ ဖြစ်သည်။
ရောက်ရှိလာသူမှာ အပြာရောင်လျှပ်စီး နဂါးဘုရင်မျိုးနွယ်စုမှ ယွီလျော့မြန်ဖြစ်ပြီး သူသည် ယွီရှောင်ကန်း၏ ဒုတိယဦးလေးနှင့် လျူအာလုံ၏ အရင်းခေါက်ခေါက် ဖခင်လည်း ဖြစ်သည်။
"လူကြီးမင်း ဘာကြောင့် ရောက်လာတာလဲခင်ဗျာ ကျွန်တော့်ကို ကြိုတင်အကြောင်းကြားလိုက်ရင် ဧည့်ခံဖို့ ပြင်ဆင်ထားလို့ ရတာပေါ့"
ဖလန်းဒါးသည် လျူအာလုံအပေါ်တွင် လက်မလျှော့နိုင်သေးသူ ဖြစ်သဖြင့် လျူအာလုံ၏ ဖခင်ရှေ့တွင် မိမိကိုယ်ကိုယ် နိမ့်ကျသည်ဟု ခံစားနေရသည်။ လျူအာလုံက သူမ၏ ဖခင်အရင်းကို အသိအမှတ်မပြုလိုသော်လည်း ဖလန်းဒါးကတော့ လျူအာလုံ၏ သဘောထားအတိုင်း လိုက်လုပ်၍ မရပေ။ ထို့ပြင် သူ လက်ရှိ ဦးစီးနေသော ရှရှိက်ခ်အကယ်ဒမီမှာ ယခင်က လန်ပါအကယ်ဒမီ ဖြစ်ခဲ့သဖြင့် ၎င်းမှာ မိန်းမဘက်က အိမ်ထောင်စုထဲသို့ ဝင်ရောက်နေထိုင်ရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။
ယွီရှောင်ကန်းနှင့် လျူအာလုံတို့ နှစ်ဦးစလုံးမှာ ထွက်မလာကြချေ။ ယွီရှောင်ကန်းမှာ သူ၏ ဒုတိယဦးလေးက သူ့ကို ရိုက်သတ်လိုက်မည်ကို ကြောက်သဖြင့် ယွီလျော့မြန်နှင့် မရင်ဆိုင်ရဲပေ။ လျူအာလုံကတော့ ယွီလျော့မြန်ကို လုံးဝမနှစ်သက်ဘဲ သူမ၏ ဖခင်အရင်းအပေါ်တွင် မည်သည့် သံယောဇဉ်မျှ မရှိပေ။
"စကားကောင်းတွေ ပြောမနေနဲ့တော့ ငါ လူတစ်ယောက်ကို လာရှာတာ"
"ဘယ်သူ့ကို ရှာတာလဲခင်ဗျာ" ဖလန်းဒါးက သတိထား၍ မေးလိုက်သည်။
သူ၏ အမြင်တွင် ယွီလျော့မြန် လာရှာသည့်သူမှာ လျူအာလုံ ဖြစ်နိုင်ခြေ အလွန်များသည်။ သို့သော် လျူအာလုံက သူ့ကို မတွေ့လိုသဖြင့် ဖလန်းဒါးမှာ ကြားညပ်နေကာ မည်သို့လုပ်ရမည်ကို မသိတော့ပေ။
"ငါ့အစ်ကိုကို လာရှာတာ သူက အပြာရောင်လျှပ်စီး နဂါးဘုရင်မျိုးနွယ်စုရဲ့ ဂိုဏ်းချုပ်ပဲ။ မင်း သူ့အကြောင်း မကြားဖူးဘူးတော့ မပြောနဲ့နော်"
ယွီယွမ်ကျိန်းသည် မျိုးနွယ်စုမှ ထွက်ခွာလာစဉ်က လူအနည်းငယ်ကိုသာ အသိပေးခဲ့ပြီး ယွီလျော့မြန်မှာ ထိုအထဲမှ တစ်ဦးဖြစ်သည်။ ယွီယွမ်ကျိန်း ထွက်သွားသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သော်လည်း မျိုးနွယ်စုသို့ ပြန်မရောက်လာသေးပေ။ မျိုးနွယ်စု၏ တစ်ဦးတည်းသော တိုက်တန်တုန့်လော့ဤမျှကြာအောင် ပျောက်ဆုံးနေခြင်းမှာ အမှန်တကယ်ပင် မသင့်တော်ပေ။
ယွီလျော့မြန် ထင်သည်မှာ ယွီယွမ်ကျိန်းသည် ယွီရှောင်ကန်းနှင့် တွေ့ဆုံပြီးနောက် ဖခင်မေတ္တာကြောင့် မခွာနိုင်ဘဲ ရှိနေသည်ဟု ဖြစ်သည်။ သူသည် ကိုယ်တိုင်ထွက်ရှာရန်မှတစ်ပါး အခြားမရှိတော့ပေ။ အသုံးမကျသော ယွီရှောင်ကန်းကြောင့် မျိုးနွယ်စု၏ တစ်ဦးတည်းသော တိုက်တန်တုန့်လော့ကို ကောင်းကင်မြို့တော် ထဲတွင် အချိန်ဖြုန်းနေခွင့် မပေးနိုင်ပေ။
"ယွီယွမ်ကျိန်းကို ပြောတာလား လူကြီးမင်း... သူ ဒီကနေ ထွက်သွားတာ ကြာပါပြီ။ သူ မျိုးနွယ်စုကို ပြန်မရောက်သေးဘူးလား"
ဖလန်းဒါးမှာ အံ့အားသင့်သွားသည်။ ယွီလျော့မြန်က သူ့ထက်ပင် ပို၍ အံ့သြသွားသည်။
"ဘာပြောလိုက်တယ် ငါ့အစ်ကို ဒီမှာ မရှိဘူးလား"
"ဟုတ်ကဲ့... လူကြီးမင်းယွီက ယွီရှောင်ကန်းကို လာတွေ့ပြီး ဆယ်ရက်ကျော်လောက်မှာပဲ ပြန်ထွက်သွားတာပါ"
ယွီလျော့မြန်သည် ယခင်က ယွီယွမ်ကျိန်းအပေါ် သားဖြစ်သူကြောင့် တာဝန်ပျက်ကွက်သည်ဟု မကျေမနပ်ဖြစ်ခဲ့သော်လည်း ယခုတော့ စိုးရိမ်စိတ်များ ဝင်လာသည်။ ယွီရှောင်ကန်းကိစ္စမှလွဲ၍ ယွီယွမ်ကျိန်းသည် မျိုးနွယ်စုကို ပစ်ပယ်ပြီး မည်သည့်အကြောင်းကြောင့်မှ ကွယ်ပျောက်သွားမည်မဟုတ်ဟု သူယုံကြည်သည်။ အကယ်၍ အရေးကြီးကိစ္စ ရှိခဲ့လျှင်ပင် ဘာသတင်းမျှ မပေးဘဲ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။
"မြန်မြန်ပြောစမ်း... ငါ့အစ်ကို ဒီကိုရောက်လာပြီးကတည်းက ဖြစ်ခဲ့သမျှ အကုန်ပြောပြ"
ယွီလျော့မြန်သည် ယွီယွမ်ကျိန်း ဘယ်ရောက်သွားသည်ကို စဉ်းစားမရဘဲ တစ်စုံတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်နေသည်။ အခြေအနေ၏ လေးနက်မှုကို ဖလန်းဒါး သိရှိပြီး သူသိသမျှကို ပြောပြရန် ပြင်ဆင်နေစဉ်မှာပင် ယွီလျော့မြန်က ကြားဖြတ်ပြောလိုက်ပြန်သည်။
"ဟွန်း... အဲဒီ ယွီရှောင်ကန်းဆိုတဲ့ကောင်ကို သွားခေါ်ခဲ့စမ်း။ ဒီလောက်ကိစ္စကြီး ဖြစ်နေတာတောင် ထွက်မလာရဲတာကတော့ တကယ့်ကို လွန်လွန်းတယ်"
ယွီလျော့မြန်သည် ယွီရှောင်ကန်းကို လျူအာလုံက သူ့ကို မုန်းသည်ထက်ပင် ပို၍ မုန်းတီးသည်။ အရည်အချင်းမရှိဘဲ မောက်မာနေသည်မှာ တစ်ကဏ္ဍ သူ့သမီးကို ဖျားယောင်းခဲ့သည်မှာ တစ်ကဏ္ဍ ဖြစ်သည်။ အကယ်၍ သူသာ အချိန်မီ ရောက်မလာခဲ့လျှင် ယွီရှောင်ကန်းနှင့် လျူအာလုံတို့မှာ ကြီးမားသော အမှားတစ်ခုကို ကျူးလွန်မိကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် မျိုးနွယ်စုမှာ အရှက်ရမည်ဖြစ်ပြီး ဖခင်နှင့် ဦးလေးဖြစ်သူ သူသည် အရှက်ရဆုံးသူ ဖြစ်ပေလိမ့်မည်။
"ဟုတ်ကဲ့... အခုပဲ သွားခေါ်ပါ့မယ်"
ဖလန်းဒါးသည် ယွီရှောင်ကန်းနှင့် လျူအာလုံကို သွားရှာသည်။ ယွီယွမ်ကျိန်း ပျောက်ဆုံးနေကြောင်း သိရသောအခါ သူတို့မှာ ကျန်ရှိသမျှကို ပစ်ပယ်ပြီး ယွီလျော့မြန်နှင့် တွေ့ရန် ထွက်လာခဲ့ကြသည်။
ယွီယွမ်ကျိန်းကဲ့သို့ပင် ယွီလျော့မြန်သည်လည်း သူ၏ အိုမင်းရင့်ရော်နေသော တူဖြစ်သူ ယွီရှောင်ကန်းကို ပထမအမြင်တွင် မှတ်မိခြင်း မရှိပေ။ ယွီရှောင်ကန်း စကားပြောလိုက်မှသာ သူသည် ထိတ်လန့်တကြားဖြင့် မှတ်မိသွားတော့သည်။
"ဒုတိယဦးလေး... ကျွန်တော့်အဖေ ဘာဖြစ်လို့လဲ"
"မင်း... မင်းက ယွီရှောင်ကန်းလား"
ယွီယွမ်ကျိန်း ပျောက်ဆုံးနေမှုကို စိုးရိမ်နေသည့်ကြားမှ ယွီလျော့မြန်မှာ အံ့သြမှုကို မထိန်းနိုင်ပေ။ ယွီရှောင်ကန်းမှာ ချည့်နဲ့အိုမင်းနေပြီး သူ့တူထက်စာလျှင် သူ့ဦးလေးနှင့်ပင် ပိုတူနေသေးသည်။
ယွီရှောင်ကန်း၏ ရင်ထဲတွင် ခါးသီးလှသည်။ ယွီလျော့မြန်၏ ထိုကဲ့သို့ စိုက်ကြည့်ခြင်းကို ခံရခြင်းက သူ့ကို အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။
"ဒုတိယ... ဒုတိယဦးလေး ဒီအကြောင်းကို နောက်မှပြောကြတာပေါ့။ ကျွန်တော့်အဖေ ဘာဖြစ်ခဲ့လဲဆိုတာ အရင်ပြောပါဦး"
ယွီလျော့မြန်သည် အံ့သြသလို ဝမ်းလည်းသာသွားသည်။ ပြောနေစရာပင် မလိုပေ အံ့သြရခြင်းမှာ ယွီရှောင်ကန်း ဤမျှ အိုမင်းသွားသောကြောင့်ဖြစ်ပြီး ဝမ်းသာရခြင်းမှာတော့ သူ၏ နားမထောင်သော သမီးဖြစ်သူသည် ယခုတော့ ဤကောင်ကို စွန့်လွှတ်နိုင်လောက်ပြီဟု ထင်မိသောကြောင့်ဖြစ်သည်။ ဤသို့တွေးလိုက်သောအခါ ယွီရှောင်ကန်းအပေါ် ထားရှိသော ယွီလျော့မြန်၏ သဘောထားမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။ သေခါနီး အဖိုးကြီးတစ်ယောက်ကို အပြစ်တင်နေလို့ ဘာထူးမှာလဲ
"မင်းအဖေ မျိုးနွယ်စုကနေ ထွက်သွားတာ ဆယ့်သုံးရက် ရှိပြီ ပြန်မလာသေးဘူး။ သူက မင်းကို လာရှာတာလေ။ သူ ဘယ်မှာ ရှိနိုင်မလဲဆိုတာ မင်း သိသလား"
"ကျွန်တော်..."
ယွီရှောင်ကန်းက မသိကြောင်း ပြောရန် ပြင်လိုက်သော်လည်း ယွီယွမ်ကျိန်း ဒေါသတကြီး ထွက်ခွာသွားခဲ့သည်ကို သတိရလိုက်သောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူ့ဖခင်က သူ့အတွက် လက်စားချေရန် သွားခဲ့ခြင်းများလား
ယွီရှောင်ကန်းမှာ ထိတ်လန့်သွားမိသည်။ ယွီယွမ်ကျိန်းသည် ဆရာကြီးမုန့် ကို အနိုင်ယူနိုင် မယူနိုင် သူ မသေချာသော်လည်း... ယွီယွမ်ကျိန်းသည် လင်ချင်းကိုဖြစ်စေ တာလီတော်ဝင်အကယ်ဒမီရှိ အစွမ်းထက်သူများ အားလုံးကိုဖြစ်စေ ရင်ဆိုင်နိုင်စွမ်း မရှိသည်ကိုတော့ သူ သိထားသည်။
သို့သော် ယွီယွမ်ကျိန်း ထွက်မသွားခင်က သူ့ဖခင်အနေဖြင့် တာလီတော်ဝင်အကယ်ဒမီသို့ တိုက်ရိုက်သွားရလောက်အောင် မိုက်မဲမည် မဟုတ်ကြောင်း လျူအာလုံက ပြောခဲ့သည် မဟုတ်ပါလား ထို့ပြင် တိုက်တန်တုန့်လော့ တစ်ဦး ကောင်းကင်မြို့တော်ထဲတွင် တိုက်ခိုက်မည်ဆိုပါက မည်သူမျှ မသိဘဲ နေပါမည်လော သူသည် ကောင်းကင်မြို့တော်ထဲတွင် ရှိနေသော်လည်း တိုက်တန်တုန့်လော့များ တိုက်ခိုက်သည့် အသံတစ်ချက်မျှ မကြားခဲ့ရပေ။ အကယ်၍ သူက နားမကြား မျက်စိမမြင် ဖြစ်နေလျှင်ပင် ဖလန်းဒါးနှင့် လျူအာလုံတို့ကတော့ မသိဘဲ နေလိမ့်မည် မဟုတ်ပေ။
ယွီရှောင်ကန်း မသိသည်မှာ တိုက်တန်တုန့်လော့ ဖြစ်သော ယွီယွမ်ကျိန်းမှာ ကွန်ဖြူးရှပ်၏ ရှေ့တွင် အစွမ်းမဲ့နေခဲ့ခြင်း ဖြစ်သည်။ သူသည် အော်ဟစ်သံပင် မထွက်နိုင်ဘဲ ဆွဲခေါ်သွားခြင်း ခံခဲ့ရရာ တိုက်ခိုက်ခွင့်ပင် မရခဲ့ချေ။
ယွီရှောင်ကန်းသည် လျူအာလုံကို ကြည့်လိုက်ရာ သူမလည်း အကြီးအကျယ် ဇဝေဇဝါ ဖြစ်နေသည်ကို တွေ့ရသည်။ ယွီယွမ်ကျိန်းသည် ယွီရှောင်ကန်းကို ကုသပေးရန် နည်းလမ်းတစ်ခုခု သိသွားပြီး မျိုးနွယ်စုသို့ သတင်းမပို့နိုင်ခင်မှာပင် တစ်နေရာရာသို့ သွားနေခြင်းများလား
ယွီယွမ်ကျိန်းသည် တာလီတော်ဝင်အကယ်ဒမီသို့ သွားခဲ့နိုင်ကြောင်း ယွီလျော့မြန်ကို ပြောရမလား မပြောရမလား ယွီရှောင်ကန်း ဝေခွဲမရဖြစ်နေစဉ်မှာပင် ဒိုက်မုပိုင်နှင့် မာဟုန်းကျွင်းတို့ ရောက်လာကြသည်။
"ကျောင်းအုပ်ကြီး... အကြီးအကျယ် ဖြစ်နေပြီဗျ"
"အာ... ဆရာကြီးလည်း ရှိနေတာပဲ"
ထိုနှစ်ဦးသည် ယွီရှောင်ကန်းကို မြင်သောအခါ သူတို့၏ အမူအရာများမှာ အလွန်ပင် ရှုပ်ထွေးသွားပြီး သနားသည်လား စိုးရိမ်သည်လား ခွဲခြားရခက်လှသည်။ သူတို့၏ အမူအရာကို မြင်သောအခါ တစ်စုံတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း ဖလန်းဒါး ချက်ချင်း သိလိုက်သည်။
သူ စကားမပြောရသေးခင်မှာပင် ယွီလျော့မြန်က ကြားဖြတ်မေးလိုက်သည်။
"မြန်မြန်ပြောစမ်း... မင်းတို့ ဘာအရေးကြီးတဲ့ကိစ္စ သိထားလို့လဲ"
ဒိုက်မုပိုင်နှင့် မာဟုန်းကျွင်းတို့မှာ ဇိုးဇိုးဇတ်ဇတ် ရှိသူများဖြစ်ရာ ဤကဲ့သို့ ရန်လိုသော အမူအရာဖြင့် မေးမြန်းခြင်းကို ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြသည်။ ကံကောင်းထောက်မစွာဖြင့် ဖလန်းဒါးက သူ၏ ကျောင်းသားများ စရိုက်ကို သိသဖြင့် အမြန်ပင် ဝင်ရောက် ပြောဆိုလိုက်သည်။
"ဒါက... ငါတို့ရဲ့ လူကြီးတစ်ယောက်ပါ အပြာရောင်လျှပ်စီး နဂါးဘုရင်မျိုးနွယ်စုကပဲ။ သိတာရှိရင် ပြောပြလိုက်ပါ"
"အော်... အဘိုးယွီ ကိုး"
ဒိုက်မုပိုင်နှင့် မာဟုန်းကျွင်းတို့၏ ဒေါသများမှာ ချက်ချင်းပင် ၁၈၀ ဒီဂရီ ပြောင်းလဲသွားတော့သည်။ "ဒီလိုပါ..."