အခန်း (၁၅၆) ယွီယွမ်ကျိန်းကို ကြိမ်လုံးဖြင့် ရိုက်နှက်ခြင်း
ယွီယွမ်ကျိန်းကို တာလီတော်ဝင်အကယ်ဒမီထဲသို့ ခေါ်ဆောင်သွားသော်လည်း အပြင်ဘက်ရှိ လူအုပ်ကြီးမှာ အချိန်အတော်ကြာသည်အထိ လူမခွဲသေးဘဲ ရှိနေသည်။
ထိုမျှမကဘဲ လူများစွာ ပိုမိုစုရုံးလာကြသည်။ နောက်မှရောက်လာသူများသည် လူအုပ်ကြီးကို မြင်သောကြောင့် စပ်စုလိုစိတ်ဖြင့် စုဝေးလာကြခြင်း ဖြစ်သည်။
ဘာတွေဖြစ်ခဲ့သည်ကို ကြားသိရပြီးနောက် သူတို့အားလုံးမှာလည်း အားတက်သရော ဆွေးနွေးမှုတွင် ပါဝင်လာကြသည်။
"တာလီတော်ဝင်အကယ်ဒမီရဲ့ ဆရာတွေက ငါတို့လို လုံးဝမသိတဲ့ သာမန်လူတွေကို တကယ်ပဲ ထွက်ကူညီလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး"
"ဟေ့... အဲ့ဒီမောက်မာတဲ့လူက ဘယ်အဆင့်ရှိတဲ့ ဝိညာဉ်ပညာရှင်လို့ မင်းထင်သလဲ သူ တော်တော်လေး သန်မာပုံရတယ်"
"သူက ဝိညာဉ်သူတော်စင်ဖြစ်ရမယ် မဟုတ်ရင် အဲ့ဒီလောက် ကြောက်စရာမကောင်းဘူး"
"ဝိညာဉ်သူတော်စင် ဟုတ်လား မင်းကတော့ တကယ်ကို လူမသိနားမသိ ဖြစ်နေတာပဲ။ အဲ့ဒီလူက ဝိညာဉ်တုန့်လော့ဖြစ်နေမှာ သေချာတယ်"
မည်မျှပင် ခန့်မှန်းကြစေကာမူ ယွီယွမ်ကျိန်းသည် တိုက်တန်တုန့်လော့ တစ်ဦးဖြစ်ကြောင်း မည်သူမျှ မခန့်မှန်းနိုင်ကြပေ။ သာမန်လူများသာမက ဝိညာဉ်ပညာရှင် အများစုအတွက်ပင် တိုက်တန်တုန့်လော့ ဆိုသည်မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထူးခြားသော အခြေအနေများ မရှိဘဲ တစ်သက်လုံးတွင် တိုက်တန်တုန့်လော့ တစ်ဦးနှင့် တွေ့ဆုံနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"အဲ့ဒီကောင်က ဝိညာဉ်သူတော်စင်ပဲဖြစ်ဖြစ် ဝိညာဉ်တုန့်လော့ပဲဖြစ်ဖြစ် အကယ်ဒမီရဲ့ ဆရာတွေရှေ့မှာတော့ ကြက်ကလေးတစ်ကောင်နဲ့ ဘာမှမခြားဘူး"
ကွန်ဖြူးရှပ်က ယွီယွမ်ကျိန်းကို လွယ်ကူစွာ ချုပ်ကိုင်ပြီး ကြွမြှောက်သွားသည်ကို မြင်တွေ့ခဲ့သူများ၏ ရင်ထဲတွင် စွဲထင်ကျန်ရစ်နေသည်။ ဒါကမှ အမှန်တကယ် ဆရာကြီးပင်။
"အဲ့ဒီအရေးယူလိုက်တဲ့ ဆရာ့အကြောင်း ငါကြားဖူးပုံမရဘူး။ သူလည်း တိုက်တန်တုန့်လော့ တစ်ယောက် ဖြစ်ရမယ်"
"ဒါကတော့ သေချာတာပေါ့။ ဆရာကြီးမုန့် နဲ့ ဆရာကြီးကျိန်းတို့က အဲ့ဒီဆရာ့ကို ဘယ်လောက်တောင် လေးစားသလဲဆိုတာ မင်းမတွေ့ဘူးလား ဆရာတွေထဲမှာ သူ့ရဲ့ အဆင့်အတန်းက တော်တော်လေး မြင့်မှာပဲ"
လူများမှာ ကွန်ဖြူးရှပ်၏ အထောက်အထားနှင့် စွမ်းအားကို အပြိုင်အဆိုင် ခွဲခြမ်းစိတ်ဖြာ နေကြသည်။
လမ်းပေါ်ရှိ နေရာတစ်ခုတွင် လူအုပ်ကြီးမှာ အထူးသဖြင့် ပို၍ထူထပ်နေသည်။ ကွန်ဖြူးရှပ်က ယွီယွမ်ကျိန်းလက်မှ ကယ်တင်ခဲ့သော လူငယ်မှာ လူအများ၏ ဝိုင်းဝန်းမေးမြန်းမှုကို ခံနေရသည်။ သူသည် ယွီယွမ်ကျိန်း ကွန်ဖြူးရှပ်တို့နှင့် အနီးကပ်ဆုံး ထိတွေ့ခဲ့ရသူဖြစ်ပြီး အချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ သိရှိထားသူ ဖြစ်သည်။
ဤလူငယ်သည် စကားပြော အလွန်ကောင်းသည်။ သို့မဟုတ်ပါက အသက်အန္တရာယ် ကြုံနေရချိန်တွင် ယွီယွမ်ကျိန်းကို ထိုသို့ ပြန်လည် တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။ အရှိန်အဝါသုံးပြီး သူ့ကို မြေပြင်တွင် ဖိနှိပ်ထားသော ယွီယွမ်ကျိန်းမှာ တိုက်တန်တုန့်လော့ ဖြစ်နိုင်ကြောင်း သူက ပြောသော်လည်း လူအများစုကတော့ သူ့ကိုယ်သူ လူရာဝင်အောင် လျှောက်ပြောနေခြင်းဟုသာ ယူဆကြသည်။
တိုက်တန်တုန့်လော့ ဆိုသည်မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မင်းက တိုက်တန်တုန့်လော့ တစ်ယောက်ရဲ့ နှိပ်စက်မှုကို ခံရလောက်အောင် ထိုက်တန်လို့လားဟု သူတို့က ထင်နေကြသည်။
"ညီလေး... မင်းနာမည်က ဘယ်သူလဲ"
ထိုလူငယ်သည် အသေးစိတ် အချက်အလက်အားလုံးကို အားရပါးရ ပြောပြနေသဖြင့် တစ်စုံတစ်ယောက်က နာမည်မေးချိန်တွင် သူ၏ လည်ချောင်းပင် ခြောက်နေချေပြီ။
"ငါ့နာမည်လည်း မပြောင်းဘူး မျိုးရိုးနာမည်လည်း မပြောင်းဘူး။ ငါက ကောင်းကင်မြို့တော် တောင်ပိုင်းက မြွေရှည်ကြိမ်လုံးရန်စန်းဟွေပဲ"
ယနေ့သည် ရန်စန်းဟွေ၏ ဘဝတွင် လူအများ၏ အာရုံစိုက်မှုနှင့် လေးစားမှုကို အခံရဆုံးနေ့ ဖြစ်သည်။ သူသည် ထူးထူးခြားခြား ပါရမီပါသူ မဟုတ်သော်လည်း ယနေ့ပြီးနောက် ကောင်းကင်မြို့တော်တွင် အနည်းဆုံးတော့ နာမည်တစ်လုံး ရသွားချေပြီ။ မြွေရှည်ကြိမ်လုံး ဆိုသည်မှာ သူ၏ ဝိညာဉ်အမည်ဖြစ်ပြီး ၎င်းကို အော်ဟစ်ပြောဆိုခြင်းဖြင့် သူ၏ ဂုဏ်သတင်းကို ပိုမိုမြင့်တင်လိုက်သည်။
"အော်... နာမည်ကျော် ရန်စန်းဟွေကိုး ခင်ဗျားအကြောင်း ကြားဖူးတာ ကြာပါပြီ"
"နောက်နေ့ကျရင် ငါ မင်းကို ထမင်းတစ်နပ် ဝယ်ကျွေးပါ့မယ် အစ်ကိုရန်"
ထိုနာမည်ကို ယခင်က ကြားဖူးသည်ဖြစ်စေ မကြားဖူးသည်ဖြစ်စေ လူအများမှာ သိကျွမ်းနေသည်မှာ ကြာပြီဖြစ်သော အမူအရာများ ပြသကြသည်။
"ကြည့်စမ်း... အဲ့ဒီလူ ပြန်ထွက်လာပြီ"
ထိုစဉ် လူအုပ်အပြင်ဘက်မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ဘာ"
ဘဝ၏ အမြင့်ဆုံးအချိန်ကို ရောက်နေသော ရန်စန်းဟွေသည် ရုတ်တရက် ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ပြန်လည် ပြားကပ်သွားလုနီးပါး ဖြစ်သွားသည်။ ယွီယွမ်ကျိန်းက အနီးကပ် အရှိန်အဝါ သုံးလိုက်စဉ်က သူသည် သေမင်းနှင့် အနီးစပ်ဆုံး ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ထိုလူကို အကယ်ဒမီက ပြန်လွှတ်ပေးလိုက်ပြီး သူက လက်စားပြန်ချေမည်ဆိုပါက သူ ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ပေ။
"သူ့ကို ဒီလောက်မြန်မြန် ပြန်လွှတ်ပေးလိုက်တာလား အကယ်ဒမီက သူ့ကို အပြစ်မပေးဘူးလား"
တစ်စုံတစ်ယောက်က ရန်စန်းဟွေ၏ ရင်ထဲရှိ မေးခွန်းကို မေးလိုက်သည်။ ရန်စန်းဟွေသည် လူအုပ်ကြားထဲမှ တိတ်တဆိတ် ထွက်ပြေးရန် ပြင်နေစဉ်မှာပင် တစ်စုံတစ်ယောက်က "ကြည့်စမ်း" ဟု အော်လိုက်ပြန်သည်။
"ဟားဟား... ငါ သိသားပဲ။ တာလီအကယ်ဒမီရဲ့ ဆရာတွေက အစွဲအလမ်းကြီးတဲ့ သူတော်စင်တွေ မဟုတ်ပါဘူး။ အဲ့ဒီမောက်မာတဲ့ကောင်က တံမြက်စည်းကြီး ကိုင်လာတာပဲ"
"တကယ်ပဲ... ဒီကောင် အရင်က အရမ်းမောက်မာနေတာ အခုတော့ လမ်းတံမြက်လှည်းသမား ဖြစ်နေပြီ"
"မတိုးနဲ့လေ ငါ့ကိုလည်း ကြည့်ပါရစေဦး"
ဖြစ်ပျက်နေသည့် မြင်ကွင်းကို ကြည့်ရှုခြင်းမှာ လူအများအတွက် ဖျော်ဖြေမှုတစ်ခုဖြစ်ပြီး ဝိညာဉ်ပညာရှင်များလည်း အပါအဝင်ဖြစ်သည်။ ယွီယွမ်ကျိန်းသည် အပြာရောင်လျှပ်စီး နဂါးဘုရင်မျိုးနွယ်စုတွင် ရှိနေစဉ်ကထက်ပင် ပိုမိုပြင်းထန်သော အာရုံစိုက်မှုကို ခံနေရသည်။
သူ၏မျိုးနွယ်စု အနာဂတ်ကို ပခုံးပေါ်တွင် ထမ်းထားရခြင်းနှင့် ထွက်ပြေးလွတ်မြောက်ရန် မျှော်လင့်ချက် ရှိနေခြင်းတို့ကြောင့် ယွီယွမ်ကျိန်းသည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရခြင်း ဖြစ်သည်။ တံခါးစောင့်ရခြင်းနှင့် လမ်းတံမြက်လှည်းရခြင်းက ဘာဖြစ်သလဲ သူ အသက်ရှင်နေသရွေ့နှင့် သူ ဂိုဏ်းချုပ်အဖြစ် မရှိတော့သော်လည်း အပြာရောင်လျှပ်စီးမျိုးနွယ်စုက သာမန်ဂိုဏ်းတစ်ခု ဖြစ်မသွားသရွေ့တော့ ဤအရှက်ရမှုကို သူ အောင့်အည်းသည်းခံနိုင်ပါသည်။
သို့သော် သူ အပြင်သို့ ခြေလှမ်းလိုက်သည့် ခဏမှာပင် သူသည် အလွန်ပင် ရိုးအနုယုံလွန်းခဲ့ကြောင်း သိလိုက်ရသည်။ သူ အထဲတွင် ကွန်ဖြူးရှပ်နှင့် ရှိနေသည်မှာ အတော်ကြာပြီ ဖြစ်သော်လည်း အပြင်ဘက်ရှိ လူများမှာ ဘာကြောင့် ပိုတိုးလာရသနည်း ယွီယွမ်ကျိန်းအတွက်တော့ ဤမျှများပြားသော လူအုပ်ကြီးရှေ့တွင် လမ်းတံမြက်လှည်းရခြင်းမှာ စိတ်ကူးကြည့်၍မရနိုင်လောက်အောင် အရှက်ရဖွယ်ရာ ဖြစ်သည်။
သူသည် သူ၏ တာဝန်သစ်တွင် အသားမကျသေးဘဲ ထိုလူများကို မောင်းထုတ်ရန် ကြိုးစားလိုက်သည်။
"မင်းတို့ ဘာကြည့်နေတာလဲ သေချင်လို့လား"
ယွီယွမ်ကျိန်း၏ စွမ်းအားများကို ကွန်ဖြူးရှပ်က ချိတ်ပိတ်ထားသော်လည်း သူ၏ အရှိန်အဝါက လူအများအပေါ် စွဲထင်နေဆဲဖြစ်သည်။ ထို့ပြင် အဆင့်မြင့်နေရာတွင် ကြာမြင့်စွာ နေထိုင်လာခဲ့သော ယွီယွမ်ကျိန်း၏ အော်ဟစ်သံမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။ ခဏချင်းမှာပင် လူအများမှာ ယွီယွမ်ကျိန်း ရူးသွပ်ပြီး လူသတ်ပွဲ ဆင်နွှဲမည်ကို ကြောက်သဖြင့် နောက်ဆုတ်သွားကြသည်။
လူတိုင်း နောက်ဆုတ်သွားခြင်းကြောင့် နောက်မဆုတ်ဘဲ ကျန်နေခဲ့သော ရန်စန်းဟွေမှာ ထင်ရှားလာတော့သည်။ သူသည် တုံ့ပြန်မှု နှေးကွေးသူဖြစ်သလို ခေါင်းမာပြီး သတ္တိလည်း ရှိသည်။ ယခင်က အသက်အန္တရာယ် ကြုံနေရချိန်တွင်ပင် သူ နောက်မဆုတ်ခဲ့ရာ ယခုကဲ့သို့ ယွီယွမ်ကျိန်းတွင် တိုက်တန်တုန့်လော့၏ အရှိန်အဝါ မရှိတော့သည့် အခြေအနေတွင်တော့ ပို၍ပင် မကြောက်တော့ပေ။
"ရန်စန်းဟွေ ဆိုတဲ့အတိုင်းပဲ သူက တခြားလူတွေထက် ပိုသတ္တိရှိတာပဲ"
"ဝိညာဉ်တုန့်လော့ ဖြစ်နိုင်တဲ့ အစွမ်းထက်သူတစ်ယောက်ကို ရင်ဆိုင်ခဲ့ပြီး အလျှော့မပေးခဲ့ဘူးလို့ သူပြောတာကို ငါကြားခဲ့တုန်းက ချဲ့ကားပြောတာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာတော့ ရန်စန်းဟွေက အမှန်တကယ် သူရဲကောင်းပဲ"
"ဟုတ်တယ် ရန်စန်းဟွေက သတ္တိနဲ့ ပြည့်စုံတယ်"
ချက်ချင်းဆိုသလိုပင် လူများစွာက ရန်စန်းဟွေကို သူ၏ သတ္တိအတွက် ချီးကျူးဂုဏ်ပြုကြသည်။
ရန်စန်းဟွေ”………”
ပထမတော့ သူ ဘာဖြစ်နေမှန်း မသိခဲ့သော်လည်း ယခုတော့ သူသည် အံ့အားသင့်နေရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် လူရှေ့ထွက်ရလျှင် ကြောက်တတ်သူ မဟုတ်ဘဲ အခြေအနေမှာ ပို၍ပင် ပေါ့ပါးနေသည်ဟု ခံစားရသည်။ ခဏကြာ စဉ်းစားပြီးနောက် ယွီယွမ်ကျိန်းသည် ယခုတစ်ကြိမ်တွင် အော်ဟစ်ရုံသာ ရှိတော့ပြီး ယခင်ကကဲ့သို့ လူကို ဝါးမြိုတော့မည့် ကြောက်မက်ဖွယ် ဝိညာဉ်သားရဲအရှိန်အဝါမျိုး မရှိတော့ကြောင်း သူ သိလိုက်သည်။
"မင်းက အကယ်ဒမီဆရာတွေရဲ့ ပြစ်ဒဏ်ပေးတာကို ခံထားရတာတောင် အခုထိ ဒီလောက် မောက်မာနေသေးတာပဲ။ နောင်တရရမှန်း မသိဘူးလား"
ရန်စန်းဟွေသည် အချက်ကျကျပင် ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
"မင်းလား"
ရန်စန်းဟွေကို မြင်လိုက်ရသောအခါ ယွီယွမ်ကျိန်း၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားသည်။ ဤကောင်၏ စော်ကားသော စကားလုံးများကြောင့်သာ သူ ဒေါသထွက်ပြီး အရေးယူခဲ့မိခြင်း ဖြစ်သည်။ ဤသူသာ မရှိခဲ့ပါက ထိုလူများကို သတိမေ့အောင်လုပ်ပြီး သူ ထွက်သွားနိုင်မည်ဖြစ်ရာ ယခုကဲ့သို့ အခြေအနေမျိုး ကြုံရမည် မဟုတ်ဟု ယွီယွမ်ကျိန်း ခံစားနေရသည်။
ယွီယွမ်ကျိန်းသည် ကွန်ဖြူးရှပ်နှင့် အဖွဲ့ထက် ဤအဆင့်မရှိသော ရန်စန်းဟွေကို ပို၍ မုန်းတီးနေမိသည်။
"ငါ မင်းကို သတ်မယ်"
ကြာမြင့်စွာ ဖိနှိပ်ထားသော ဒေါသများမှာ ပြန်လည် ပေါက်ကွဲလာကာ ယွီယွမ်ကျိန်းသည် တံမြက်စည်းကို ဆွဲကိုင်ပြီး ရန်စန်းဟွေထံသို့ ပြေးဝင်လိုက်သည်။ ရန်စန်းဟွေ အနီးရှိ လူများမှာ ပို၍ပင် ဝေးဝေးသို့ နောက်ဆုတ်သွားကြသည်။ ဝိညာဉ်တုန့်လော့ အဆင့်ရှိသူတစ်ဦး အရေးယူလျှင် သူတို့ မခံနိုင်ကြဘဲ ဘေးထွက်ဆိုးကျိုး ခံရမည်ကိုပင် ကြောက်နေကြသည်။
ရန်စန်းဟွေသည် တုံ့ပြန်မှု နှေးသော်လည်း မိုက်မဲသူ မဟုတ်ပေ။ ယွီယွမ်ကျိန်းသည် ယခင်ကကဲ့သို့ ကြောက်မက်ဖွယ် လျှပ်စီးများကို မသုံးနိုင်တော့သလို ဝိညာဉ်စွမ်းအားလည်း မရှိတော့သည်ကို သူ သိလိုက်သည်။ သူသည် သာမန်လူတစ်ယောက်ကဲ့သို့သာ ဖြစ်နေသည်။
ဖြောင်းခနဲ မြည်သံ
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မြင်ကွင်းတစ်ခုလုံးမှာ ချက်ချင်း တိတ်ဆိတ်သွားသည်။ ယွီယွမ်ကျိန်းနှင့် ရန်စန်းဟွေတို့မှာ အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ကွာခြားချက်မှာ ယခုအခါ ယွီယွမ်ကျိန်း၏ ဘယ်ဘက်ပါးပေါ်တွင် နီရဲနေသော ကြိမ်ဒဏ်ရာတစ်ခု ထင်ကျန်နေခြင်း ဖြစ်သည်။ ထိုဒဏ်ရာမှာ ပန်းရောင်မှ အနီရင့်ရောင်သို့ ပြောင်းလဲသွားကာ ကြည့်ရသည်မှာ ထိတ်လန့်စရာပင်။
ယွီယွမ်ကျိန်း၏ ဦးနှောက်မှာ ဗလာဖြစ်သွားသည်။ သူ အမှန်တကယ် အရိုက်ခံလိုက်ရတာလား ၎င်းပြင် ပါးကို ကြိမ်လုံးဖြင့် အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ သူ အလက်ခံနိုင်ဆုံး အချက်မှာ သူ့ကို ရိုက်နှက်လိုက်သူမှာ သူ ပုရွက်ဆိတ်ဟု ယူဆထားသော လက်ဖျစ်တစ်ချက်တီးရုံနှင့် ချေမှုန်းနိုင်သော လူတစ်ယောက် ဖြစ်နေခြင်းပင်။