အခန်း (၁၅၅) ဂိုဏ်းချုပ်က တံခါးစောင့်
"ကောင်းတယ် တကယ့်ကို ကောင်းတယ်။ ဒီလိုမျိုး ငါ့ကို လာပြောရဲတဲ့သူ မရှိတာ ကြာပြီ"
ယွီယွမ်ကျိန်းသည် ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်မိတော့သည်။ ယွီရှောင်ကန်း၏ သနားစဖွယ် အခြေအနေကြောင့် သူသည် အဆုံးစွန်ထိ ဒေါသထွက်နေရသည့်ကြားမှ ယခုကဲ့သို့ အဆင့်နိမ့်သူတစ်ဦး၏ ရန်စမှုကို ခံလိုက်ရသောကြောင့် ဖြစ်သည်။
ယွီယွမ်ကျိန်းသည် စိတ်ကြိုက်သတ်ဖြတ်နိုင်သော ဤကဲ့သို့ သာမန်လူတစ်ဦးအပေါ်တွင် ထူးထူးခြားခြား စိတ်ရှည်ပြနေခဲ့သည်။ သူ၏လက်ဖဝါးများတွင် လျှပ်စီးတန်းများ ဝန်းရံလာပြီး ထိုသူထံသို့ ဦးတည်လိုက်သည်။ ထိုသူ၏ ခန္ဓာကိုယ်သည် သူ၏ စကားလုံးများကဲ့သို့ပင် မာကျောမှု ရှိ မရှိ ယွီယွမ်ကျိန်း စမ်းသပ်ကြည့်လိုနေသည်။
"ကျွန်တော်..."
ခေါင်းမဖော်နိုင်အောင် မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော ထိုခေါင်းမာသည့် လူငယ်မှာ သူ့ထံသို့ ရောက်ရှိလာတော့မည့် မိုးကြိုးတန်းကို မြင်လိုက်ရသည်။ သူသည် အမှန်တကယ်ပင် ခေါင်းမာသူ ဖြစ်သော်လည်း သေခြင်းတရားကိုတော့ အမှန်တကယ် ကြောက်ရွံ့နေမိသည်။ အကယ်၍ သူသာ လှုပ်ရှားနိုင်ပါက ပါးစပ်သရမ်းခဲ့မိသည့် မိမိကိုယ်ကိုယ် ပါးရိုက်မိလိမ့်မည်။ ယခုတော့ သူ တကယ်ကို ဒုက္ခရောက်ခဲ့ပြီ ဖြစ်သည်။
သူသည် မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်သော်လည်း သူထင်မှတ်ထားသော နာကျင်မှုက ရောက်မလာခဲ့ပေ။
"ခင်ဗျား... ဘယ်သူလဲ"
ထိုသူသည် မျက်လုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်နှင့် သက်ကြီးရွယ်အိုတစ်ဦးမှာ သူ၏ရှေ့တွင် ရပ်နေပြီး ညာဘက်လက်ဖြင့် ယွီယွမ်ကျိန်း၏ လက်မောင်းကို ညင်သာစွာ ဖမ်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။
"လမ်းသွားလမ်းလာ တစ်ယောက်ပါ"
ထိုသူမှာ တခြားသူမဟုတ်ဘဲ ကွန်ဖြူးရှပ်ပင် ဖြစ်သည်။ ဆရာကြီးမုန့်တို့နှင့်မတူဘဲ ကွန်ဖြူးရှပ်သည် အကယ်ဒမီထဲတွင် အမြဲမနေဘဲ လှည့်လည်သွားလာရသည်ကို ပို၍ နှစ်သက်သူဖြစ်သည်။ အကယ်ဒမီအနီးသို့ ပြန်ရောက်လာစဉ်မှာပင် ဤမြင်ကွင်းကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
"ဟွန်း... လက်ကို လွှတ်စမ်း"
ယွီယွမ်ကျိန်းသည် ကွန်ဖြူးရှပ်ကို လမ်းသွားလမ်းလာတစ်ဦးဟု မယုံကြည်ပေ။ မည်သည့် လမ်းသွားလမ်းလာကမှ သူ၏ လျှပ်စီးစွမ်းအားကို လက်ဗလာဖြင့် တောင့်ခံနိုင်မည်မဟုတ်ပေ။ ယွီယွမ်ကျိန်းသည် ဝိညာဉ်ကွင်းကို အသုံးမပြုဘဲ လျှပ်စီးအနည်းငယ်ကိုသာ ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းမှာ သာမန်ဝိညာဉ်ပညာရှင်တစ်ဦး လျစ်လျူရှုနိုင်သော အရာမဟုတ်ပေ။
ယွီယွမ်ကျိန်းသည် ကွန်ဖြူးရှပ်၏ လက်မှ ရုန်းထွက်ရန် ရုတ်တရက် ခွန်အားသုံးလိုက်သည်။ သို့သော် သူ၏လက်မှာ တောင်ကြီးတစ်လုံးအောက်တွင် ဖိနှိပ်ခံထားရသကဲ့သို့ လုံးဝ လှုပ်မရဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူသည် ထိတ်လန့်သွားတော့သည်။ ယွီယွမ်ကျိန်းမှာ ဒေါသလည်း ထွက်လာကာ သူ၏ ခန္ဓာကိုယ်တွင် လျှပ်စီးများ ဝန်းရံလာပြီး နဂါးအသွင်ပြောင်းလဲရန် ပြင်ဆင်လိုက်သည်။
သို့သော် နောက်တစ်မိနစ်တွင် လျှပ်စီးများမှာ ငြိမ်ကျသွားပြီး နဂါးအသွင်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ယွီယွမ်ကျိန်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်တော့ကြောင်း သိလိုက်ရသဖြင့် အကြီးအကျယ် ထိတ်လန့်သွားတော့သည်။
"ခင်ဗျား... ခင်ဗျား အမှန်တကယ် ဘယ်သူလဲ"
တိုက်တန်တုန့်လော့တစ်ဦးဖြစ်သော သူ့ကို ဤမျှ လွယ်ကူစွာ ချုပ်ကိုင်နိုင်ပြီး ဝိညာဉ်စွမ်းအားကိုပင် ပျောက်ကွယ်သွားအောင် လုပ်နိုင်သူမျိုး သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"ဆရာကြီး ကွန်ဖြူးရှပ်... ပြန်လာပြီလား"
ဆရာကြီးမုန့်နှင့် ကျန်ရှိသော ဆရာများ ထွက်လာကြသည်။ အကယ်ဒမီအပြင်ဘက်မှ ဆူညံသံများကို သူတို့ မကြားဘဲ မနေနိုင်ပေ။ အကယ်၍ ကွန်ဖြူးရှပ်သာ အရေးမယူခဲ့လျှင် ဆရာကြီးမုန့်တို့အဖွဲ့က အရေးယူကြမည် ဖြစ်သည်။
"ခင်ဗျားတို့က... တာလီအကယ်ဒမီကလား"
ယွီယွမ်ကျိန်း၏ ရင်ထဲတွင် အေးစိမ့်သွားတော့သည်။ တာလီအကယ်ဒမီတွင် တိုက်တန်တုန့်လော့ တစ်ဦးထက်မက ရှိနေကြောင်း သူ သိထားသော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ ယွီယွမ်ကျိန်းသည် ချင်းတောက်လျို နှင့် မတိုက်ခိုက်ဖူးသော်လည်း ချင်းတောက်လျိုပင်လျှင် ဤမျှ စွမ်းအားမျိုး ရှိနိုင်မည်မဟုတ်ဟု သူ ထင်မြင်မိသည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီးတို့... ကျေးဇူးတင်ပါတယ်"
ယွီယွမ်ကျိန်း၏ စွမ်းအားများ ပျောက်ကွယ်သွားသဖြင့် ဒူးထောက်နေရသူများမှာလည်း လွတ်မြောက်သွားကြသည်။ ကွန်ဖြူးရှပ်သည် ထိုသာမန်လူများကို နွေးထွေးစွာ ပြုံးပြနှုတ်ဆက်လိုက်သည်။ ထို့နောက် ကောင်းကင်မြို့သူမြို့သားများ၏ မျက်စိရှေ့မှာပင် ယွီယွမ်ကျိန်းကို ကြက်ကလေးတစ်ကောင်ကဲ့သို့ မကာ အကယ်ဒမီအတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
ယွီယွမ်ကျိန်း၏ မျက်နှာမှာ အရှက်ရမှုနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေသော်လည်း ရုန်းကန်ရန် ခွန်အားပင် မရှိတော့ပေ။ သူသည် ယွီရှောင်ကန်းအတွက် ရှင်းလင်းချက်တောင်းရန် အကယ်ဒမီထဲသို့ ဝင်ရောက်ရန် ကြံရွယ်ခဲ့သော်လည်း ယခုတော့ အလွန်ပင် သိက္ခာမဲ့စွာဖြင့် ဝင်ရောက်လာရချေပြီ။
"ဆရာကြီး ကွန်ဖြူးရှပ်... ဒါက ဘယ်သူလဲ"
ကွန်ဖြူးရှပ်က လူသားတစ်ဦးကို မလာသည်ကို တွေ့သောအခါ လင်းချီက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"အရှင်မင်းကြီး... အဖြစ်အပျက်က ဒီလိုပါ..."
ဆရာကြီးယန်က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြလိုက်သည်။ ဆရာကြီးမုန့်ကလည်း "ကျွန်တော် မမှားဘူးဆိုရင် ဒီလူက အပြာရောင်လျှပ်စီး နဂါးဘုရင်မျိုးနွယ်စုက ယွီယွမ်ကျိန်း ဖြစ်ရမယ်" ဟု ထပ်လောင်းပြောဆိုသည်။
သူ့အမည်ကို ဖော်ထုတ်ခံလိုက်ရသောအခါ ယွီယွမ်ကျိန်းသည် ပို၍ပင် အရှက်ရသွားတော့သည်။ အကယ်၍ ဘယ်သူမှ သူ့ကို မသိခဲ့ပါက သူ၏မျိုးနွယ်စုအတွက် သိက္ခာမကျနိုင်သော်လည်း ယခုတော့ ထိုအဖိုးကြီးက သူ့အမည်ကို ချက်ချင်း ဖော်ထုတ်လိုက်ပြီဖြစ်သည်။ ယွီယွမ်ကျိန်းသည် ရုတ်တရက် ခေါင်းမူးသွားကာ အိမ်မက်ဆိုးတစ်ခု မက်နေသည်ဟုပင် ထင်မှတ်မိတော့သည်။
"အော်... ယွီယွမ်ကျိန်းကိုး"
လင်းချီသည် ယွီယွမ်ကျိန်းက သာမန်လူများကို နှိပ်စက်သည်ဆိုသည့်အချက်ကို အံ့သြမနေပေ။ ဝိညာဉ်ပညာရှင်များ၏ မောက်မာမှုအပြင် ယွီရှောင်ကန်း၏ စရိုက်လက္ခဏာကပင် သူတို့မျိုးနွယ်စု၏ တန်ဖိုးထားမှုကို ထင်ဟပ်နေသည်။
"ဆရာကြီး ကွန်ဖြူးရှပ်... ဒီလူကို ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
လင်းချီသည် ယွီယွမ်ကျိန်း၏ ကံကြမ္မာကို ဂရုမစိုက်ပေ။ ဤကဲ့သို့ အသုံးမကျဘဲ စိတ်အနှောင့်အယှက်ပေးသော လူမျိုးသည် သူ၏ အာရုံစိုက်မှုကို ခံယူရန် မထိုက်တန်ပေ။
ကွန်ဖြူးရှပ်က "ဒီလူက အကယ်ဒမီအပြင်ဘက်မှာ အကြမ်းဖက်ခဲ့တာဆိုတော့ သူ့ကို အကယ်ဒမီရဲ့ တံခါးစောင့်အဖြစ်နဲ့ အပြင်ဘက်က လမ်းတွေကို တံမြက်လှည်းခိုင်းတဲ့ ပြစ်ဒဏ်ပေးသင့်ပါတယ်။ ဒါက သူနဲ့ ထိုက်တန်တဲ့ အလုပ်ပါပဲ" ဟု ပြောလိုက်သည်။
ကွန်ဖြူးရှပ်သည် အနည်းငယ် နောက်ပြောင်လိုစိတ် ရှိနေခြင်းဖြစ်သည်။ ယွီယွမ်ကျိန်းကဲ့သို့ မောက်မာသူကို သူ ပုရွက်ဆိတ် ဟု သတ်မှတ်ထားသော လူများရှေ့တွင် တံခါးစောင့်နှင့် လမ်းဘေးတံမြက်လှည်းသမား လုပ်ခိုင်းခြင်းမှာ သတ်ပစ်လိုက်ခြင်းထက်ပင် ပို၍ ဆိုးရွားသော အပြစ်ဒဏ်ဖြစ်သည်။
လင်းချီကလည်း "ဒါဆို ဆရာကြီး ကွန်ဖြူးရှပ် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့" ဟု သဘောတူလိုက်သည်။
တိုက်တန်တုန့်လော့ တစ်ဦးကို တံခါးစောင့်အဖြစ် ထားရှိရခြင်းမှာ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်။ သို့သော် ယွီယွမ်ကျိန်းအတွက်မှာမူ မိုးပြိုကျသွားသလို ခံစားလိုက်ရသည်။ အထူးသဖြင့် ကွန်ဖြူးရှပ်က သူ့ကို တံခါးစောင့်နှင့် လမ်းတံမြက်လှည်းသမား လုပ်ခိုင်းသည့်အခါတွင် ဖြစ်သည်။
"သတ်ချင်သတ်လိုက်စမ်းပါ။ မင်းတို့လို ယုတ်မာတဲ့လူတွေလက်ထဲ ကျရောက်ရတာ ငါ့ကံကြမ္မာပဲ။ ငါ့ကို အရှက်ခွဲဖို့တော့ မကြိုးစားနဲ့"
သူသည် မျိုးနွယ်စုအတွက် အရှက်ရမည့် အလုပ်ကို ဘယ်တော့မှ လုပ်မည်မဟုတ်ဟု ငြင်းဆိုသည်။ သို့သော် လင်းချီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"တိုက်တန်တုန့်လော့ တစ်ယောက်မှ မရှိဘဲနဲ့ အပြာရောင်လျှပ်စီးမျိုးနွယ်စုက ထိပ်သီးဂိုဏ်းကြီး သုံးခုစာရင်းထဲမှာ ဆက်ရှိနေနိုင်ပါဦးမလား"
ထိုစကားကို ကြားသောအခါ ယွီယွမ်ကျိန်းသည် တုန်လှုပ်သွားတော့သည်။ တိုက်တန်တုန့်လော့၏ အကာအကွယ်မရှိပါက သူတို့မျိုးနွယ်စုမှာ တခြားဂိုဏ်းများ၏ ဝိုင်းဝန်းတိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံရပေလိမ့်မည်။
"ငါက သာမန်လူ အနည်းငယ်ကိုပဲ ဆုံးမခဲ့တာပါ ဘာလို့ ငါ့ကို ဒီလောက်အထိ အရှက်ခွဲရတာလဲ" သူသည် နာကျည်းစွာဖြင့် အော်ဟစ်လိုက်သည်။
ကွန်ဖြူးရှပ်က "မင်းက သာမန်လူတွေကို မင်းစိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား" ဟု မေးလိုက်သည်။
"ဘာလို့ မလုပ်နိုင်ရမှာလဲ ဒါက နှစ်ပေါင်းထောင်ချီကတည်းက ရှိလာတဲ့ အစဉ်အလာပဲ"
ကွန်ဖြူးရှပ်က ခပ်မှိန်မှိန် ပြုံးလိုက်သည်။ "ဒါဆိုရင် ငါ့မျက်လုံးထဲမှာလည်း မင်းက ပုရွက်ဆိတ်တစ်ကောင်နဲ့ ဘာမှမခြားဘူး။ အဲဒီတော့ ငါက မင်းကို ငါ့စိတ်ကြိုက် ပြစ်ဒဏ်ပေးတာ ဘာမှမမှားဘူး မဟုတ်လား"
"မင်း..."