အခန်း (၁၅၄) မိုးကြိုးအပစ်ခံရဖို့ စိတ်အားထက်သန်နေသူများ
"သခင်... သက်ညှာပါဦး ကျွန်မတော့ မိုးကြိုးပစ်ခံရလို့ သေတော့မှာပဲ"
တာလီတော်ဝင်အကယ်ဒမီထဲတွင် ရှောင်ဝူတစ်ယောက် ဆံပင်များထောင်ကာ ပါးစပ်မှ မီးခိုးအမည်းများ ထွက်နေလျက် အသနားခံနေရှာသည်။ သူမ၏ ခေါင်းပေါ်တွင်တော့ ပါးလွှာသော မိုးတိမ်များကြားမှ လျှပ်စီးတန်းတစ်ခုက ထပ်မံပစ်ချရန် အသင့်ဖြစ်နေသလိုပင်။
ကောင်းကင်မြို့တော်သို့ ပြန်ရောက်ပြီးနောက် လင်းချီသည် ကပ်ဘေးမိုးကြိုး ကျရောက်ခြင်းစွမ်းရည်ကို လေ့လာခြင်းအပေါ် အာရုံစိုက်နေခဲ့သည်။ ဤစွမ်းရည်၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန်ထက် သူခေါ်ယူလိုက်သော မိုးကြိုးများက ရန်သူ၏ အားနည်းချက်ကို မည်သို့ရှာဖွေ တိုက်ခိုက်သည်ဆိုသည်ကို သူပို၍ သိလိုနေခြင်းဖြစ်သည်။
ရှောင်ဝူမှာတော့ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ရှာပေ။ လူသားအသွင် ပြောင်းလဲပြီးသည့်တိုင်အောင် ကောင်းကင်ဘုံကပ်ဘေး၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရဦးမည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ လင်းချီက သူမ၏ "အားနည်းချက်" များကို ဖြည့်ဆည်းပေးနေခြင်းပင်။
စမ်းသပ်ခံဖြစ်သော ရှောင်ဝူအတွက် လင်းချီသည် မိုးကြိုး၏ အရှိန်အဝါကို လျှော့ချထားသော်လည်း ရှောင်ဝူမှာမူ အကြိမ်အနည်းငယ် အပစ်ခံရရုံနှင့်ပင် မခံမရပ်နိုင် ဖြစ်နေချေပြီ။
"သွား... သွားပြီးတော့ မင်း ဘယ်နေရာမှာ မှားနေလဲဆိုတာ ပြန်သုံးသပ်ချေ။ မင်းလောက် အသွင်ပြောင်းတာ ညံ့တဲ့ ဝိညာဉ်သားရဲမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး"
ရှောင်ဝူမှာတော့ လင်းချီ၏ ပြက်ရယ်ပြုမှုကို ဂရုမစိုက်နိုင်တော့ဘဲ မိုးကြိုးဒဏ်မှ လွတ်မြောက်သွားသည်ကိုပင် ကျေးဇူးတင်နေမိသည်။ သူမသည် ထောင်နေသော ဆံပင်များကို အမြန်ဖိချလိုက်စဉ်မှာပင် အဆိပ်ငါးပါးသားရဲ၏ လှောင်ရယ်သံကို ကြားလိုက်ရပြန်သည်။ ရှောင်ဝူက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သော်လည်း အဆိပ်ငါးပါးသားရဲကတော့ ကြောက်ရွံ့ခြင်းမရှိဘဲ ပို၍ပင် ကျယ်လောင်စွာ ရယ်မောနေတော့သည်။
"ရှောင်ဝူ... အရှင်မင်းကြီးက မင်းကောင်းဖို့အတွက် လုပ်ပေးတာပါ။ သခင့်ရဲ့ မိုးကြိုးက ငါတို့ရဲ့ အားနည်းချက်တွေကို ရှာဖွေဖို့အတွက် တကယ်ကို အသုံးဝင်တာပဲ"
အဆိပ်ငါးပါးသားရဲ၏ လှောင်ပြောင်မှုအပြီးတွင် ရှောင်ချိုးကလည်း ဝင်ရောက်ပြောဆိုလာသည်။
"အရှင်မင်းကြီး... ကျွန်မကိုသာ မိုးကြိုးပစ်ချလိုက်ပါ အရှင်လည်း အလုပ်ရှုပ် သက်သာသွားတာပေါ့"
သူမသည်လည်း လင်းချီ၏ မိုးကြိုးစမ်းသပ်မှုတွင် စမ်းသပ်ခံတစ်ဦး ဖြစ်သည်။ ရှောင်ဝူနှင့်မတူသည်မှာ ရှောင်ချိုးက ထိုဒဏ်ကို ပျော်ပျော်ကြီး ခံယူနေခြင်းပင်။ မိုးကြိုးမှတစ်ဆင့် မိမိ၏ အားနည်းချက်များကို သိရှိရခြင်းက စွမ်းရည်များကို တိုးတက်စေကာ အရှင်မင်းကြီးကို နောင်တွင် ပို၍ အကူအညီပေးနိုင်မည်ဖြစ်ရာ ၎င်းမှာ ကောင်းမွန်သော အချက်ပင် ဖြစ်သည်။ ရှောင်ဝူက ဘာကြောင့် ဤမျှ ငြင်းဆန်နေသည်ကို သူမ နားမလည်နိုင်တော့ပေ။
"လူသားခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ အရှင်မင်းကြီးရဲ့ စွမ်းဆောင်ရည်တွေက ကျွန်တော်တို့ရဲ့ ထင်မှတ်ချက်တွေကို အမြဲတမ်း ကျော်လွန်နေတာပဲ"
အဝေးမှနေ၍ ကွန်ဖြူးရှပ်ပညာရှိ လေးဦးဖြစ်သော မုန့် ၊ရွှန်း ၊ယန် နှင့် ကျိန်းတို့ လမ်းလျှောက်လာကြသည်။ သူတို့သည် ပထမဆုံး ဝိညာဉ်အမြုတေကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြပြီး ဝိညာဉ်စွမ်းအားတစ်ဆင့် တိုးတက်လာကာ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း များစွာ မြင့်မားလာခဲ့သည်။
ဆရာကြီးမုန့်သည် ခေါင်းငုံ့ကာ လမ်းလျှောက်လာရင်း လင်းချီပေးထားသော အရည်ပျော်ဝိညာဉ်အရိုးကို လေ့လာနေသည်။ လင်းချီနောက် လိုက်လာကတည်းက သူသည် တစ်ခါမျှ မမြင်ဖူးသော ဝိညာဉ်ကွင်းနှင့် ဝိညာဉ်အရိုးများကို လေ့လာခွင့်ရခဲ့သည်။ သူသည် ဝိညာဉ်အရိုးကို သိမ်းဆည်းလိုက်ပြီး ကောင်းကင်ယံမှ မိုးတိမ်များကို မော့ကြည့်လိုက်သည်။
"လင်းချီရဲ့ မိုးကြိုးစွမ်းရည်က အားနည်းချက်တွေကို ရှာဖွေနိုင်တဲ့ အာနိသင်ရှိတာပဲ။ ငါတို့လည်း သွားပြီး အစမ်းသပ်ခံကြည့်ရအောင်"
အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေသော ဝိညာဉ်ပညာရှင်များအတွက် မိမိတို့ ကျင့်ကြံမှုရှိ အားနည်းချက်များကို သိရှိနိုင်ရန်မှာ အလွန်ခဲယဉ်းလှသည်။ လင်းချင်ပင်လျှင် လင်းချီ၏ မိုးကြိုးဒဏ်ကို အကြိမ်အနည်းငယ် ခံယူခဲ့ဖူးသည်။ သူသည် အကြိမ်အနည်းငယ် အပစ်ခံရပြီးနောက် အဆင့် ၉၉ သို့ တက်လှမ်းရန် ခြေတစ်လှမ်း ပိုနီးစပ်သွားသလို ခံစားလိုက်ရသည်။
တာလီတော်ဝင်အကယ်ဒမီတွင် မကြာခဏ မိုးကြိုးပစ်နေခြင်းမှာ ကောင်းကင်မြို့တော်တွင် ပြောစမှတ်ဖြစ်စရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ ပထမတော့ အကယ်ဒမီမှ ကျောင်းသားများပင် ထိတ်လန့်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ၎င်းမှာ ထူးခြားသော မြင်ကွင်းတစ်ခုသဖွယ် ဖြစ်နေချေပြီ။
"သူ ဘယ်လောက်တောင် ယုတ်မာတဲ့အလုပ်တွေ လုပ်ခဲ့လို့ ဒီလောက်တောင် မိုးကြိုးပစ်ခံနေရတာလဲ"
ကောင်းကင်မြို့တော်သို့ ရောက်ရှိလာကာစ ဖြစ်သော ယွီယွမ်ကျိန်းသည် ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ယွီရှောင်ကန်းကို အိုမင်းအောင် လုပ်ခဲ့သော ဆရာကြီးမုန့်မှာ ဤအကယ်ဒမီမှ ဆရာတစ်ဦးဖြစ်ကြောင်း သူသိထားသဖြင့် တာလီအကယ်ဒမီအပေါ် သူပို၍ ရန်လိုနေမိသည်။ သူသည် အပြာရောင်လျှပ်စီး နဂါးဘုရင်မျိုးနွယ်စု၏ ဂိုဏ်းချုပ်ဖြစ်သဖြင့် တစ်မျိုးနွယ်လုံးအတွက် ထည့်တွက်နေရသောကြောင့်သာ မဟုတ်ပါက ဆရာကြီးမုန့်ထံ သွားရောက် ရှင်းလင်းပြီး ဖြစ်လိမ့်မည်။
တာလီအကယ်ဒမီတွင် တိုက်တန်တုန့်လော့တစ်ဦးထက်မက ရှိနေသည်ကို ယွီယွမ်ကျိန်း မယုံကြည်နိုင်ပေ။ သူ၏မျိုးနွယ်စုမှာ ထိပ်သီးဂိုဏ်းကြီး သုံးခုဝင် ဖြစ်သော်လည်း သူတစ်ဦးတည်းသာ တိုက်တန်တုန့်လော့ ဖြစ်သည်။ သာမန်အကယ်ဒမီတစ်ခုက သူတို့မျိုးနွယ်စုထက် တိုက်တန်တုန့်လော့ ပိုများနေသည်မှာ မဖြစ်နိုင်ဟု သူထင်နေမိသည်။
သူသည် တာလီအကယ်ဒမီကို တိုက်ရိုက် မစိန်ခေါ်ရဲသော်လည်း လက်မလျှော့ချင်ပေ။ ဆရာကြီးမုန့်က ရှောင်ကန်းကို အိုမင်းအောင် လုပ်နိုင်လျှင် ပြန်လည် နုပျိုအောင်လည်း လုပ်နိုင်လိမ့်မည်ဟု သူယူဆထားသည်။ ထို့ကြောင့် သူသည် အကယ်ဒမီအနီးတွင် ကင်းပုန်းဝပ်ကာ ဆရာကြီးမုန့် တစ်ယောက်တည်း ထွက်လာမည့် အခွင့်အရေးကို စောင့်ဆိုင်းနေတော့သည်။
ယွီယွမ်ကျိန်း၏ လှောင်ပြောင်စကားမှာ အကယ်ဒမီအပေါ် သူ၏ မကျေနပ်ချက်ကို ဖော်ပြခြင်းသာ ဖြစ်သော်လည်း ၎င်းကို ကြားသွားသော လမ်းသွားလမ်းလာများက သူ့ကို မကျေမနပ် ကြည့်လိုက်ကြသည်။
"ဟွန်း... မင်းတို့လို ပုရွက်ဆိတ်တွေက နဂါးကြီးကို စိုက်ကြည့်ရဲတယ်ပေါ့လေ ဒူးထောက်စမ်း အားလုံး"
ယွီယွမ်ကျိန်းသည် ဂိုဏ်းချုပ်တစ်ဦးဖြစ်သည့်အားလျော်စွာ မောက်မာလွန်းလှသည်။ ယနေ့တွင် သူစိတ်မကြည်ဖြစ်နေသဖြင့် ထိုသာမန်လူများကို ဒေါသပုံချရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ သူသည် တိုက်တန်တုန့်လော့ တစ်ဦးဖြစ်ရာ သူ၏ အရှိန်အဝါကြောင့် သာမန်လူများမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြရသည်။ အချို့မှာ ခန္ဓာကိုယ်မခံနိုင်ဘဲ သွေးအန်ကာ မေ့လဲသွားကြသည်။
သူ့အတွက်မူ ဤသည်မှာ ကိစ္စအသေးအဖွဲသာ ဖြစ်သည်။ တုန့်လော့တိုက်ကြီးတွင် ဝိညာဉ်ပညာရှင်များသည် အထက်တန်းလွှာများဖြစ်ပြီး သာမန်လူများကို ကျွဲနွားများကဲ့သို့သာ သဘောထားလေ့ရှိကြသည်။ ထိုစဉ် ဒူးထောက်နေရသူများထဲမှ ဝိညာဉ်ပညာရှင်တစ်ဦးက မကျေမနပ် ပြောဆိုလာသည်။
"ဒီနေရာက ကောင်းကင်မြို့တော် တာလီအကယ်ဒမီ အနီးအနားပဲ။ ခင်ဗျား ဒီလောက် မောက်မာနေရင် သေချာပေါက် နိဂုံးမလှ ဖြစ်လိမ့်မယ်"
ထိုသူမှာ အသက် ၃၀ ကျော်ရှိပြီဖြစ်သော်လည်း ဝိညာဉ်စွမ်းအားမှာ အဆင့် ၂၀ ကျော်သာ ရှိသေးသည်။ အခြေခံအားဖြင့် ယွီရှောင်ကန်းနှင့် အဆင့်တူ သို့မဟုတ် အနည်းငယ် ပိုမြင့်သော အဆင့်ဖြစ်သည်။ မိမိထက် အဆပေါင်းများစွာ သန်မာသော ဝိညာဉ်ပညာရှင်နှင့် ရင်ဆိုင်နေရသော်လည်း သူသည် အရှုံးမပေးဘဲ ပြန်လည် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ယွီယွမ်ကျိန်းသည် ပုံမှန်ဆိုလျှင် ထိုကဲ့သို့သော ပုရွက်ဆိတ်များကို ကြည့်မည်ပင် မဟုတ်သော်လည်း ယနေ့တွင် သူ စိတ်အခြေအနေ မကောင်းလှပေ။ ထို့ပြင် ထိုသူက တာလီအကယ်ဒမီကို အားကိုးတကြီး ထည့်ပြောလိုက်ခြင်းကြောင့် ပို၍ ဒေါသထွက်သွားသည်။
"မင်းက မကျေနပ်ဘူးပေါ့"
ယွီယွမ်ကျိန်းက အေးစက်သော မျက်နှာဖြင့် ရှေ့သို့ လှမ်းလာကာ အရှိန်အဝါကို အနည်းငယ် ထပ်တိုးလိုက်ရာ ထိုသူမှာ မြေပြင်ပေါ်တွင် ဝပ်စင်းသွားပြီး လက်ချောင်းလေးတစ်ခုပင် မလှုပ်နိုင်တော့ပေ။ တကယ်တော့ ထိုဝိညာဉ်ပညာရှင်မှာ စကားပြောလိုက်မိသည်ကို ချက်ချင်း နောင်တရသွားသော်လည်း လူအများရှေ့တွင် အရှက်ကွဲမည်စိုးသဖြင့် "မကျေနပ်ဘူး... လုံးဝ မကျေနပ်ဘူး" ဟုသာ ထပ်မံ အော်ဟစ်နေတော့သည်။