အခန်း (၁၅၃) ပီပီတုန်း ကောင်းကင်မြို့တော်သို့ လာခြင်း
ပီပီတုန်း နှင့် ချင်းတောက်လျိုတို့၏ အငြင်းပွားမှုသည် နောက်ဆုံးတွင် ဘာရလဒ်မှ ထွက်မလာဘဲ အဆုံးသတ်သွားခဲ့သည်။
အမြင့်ဆုံးအုပ်ချုပ်သူနန်းတော်သို့ ပြန်ရောက်သော်လည်း သူမသည် အချိန်အတော်ကြာအောင် စိတ်မအေးနိုင်ဘဲ ရှိနေသည်။ ပီပီတုန်းကို ချင်းရန်ရွှယ် ၏ကိစ္စတွင် ဝင်မစွက်ဖက်ရန် တားဆီးသည့်အနေဖြင့် ချင်းတောက်လျိုသည် ချင်းရန်ရွှယ်၏ အခြေအနေကို ပို၍ဆိုးရွားသယောင် ပုံဖော်ပြောဆိုခဲ့သည်။
ကောင်းကင်မြို့တော် သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး နဂါးတွင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ချင်းရန်ရွှယ်သည် ဝိညာဉ်နန်းတော်အတွက် အသက်ဘေးကို ဂရုမစိုက်ဘဲ ကျားဂူထဲသို့ ဝင်ရောက်နေရသလို ဖြစ်နေသည်ဟု သူက ဆိုသည်။ ဤအချက်များက ပီပီတုန်း၏ ယခင်က သိထားသမျှကို ရိုက်ချိုးလိုက်သလို ဖြစ်သွားသည်။
ချင်းရန်ရွှယ်သည် ကောင်းကင်အင်ပါယာ၏ ဧကရာဇ် ဖြစ်လာခဲ့ပြီ ဖြစ်သော်လည်း သူမ၏ ကိုယ်ပိုင်မြို့တော်တွင်ပင် အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေရသည်ဟူသော အချက်မှာ မယုံနိုင်စရာပင်။ ချင်းတောက်လျို ပြောပုံအရဆိုလျှင် ချင်းရန်ရွှယ်တင်မကဘဲ ဝိညာဉ်နန်းတော်ပင်လျှင် အန္တရာယ်ရှိနေသည့် အနေအထား ဖြစ်သည်။
ပီပီတုန်းသည် သူမ၏ ထူးချွန်သော ဉာဏ်ပညာဖြင့် ရက်အနည်းငယ်ကြာ စဉ်းစားပြီးနောက် အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမသည် ဝိညာဉ်မြို့တော်မှ ထွက်ခွာပြီး ကောင်းကင်မြို့တော်သို့ ကိုယ်တိုင်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူမ ဤသို့လုပ်ခြင်းမှာ ချင်းရန်ရွှယ်ကို စိုးရိမ်၍မဟုတ်သလို ချင်းတောက်လျို ပြောသည်များ မှန် မမှန် အတည်ပြုရန် သက်သက်လည်း မဟုတ်ပေ။ သူမကို အမှန်တကယ် ဆုံးဖြတ်ချက် ချစေခဲ့သည်မှာ ရှရှိက်ခ်အကယ်ဒမီရှိ ယွီရှောင်ကန်းထံမှ လာသော စာတစ်စောင်ကြောင့် ဖြစ်သည်။
အသက် ၃၀ ခန့် ရုတ်တရက် အိုမင်းသွားသော ယွီရှောင်ကန်းသည် အလွန်ဆိုးရွားသော ဘဝကို ဖြတ်သန်းနေရသည်။ သူသည် ကောင်းကောင်းမစားနိုင် မအိပ်နိုင် ဖြစ်နေရသလို လမ်းလျှောက်လျှင်ပင် ယိုင်နဲ့နေပြီး သူ၏ အရိုးဟောင်းများ ကျိုးသွားမည်ကို အမြဲ စိုးရိမ်နေရသည်။ အတိုချုပ်ပြောရလျှင် ယွီရှောင်ကန်းသည် အစစအရာရာ ဆိုးရွားနေခြင်း ဖြစ်သည်။
သူသည် ကုသရေးအမျိုးအစား ဝိညာဉ်ပညာရှင် အချို့နှင့်ပင် တိုင်ပင်ကုသခဲ့သော်လည်း ဘာမှ ထူးမလာခဲ့ပေ။ သူ၏ အစွမ်းအစဖြင့် သူ၏ အိုမင်းရင့်ရော်မှုကို ပြောင်းလဲရန် မဖြစ်နိုင်သည်မှာ သေချာလှသည်။ ထို့ကြောင့် သူသည် သူ၏ ချစ်သူဟောင်း ပီပီတုန်းကို သတိရသွားသည်။ ဝိညာဉ်နန်းတော်တွင် နက်ရှိုင်းသော အခြေခံနှင့် အစွမ်းထက်သော အင်အားရှိရာ တစ်စုံတစ်ယောက်က သူ၏ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သူက မျှော်လင့်နေသည်။
အခြေအနေက ဤအထိ ရောက်လာပြီဖြစ်ရာ ယွီရှောင်ကန်းသည် သူ၏ မာနကို ဘေးဖယ်ထားပြီး ပီပီတုန်းထံသို့ အကူအညီတောင်းခံသည့် စာတစ်စောင် ရေးသားလိုက်ခြင်း ဖြစ်သည်။ ယွီရှောင်ကန်း၏ စာကို မြင်လိုက်ရသောအခါ ပီပီတုန်းသည် ယွီရှောင်ကန်း တစ်ခုခု အကြီးအကျယ် ဒုက္ခရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။ သို့မဟုတ်ပါက သူ၏ မာနနှင့် မောက်မာမှုအရ သူမထံ အကူအညီတောင်းမည် မဟုတ်ပေ။
အကြောင်းအမျိုးမျိုးကြောင့် ပီပီတုန်းသည် ကောင်းကင်မြို့တော်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ တစ်ယောက်တည်း သွားခြင်းမဟုတ်ပေ။ သူမသည် နတ်စင်ဆောင်မှ လူများကို အမိန့်မပေးနိုင်သလို အကြီးအကဲနန်းတော် ရှိ လူအားလုံးကိုလည်း ခေါ်မသွားနိုင်ပေ။ နောက်ဆုံးတွင် သူမသည် အလုပ်ကြိုးစားသော အတွဲအဖက်ဖြစ်သည့် ဂန္ဓာမာတုန့်လော့နှင့် တစ္ဆေတုန့်လော့ တို့ကိုသာ ခေါ်ဆောင်သွားရန် ရွေးချယ်လိုက်သည်။
သူတို့၏ ဝင်ရိုးစွန်းနှစ်ရပ် ရပ်တန့်နယ်ပယ်မှာ အစွမ်းထက်လှရာ ပီပီတုန်းက အစွမ်းထက်သော ရန်သူနှင့် တွေ့လျှင်ပင် သူတို့နှစ်ဦးမှာ အသုံးဝင်လိမ့်မည်ဟု ယုံကြည်နေသည်။ တစ္ဆေတုန့်လော့နှင့် ဂန္ဓာမာတုန့်လော့တို့မှာလည်း အမိန့်ကို မငြင်းဆန်ဝံ့ကြပေ။ ပထမအချက်မှာ ပီပီတုန်းကိုယ်တိုင် သွားမည်ဖြစ်ရာ သူတို့ မငြင်းရဲခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ကောင်းကင်မြို့တော်သို့ သွားခြင်းမှာ စတားဒူးတောအုပ်သို့ သွားခြင်းလောက် မအန္တရာယ်များနိုင်ဟု သူတို့ ထင်မြင်နေခြင်းကြောင့် ဖြစ်သည်။
ကောင်းကင်မြို့တော် ရှရှိက်ခ်အကယ်ဒမီ။
ယွီရှောင်ကန်းသည် လျူအာလုံက ပီပီတုန်းထံ တိတ်တဆိတ် ပို့ပေးလိုက်သော အကူအညီတောင်းစာ၏ အဖြေကို စိုးရိမ်တကြီး စောင့်မျှော်နေသည်။ ဒါက သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ထန်ဆန်းမှာလည်း အခုထိ လူလားမမြောက်သေးသလို ထန်ဆန်း တိုက်တန်တုန့်လော့ဖြစ်လာမည့်နေ့ကို သူ မြင်ရပါဦးမလားပင် မသေချာပေ။ ထို့ပြင် ထန်ဆန်းမှာလည်း ယခုအခါ ထန်ဟောက် နှင့်အတူ အထူးကျင့်ကြံမှုတစ်ခု လုပ်ရန် ထွက်သွားခဲ့ပြီ ဖြစ်သည်။
ပီပီတုန်းထံမှ အဖြေမရသေးမီမှာပင် ယွီရှောင်ကန်းသည် အခြားတစ်ယောက်ထံမှ အဖြေကို ရရှိခဲ့သည်။
"ဖေဖေ... ဖေဖေ"
ယွီရှောင်ကန်းသည် သူနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော ဖခင်ဖြစ်သူ ယွီယွမ်ကျိန်းကို ရှရှိက်ခ်အကယ်ဒမီတွင် တွေ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ပထမဆုံး စိတ်လှုပ်ရှားမှုအပြီးတွင် သူ၏ လက်ရှိ ရုပ်သွင်ကို သတိရသွားကာ ယွီယွမ်ကျိန်းက သူ့ကို မှတ်မိမသွားရန်သာ ဆုတောင်းနေမိသည်။
အပြာရောင်လျှပ်စီး နဂါးဘုရင်မျိုးနွယ်မှ ထွက်ခွာလာပြီးနောက် သူသည် အကောင်းဆုံး တပည့်ကို မွေးမြူပြီး သူ၏ ဝိညာဉ်သီအိုရီများ မှန်ကန်ကြောင်းနှင့် မျိုးနွယ်စုမှ လူများ မျက်စိကန်းနေကြောင်းကို သက်သေပြချင်ခဲ့သည်။ ယခု တပည့်ကို ရှာတွေ့ထားသော်လည်း အကောင်းဆုံး ဖြစ်ရန် လိုသေးသလို သူ့ကိုယ်တိုင်မှာလည်း ဝိညာဉ်စွမ်းအား အဆင့် ၂၉ သာ ရှိသေးသော်လည်း ရုပ်ပိုင်းဆိုင်ရာမှာ အသက် ၈၀ ကျော်အထိ အိုမင်းသွားခဲ့ပြီ ဖြစ်သည်။
"ရှောင်ကန်း... မင်း... မင်း ဘာလို့ ဒီလို ဖြစ်သွားရတာလဲ"
ယွီယွမ်ကျိန်းသည် သူ့ထက်ပင် ပိုအိုစာနေသော ထိုလူမှာ သူ၏သား ယွီရှောင်ကန်း ဖြစ်နေသည်ကို ပထမတော့ သတိမထားမိပေ။ သူ ဤနေရာသို့ လာရခြင်းမှာ လျူအာလုံ၏ သတင်းစကားကြောင့် ဖြစ်သည်။ ယွီရှောင်ကန်းသည် သူ၏ ရုပ်သွင်ကို ပြန်လည်ရရှိလိုနေကြောင်း သူမ သိသည်။ ယွီရှောင်ကန်းနှင့် ရှရှိက်ခ်တို့၏ အစွမ်းဖြင့် ဘာမှ မတတ်နိုင်သော်လည်း ထိပ်သီးဂိုဏ်းကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်သော အပြာရောင်လျှပ်စီးမျိုးနွယ်စုမှာ အဆက်အသွယ်နှင့် အရင်းအမြစ် ပိုများသဖြင့် နည်းလမ်းတစ်ခုခု ရှိနိုင်မည်ဟု သူမ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
"ဖေဖေ... ကျွန်တော်..."
ယွီယွမ်ကျိန်း၏ အသံကို ကြားလိုက်ရသောအခါ ယွီရှောင်ကန်းသည် ဝမ်းနည်းပက်လက် ငိုကြွေးမိတော့သည်။ သူ၏ ဖခင်ဖြစ်သူရှေ့တွင် သူ၏ နာကျည်းချက်နှင့် ဝမ်းနည်းမှုများကို မထိန်းထားနိုင်တော့ပေ။ ယွီရှောင်ကန်းသည် သူ၏ အိုမင်းနေသော ခြေထောက်များဖြင့် ယွီယွမ်ကျိန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
လျူအာလုံသည် ထိုမြင်ကွင်းကို အဝေးမှ ကြည့်ရင်း မျက်ရည်ဝဲနေမိသည်။ အိုမင်းသွားသော ယွီရှောင်ကန်းမှာ သူမအတွက် စိတ်ဝင်စားစရာ မကောင်းတော့သော်လည်း နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော သံယောဇဉ်များကိုတော့ လုံးဝ လက်မလွှတ်နိုင်သေးပေ။
"ဖေဖေ... မြန်မြန်... မြန်မြန်လွှတ်ပါဦး ကျွန်တော် အသက်ရှူရတာ ကျပ်လို့ပါ"
ယွီရှောင်ကန်း၏ အိုမင်းနေသော အရိုးများမှာ ယွီယွမ်ကျိန်း၏ ခွန်အားကို မခံနိုင်ပေ။
"ရှောင်ကန်း... မင်းကို ဘယ်သူ ဒီလိုလုပ်လိုက်တာလဲ"
ယွီယွမ်ကျိန်းသည် ယွီရှောင်ကန်း ဤမျှ အိုမင်းသွားရခြင်းမှာ သဘာဝအလျောက်မဟုတ်ဘဲ တစ်စုံတစ်ယောက်၏ လက်ချက်ဖြစ်ကြောင်း သိထားသည်။ သူသည် ယွီရှောင်ကန်းအပေါ် နှစ်ပေါင်းများစွာ ဂရုမစိုက်ခဲ့သော်လည်း သူ၏ သားကို မချစ်သည်တော့ မဟုတ်ပေ။
"ဒါက ဆရာကြီးမုန့်ပါ"
ယွီယွမ်ကျိန်း၏ ဖျစ်ညှစ်မှုကြောင့် နာကျင်နေသော လက်မောင်းကို ပွတ်ရင်း ယွီရှောင်ကန်းက အားမရှိသော အသံဖြင့် ဖြေလိုက်သည်။ နာမည်ကို သိလိုက်သည်နှင့် ယွီယွမ်ကျိန်းသည် ချက်ချင်း လှည့်ထွက်သွားတော့သည်။ သူသည် ယွီရှောင်ကန်းအတွက် လက်စားချေရန်သာ စိတ်အားထက်သန်နေသည်။ သူ၏ သားကို ဤမျှအထိ ဒုက္ခပေးဝံ့သူမှာ သွေးကြွေးတင်ရမည်သာ ဖြစ်သည်။
"ဖေဖေ... ဖေဖေ မသွားပါနဲ့ဦး..."
ယွီရှောင်ကန်းက အော်ဟစ်တားဆီးသော်လည်း မရပေ။ ယွီရှောင်ကန်းသည် ဆရာကြီးမုန့် မည်မျှ အစွမ်းထက်သည်ကို မခန့်မှန်းနိုင်ပေ။ ဆရာကြီးမုန့်က ယွီယွမ်ကျိန်းကို မယှဉ်နိုင်လျှင်ပင် ဆရာကြီးမုန့်မှာ တစ်ယောက်တည်း မဟုတ်ပေ။ လင်းချီ၏ နောက်ကွယ်တွင် ဟောက်ထျန်းဂိုဏ်းမှ တိုက်တန်တုန့်လော့များကို တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့သော လင်းချင်ကဲ့သို့သော အစွမ်းထက်သူ ရှိနေသည်။
ယွီရှောင်ကန်းသည် သူ၏ဖခင်ကို ယုံကြည်သော်လည်း လင်းချင်ထက် ပိုအစွမ်းထက်လိမ့်မည်ဟုတော့ မထင်ပေ။ ယွီရှောင်ကန်းက တားမမှီသော်လည်း လျူအာလုံကတော့ ဘေးကနေ ကြည့်မနေခဲ့ပေ။
"ရှင် ဆရာကြီးမုန့်ကို သွားကိုင်တွယ်ချင်တယ်ဆိုရင်တော့ အဆင်ခြင်မဲ့ မလုပ်ဖို့ ကျွန်မ အကြံပေးချင်ပါတယ်"
ယွီယွမ်ကျိန်းသည်လည်း ဒေါသထွက်နေသော်လည်း အနည်းငယ် ပြန်လည်တည်ငြိမ်သွားသည်။ သူသည် ဆရာကြီးမုန့်ကို သေသေချာချာ စုံစမ်းပြီးမှ ဆုံးဖြတ်ချက်ချရန် ပြင်လိုက်သည်။ အဲ့ဒီအချိန်မှာတင် ဝေးကွာသော အရပ်ရှိ တာလီတော်ဝင်အကယ်ဒမီဘက်မှ လျှပ်စီးတန်းတစ်ခုက ကောင်းကင်သို့ လက်ထွက်သွားခဲ့သည်။