အခန်း(၇)
သို့သော်လည်း အခြားသော သားရဲကတ်ပြားအမျိုးအစားများသည် မူလတိုက်ခိုက်ရေးခန္ဓာကိုယ်ပုံစံများနှင့် နှိုင်းယှဉ်ပါက များစွာရှားပါးလှသည်။ အနည်းဆုံးတော့ ကျန်းချဲ့ ယခုအချိန်ထိ မြင်တွေ့ခဲ့ရသည့် သားရဲကတ်ပြားတိုင်းမှာ မူလတိုက်ခိုက်ရေးခန္ဓာကိုယ်ပုံစံများသာ ဖြစ်သည်။
“သိပ်အဝေးကြီး ကြိုတွေးနေလို့လည်း မထူးပါဘူးလေ။ ဒီ 'မျိုးဗီဇပြောင်း သံချပ်ကာပုရွက်ဆိတ်အနက်' ကတ်ပြားပေါ်မှာ ငါ့ရဲ့ စိတ်ဝိဉာဉ်အမှတ်အသားကို အရင်ဆုံး ခတ်နှိပ်ထားတာ ပိုကောင်းမယ်။”
ကျန်းချဲ့သည် ခေါင်းကိုခါယမ်းလိုက်ရင်း သူပထမဆုံးရရှိထားသည့် သားရဲကတ်ပြားကို လက်ဖဝါးနှစ်ဖက်ကြားတွင် ညှပ်လိုက်သည်။ 'မျိုးဗီဇပြောင်း သံချပ်ကာပုရွက်ဆိတ်အနက်' သည် 'မီးလျှံကင်းမြီးကောက်' သို့မဟုတ် 'အစွယ်ရှည်တောဝက်' တို့နှင့်နှိုင်းယှဉ်လျှင် များစွာ အားနည်းသော်လည်း၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူကိုယ်တိုင် အားထုတ်ပြီး အမှန်တကယ် ရရှိခဲ့သည့် ပထမဆုံးသော သားရဲဖြစ်သည်မဟုတ်ပါလား။
နောင်တစ်ချိန်တွင် ကျန်းချဲ့အနေဖြင့် မိမိ၏ကမ္ဘာသို့ ပြန်သွားရမည်ဖြစ်ရာ ကျန်ရှိသည့် ကတ်ပြားနှစ်ချပ်ကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။
'အင်မတန် အေးရောပဲ... ဒါကို ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ။'
ကျန်းချဲ့သည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် မချင့်မရဲ ညည်းတွားလိုက်မိသည်။ အဆင့် သားရဲထိန်းတစ်ဦးသည် တစ်ကြိမ်လျှင် တစ်ပွင့်ပြိုင် သားရဲကတ်ပြား နှစ်ချပ်ကိုသာ အသုံးပြုနိုင်သည်။ သူသည် 'မီးလျှံကင်းမြီးကောက်' နှင့် 'အစွယ်ရှည်တောဝက်' တို့ကို အသုံးပြုနေပြီဖြစ်၍ 'မျိုးဗီဇပြောင်း သံချပ်ကာပုရွက်ဆိတ်အနက်' ကို ထပ်မံအသုံးပြုနိုင်မည် မဟုတ်ချေ။
'ထားလိုက်ပါတော့လေ။ ကိုယ်ထင်ပြအောင် မလုပ်နိုင်လည်း မတတ်နိုင်ဘူးပေါ့။ အဲဒီကောင်ကလည်း နည်းနည်း အားနည်းလွန်းတော့ တိုက်ပွဲမှာ သိပ်ပြီး အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။'
ကျန်းချဲ့သည် ဤသို့သာ မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်ရသည်။ သူသည် ခေါင်းကိုခါယမ်းကာ 'မျိုးဗီဇပြောင်း သံချပ်ကာပုရွက်ဆိတ်အနက်' ကတ်ပြားကို အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ အိတ်ကပ်ထဲမှ လက်ကို ပြန်မနှုတ်ရသေးမီမှာပင် သူ ရုတ်တရက် ကြောင်အန်းအန်း ဖြစ်သွားရသည်။
'မဟန်ဘူး... စောစောက ငါ ဒီသားရဲကတ်ပြားနဲ့ စိတ်ဝိဉာဉ် ပဲ့တင်ထပ်မှု စတင်ဖြစ်ပေါ်ခဲ့တာ သေချာပါတယ်။ အဲဒါဆို ငါ ဘာလို့ သုံးလို့မရရမှာလဲ။'
ကျန်းချဲ့သည် အိတ်ကပ်ထဲမှ သားရဲကတ်ပြားကို ချက်ချင်း ပြန်ထုတ်လိုက်သည်။ ထို့နောက် စောစောကလုပ်ဆောင်ချက်ကိုပင် ဆက်လက်လုပ်ဆောင်လိုက်သည်။ မကြာမီမှာပင် လက်ဖဝါးနှစ်ဖက်ကြားရှိ သားရဲကတ်ပြားမှ အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် ကျန်းချဲ့၏ စိတ်အလိုအတိုင်း ထိုကတ်ပြားသည် လက်ထဲမှ ပျောက်ကွယ်သွားပြီး သူ၏စိတ်ဝိဉာဉ်ပင်လယ်အတွင်းသို့ ရောက်ရှိသွားတော့သည်။
“တကယ်ကြီး အောင်မြင်သွားတာပဲ။”
ကျန်းချဲ့ အလွန်အမင်း အံ့အားသင့်သွားရသည်။
'ငါက အဆင့် (၁) သားရဲထိန်း မဟုတ်ဘဲနဲ့ စိတ်ဝိဉာဉ်ပင်လယ်ကို စတင်နိုးထစေခဲ့တဲ့ အချိန်ကတည်းက အဆင့် (၂) သားရဲထိန်း ဖြစ်နေခဲ့တာများလား။'
'မဖြစ်နိုင်တာ။ ဒီလိုမျိုး တစ်ခါမှ မကြားဖူးပါဘူး။'
'ဒါဆိုရင် ငါ ဒီကမ္ဘာကို ကူးပြောင်းလာလို့များလား။'
ကျန်းချဲ့သည် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း တွေးတောလိုက်ရာ ဤအချက်မှာ ဖြစ်နိုင်ခြေ အလွန်များပြားသည်ဟု ခံစားလိုက်ရသည်။ သို့မဟုတ်ပါက သူ ဤကမ္ဘာသို့ မကူးပြောင်းမီက အသုံးမကျသော ကိုယ်ခန္ဓာဟောင်းဖြင့် သားရဲထိန်းအရည်အချင်းစစ်ဆေးမှုကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးမှ၊ ယခုပထမဆုံးအကြိမ်မှာတင် အဘယ်ကြောင့် လွယ်လွယ်ကူကူ အောင်မြင်သွားရသနည်း။
'အင်း... ငါ့ရဲ့ ဝိဉာဉ်က ဒီကမ္ဘာကို ကူးပြောင်းလာပြီး ဒီခန္ဓာကိုယ်ထဲက မူလဝိဉာဉ်နဲ့ ပေါင်းစည်းသွားတဲ့အတွက်၊ ငါတို့နှစ်ယောက်ရဲ့ ဝိဉာဉ်တွေက ခန္ဓာကိုယ်တစ်ခုတည်းမှာ အတူရှိနေကြတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ငါ့ရဲ့ စိတ်ဝိဉာဉ်ပင်လယ်က တခြား အဆင့်တူလူတွေထက် သဘာဝအတိုင်း နှစ်ဆပိုကြီးမားနေပြီး သားရဲတစ်ကောင်ကို ပိုပြီး စေခိုင်းနိုင်တာကလည်း ကျိုးကြောင်းဆီလျော်မှု ရှိတာပေါ့။'
“ဒါဆိုရင် ငါ နောက်ထပ် သားရဲတစ်ကောင်ပေါ်မှာ ငါ့ရဲ့ အမှတ်အသားကို ထပ်ပြီး ခတ်နှိပ်လို့ရသေးတာပေါ့။”
ဤမျှအထိ တွေးတောမိလိုက်သောအခါ ကျန်းချဲ့၏ နှုတ်ခမ်းထောင့်စွန်းများ ပင့်တက်သွားကာ ပြုံးစိစိ ဖြစ်သွားရသည်။ တခြားသူများထက် သားရဲများကို နှစ်ဆပိုမို ထိန်းချုပ်နိုင်ခြင်းသည် ထူးဆန်းသောသားရဲများကို အမဲလိုက်ရာတွင်ဖြစ်စေ၊ တခြားသူများနှင့် တိုက်ခိုက်ရာတွင်ဖြစ်စေ အလွန်အရေးကြီးသော ဝှက်ဖဲတစ်ချပ် ဖြစ်ပေသည်။ ဓမ္မတာအတိုင်းပင် ဤလျှို့ဝှက်ချက်ကို အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့် အခြေအနေမှလွဲ၍ မည်သည့်အခါမျှ အပြင်သို့ အပေါက်အပြဲခံ၍ မဖြစ်ချေ။ သူသည် တခြားသူများထက် သားရဲများကို နှစ်ဆပို၍ ဆင့်ခေါ်နိုင်သည်ဟူသောအချက်ကို ဘယ်သောအခါမှ မသိစေရဟု ဆုံးဖြတ်လိုက်သည်
ကျန်းချဲ့၏ ရှေ့မှောက်တွင် သိပ်သည်းလှသော တောအုပ်ကြီးတစ်ခု ရှိနေသည်။ ဘေးတွင် သားရဲနှစ်ကောင် ရံလျက်ဖြင့် ကျန်းချဲ့သည် ဤတောအုပ်ထဲသို့ ဝင်သင့်၊ မဝင်သင့် ဝေခွဲမရ ဖြစ်နေသည်။ ယခုအခါ သူသည် ဘေးကင်းဇုန်နှင့် ကီလိုမီတာ အနည်းငယ်မျှ ဝေးကွာနေပြီ ဖြစ်သည်။ လမ်းခရီးတွင် သားရဲအချို့ကို အမဲလိုက်ခဲ့သော်လည်း ဒုတိယမြောက် သားရဲကတ်ပြားကိုမူ မရရှိသေးချေ။ ဤသည်ကို ကြည့်ခြင်းဖြင့် သားရဲကတ်ပြား ရရှိနိုင်ခြေနှုန်းမှာ အမှန်တကယ်ပင် အလွန်နည်းပါးကြောင်း သိသာလှသည်။ အနိမ့်ဆုံးအဆင့်ဖြစ်သည့် တစ်ပွင့်ပြိုင် သံနက်ဆင့် သားရဲကတ်ပြားတစ်ခုပင်လျှင် ဈေးကွက်ထဲတွင် အနည်းဆုံး မဟာမိတ်ဒေါ်လာ တစ်ထောင်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြသည်မှာ မဆန်းတော့ချေ။
ကျန်းချဲ့ တစ်ယောက်တည်း ကံဆိုးနေခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ တခြားသော သားရဲထိန်းများ၏ ကတ်ပြားရရှိမှုနှုန်းကို သူ မသိရှိရသဖြင့် ရမ်းသန်း၍သာ ခန့်မှန်းနေရခြင်း ဖြစ်သည်။
ရှေ့ရှိ တောအုပ်ထဲတွင် ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေပြီး လူသူအရိပ်အယောင် လုံးဝမရှိချေ။ ကျန်းချဲ့သည် ခေတ္တမျှ တွေဝေသွားသည်။ မိမိ၏ သားရဲနှစ်ကောင်မှာ တော်တော်လေး အားကောင်းသည်ဟူသော အချက်ကို အားကိုးကာ၊ သားရဲများ၏ နောက်ကွယ် အတန်ငယ်အကွာမှ ပုန်းကွယ်လျက် သတိကြီးစွာဖြင့် ရှေ့သို့ တိုးဝင်ခဲ့သည်။ ဤနေရာမှာ အနည်းငယ် ပုံမှန်မဟုတ်သကဲ့သို့ ခံစားရသော်လည်း ဘေးကင်းဇုန်နှင့်မူ အလွန်အမင်း ဝေးကွာလှသည်တော့ မဟုတ်ချေ။ သူ့တွင် ငွေဆင့်အတန်းအစား 'မီးလျှံကင်းမြီးကောက်' ရှိနေသောကြောင့် သူ မဖြေရှင်းနိုင်လောက်အောင် အင်အားကြီးမားသည့် သားရဲများ ဝန်းကျင်တွင် ရှိမနေသင့်ပါ။ နှစ်ပွင့်ပြိုင် ကြေးဝါအဆင့် သားရဲနှင့် ရင်ဆိုင်ရလျှင်ပင် သူ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
တောအုပ်ထဲသို့ ဝင်ရောက်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ပိုမိုမှောင်မှိုက်လာသည်။ ပတ်ဝန်းကျင်မှာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်လွန်းလှရာ ကျန်းချဲ့အနေဖြင့် မည်သည့်အသံကိုမျှ မကြားရဘဲ ကြက်သီးမွေးညင်းများပင် ထောင်ထလာရသည်။ ကျန်းချဲ့သည် ရှေ့သို့ မီတာအနည်းငယ်မျှ ဆက်လက်တိုးဝင်ခဲ့သည်။ မည်သည့်အရာကိုမျှ ရှာမတွေ့သော်လည်း ပတ်ဝန်းကျင်ကြီးမှာ တစ်စထက်တစ်စ ပိုမိုထူးဆန်းလာသည်ဟု သူ ခံစားနေရသည်။
“တော်ပါပြီလေ။ လှည့်ပြန်ပြီး တခြားလမ်းကနေ သွားတာပဲ ပိုကောင်းပါတယ်။”
သူသည် မိမိ၏ သားရဲများကို လှည့်ပြန်ရန် အမိန့်ပေးတော့မည့် ဆဲဆဲမှာပင်၊
သစ်ပင်များကြားမှ အမည်းရောင်အရိပ်အာဝါသအစုအဝေးတစ်ခုသည် မိုးရေစက်များပမာ ဝရုန်းသုန်းကား ထွက်ပေါ်လာပြီး သူ၏သားရဲများထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်အုံခဲလာကြသည်။
“သောက်ကျိုးနည်း... အဲဒါတွေက ဘာတွေလဲ။”
ကျန်းချဲ့ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူ၏ သားရဲများအပေါ်သို့ ခုန်အုပ်လာသည့် အရာများကို အသေအချာ မြင်လိုက်ရသောအခါ ဦးရေပြားများပါ ထုံကျင်သွားရတော့သည်။ ထိုအမည်းရောင်အရိပ်များမှာ အမှန်စင်စစ်အားဖြင့် သူ၏ပေါင်လုံးခန့် တုတ်ခိုင်လှသော မျှော့ကြီးများ ဖြစ်ကြသည်။ ၎င်းတို့၏ အရေပြားမှာ အညိုရင့်ရောင်ဖြစ်ပြီး အဝါရောင် အစင်းအကြောင်း ဆန်းဆန်းပြားပြားများ ပါရှိရာ ကြည့်ရသည်မှာ အလွန်ပင် ခြောက်ခြားဖွယ် ကောင်းလှသည်။
[လူသားစားမျှော့]
အဆင့် - နှစ်ပွင့်ပြိုင် (အဆင့် ၁၅) အရည်အသွေး - ကြေးဝါအဆင့်
ဝိသေသလက္ခဏာ - အုပ်စုလိုက် စုဝေးနေထိုင်တတ်ခြင်း၊ အရေပြား ထူထဲကြံ့ခိုင်ခြင်း။
အားနည်းချက် - မီးဓာတ်ပါသော တိုက်ခိုက်မှုများကို မခံနိုင်ခြင်း။
စွမ်းရည်မြှင့်တင်နိုင်စွမ်း - စီအဆင့် (C Rank) - လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိပြီး၊ လက်ရှိအရည်အသွေးကို ကျော်ဖြတ်နိုင်ခြေ ၅ ရာခိုင်နှုန်း ရှိသည်။ နောက်တစ်ကြိမ် အဆင့်မြှင့်တင်ရာတွင် အခွင့်အရေး ထဝက်လျော့နည်းသွားမည်။ အဆင့် (၃) ကြိမ် မြှင့်တင်နိုင်သည်။
လေ့ကျင့်ပျိုးထောင်မှု လမ်းညွှန်ချက်များ
“ပါးစပ်သရမ်းမိတာပဲ။ တကယ်ကြီး နှစ်ပွင့်ပြိုင် သားရဲတွေနဲ့ တိုးတာပဲ၊ အဲဒါတင်မကဘူး အုပ်စုကြီးကလည်း အကြီးကြီးပဲ။”
ကျန်းချဲ့တစ်ယောက် ငိုချင်စိတ်ပင် ပေါက်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သတိကြီးစွာ ထားခဲ့ပြီး သားရဲများ၏ နောက်ကွယ်မှ ကပ်လျက်လိုက်မလာခဲ့ပေ။ သို့မဟုတ်ပါက သူသည် ထို 'လူသားစားမျှော့' များ၏ သွေးစုပ်ခြင်းကို ခံရပြီး အခြောက်လှန်းခံထားရလောက်ပြီ ဖြစ်သည်။
ကျန်းချဲ့အနေဖြင့် အန္တရာယ်မှ ရှောင်ကွင်းနိုင်ခဲ့သော်လည်း သူ၏ သားရဲများမှာမူ ထိုသို့မဟုတ်ခဲ့ချေ။ တစ်ပွင့်ပြိုင် ကြေးဝါအဆင့်မျှသာရှိသော 'အစွယ်ရှည်တောဝက်' ပေါ်တွင် လူသားစားမျှော့ အများအပြား တွယ်ကပ်နေကြပြီ ဖြစ်သည်။ ၎င်းသည် နာကျင်စွာဖြင့် အော်ဟစ်ညည်းတွားရင်း ထိုမျှော့များကို ခန္ဓာကိုယ်ပေါ်မှ ခါချပစ်ရန် ရမ်းသန်းပြေးလွှားနေသော်လည်း အားထုတ်မှုများမှာ အရာမထင်ခဲ့ချေ။ ဒူးပျံသလောက် အချိန်အတောအတွင်းမှာပင် 'အစွယ်ရှည်တောဝက်' ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပိန်လိန်သွားသည်။ ၎င်းအနေဖြင့် ဤအခြေအနေကို ကြာရှည်တောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း ထင်ရှားလှသည်။
ကျန်းချဲ့သည် မိမိ၏ သားရဲ သေဆုံးသွားသည်ကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်သည်မှာ အမှန်ပင်။ သူ၏ စိတ်အလိုအရ 'အစွယ်ရှည်တောဝက်' သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ မျက်ခုံးအလယ်သို့ စီးမျောဝင်ရောက်ကာ စိတ်ဝိဉာဉ်ပင်လယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုအစိမ်းရင့်ရောင် ကတ်ပြားသည် ယခုအခါ လျှံပတ်ရုံမျှသာ အလင်းဖျော့ဖျော့ လင်းလက်နေတော့သည်။ ၎င်းသည် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ထင်ရှားလှသည်။ ကြည့်ရသည်မှာ ပြန်လည်ကောင်းမွန်လာရန် အချိန်အတန်ကြာ လိုအပ်မည်ဖြစ်ရာ ကျန်းချဲ့အနေဖြင့် ၎င်းကို တိုက်ပွဲအတွက် ချက်ချင်း ဆင့်ခေါ်နိုင်မည် မဟုတ်တော့ချေ။
တစ်ဖက်တွင်မူ 'မီးလျှံကင်းမြီးကောက်' သည် ငွေဆင့်အတန်းအစား သားရဲပီပီ အစွမ်းပြနေသည်။ ၎င်း၏ သံချပ်ကာအခွံမှာ အလွန်တရာ မာကျောလှသဖြင့် အခြေအနေ ကောင်းမွန်နေဆဲ ဖြစ်သည်။ လူသားစားမျှော့ အများအပြား ခုန်အုပ်တွယ်ကပ်ခြင်းကို ခံရသော်လည်း 'မီးလျှံကင်းမြီးကောက်' သည် ၎င်း၏ ဒေါသတကြီး ခက်ထန်မှုကို ပြသလိုက်သည်။ ၎င်း၏ ညှပ်မကြီးနှစ်ဖက်မှာမူ ပုံသဏ္ဌာန် အနေအထား အကန့်အသတ်ကြောင့် လူသားစားမျှော့များကို တိုက်ခိုက်ရန် အဆင်မပြေသော်လည်း၊ ဤကြောက်မက်ဖွယ်ကောင်းသော အဆိပ်ရှိသားရဲတွင် အစွမ်းထက်လှသည့် အမြီးမှ အဆိပ်ဆူး ရှိနေသေးသည် မဟုတ်ပါလား။
ယခင် တိုက်ပွဲများတွင် ရန်သူများမှာ အလွန်အားနည်းလွန်းသဖြင့် 'မီးလျှံကင်းမြီးကောက်' သည် အဆိပ်ဆူးကို အသုံးပြုခြင်း မရှိခဲ့ချေ။ ယခုအခါ 'လူသားစားမျှော့' များသည် 'မီးလျှံကင်းမြီးကောက်' ၏ ဒေါသမီးကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားရာ ၎င်းသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။ အမြီးကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ နီရဲတောက်ပနေသော အဆိပ်ဆူးသည် 'လူသားစားမျှော့' တစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားသည်။ နီရဲသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။ မီးဓာတ်ပါဝင်သော အဆိပ်သည် ချက်ချင်းပင် အာနိသင်ပြလာပြီး 'လူသားစားမျှော့' ၏ ပျော့အိနေသော ခန္ဓာကိုယ်မှာ ရုတ်တရက် တဆတ်ဆတ်တုန်ခါသွားကာ 'မီးလျှံကင်းမြီးကောက်' ၏ ခန္ဓာကိုယ်ပေါ်မှ မြက်ခင်းပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။ ၎င်းသည် ခေတ္တမျှ လူးလိမ့်လူးလွန့်ဖြစ်နေပြီးနောက် ဖြူဖွေးသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။[သင်သည် လူသားစားမျှော့တစ်ကောင်ကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။ ဝိဉာဉ်စွမ်းအား ၄ မှတ် ရရှိသည်။]