အခန်း(၅၀)
ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးထဲတွင် ဆင်မြင်းအုပ်ကြီးသည် အေးအေးလူလူ လျှောက်လှမ်းနေကြပြီး ရံဖန်ရံခါတွင် စိမ်းလန်းစိုပြည်ပြီး နုပျိုသော မြက်ပင်များကို ကိုက်ဖြတ်စားသောက်ရင်း ငြိမ်းချမ်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ သာမန်ဆင်မြင်းများထက် ပိုမိုမြင့်မားကာ ထွားကျိုင်းပြီး ကြက်သွေးရောင် ခန္ဓာကိုယ်နှင့် ကျောက်စိမ်းရောင် အစွယ်များရှိသည့် ရွှေရောင် ဆင်မြင်းဘုရင်သည် လောလောဆယ်တွင် မြက်ခင်းပြင်ပေါ်၌ ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့သည်။
ရွှေရောင် ဆင်မြင်းဘုရင်၏ ကျောပြင်ပေါ်တွင်မူ ပင်ပန်းနွမ်းနယ်နေသော အမူအရာရှိသည့် ကျန်းချဲ့သည် သူ၏မျက်လုံးထဲတွင် အလွန်အမင်း အံ့ဩသွားသော အရိပ်အယောင်များကို ဖော်ပြနေသည်။ မြင်းကတ္တားပေါ်တွင် ထိုင်နေရင်း သူ၏နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။
“ငါ ထင်ထားတဲ့အတိုင်းပဲ... ဆင်မြင်းတွေကို တကယ်ပဲ ယဉ်ပါးအောင် လုပ်လို့ရတာပဲ။ ဒါက ငါ စူပါကား (Supercar) တစ်စီးကို ပိုင်ဆိုင်လိုက်ရသလိုပဲ။ ငါ့အတန်းထဲက ကျောင်းသားတွေသာ ဒါကို သိရင် သူတို့ အံ့ဩလွန်းလို့ မေးရိုးတွေတောင် ပြုတ်ထွက်သွားကြလိမ့်မယ်”
သူ၏ အတန်းဖော်များကို တွေးမိသောအခါ ကျန်းချဲ့သည် ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် သူ၏တိုတောင်းလှသော ကျောင်းသားဘဝကို မတွေးဘဲ မနေနိုင်ဖြစ်သွားခဲ့ရာ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ကျောင်းဝင်းဘဝကို တစ်ကျော့ပြန် ဖြတ်သန်းရသည်မှာ အနည်းငယ် အသားမကျသေးသော်လည်း အကယ်၍ သူ၏မိခင် ဖြစ်သူ၏ ကျန်းမာရေး အခြေအနေက ပိုမိုဆိုးရွားမလာခဲ့ပါက သူသည်လည်း အခြားသော ရွယ်တူချင်းများကဲ့သို့ အထက်တန်းကျောင်းဘဝကို အောင်မြင်စွာ ဖြတ်သန်းပြီး တက္ကသိုလ်တစ်ခုခုသို့ လျှောက်ထားရမည် ဖြစ်သည်။
သို့သော်လည်း ကျန်းချဲ့သည် သူ၏ဆုံးဖြတ်ချက်အပေါ် ဘာနောင်တမျှ မရှိချေ။ အကယ်၍ သူသာ ဤဆုံးဖြတ်ချက်ကို မချမှတ်ခဲ့ပါက ယခုကဲ့သို့ ကျယ်ပြောလှသော ကမ္ဘာကြီးကို စောစီးစွာ မြင်တွေ့ခွင့် ရလိမ့်မည်မဟုတ်သလို ယခုကဲ့သို့ ထူးကဲလှသော စီးတော်ယာဉ်ကိုလည်း စီးနင်းခွင့် ရရှိလိမ့်မည် မဟုတ်ပါချေ။
နာရီဝက်ခန့် အပြန်အလှန် လုံးပန်းပြီးနောက် ရွှေရောင် ဆင်မြင်းဘုရင်သည် ကျန်းချဲ့ကို သူ၏ကျောပေါ်မှ ပြုတ်ကျအောင် ထပ်မံ၍ မလုပ်နိုင်တော့ချေ။ နောက်ဆုံးတွင် ၎င်းသည် သူ့ကို နာခံစွာဖြင့် အညံခံလိုက်ရတော့ပြီး ကျန်းချဲ့အား သူ၏ကျောပေါ်တွင် ထိုင်ခွင့်ပေးကာ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်သည်။
သဘာဝကျကျပင် ခုနစ်ရောင်ခြယ် သလင်းကျောက်တုံးမှ ထွက်ပေါ်လာသော စွမ်းအင်ကလည်း ဤနေရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကျန်းချဲ့သည် ဤအချက်ကို ကောင်းကောင်းသိသည်။ သူသည် မိမိ၏ ကန့်သတ်ချက်ကို ကောင်းစွာ သတိပြုမိသည်။ အကယ်၍ ထိုအရေးကြီးသော အချိန်တွင် ခုနစ်ရောင်ခြယ် သလင်းကျောက်တုံးက သူ့ကို ကူညီပြီး ရွှေရောင် ဆင်မြင်းဘုရင်ကို ၎င်း၏အုပ်စုထဲမှ ဆွဲထုတ်မပေးခဲ့ပါက သူသည် ဤမြင်းဘုရင်၏ အနားသို့ ချဉ်းကပ်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။ အကယ်၍ ရွှေရောင် ဆင်မြင်းဘုရင်သည် ခုနစ်ရောင်ခြယ် သလင်းကျောက်တုံး၏ စွမ်းအင်အပေါ် အလွန်အမင်း လောဘမတက်ခဲ့ပါကလည်း ယခုကဲ့သို့ အလွယ်တကူ အညံခံလိမ့်မည် မဟုတ်ချေ။ ပိုမိုပြင်းထန်သော ခုခံမှုကို မဆိုထားနှင့်၊ ၎င်းသည် အုပ်စုကြီးထဲသို့ ပြေးဝင်သွားပြီး ကျန်းချဲ့ကို ရေတွက်၍မရသော အစွယ်များဖြင့် ထိုးနှက်ခြင်းကို မြည်းစမ်းခွင့် ပေးခဲ့လောက်ပြီ ဖြစ်သည်။
ခြုံငုံပြောရလျှင် ဤနှစ်ကောင်သည် နှစ်ဦးနှစ်ဖက် သဘောတူညီစွာဖြင့် ပေါင်းစည်းသွားခဲ့ကြခြင်း ဖြစ်သည်။ ပုံမှန် အလေ့အထအရ အစွမ်းထက်သော ရန်သူတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ပြီးနောက် ၎င်းကို လှပသော နာမည်တစ်ခု ပေးရမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤကောင်သည် သူ၏ ဆင့်ခေါ်ထားသော သားရဲ မဟုတ်ချေ။ ၎င်းတွင် ကိုယ်ပိုင်ခံစားချက် ရှိပြီး စက်ရုပ်များကဲ့သို့ သူ၏အမိန့်ကို ခြွင်းချက်မရှိ နာခံမည့် ဆင့်ခေါ်သားရဲများနှင့် မတူပေ။
“ငါ့ရဲ့ ဇာတိမြေ ကမ္ဘာမြေမှာ ‘ဟန်ရွှေးပေါ့မာ’ (Ferghana horse)¹ ဆိုတဲ့ မြင်းတစ်မျိုး ရှိတယ်။ မင်းက သွေးလိုနီတဲ့ ချွေးတွေ မထွက်ပေမယ့် မင်းရဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေ အားလုံးက ဘာအရောင်မှ မရောဘဲ နီရဲနေတာပဲ။ ဒါကြောင့် မင်းကို နောက်နောင် ‘ဟန်ရွှေး’ လို့ပဲ ခေါ်တော့မယ်”
ကျန်းချဲ့သည် ရွှေရောင် ဆင်မြင်းဘုရင်၏ လည်ဆံမွေးကို ကြင်နာစွာ သုံးသပ်ရင်း ၎င်းကို အထူးနာမည်တစ်ခု ပေးလိုက်သည်။
“ဟီး... ဟီး...”
ကျန်းချဲ့ကို တုံ့ပြန်သည့်အလား ရွှေရောင် ဆင်မြင်းဘုရင်သည် စိတ်လှုပ်ရှားစွာဖြင့် အချို့သော ဟီတွတ်သံများကို ပြုလုပ်လိုက်သည်။ ၎င်းသည် ‘ဟန်ရွှေး’ ဆိုသည့် နာမည်အပေါ် ဘာဒေါသမျှ ဖြစ်ပေါ်ခြင်း မရှိပုံရပေ။
ကျန်းချဲ့သည် မပြုံးဘဲ မနေနိုင်ဖြစ်သွားကာ
“အင်း... ကောင်းပြီ။ မင်းလည်း ဒီနာမည်ကို သဘောကျပုံရတယ်။ အဲ့ဒါဆိုရင် ငါတို့ ဆွေးနွေးစရာတစ်ခု ရှိတယ်။ မင်းရဲ့ လူတွေထဲက ကောင်ရေနှစ်ရာလောက်ကို ငါ့ကို ပေးလို့ရမလား။ မင်းရဲ့ သခင်ဖြစ်တဲ့ ငါက အဆင့် ၃ သားရဲထိန်းအဖြစ် အဆင့်တက်တော့မှာမလို့ပါ”
ရွှေရောင် ဆင်မြင်းဘုရင်သည် ရုတ်တရက် ရှေ့ခြေနှစ်ဖက်ကို မြှောက်ကာ အသင့်မပြင်ရသေးသော ကျန်းချဲ့ကို မြေပြင်ပေါ်သို့ တိုက်ရိုက် ဝုန်းခနဲ ပြုတ်ကျအောင် လုပ်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ထို့နောက်တွင် ၎င်းသည် မကျေမနပ်ဖြင့် နှာမှုတ်လိုက်ရာ ၎င်း၏ ယခင်ရဲဘော်ရဲဘက်များကို ကျန်းချဲ့အား သတ်ဖြတ်ခွင့်ပြုရန် လုံးဝ အလိုမရှိကြောင်း ထင်ရှားလှသည်။
“ဒီကောင်စုတ်... မင်းက တကယ် အကန်ခံချင်နေတာပဲ”
ကျန်းချဲ့သည် နာကျင်နေသော သူ၏ဖင်ကို ပွတ်သပ်ရင်း ရယ်မောကျိန်ဆဲကာ ပြန်လည်ထရပ်လိုက်သည်။ စိတ်ဆိုးနေသော ရွှေရောင် ဆင်မြင်းဘုရင်ကို ကြည့်ပြီး သူသည် ငိုအားထက်ရယ်အားသန် ဖြစ်သွားရကာ ဘာလုပ်ရမှန်း မသိတော့ပေ။
“မင်းက သံယောဇဉ်ကြီးတတ်မှန်း ငါသိပါတယ်။ ငါက ဆွေးနွေးရုံတင် ပြောတာ မဟုတ်ဘူးလား။ အလိုမရှိရင်လည်း တိုက်ရိုက်ပြောလေ။ ဒီလောက်တောင် ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ပြစရာမလိုပါဘူး”
ရွှေရောင် ဆင်မြင်းဘုရင် : ငါ မင်းကို ဆဲချင်ပေမယ့် စကားမပြောတတ်တာ တကယ့်ကို နှမြောစရာပဲ...
ဟန်ရွှေးက သူ၏ ယခင်လက်အောက်ငယ်သားများကို သတ်ဖြတ်ရန် ခွင့်မပြုသဖြင့် ကျန်းချဲ့သည် ထိုဆင်မြင်းများနှင့် ပတ်သက်သော စိတ်ကူးအားလုံးကို စွန့်လွှတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤကမ္ဘာကြီးသည် ကျယ်ပြောလှပြီး ရေတွက်၍မရသော ဆန်းပြားသားရဲများ ရှိနေသည်။ သူသည် သတ်ဖြတ်ရန် အခြားသော ဆန်းပြားသားရဲများကိုသာ သွားရောက်ရှာဖွေတော့မည်။
ယခုမူ သူ့တွင် ဟန်ရွှေး ရှိနေပြီ ဖြစ်ရာ တစ်ရက်လျှင် ကီလိုမီတာ တစ်ထောင့်ငါးရာ ခရီးနှင်နိုင်ရန်မှာ ဘာပြဿနာမျှ မရှိတော့ချေ။ အကယ်၍ ကျန်းချဲ့၏ အဆင့်က မနိမ့်ကျဘဲ အစွမ်းထက်သော ဆင့်ခေါ်သားရဲတစ်ကောင်သာ ရှိနေမည်ဆိုပါက သူသွားလိုသည့် မည်သည့်နေရာမဆို တားဆီးနိုင်သူ ရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူသည် ဤကုန်းမြင့်မြက်ခင်းပြင်ကြီး၏ အနက်ပိုင်းတွင် ဘာတွေရှိနေသလဲဆိုသည်ကိုတော့ သွားရောက်ကြည့်ရှုနိုင်သင့်သည် မဟုတ်ပါလား။
ဤနေရာအထိ တွေးတောပြီးနောက် ကျန်းချဲ့သည် ဟန်ရွှေးပေါ်သို့ ခွစီးကာ မြက်ခင်းပြင်ကြီး၏ အနက်ပိုင်းဆီသို့ ဦးတည်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက်ပင် ကျန်းချဲ့ ကိုယ်ကို မြှောက်ပင့်လိုက်စဉ် သူ၏အထက် ကောင်းကင်ယံ၌ အနက်ရောင် အစက်အပြောက်တစ်ခု ဝဲပျံနေသည်ကို မြင်တွေ့လိုက်ရသည်။
သူသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ဖြစ်သွားကာ
အစွမ်းထက်တဲ့ ဆန်းပြားသားရဲတစ်ကောင်က ဒီဆင်မြင်းအုပ်ကို မျက်စိကျနေတာများလား...
ယင်းက မဖြစ်နိုင်ပုံရသည်။ အကယ်၍ ၎င်းသည် အစွမ်းထက်သော ဆန်းပြားသားရဲတစ်ကောင် အမှန်အကန်ဆိုပါက အားနည်းလှသော ဆင်မြင်းများကို ဘာကြောင့် ကြောက်ရွံ့နေရပါမည်နည်း။ ၎င်းတို့သည် ဝမ်းဗိုက်ဖြည့်ရန်အတွက် တစ်ကောင်ကို ဖမ်းဆီးဖို့ တိုက်ရိုက် ထိုးဆင်းလာနိုင်ပြီး ကောင်းကင်တွင် ယခုကဲ့သို့ ဝဲပျံနေစရာ မလိုပေ။
ဒီပျံသန်းနိုင်တဲ့ သားရဲက အရင်ကလည်း ငါ့ရဲ့ အထက်ကောင်းကင်မှာ ပေါ်လာဖူးသလိုပဲ...
ကျန်းချဲ့၏ စိတ်ထဲတွင် သံသယများ ပိုမိုကြီးထွားလာခဲ့ပြီး ယခုကဲ့သို့သော အခြေအနေများကြားတွင် ပုံမှန်မဟုတ်သော အရာတစ်ခုခု ပုန်းကွယ်နေသည်ဟု ခံစားလိုက်ရသော်လည်း အဘယ်အရာက မှားယွင်းနေသလဲဆိုသည်ကိုတော့ အတိအကျ မပြောနိုင်သေးချေ။
စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ကျန်းချဲ့သည် သူ၏ လှည့်ကွက်ဟောင်းကို ထပ်မံအသုံးပြုကာ ကောင်းကင်ရှိ ပျံသန်းနေသော သားရဲထံသို့ စွမ်းအင်လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးရန် သူ၏ စိတ်ဝိဉ်ာဉ်ပင်လယ်ထဲရှိ ခုနစ်ရောင်ခြယ် သလင်းကျောက်တုံးကြီးကို ‘တောင်းဆို’ လိုက်တော့သည်။
အနည်းငယ်အကွာတွင် လူငါးယောက်ပါဝင်သော အဖွဲ့သည် လမ်းခရီးကို အလျင်အမြန် သွားနေကြစဉ် အစ်ကိုလုသည် ရုတ်တရက် ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ သူ၏ စိတ်ဝိဉ်ာဉ်ပင်လယ်ထဲရှိ ခံစားချက်အရ သူ၏ လင်းယုန်ဖြူသည် ကောင်းမွန်သောအရာတစ်ခုခုကို ခံစားမိသွားပုံရပြီး ၎င်းကို သွားရောက်ကြည့်ရှုရန်အတွက် ခွင့်ပြုချက် တောင်းခံနေခြင်း ဖြစ်သည်။
ဟဲ... မင်းက ခွင့်တောင်းနေဖို့ လိုသေးလို့လား။ သွားလိုက်စမ်း
သားရဲကမ္ဘာထဲတွင် ဆန်းပြားသားရဲများအပြင် ရှာဖွေတွေ့ရှိနိုင်သော အခြားသော ကောင်းမွန်သည့် အရာများစွာ ရှိနေသည်ကို သိထားရမည် ဖြစ်သည်။ ထူးခြားဆန်းပြားသော အပင်များစွာကို သားရဲကတ်ပြား ပြုစုပျိုးထောင်မှု အရည်များ ထုတ်လုပ်ရန်အတွက် ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုနိုင်ပြီး သားရဲများ၏ အဆင့် သို့မဟုတ် အရည်အသွေးကိုပင် မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလား။ ၎င်းအပြင် အချို့သော အဖိုးတန်ရတနာများကို သားရဲများက တိုက်ရိုက် စားသုံးနိုင်ပြီး ၎င်းတို့၏ ဝိသေသလက္ခဏာ ကန့်သတ်ချက်များကို ကျော်လွန်ကာ အဆင့် သို့မဟုတ် အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။
လင်းယုန်ဖြူက တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အစ်ကိုလုသည် ၎င်းကို သဘာဝကျကျ တားဆီးလိမ့်မည် မဟုတ်ပေ။
[လင်းယုန်ဖြူ]
အဆင့် - ကြယ်သုံးပွင့် (အဆင့် ၂၆)
အရည်အသွေး - ကြေးဝါရောင်
အမျိုးအစား - မူလတိုက်ခိုက်ရေးခန္ဓာကိုယ် (Original Combat Body)
ဝိသေသလက္ခဏာများ - ကင်းထောက်ခြင်းတွင် ကျွမ်းကျင်သည်၊ စိတ်ဝိဉ်ာဉ်ချိတ်ဆက်မှုမှတစ်ဆင့် သားရဲထိန်းထံသို့ အတော်အတန် အသေးစိတ်ကျသော အချက်အလက်များကို ပေးစွမ်းနိုင်သည်။
အားနည်းချက် - ရေခဲစွမ်းအင်သုံး တိုက်ခိုက်မှုများ
အလားအလာ - အဆင့် ဒီ (D Rank)
ပြုစုပျိုးထောင်မှု လမ်းညွှန်ချက်များ
ထိုပျံသန်းနိုင်သော သားရဲသည် ခုနစ်ရောင်ခြယ် သလင်းကျောက်တုံးမှ ထွက်ပေါ်လာသော စွမ်းအင်ကြောင့် ဆွဲဆောင်ခြင်းခံရကာ မျှော်လင့်ထားသည့်အတိုင်း အောက်သို့ ပျံသန်းဆင်းသက်လာသောအခါ ကျန်းချဲ့၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဒါက ဘယ်ကလာတဲ့ ဆန်းပြားသားရဲမှ မဟုတ်ဘူး၊ သားရဲထိန်းတစ်ယောက်ရဲ့ ဆင့်ခေါ်သားရဲပဲ။
ဒါက ကျန်းယွီကျဲက ငါ့နောက်ကို လိုက်ဖို့ လူတစ်ယောက်ယောက်ကို စေလွှတ်လိုက်တာလား၊ ဒါမှမဟုတ် တောင်တန်းရဲ့ အနက်ပိုင်းကို ငါဝင်လာတာကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့သွားတဲ့ တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်နဲ့ ငါ့ကို ကင်းထောက်နေတာလား...
မည်သည့်အကျိုးဆက်ပင်ဖြစ်ပါစေ သူ ဤမြက်ခင်းပြင်ထဲသို့ ဝင်ရောက်လာပြီးနောက် ပြုလုပ်ခဲ့သမျှ လှုပ်ရှားမှုတိုင်းကို ကင်းထောက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ သူ၏ တည်နေရာမှာ အခြားသူများထံသို့ မသိနားမလည်နိုင်သော ရည်ရွယ်ချက်များဖြင့် ပေါက်ကြားသွားခဲ့ပြီ ဖြစ်သည်။
ယင်းက ကျန်းချဲ့ကို လွန်စွာ စိတ်ပျက်သွားစေသည်။
သို့ဖြစ်ရာ ထိုလင်းယုန်ဖြူသည် အကွာအဝေးတစ်ခုအတွင်းသို့ ရောက်ရှိလာသောအခါ ကျန်းချဲ့သည် သန္ဓေပြောင်း ငါးပူတင်းဓားမြှောင်ကို ရုတ်တရက် ဆင့်ခေါ်လိုက်ပြီး ဤဝင်ရောက်လာသော ပျံသန်းနိုင်သည့် သားရဲထံသို့ အသံလှိုင်းတိုက်ခိုက်မှုကို တိုက်ရိုက် အသုံးပြုလိုက်တော့သည်။
အကာအကွယ်မဲ့နေသော လင်းယုန်ဖြူသည် မမြင်နိုင်သော အသံလှိုင်းများအတွင်းသို့ ချက်ချင်း တိုးဝင်မိသွားခဲ့သည်။ ၎င်း၏ တောင်ပံများ တောင့်တင်းသွားကာ အောက်သို့ တည့်တည့်ကြီး ပြုတ်ကျလာခဲ့ရာ ဟန်ရွှေးကို စီးနင်းရင်း ၎င်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ကျန်းချဲ့၏ ဓားချက်ဖြင့် နှစ်ပိုင်းပြတ်သွားခဲ့ရလေတော့သည်။
ဘာသာပြန်သူ၏ မှတ်စုများ -
၁။ ဟန်ရွှေးပေါ့မာ (Ferghana horse) ဆိုသည်မှာ တရုတ်လို "သွေးလိုနီတဲ့ ချွေးတွေ ထွက်တတ်တဲ့ အဖိုးတန်မြင်း" ဟု အဓိပ္ပာယ်ရပြီး တရုတ်နိုင်ငံ၏ ဒဏ္ဍာရီလာ စစ်မြင်းတစ်မျိုး ဖြစ်သည်။
၂။ ဟန်ရွှေးသည် ကျန်းချဲ့အား တရုတ်ဘန်းစကားဖြင့် ဆဲဆိုရန် ကြိုးစားနေခြင်း ဖြစ်သည်။