အခန်း(၄၉)
၎င်းတို့နှစ်ဦး အပြန်အလှန် စိုက်ကြည့်နေကြစဉ် မြက်ခင်းပြင်ကြီး၏ အထက် ကောင်းကင်ယံ၌ အနက်ရောင် အစက်အပြောက်တစ်ခု ဝဲပျံနေပြီးနောက် အဝေးသို့ ပျံသန်းသွားသည်ကို ကျန်းချဲ့ ရုတ်တရက် သတိပြုမိလိုက်သည်။ သို့သော်လည်း ကျန်းချဲ့သည် ယင်းကို တကူးတက ဂရုမစိုက်ဘဲ လမ်းကြုံဖြတ်သန်းသွားသည့် ဆန်းပြားသားရဲတစ်ကောင်အဖြစ်သာ သဘောထားလိုက်သည်။ ၎င်းထံသို့ တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် သူသည် ရွှေရောင် ဆင်မြင်းဘုရင်နှင့် အကြည့်ချင်းပြိုင်သည့်ပွဲကို ဆက်လက်ဆင်နွှဲနေခဲ့သည်။
ရွှေရောင် ဆင်မြင်းဘုရင်သည် ကျန်းချဲ့ကို အချိန်အတော်ကြာအောင် အထင်သေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ၎င်းသည် ကျန်းချဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်များကို လက်လွှတ်မခံနိုင်သေးပေ။ ၎င်းသည် နှာမှုတ်သံ အချို့ပြုလုပ်ပြီးနောက် ခြေလှမ်းအငယ်လေးများဖြင့် ကျန်းချဲ့ထံသို့ တစ်ဖန်ပြန်၍ ချဉ်းကပ်လာခဲ့သည်။
"ဟဲဟဲ... မင်း မလာမှာပဲ ငါက ကြောက်နေတာ"
သူသည် စောစောက မြေပြင်ပေါ်သို့ ပြားချပ်စွာ ပြုတ်ကျခဲ့ရသော်လည်း ထိုကဲ့သို့သော အဆင်မပြေမှု အနည်းငယ်ကို စိတ်ထဲမထားပေ။ ဤသားရဲသည် သူ့ထံသို့ လာဝံ့သရွေ့ ၎င်း၏ကျောပေါ်သို့ ခွစီးနိုင်မည့် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ရွှေရောင် ဆင်မြင်းဘုရင်၏ 'လျှပ်စီးအရှိန်ဖြင့် တိုက်ခိုက်ခြင်း' ကျွမ်းကျင်မှုမှာ သုံးစွဲပြီးသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ နောက်ထပ် နာရီဝက်အတွင်း ၎င်း၏ လျှပ်စီးကဲ့သို့ တယ်လီပို့လုပ်နိုင်သည့် လှုပ်ရှားမှုအတွက် စိုးရိမ်စရာမလိုတော့သဖြင့် သူ၏ ရည်မှန်းချက် အောင်မြင်ရန် အခွင့်အရေးက ပိုမိုမြင့်မားလာခဲ့သည်။
ရွှေရောင် ဆင်မြင်းဘုရင်သည် အနားသို့ ရောက်ရှိလာသောအခါ လွန်စွာ သဘောကျနှစ်ခြိုက်နေသော မျက်နှာပေးဖြင့် ကျန်းချဲ့ထံသို့ ဆက်လက်ချဉ်းကပ်လာခဲ့ရာ ၎င်း၏အမူအရာမှာ ဆေးစွဲနေသူတစ်ဦးနှင့် အလွန်ပင် ဆင်တူလှသည်။
"ဟွပ်"
အခွင့်အရေးကို မြင်သည်နှင့် ကျန်းချဲ့သည် သူ၏ခွန်အားကို စုစည်းကာ ရွှေရောင် ဆင်မြင်းဘုရင်၏ ကျောပြင်ကို လက်ဖြင့် လှမ်းကိုင်ပြီး တစ်ဖန်ပြန်၍ ခွစီးလိုက်ရာ အောင်မြင်စွာ တက်စီးနိုင်ခဲ့သည်။ သူသည် လွန်စွာ ဝမ်းသာသွားသဖြင့် အားရပါးရပင် ရယ်မောမိတော့မတတ် ဖြစ်သွားရသည်။
"ဟာဟာ... ငါ နောက်ဆုံးတော့ မင်းရဲ့ ကျောပေါ်ကို ရောက်ပြီကွ အား..."
သို့သော်လည်း ကျန်းချဲ့အနေဖြင့် သူ၏ အောင်မြင်မှုကို မအောင်ပွဲခံရသေးခင်မှာပင် ရွှေရောင် ဆင်မြင်းဘုရင်သည် အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်ပြီး ပြိုင်ကားတစ်စီးကဲ့သို့ ဝုန်းခနဲ ပြေးထွက်သွားခဲ့သည်။ ကျန်းချဲ့သည် သားရဲ၏လည်ပင်းကို အမိအရ မဖက်တွယ်နိုင်ခဲ့ဘဲ လွင့်စင်ထွက်သွားခဲ့ရာ မြက်ခင်းပြင်ပေါ်သို့ ဒုတိယအကြိမ်မြောက် ပြုတ်ကျသွားခဲ့ရပြန်သည်။
"ဒီကောင်ကတော့... တကယ် နာတာပဲကွာ"
သူသည် မြေပြင်ပေါ်သို့ ပက်လက်လန်ကာ ပြုတ်ကျသွားခဲ့သည်။ ကျန်းချဲ့သည် ပြုတ်ကျသည့်အရှိန်ကြောင့် မူးဝေသွားခဲ့ပြီး မျက်စိပင် ပြာဝေသွားမတတ် ဖြစ်သွားရသည်။
"ဟီး... ဟီး..."
ရွှေရောင် ဆင်မြင်းဘုရင်သည် မီတာအနည်းငယ်အကွာတွင် မတ်တတ်ရပ်နေရင်း သနားစရာကောင်းစွာဖြင့် ပြန်လည်ထရပ်နေသော ကျန်းချဲ့ကို ခေါင်းလှည့်ကြည့်ကာ လှောင်ပြောင်ဟီတွတ်နေခဲ့သည်။ သိသာထင်ရှားသည်မှာ ဤသားရဲသည် ကျန်းချဲ့အနေဖြင့် ၎င်းကို ဘာမှမလုပ်နိုင်မှန်း သိသဖြင့် ကစားနေခြင်းသာ ဖြစ်သည်။
ကျန်းချဲ့သည် ဒေါသထွက်သွားခဲ့သည်။ လွန်စွာ ဒေါသထွက်သွားခဲ့သည်။
ဤသားရဲကို တိုက်ရိုက်သတ်ပစ်ရန် စိတ်မရက်သဖြင့် ယခုကဲ့သို့ ၎င်း၏ရှေ့တွင် အကူအညီမဲ့စွာ အလှောင်ပြောင်ခံနေရခြင်း ဖြစ်သည်။ တကယ်ကို စိတ်တိုစရာ ကောင်းလှသည်။
သူသည် အားယူ၍ ထထိုင်လိုက်ပြီး ရွှေရောင် ဆင်မြင်းဘုရင်ကို ရန်စသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။
"လာဦးလေ၊ ငါက မယုံနိုင်ဘူးကွာ"
ရွှေရောင် ဆင်မြင်းဘုရင်သည်လည်း ဤဂိမ်းကို သဘောကျသွားပုံရပြီး ပျော်ရွှင်စွာဖြင့် ဟီတွတ်ကာ ကျန်းချဲ့ထံသို့ ပြေးဝင်လာခဲ့သည်။
ကျန်းချဲ့သည် တစ်ဖန်ပြန်၍ ရွှေရောင် ဆင်မြင်းဘုရင်၏ ကျောပေါ်သို့ ဆတ်ခနဲ ခွစီးလိုက်ပြီးနောက် အသင့်ပြင်ဆင်ထားသည့်အတိုင်း ၎င်း၏လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်ပြီး ခြေထောက်နှစ်ဖက်ကိုလည်း ၎င်း၏ဝမ်းဗိုက်တွင် သစ်မြစ်ကြီးများကဲ့သို့ မြဲမြံစွာ ချိတ်တွဲထားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရွှေရောင် ဆင်မြင်းဘုရင်သည် ၎င်း၏လှည့်ကွက်ဟောင်းကို ထပ်မံအသုံးပြုကာ အရှိန်ကို ရုတ်တရက် မြှင့်တင်ပြီး မီတာအနည်းငယ်အကွာသို့ ပြေးထွက်သွားခဲ့သည်။ ၎င်း၏ ပေါက်ကွဲအားကောင်းသော ခွန်အားမှာ အလကားတော့ မဟုတ်ပေ။
သို့သော်လည်း ၎င်းသည် ယခုတစ်ကြိမ်တွင်မူ တွက်ချက်မှု မှားယွင်းသွားခဲ့သည်။ အရှိန်က ရုတ်တရက် ပြင်းထန်လှသော်လည်း ကျန်းချဲ့က ရွှေရောင် ဆင်မြင်းဘုရင်၏ လည်ပင်းကို မလွှတ်တမ်း တင်းကျပ်စွာ ဖက်တွယ်ထားခဲ့သည်။
ကျန်းချဲ့ကို ယခုတစ်ကြိမ်တွင် ပြုတ်ကျအောင် မလုပ်နိုင်သည်ကို မြင်သောအခါ ဤသားရဲသည် အခြားသောအကြံအစည်တစ်ခုကို တွေးတောလိုက်သည်။ ၎င်းသည် ပြေးနေရာမှ ရုတ်တရက် ဘရိတ်အုပ်ကာ ရပ်တန့်လိုက်ပြီး ရှေ့ခြေနှစ်ဖက်ကို ဝဟင်ထက်သို့ မြှောက်လျက် နောက်ခြေနှစ်ဖက်တည်းဖြင့်သာ မတ်တတ်ရပ်လိုက်သည်။
ထိုရုတ်တရက် လှုပ်ရှားမှု အပြောင်းအလဲကြောင့် ပြင်းထန်သော အရှိန်တစ်ခု ထွက်ပေါ်လာခဲ့ရာ ကျန်းချဲ့ကို အထိန်းအကွပ်မဲ့ပြီး ပြုတ်ကျသွားလုနီးပါး ဖြစ်စေခဲ့သည်။
လက်ရှိတွင် ကျန်းချဲ့သည် သူ၏ခွန်အားရှိသမျှကို အစွမ်းကုန် အသုံးချနေရပြီ ဖြစ်သည်။ သူ၏လည်ပင်းတွင် အကြောပြိုင်းပြိုင်း ထနေပြီး မျက်နှာတစ်ခုလုံးလည်း အားစိုက်ရလွန်းသဖြင့် ရဲရဲနီနေခဲ့သည်။ သူသည် အလွန်ခက်ခဲစွာဖြင့် ကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရင်း အံကြိတ်ကာ အော်ဟစ်လိုက်သည်။
"ပြေးစမ်း၊ ခုန်စမ်း၊ မင်း ငါ့ကို ပြုတ်ကျအောင် လုပ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့"
ရွှေရောင် ဆင်မြင်းဘုရင်သည်လည်း ဒေါသထွက်သွားပုံရပြီး ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးထဲတွင် အရှိန်ပြင်းစွာ စတင်ပြေးလွှားတော့သည်။ ၎င်းသည် ဘယ်ညာ ရမ်းခါပြေးလိုက်၊ ရုတ်တရက် ရပ်တန့်လိုက်၊ ပြီးမှ ပြန်ပြေးလိုက် လုပ်နေသဖြင့် ကျန်းချဲ့အနေဖြင့် ဘာလုံခြုံရေးခါးပတ်မျှ မပါသော ရိုလာကိုစတာ (Roller coaster) တစ်စီးကို စီးနင်းနေရသကဲ့သို့ ခံစားလိုက်ရလေသည်။
မြင့်မားသော တောင်တန်းခြေရင်းရှိ သာမန် ချောက်ကမ်းပါးတစ်ခုတွင်...
မေးစေ့တွင် ရက်စက်ကြမ်းကြုတ်သော အမာရွတ်ရှိသည့် အစ်ကိုလုသည် ကောင်းကင်ယံမှ အနက်ရောင် အစက်အပြောက်တစ်ခု လျင်မြန်စွာ ပျံသန်းဆင်းသက်လာပြီးနောက် သူ၏ကင်းထောက်စွမ်းရည်ရှိ သားရဲဖြစ်သော လင်းယုန်ဖြူအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း စိတ်လှုပ်ရှားသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"ဘယ်လိုလဲ အစ်ကိုလု"
အစ်ကိုလုက သူ၏လင်းယုန်ဖြူကို ပြန်လည်သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ အခြားလူများသည် အခြေအနေကို သိရှိလိုသဖြင့် စိတ်မရှည်စွာဖြင့် သူ့ထံသို့ လှမ်းကြည့်လိုက်ကြသည်။
"ငါ စုံစမ်းပြီးပြီ မမမေ။ ဒီချောက်ကမ်းပါးရဲ့ နောက်ကွယ်မှာ ကျယ်ပြောလှတဲ့ မြက်ခင်းပြင်ကြီးတစ်ခု ရှိတယ်။ ငါ့ရဲ့ လင်းယုန်ဖြူက အဲ့ဒီကောင့်နောက်ကို လမ်းတစ်လျှောက်လုံး လိုက်သွားပြီး ကောင်ရေတစ်ထောင်နီးပါးရှိတဲ့ ဆင်မြင်းအုပ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်"
မမမေသည် မျက်ခုံးကို မပင့်ဘဲ မနေနိုင်ဖြစ်သွားကာ
"အသေအချာပဲလား"
အစ်ကိုလုက ခေါင်းငြိမ့်ပြလိုက်ပြီး-
"သေချာတာပေါ့။ ငါ့ရဲ့ လင်းယုန်ဖြူက ဘယ်တုန်းက မှားဖူးလို့လဲ"
"ဟာဟာ... ဒါ တကယ့်ကို ကောင်းတာပဲ။ တင်ဖုန်းကော်ပိုရေးရှင်းကလူတွေ မရောက်လာခင် အဲ့ဒီထဲကို အမြန်ဝင်ပြီး ဆင်မြင်းကတ်ပြား အချို့ကို အမြန်သွားယူကြစို့။ အဲ့ဒီပစ္စည်းတွေက ဈေးကွက်ထဲမှာ တစ်ကတ်ကို သုံးသိန်းကျော် တန်တာကွ။ ငါတို့ ဆယ်ကတ်၊ နှစ်ဆယ်ကတ်လောက် ရရင်တင် ကြီးပွားပြီပဲ"
ဆံပင်ဆန်းပြားနှင့် လူငယ်က စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။
၎င်းတို့ လူစုသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြရာ ၎င်းတို့၏ မျက်လုံးထဲတွင် လောဘဇောများ တောက်လောင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် အစ်ကိုလုအား တောင်တန်းနောက်ကွယ်ရှိ ချောက်ကမ်းပါးထဲတွင် တည်ရှိသော ချိုင့်ဝှမ်းဆီသို့ အမြန်ဆုံး လမ်းပြခိုင်းလိုက်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ကျန်းယွီကျဲသည်လည်း သားရဲထိန်း အယောက်အစိတ်ခန့်ကို ခေါ်ဆောင်ကာ သားရဲကမ္ဘာထဲသို့ တစ်ဖန်ပြန်၍ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့သည် ကျန်းချဲ့နှင့် တူညီသော စိတ်ကူးမျိုး ရှိကြသည်။ ကျန်းယွီကျဲက ထိုတောင်တန်းနောက်ကွယ်ရှိ မြက်ခင်းပြင်ထဲတွင် ဆင်မြင်းအုပ်များ ထပ်မံရှိနေဦးမည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ သူသည် ချန်ဝေမြို့သို့ ပြန်ရောက်ပြီးနောက် သူ၏လူများကို ချက်ချင်းစုစည်းကာ ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွက် သားရဲကမ္ဘာထဲသို့ ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်သည်။
အကြောင်းရင်းအချို့ကြောင့် မကြာသေးမီက တင်ဖုန်းကော်ပိုရေးရှင်းသည် စံနှုန်းမီ စီးတော်ယာဉ်အမျိုးအစား သားရဲအုပ်စုတစ်စုကို အရေးတကြီး လိုအပ်နေသည်။ ရေရှည်ခံနိုင်ရည် မြင့်မားလှသော ဆင်မြင်းများသည် ၎င်းတို့အတွက် အကောင်းဆုံး ကိုက်ညီမှု ဖြစ်သည်မဟုတ်ပါလား။ တင်ဖုန်းကော်ပိုရေးရှင်း၏ ဆက်ခံသူတစ်ဦး ဖြစ်သည့်အတွက် ကျန်းယွီကျဲသည် ယခုကဲ့သို့သော အခွင့်အရေးကို သဘာဝကျကျ လက်လွှတ်ခံမည် မဟုတ်ပေ။
ကျန်းချဲ့သည်လည်း ၎င်းတို့ကို မျှော်လင့်မထားမိပေ။ သူသည် ထိုပေါကြွယ်ဝသော မြေရိုင်းပြင်ကြီးသို့ ပြန်လည်ရောက်ရှိနေချိန်မှာပင် သူ၏နောက်ကွယ်၌ တစ်ဖွဲ့ထက်တစ်ဖွဲ့ ပိုမိုအင်အားကြီးမားသော လူနှစ်ဖွဲ့က ထပ်ချပ်မကွာ လိုက်လံနေကြပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျန်းချဲ့ သိရှိနေဦးတော့ သူ ဂရုစိုက်မည်မဟုတ်ပါ။ သူသည် တစ်ယောက်တည်းသာ ဖြစ်ရာ အကျိုးအမြတ်အားလုံးကို သူတစ်ဦးတည်းဖြင့် မည်သို့ သိမ်းကျုံးယူနိုင်ပါမည်နည်း။
ကျန်းယွီကျဲတို့ အဖွဲ့သည် ဘေးကင်းဇုန်မှ ထွက်ခွာလာခဲ့ကြပြီး မိမိတို့၏ စီးတော်ယာဉ်အမျိုးအစား သားရဲများကို အသီးသီး ဆင့်ခေါ်လိုက်ကြသည်။ ကျန်းယွီကျဲနှင့် ရှောင်ရူတို့က အရှေ့မှ ဦးဆောင်ကာ ဆင်မြင်းများကို စီးနင်းရင်း တောင်တန်းဆီသို့ ဦးတည်မောင်းနှင်ခဲ့ကြသည်။
မြင်းစီးလာကြသော ထိုအဖွဲ့ထဲတွင် အချို့သာ စီးတော်ယာဉ်အမျိုးအစား သားရဲများကို စီးနင်းထားကြခြင်း ဖြစ်သည်။ အခြားလူများမှာမူ မူလတိုက်ခိုက်ရေးစွမ်းရည်ရှိ သားရဲများကို စီးနင်းထားကြသဖြင့် သက်တောင့်သက်သာရှိမှု အဆင့်အတန်းကတော့ နှိုင်းယှဉ်လျှင် အများကြီး ဆိုးရွားလှသည်။ သို့သော်လည်း စီးတော်ယာဉ်မဟုတ်သော သားရဲများကို စီးနင်းရသဖြင့် လှုပ်ခါနေသည့် ဒုက္ခကို ခံစားနေရသော်လည်း မည်သည့်သားရဲထိန်း၏ မျက်နှာတွင်မျှ မသက်မသာဖြစ်သော အရိပ်အယောင်များ မရှိကြချေ။ ၎င်းတို့အားလုံးမှာ ကြံ့ခိုင်သော စရိုက်ရှိသူများ ဖြစ်ကြသည်။
ယခုကဲ့သို့ လူအမြောက်အမြား အုပ်စုလိုက် တောထဲသို့ မြင်းစီးထွက်ခွာသွားကြခြင်းသည် ဘေးကင်းဇုန်အတွင်းရှိ လူများ၏ အာရုံစိုက်မှုကို သဘာဝကျကျ ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့အကြောင်းကို ဝိုင်းဝန်းပြောဆိုနေကြတော့သည်။
"ဟင်... ဒါ တင်ဖုန်းကော်ပိုရေးရှင်းက သခင်လေး ကျန်းယွီကျဲ မဟုတ်ဘူးလား။ သူတို့ ဘာလို့ ဒီလောက်တောင် အလောတကြီး သွားနေကြတာလဲ"
"ဟဲ... မေးနေစရာ လိုသေးလို့လား။ တင်ဖုန်းကော်ပိုရေးရှင်းကလူတွေ အစွမ်းထက်တဲ့ ဆန်းပြားသားရဲတစ်ကောင်ကို ထပ်ပြီး ရှာတွေ့လို့ ဘော့စ်မွန်းစတား (Boss monster) ကို သွားအမဲလိုက်ကြတာ နေမှာပေါ့"
"တောက်... ဒီလို ကော်ပိုရေးရှင်းကြီးတွေနဲ့ ကုမ္ပဏီတွေကလူတွေကျတော့ ကောင်းတာပဲ။ လူအင်အား အသာစီးရတော့ အစွမ်းထက်တဲ့ ဆန်းပြားသားရဲတွေကို အများကြီး အမဲလိုက်နိုင်ကြတာပေါ့၊ တို့လို အဆင်မပြေတဲ့လူတွေနဲ့မှ မတူတာ။ တို့ဆို ဘေးကင်းဇုန်နဲ့ ဝေးဝေးတောင် မသွားရဲဘူး"
ထိုသို့ ဝိုင်းဝန်းပြောဆိုသံများကြားမှာပင် ကျန်းယွီကျဲတို့ အဖွဲ့သည် ဖုန်မှုန့်တန်းကြီးကိုသာ ချန်ရစ်ထားခဲ့ရင်း အဝေးသို့ ရောက်ရှိသွားခဲ့ကြလေပြီ။