အခန်း(၄၁)
သူ့ရဲ့ တောင်းဆိုချက်က နည်းနည်းလွန်သွားမှန်း ဝမ်တုန်း သတိထားမိသွားပုံရပြီး
"အစ်ကို... ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ထူးဆန်းတဲ့သားရဲတွေ အုပ်စုလိုက်ကြီးရှိတဲ့နေရာကို ကျွန်တော်သိတယ်ဗျ။ ကျွန်တော့်ကို ဘေးကင်းလုံခြုံရေးဇုန်အထိ ပြန်ပို့ပေးမယ်ဆိုရင် အဲဒီနေရာ ဘယ်မှာလဲဆိုတာ ပြောပြပါ့မယ်" ဟု အလျင်အမြန် ပြောလိုက်သည်၊၊
ကြယ်နှစ်ပွင့်အဆင့် သားရဲအုပ်စုကြီး ဟုတ်လား...။
ကျန်းချဲ့ စိတ်လှုပ်ရှားသွားသော်လည်း မျက်နှာအမူအရာကိုမူ လုံးဝမပျက်စေဘဲ တည်ငြိမ်စွာဖြင့်ပင်
"မင်းက ငါ့ကို ကြယ်နှစ်ပွင့်အဆင့် သားရဲလောက်နဲ့ စိတ်ဝင်စားလိမ့်မယ်လို့ ထင်နေတာလား" ဟု တုံ့ပြန်လိုက်သည်၊၊
ဝမ်တုန်း ကြောင်အသွားသည်၊၊ ဒီလူက အဆင့်သုံး သားရဲထိန်း မဟုတ်ဘဲ အဆင့်လေး ဒါမှမဟုတ် အဆင့်လေးအထက်က အလယ်အလတ်အဆင့် သားရဲထိန်းတစ်ယောက် ဖြစ်နေလို့လား...၊၊ သို့မဟုတ်ပါက ကြယ်နှစ်ပွင့်အဆင့် သားရဲအုပ်စုကြီးကို စိတ်မဝင်စားစရာ အကြောင်းမရှိပေ၊၊
'အော်... ငါ ရှင်းရှင်းလင်းလင်း မပြောမိလို့ ဖြစ်ရမယ်' ဟု တွေးကာ
"အစ်ကို... ကျွန်တော် တကယ်မလိမ်တာပါ။ အဲဒီနေရာမှာ မျိုးနွယ်တူ သားရဲတွေ အများကြီးရှိတာ သေချာတယ်။ ကျွန်တော့်အထင်တော့ အနည်းဆုံး အကောင်တစ်ရာလောက် ရှိလိမ့်မယ်၊၊ အစ်ကို့ရဲ့ အစွမ်းအစနဲ့ဆိုရင် သူတို့ကို အမဲလိုက်နိုင်တာ သေချာပါတယ်၊၊ ရရှိမယ့် အကျိုးအမြတ်ကလည်း မနည်းလှပါဘူးဗျာ"
အမှန်တော့ ထိုနေရာတွင် သားရဲကောင်ရေ မည်မျှရှိသည်ကို ဝမ်တုန်းလည်း အတိအကျမသိပေ၊၊ အစောပိုင်းက အဝေးမှ လှမ်းကြည့်မိစဉ်ကမူ သားရဲအနည်းငယ်သာ ရှိသည်၊၊ သို့သော်လည်း ယနေ့မနက် ထိုနေရာသို့ အပြေးအလွှား သွားရောက်ခဲ့စဉ်က သားရဲတစ်ကောင်မျှပင် မလိုက်ရသေးမီ ထိုအရှက်မရှိသော သားရဲများက ၎င်းတို့၏ အဖော်များကို အော်ဟစ်အချက်ပြကာ အရပ်မျက်နှာအနှံ့မှ အုပ်စုလိုက်ကြီး စုဝေးရောက်ရှိလာကြခြင်း ဖြစ်သည်၊၊ ကံကောင်း၍ သူက အစကတည်းက သတိကြီးကြီးထားခဲ့ခြင်းကြောင့်သာ ဖြစ်သည်၊၊ သို့မဟုတ်ပါက လွတ်မြောက်လာနိုင်ပါ့မလားဆိုသည်မှာ ပြောရန်ခက်လှသည်၊၊ ထိုအချက်က တစ်ဖက်လူကို စိတ်လှုပ်ရှားသွားစေပြီး မိမိအား ဘေးကင်းလုံခြုံရေးဇုန်အထိ လိုက်ပို့ပေးရန် မျှော်လင့်မိသည်၊၊ ဘေးကင်းလုံခြုံရေးဇုန်သို့ ရောက်ရန် ဆယ်ကီလိုမီတာကျော် လိုသေးသည်၊၊ အကယ်၍ လမ်းခုလတ်တွင် အခြား သန်မာသော ထူးဆန်းသည့်သားရဲတစ်ကောင်နှင့် ထပ်တိုးပါက သူ့ကို အချိန်မီ လာကယ်မည့်သူ ရှိနိုင်တော့မည် မဟုတ်ပေ၊၊
ကျန်းချဲ့ မျက်မှောင် အနည်းငယ်ကြုတ်ကာ ဝမ်တုန်းအား ခဏမျှ စိုက်ကြည့်နေမိသည်၊၊ သူ လိမ်ညာနေခြင်း မဟုတ်ကြောင်း သေချာသွားသောအခါ ကျန်းချဲ့ အတော်လေး စိတ်ဝင်စားသွားသည်၊၊ မျိုးနွယ်တူ သားရဲအကောင်တစ်ရာ... သားရဲကတ်ပြား ရရှိနိုင်ခြေက ငါးပုံတစ်ပုံပဲ ရှိဦးတော့ အနည်းဆုံး သားရဲကတ်ပြား အချပ်ရေ နှစ်ဆယ်ကျော် ရနိုင်သည် မဟုတ်ပါလား...။
ထိုမျှဆိုလျှင် သူ၏ ကတ်ပေါင်းစပ်ခြင်း စွမ်းရည် (Fusion skill) က အတွေ့အကြုံ (Experience) များစွာ ထပ်မံရရှိမည်ဖြစ်ပြီး ကြယ်သုံးပွင့်အဆင့် သားရဲကတ်ပြား အမြောက်အမြားကိုပင် ထုတ်လုပ်နိုင်မည် ဖြစ်သည်၊၊ နောင်တွင် ထိုကတ်များကို ဆက်လက်ပေါင်းစပ်သည်ဖြစ်စေ သို့မဟုတ် တိုက်ရိုက်ရောင်းချသည်ဖြစ်စေ တန်ဖိုးအတော်အတန် ရှိလှသည်၊၊
"မင်း ငါ့ကို မလိမ်တာ သေချာရဲ့လား" ဟု ကျန်းချဲ့က နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးဖျော့ဖျော့တစ်ခု ချိတ်ဆွဲရင်း မေးလိုက်သည်၊၊
ကျန်းချဲ့ သဘောတူခါနီးဖြစ်နေသည်ကို မြင်သောအခါ ဝမ်တုန်းက အလောတကြီး ခေါင်းညိတ်ကာ ကျိန်တွယ်၍ ပြောလေသည်
"အစ်ကိုရာ... ကျွန်တော် မလိမ်ရဲပါဘူး၊၊ ချန်ဝေမြို့မှာ ဆက်ပြီး လုပ်ကိုင်စားသောက်ချင်သေးတဲ့သူပဲဥစ္စာ"
ကောင်းကင်ကြီးက သူ့ကို မျက်နှာသာပေးခဲ့ပြီ ဖြစ်သည်၊၊ ဒီလူကတော့ နောက်ဆုံး၌ စိတ်လှုပ်ရှားသွားခဲ့ပြီ၊၊ ယခုကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်က စောင့်ရှောက်ပေးထားလျှင် ဘေးကင်းလုံခြုံရေးဇုန်သို့ ပြန်မည့်လမ်းခရီးတွင် မည်သည့်အန္တရာယ်မှ ရှိနိုင်တော့မည်မဟုတ်ပေ၊၊
ကျန်းချဲ့ ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ... ဒါဆို မင်း လမ်းပြတော့၊၊ ငါတို့ အခုပဲ သွားကြမယ်"
"တကယ် ကျေးဇူးတင်ပါတယ် အစ်ကိုရာ..." ဝမ်တုန်းသည် မျက်ရည်ပင် ဝဲလုမတတ် ဝမ်းသာသွားပြီး ဘေးကင်းလုံခြုံရေးဇုန် ရှိရာဘက်သို့ ဦးတည်ရန် လှည့်လိုက်သည်၊၊
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ကျန်းချဲ့ထံသို့ ခေါင်းကို ခက်ခဲစွာ ပြန်လှည့်ရင်း ထိတ်လန့်တကြား မေးလိုက်သည်
"ဘာ... ဘာပြောတယ်... ကျွန်တော့်ကို လမ်းပြခိုင်းတာလား"
ကျန်းချဲ့က ထပ်မံခေါင်းညိတ်ပြကာ
"မင်း လမ်းမပြရင် ငါက အဲဒီနေရာကို ဘယ်လိုရှာတွေ့မှာလဲ"
ဝမ်တုန်း အလွန်အမင်း ပျာယာခတ်သွားသည်၊၊
'ငါ ဆိုလိုတာက အဲဒီသဘော မဟုတ်ဘူးလေကွာ...'
သို့သော်လည်း ကျန်းချဲ့၏ မျက်နှာထက်မှ စူးရှရှအပြုံးကို ကြည့်ရင်း ဝမ်တုန်းမှာ မိမိအား ဘေးကင်းလုံခြုံရေးဇုန်သို့ အရင်လိုက်ပို့ရန် မတောင်းဆိုရဲတော့ပေ၊၊ သူက အားတင်းကာ ပြုံးလိုက်ရင်း
"ဒါဆို... အဲဒီနေရာကို ရောက်ရင် ကျွန်တော် ဘာလုပ်ရမလဲ၊၊ အခု ကျွန်တော့်မှာ အသုံးပြုလို့ရတဲ့ သားရဲတစ်ကောင်မှ မရှိတော့ဘူး၊၊ အဲဒီ ထူးဆန်းတဲ့သားရဲတွေရဲ့ တိုက်ခိုက်တာကို ခံရရင် ကျွန်တော် အသက်ပျောက်သွားလိမ့်မယ်"
ကျန်းချဲ့က ပြုံးလျက် နှစ်သိမ့်ပေးသည်
"မပူပါနဲ့... ငါက ဖောင်ဖျက်ပြီး လှေခိုးတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး၊၊ မင်းရဲ့ ဘေးကင်းရေးကို ငါ စောင့်ရှောက်ပေးမှာပါ၊၊ မင်းပြောတာ တကယ်မှန်လို့ အဲဒီမှာ သားရဲအကောင်တစ်ရာကျော် ရှိနေမယ်ဆိုရင် မင်းကို ဆုလာဘ်အနေနဲ့ သားရဲကတ်ပြား နှစ်ချပ်တောင် ပေးချင်ပေးဦးမှာ"
ကျန်းချဲ့တွင် ယခုကဲ့သို့ ပြောနိုင်သည့် အရည်အချင်းအပြည့် ရှိနေပြီ ဖြစ်သည်၊၊ အသံလှိုင်းနည်းဗျူဟာ (Sonic wave technique) ပါဝင်သည့် 'ဗီဇပြောင်းဖားငါးဓားမြှောင်သားရဲ' ရှိနေသရွေ့ အဆင့်နိမ့် ကြယ်နှစ်ပွင့် သားရဲများ မည်မျှပင် များပြားနေပါစေ ကျန်းချဲ့အတွက်မူ အရေးတယူ လုပ်စရာမလိုပေ၊၊ အသံလှိုင်း တိုက်ကွက်တစ်ခု ထုတ်လွှတ်လိုက်ရုံဖြင့် အားလုံး ချက်ချင်း ပြုတ်ပြုတ်ပြုန်းသွားကြမည် မဟုတ်ပါလား...။
ထို့အပြင် ကျန်းချဲ့တွင် 'စိတ်ဝိဉာဉ်လှည့်စား ခြောက်လှန့်တတ်သော လိပ်ပြာ' လည်း ရှိသေးသည်၊၊ ထိုသားရဲများသည် ကြယ်နှစ်ပွင့်ထက် မြင့်မားသော ကြေးဝါအဆင့် သားရဲများ မဟုတ်သရွေ့ ထိုလိပ်ပြာ၏ ကျယ်ပြန့်သော ဧရိယာတိုက်ကွက်က အလွန်အသုံးဝင်လှသည်၊၊ စိတ်ချောက်ချားစေသည့် မှုန့်ညက်များ လွင့်ပျံလာသည်နှင့် နောက်ထပ် သားရဲတစ်အုပ်လုံး လဲပြိုသွားကြမည် ဖြစ်သည်၊၊
သို့သော်ငြားလည်း ဝမ်တုန်းကမူ ထိုစကားများကို လုံးဝမယုံကြည်ရဲဘဲ မိမိရှေ့က လူသည် မကောင်းသော အကြံအစည်တစ်ခုခု ကြံစည်နေသည်ဟုသာ တွေးနေမိသည်၊၊
ကျန်းချဲ့သည် ဝမ်တုန်း၏ တုံ့ဆိုင်းနေမှုနှင့် မျက်နှာပျက်သွားမှုကို သတိပြုမိသွားသည်၊၊ သူ၏ အမူအရာက ချက်ချင်း အေးစက်သွားပြီး နှာခေါင်းရှုံ့လျက်
"ဘာလဲ... မင်းက ငါ့ကို လိမ်နေတယ်လို့ ထင်လို့လား"
"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူးဗျာ..." ကျန်းချဲ့၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ဝမ်တုန်းမှာ ဤလူကို စိတ်ဆိုးဒေါသထွက်စေပြီး အသတ်ခံရမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ခေါင်းခါပြလိုက်သည်၊၊ ထိုသို့သာဖြစ်လျှင် အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်၊၊
ကျန်းချဲ့က လက်ယမ်းပြကာ
"ဒါဆိုရင်လည်း ရှေ့ကနေ လမ်းပြတော့၊၊ ငါ့ရဲ့ အချိန်တွေက သိပ်တန်ဖိုးရှိတယ်"
ချိုင့်ဝှမ်းတစ်ခုအတွင်း ကျန်းချဲ့နှင့် လမ်းပြဖြစ်သူ ဝမ်တုန်းတို့ ဆက်လက် လျှောက်လှမ်းနေကြစဉ် ကျန်းချဲ့က
"ရောက်ဖို့ ဘယ်လောက် လိုသေးလဲ" ဟု မေးလိုက်သည်၊၊
သူတို့နှစ်ဦး လျှောက်လာကြသည်မှာ နာရီဝက်နီးပါး ရှိနေပြီဖြစ်ပြီး ကုန်းကမူငယ် အနည်းငယ်ကို ဖြတ်ကျော်ကာ တောင်တန်းတစ်ခု၏ အခြေသို့ ရောက်ရှိနေပြီ ဖြစ်သည်၊၊
ဝမ်တုန်း၏ မျက်နှာမှာ မိဘနှစ်ပါးစလုံး ဆုံးရှုံးသွားရသကဲ့သို့ ညှိုးငယ်နေပြီး အားအင်ကုန်ခမ်းစွာဖြင့်ပင်
"မကြာခင် ရောက်တော့မှာပါ၊၊ ဟိုရှေ့က ချောက်ကမ်းပါး ကျဉ်းကျဉ်းလေးကို ဖြတ်သွားပြီးရင် အဲဒါပဲ" ဟု ပြန်ဖြေသည်၊၊
လမ်းခရီးတစ်လျှောက်တွင် သူတို့နှစ်ဦးသည် ကြယ်တစ်ပွင့် သို့မဟုတ် ကြယ်နှစ်ပွင့်အဆင့်ရှိ ထူးဆန်းသော သားရဲအချို့နှင့် ကြုံတွေ့ခဲ့ရသည်၊၊ ဝမ်တုန်း သေချာလေ့လာကြည့်ရာ ကျန်းချဲ့၏ ထိုသားရဲသုံးကောင်မှာ ထင်သလောက် မသန်မာဘဲ ကြယ်နှစ်ပွင့်အဆင့် သားရဲများထက် ပိုမစွမ်းနိုင်ဟု ခံစားရသည်၊၊ ထူးဆန်းသော အဆင်တန်ဆာများ ပါရှိသည့် တောင်းတစ်လုံးခန့် ပမာဏရှိသော လိပ်ပြာကြီးမှာမူ အစကတည်းက ဘေးကနေ ကြည့်နေရုံသာ ကြည့်နေပြီး တိုက်ပွဲတွင် လုံးဝဝင်မပါဝင်ခဲ့သဖြင့် ဝမ်တုန်းမှာ ထိုအကောင်သည် အလှပြသက်သက်များလားဟု သံသယဝင်နေမိသည်၊၊
'သွားပါပြီ... သွားပါပြီ... ဒီကောင်က အလှပြသက်သက်ပဲပဲ၊၊ သူက အဆင့်သုံး သားရဲထိန်းတွေထဲမှာ အညံ့စားတစ်ယောက် ဖြစ်ရမယ်၊၊ ဒီသားရဲလေးတွေနဲ့ ကြယ်နှစ်ပွင့်အဆင့် သားရဲအကောင်တစ်ရာကို သတ်ချင်တာလား...၊၊ သားရဲတွေဆီ သွားပြီး အစာကျွေးသလို ဖြစ်နေတော့မှာပဲ'
ဝမ်တုန်း ရင်ထဲတွင် မြည်တမ်းနေမိပြီး နောက်ဆုတ်ချင်စိတ်များ ပေါ်ပေါက်လာသည်၊၊ သို့သော်လည်း ကျန်းချဲ့က ထိုနေရာသို့ သွားရန် အတင်းအကျပ် တောင်းဆိုနေခြင်းကြောင့် သူက ဆက်လက် လမ်းပြနေရုံမှတစ်ပါး အခြားမရှိပေ၊၊ အကယ်၍ ခဏနေ၍ တစ်ခုခု မှားယွင်းသွားပါက ချက်ချင်း ထွက်ပြေးမည်ဟု ရင်ထဲတွင် ဆုံးဖြတ်ထားလိုက်သည်၊၊
ဝမ်တုန်း မိမိအပေါ် သံသယဝင်နေသည်ကို ကျန်းချဲ့ ရိပ်မိသော်လည်း တစ်ခွန်းမျှ မပြောခဲ့ပေ၊၊ ဦးတည်ရာသို့ ရောက်ရှိသွားသောအခါ ထိုသူ အံ့အားသင့်သွားမည့် အချိန်ဖြစ်သည်၊၊ ကျန်းချဲ့သည် ဝမ်တုန်း၏ ရှေ့တွင် မိမိ၏ အစစ်အမှန်အစွမ်းကို ထုတ်ပြရန် မကြောက်ရွံ့ပေ၊၊ မည်သို့ပင်ဆိုစေ ယခု သူက အခြားသော မည်သူမည်ဝါဖြစ်ကြောင်း (Identity) ကို အသုံးပြုထားခြင်း ဖြစ်သည်၊၊ ဆန့်ကျင်ဘက်အနေဖြင့် သူ ပိုမိုသန်မာလေလေ ပိုကောင်းလေလေ ဖြစ်သည်၊၊
သူတို့နှစ်ဦးသည် ချိုင့်ဝှမ်းငယ်ထဲမှ ထွက်လာပြီး တောင်တန်းခြေရင်းသို့ တရားဝင် ဝင်ရောက်ခဲ့ကြသည်၊၊ ရှေ့တွင် ချောက်ကမ်းပါးများ ရှုပ်ထွေးစွာ ယှက်နွယ်နေပြီး ပတ်ဝန်းကျင်မြေပြင်အနေအထားက အလွန်ခက်ခဲရှုပ်ထွေးလှသည်၊၊ မြေနိမ့်ပိုင်းတစ်လျှောက် စီးဆင်းနေသော စမ်းရေအိုင်များတင် ခြောက်ခုခန့် ရှိသည်၊၊
ဝမ်တုန်း၏ လမ်းပြမှုအောက်တွင် သူတို့နှစ်ဦးသည် ဆက်လက်ရွေ့လျားခဲ့ပြီး စမ်းရေအိုင် သုံးခုကို ဖြတ်ကျော်ခဲ့ကြသည်၊၊ အကွေ့အကောက် အများအပြားကို လှည့်ပတ်ပြီးနောက် သူတို့သည် ကျဉ်းမြောင်းပြီး နက်ရှိုင်းသော ချောက်ကမ်းပါးတစ်ခုထဲသို့ ရုတ်တရက် ဝင်ရောက်သွားကြသည်၊၊ ချောက်ကမ်းပါးဟု ဆိုသည်ထက် ကျောက်ဆောင် နံရံနှစ်ခုကြားရှိ ကွဲအက်ကြောင်းငယ်တစ်ခုဟု ဆိုလျှင် ပိုမိုမှန်ကန်ပေလိမ့်မည်၊၊ ထိုကွဲအက်ကြောင်းထဲတွင် မှောင်မည်းနေပြီး အကျဉ်းမြောင်းဆုံးနေရာ၌ လူတစ်ယောက် မနည်းတိုးဝှေ့ ဖြတ်သန်းရုံမျှသာ ကျယ်ဝန်းသည်၊၊
ဝမ်တုန်းတစ်ယောက် ဤနေရာကို ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာ ဘုရားပဲ သိလိမ့်မည်၊၊ ဒီကောင်က အဆင့်နှစ် သားရဲထိန်း အညံ့စားလေး သက်သက်သာဖြစ်ပြီး ဘေးကင်းလုံခြုံရေးဇုန်နှင့် ဤမျှဝေးကွာသော နေရာအထိပင် ရဲရဲဝံ့ဝံ့ လာရောက်ခဲ့ခြင်း ဖြစ်သည်၊၊ သူက တော်တော်လေး သတ္တိရှိသည်ဟု ပြောရပေမည်၊၊ သားရဲကမ္ဘာထဲသို့ ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာပြီး အန္တရာယ်နှင့် သီသီလေး လွဲချော်ခဲ့ရသော်လည်း ဘေးကင်းစွာ ပြန်လည်ရောက်ရှိနိုင်ခဲ့ခြင်းက သူ၏ ကံတရားသည်လည်း အံ့ဩစရာ ကောင်းလှသည်၊၊ သေချာတာတစ်ခုကတော့... အစောပိုင်းက ကျန်းချဲ့သာ သူ့ကို မကယ်တင်ခဲ့လျှင် ဝမ်တုန်းသည် ယခုအချိန်တွင် 'လေလိုက်ကျားသစ်' ၏ ဝမ်းဗိုက်ထဲ၌ အစာဖြစ်နေလောက်ပြီ ဖြစ်သည်၊၊
ထိုကျဉ်းမြောင်းသော လမ်းကြားထဲတွင် ဆယ်မိနစ်ခန့် လျှောက်လှမ်းပြီး အခြားအကွေ့တစ်ခုသို့ လှည့်လိုက်သောအခါ ရှေ့ရှိနေရာက ရုတ်တရက် ကျယ်ပြောသွားသည်၊၊ ဝမ်တုန်းက လက်လှမ်းပြလျက် အဆုံးအစမရှိ ကျယ်ပြောလှသော တောင်ပေါ်ကွင်းပြင်ကြီးကို ညွှန်ပြကာ လေးလံသော စိတ်အခြေအနေဖြင့် ကျန်းချဲ့အား ပြောလိုက်သည်
"ရောက်ပြီ... ဒီနေရာပဲ"
'ငါတော့ ဒီနေရာအထိ တက်လာခဲ့ပြီဆိုတော့... ဒီကနေစပြီး ငါ့အသက် ရှင်မလား သေမလားဆိုတာ ကောင်းကင်ကြီးရဲ့ အလိုအတိုင်းပဲ ဖြစ်ပါစေတော့ဗျာ...'