အခန်း(၃၁)
တစ်နှစ်ကို မဟာမိတ်ဒေါ်လာ သန်းနှစ်ဆယ်။
ဆရာဝန်ထံမှ ထိုစကားကို ကြားလိုက်ရပြီးနောက် စုန့်လန်သည် ထိုင်ခုံပေါ်မှ လုလုမတတ် ချော်ကျသွားပြီး မျက်နှာမှာလည်း ယခင်ကထက် ပိုမိုဖြူစုတ်သွားတော့သည်။
“ပြန်ကြရအောင် ရှောင်ချဲ့... အမေ ဆေးမကုတော့ဘူး”
စုန့်လန်သည် သတိပြန်ဝင်လာကာ စိတ်ပျက်အားငယ်ဖွယ် အေးစက်စက် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ကျန်းချဲ့၏ လက်ကိုဆွဲကာ ထွက်ခွာရန် ပြင်ဆင်တော့သည်။
“စိတ်မပူပါနဲ့ အမေ... အမေ့ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်မယ့် နည်းလမ်းကို သား အသေအချာ ရှာဖွေပေးပါ့မယ်”
ကျန်းချဲ့၏ ရင်ထဲတွင်လည်း မကောင်းလှပေ။ သို့သော် တစ်နှစ်လျှင် ဒေါ်လာ သန်းနှစ်ဆယ်ဆိုသည့် များပြားလှသော ပမာဏကြောင့်တော့ မဟုတ်ပါ။ ကြည့်ရသည်မှာ အလွန်အမင်း များပြားလှသည်ဟု ထင်ရသော်လည်း တစ်လလျှင် ဒေါ်လာ နှစ်သန်းပင် မပြည့်ချေ။ သူ၏ လက်ရှိစွမ်းရည်ဖြင့် သားရဲကမ္ဘာထဲသို့ မကြာခဏ ဝင်ရောက်နိုင်မည်ဆိုပါက ထိုမျှလောက်သော ပမာဏကို ရှာဖွေနိုင်စွမ်း ရှိသည်။ စုန့်လန်၏ အခြေအနေက ယခုကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားမိခြင်းသာ ဖြစ်သည်။ ရေတိုအတွင်း ကုသရန် နည်းလမ်းမရှိခြင်းကသာ သူ့ကို စိုးရိမ်ပူပန်နေစေသည်။
ကျန်းချဲ့သည် အရှုံးမပေးဘဲ ဆရာဝန်ကို ဆက်လက် မေးမြန်းလိုက်သည်။
“ဆရာဝန်ကြီး... တခြား ဘာနည်းလမ်းမှ တကယ်ပဲ မရှိတော့ဘူးလားခင်ဗျာ”
ကမ္ဘာပေါ်တွင် ထူးဆန်းသော သားရဲများထံမှ ရရှိသည့် ပစ္စည်းများကို စတင်အသုံးပြုလာကြပြီးနောက် ကဏ္ဍစုံတွင် နည်းပညာများ သိသိသာသာ တိုးတက်လာခဲ့သည်။ ဤကဲ့သို့ မျိုးဗီဇပြောင်း ကင်ဆာရောဂါမျိုးကို သူတို့ မတတ်နိုင်ဘဲ မနေတန်ရာ မဟုတ်ပါလား။
“နည်းလမ်း လုံးဝမရှိတာတော့ မဟုတ်ပါဘူး...” ဆရာဝန်က ဝေခွဲမရသကဲ့သို့ တိုးတက်တိုးတက် ရေရွတ်လိုက်သဖြင့် ကျန်းချဲ့ ဝမ်းသာသွားရသည်။ ထို့နောက် ဆရာဝန်က ဖြည်းဖြည်းချင်း ရှင်းပြသည်။ “ဒါပေမဲ့ ဒါက ကျွန်တော် ကြားဖူးရုံပဲ ရှိတာ။ ကုသရေး အမျိုးအစား ဖြစ်တဲ့ အလွန် ရှားပါးတဲ့ ထူးဆန်းတဲ့ သားရဲတွေ ရှိတယ်။ အဲဒီသားရဲတွေက ဒီလိုရောဂါမျိုးကို ကုသပေးနိုင်တဲ့ အခွင့်အရေး ရှိတယ်”
‘ကုသရေး အမျိုးအစား သားရဲလား...’
ကျန်းချဲ့၏ ရင်မှာ နင့်ခနဲ ဖြစ်သွားသည်။ ‘ဒါက ဘယ်လို သားရဲအမျိုးအစားလဲ... ငါ တစ်ခါမှတောင် မကြားဖူးပါလား’
ကျောင်းတွင် သူသင်ယူခဲ့ရသမျှအရ လက်ရှိ သားရဲထိန်းများ အသုံးပြုနေကြသော သားရဲများကို အဓိကအားဖြင့် မူလတိုက်ခိုက်ရေးခန္ဓာ (Original Combat Body)၊ ခံစစ် (Defensive) နှင့် လက်နက်အမျိုးအစား (Weapon-types) ဟူ၍ ခွဲခြားထားသည်။ ထိုအထဲတွင် မူလတိုက်ခိုက်ရေးခန္ဓာ အမျိုးအစားများက အသုံးအများဆုံးဖြစ်ပြီး ဒုတိယမှာ ခံစစ်အမျိုးအစား ဖြစ်သည်။ လက်နက်အမျိုးအစားများကမူ ပို၍ပင် ရှားပါးလှသည်။ ထူးဆန်းသော သားရဲမျိုးစိတ် ပေါင်းတစ်ရာကို သတ်ဖြတ်လျှင်ပင် လက်နက်အမျိုးအစား သားရဲကတ်ပြားတစ်ခုကို ရချင်မှရလိမ့်မည်။
ယခုအချိန်အထိ ကျန်းချဲ့သည် ဒုတိယဗိုလ်ကြီးချီ ထံတွင်သာ လက်နက်အမျိုးအစား သားရဲကတ်ပြားတစ်ခုကို တွေ့ဖူးသေးပြီး ထိုအရာမှာလည်း တိုက်ဆိုင်မှုကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက သားရဲကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာအထိ သွားရောက်ပြီး ထူးဆန်းသော သားရဲများကို အမဲလိုက်သည့်အခါမှသာ လက်နက်အမျိုးအစား သားရဲကတ်ပြားတစ်ခုကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် တစ်ခါမှ မကြားဖူးသည့် ကုသရေး အမျိုးအစား သားရဲကတ်ပြားမျိုးကို ရရှိရန် မည်မျှ ခက်ခဲလိမ့်မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
သူတို့သည် လေးလံသော ခြေလှမ်းများဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။ ကျန်းချဲ့သည် ကုသရေး အမျိုးအစား ထူးဆန်းသော သားရဲတစ်ကောင်ကို မုချရှာဖွေပေးမည်ဖြစ်ကြောင်း ပြောကာ သူ၏ မိခင်ဖြစ်သူ စုန့်လန်ကို ပထမဦးစွာ နှစ်သိမ့်လိုက်သည်။ ရေတိုအတွင်း ဤအရာကို မအောင်မြင်နိုင်ခဲ့လျှင်ပင် မိခင်၏ အသက်ကို ဆွဲဆန့်ထားနိုင်ရန် မျိုးဗီဇပြုပြင်ခြင်း ဆေးဝါးများ ဝယ်ယူရန် လိုအပ်သည့် ငွေကြေးပမာဏကို ရှာဖွေနိုင်မည် ဖြစ်သည်။
သူတို့ ဆေးရုံမှ မထွက်ခွာမီ ဆရာဝန်က မျိုးဗီဇပြုပြင်ခြင်း ဆေးဝါး၏ အာနိသင်ကြောင့် အနည်းဆုံး နောက်ထပ် ၃ နှစ်အတွင်း သူ၏ မိခင်အခြေအနေ ပိုမိုဆိုးရွားလာမည် မဟုတ်ကြောင်း ပြောခဲ့သည်။ ထိုအချိန်အတွင်း သူ ကုသရေး အမျိုးအစား သားရဲတစ်ကောင်ကို ရှာဖွေနိုင်မလား ဆိုသည်မှာမူ... ကျန်းချဲ့အနေဖြင့် စိတ်ချလက်ချ မရှိသော်လည်း အနည်းဆုံးတော့ သူ ကြိုးစားရမည့် ဦးတည်ချက်တစ်ခု ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် သားရဲများကို အမဲလိုက်ခြင်းဖြင့် ကုသရေး အမျိုးအစား သားရဲကတ်ပြားကို မရရှိနိုင်ခဲ့လျှင်ပင် ပြင်ပလောကတွင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ကာ ထိုကဲ့သို့သော သားရဲပိုင်ဆိုင်ထားသူများကို ငှားရမ်း၍ စုန့်လန်၏ ရောဂါကို ကုသပေးရန် တောင်းဆိုနိုင်သည်။ သို့သော် ဤအရာသည် ကျန်းချဲ့တွင် ထိုမျှလောက်သော သြဇာအာဏာ ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ကျန်းချဲ့သည် ကုတင်ဘေးရှိ ထိုင်ခုံတွင် ထိုင်ရင်း စားပွဲအလွတ်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်နေမိသည်။ သူသည် မျက်တောင်ကို ခပ်သွက်သွက် ခတ်လိုက်ပြီး နှလုံးသားထဲတွင် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တော့သည်။
မူလကမူ သူသည် ဤကမ္ဘာ၏ သာမန်လမ်းစဉ်အတိုင်း အထက်တန်းကျောင်း ပြီးဆုံးအောင် တက်ရောက်ကာ ကောင်းမွန်သော တက္ကသိုလ်တစ်ခုသို့ တက်ရောက်ရန် ရည်ရွယ်ခဲ့သည်။ ထို့နောက် သားရဲထိန်းတစ်ဦးအနေဖြင့် သူ၏ စွမ်းရည်များကို ဖြည်းဖြည်းချင်း မြှင့်တင်ပြီး သားရဲမွေးမြူပျိုးထောင်သူ (Beast cultivator) တစ်ဦး၏ သက်ဆိုင်ရာ အသိပညာများကို သင်ယူရန် ဖြစ်သည်။
သို့သော် ယနေ့တွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တစ်နှစ်လျှင် ဒေါ်လာ သန်းနှစ်ဆယ် လိုအပ်ချက်နှင့် ရင်ဆိုင်နေရပြီး သုံးနှစ်အတွင်း ကုသရေး အမျိုးအစား သားရဲတစ်ကောင်ကို မဖြစ်မနေ ရှာဖွေရမည့် တာဝန်ရှိနေသဖြင့် ကျန်းချဲ့အနေဖြင့် ကျောင်းတွင် အချိန်ဖြုန်းနေရန် အချိန်မရှိတော့ပေ။
“အင်း... တက္ကသိုလ်တက်ရတဲ့ အဓိက ရည်ရွယ်ချက်က အနာဂတ်မှာ သားရဲကမ္ဘာအတွက် ပြင်ဆင်နိုင်အောင် ထူးဆန်းတဲ့ သားရဲတွေအကြောင်း ပိုပြီး သိချင်လို့ပဲ။ အခုတော့ ငါက သူတို့ရဲ့ အရည်အချင်း အားလုံးကို မြင်နိုင်နေပြီဆိုမှတော့ အဲဒီအကြောင်းတွေကို သင်ယူဖို့ လိုသေးလို့လား”
ဤအချက်ကို တွေးမိသောအခါ ကျန်းချဲ့သည် သူ၏ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်လိုက်သည်။ သူ၏ ထူးခြားသော အားသာချက် ရှိနေသဖြင့် အခြားသူများကဲ့သို့ အသိပညာများ ဖြည့်တင်းရန် တက္ကသိုလ် တက်ရောက်နေစရာ မလိုတော့ပေ။ သူ၏ အနာဂတ်အတွက် ကြိုးပမ်းရန် သားရဲကမ္ဘာထဲသို့ အဘယ်ကြောင့် စောစောစီးစီး မဝင်ရောက်နိုင်ရမည်နည်း။
အမှန်တော့ တက္ကသိုလ် တက်ရောက်ခြင်း၏ အခြား အဓိက အကျိုးကျေးဇူးတစ်ခုမှာ အမြင်ကျယ်လာစေရန်နှင့် လူမှုကွန်ရက် ချဲ့ထွင်နိုင်ရန် ဖြစ်သည်။ သို့သော် ယခင်ဘဝတွင် ဖြစ်စေ၊ ယခုဘဝတွင် ဖြစ်စေ ကျန်းချဲ့သည် လူမှုရေးကိစ္စများကို နှစ်သက်သူ မဟုတ်ချေ။ ထို့ကြောင့် ဤအရာမှာ သူ့အတွက် မရှိလည်း ဖြစ်ပေသည်။
နောက်တစ်နေ့ မနက်တွင် နိုးလာသောအခါ ကျန်းချဲ့သည် သူ၏ ဆုံးဖြတ်ချက်ကို စုန့်လန်အား အသိပေးလိုက်ပြီး ကျန်ရှိနေသော ဒေါ်လာ တစ်သိန်းကို သူမ၏ အကောင့်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် မိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်နေသော အကြည့်များအောက်တွင် ကျန်းချဲ့သည် ပြတ်သားသော ခြေလှမ်းများဖြင့် အိမ်မှ ထွက်ခွာခဲ့တော့သည်။
ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သဖြင့် အတန်းများ မရှိချေ။ ကျန်းချဲ့သည် သူ၏ ကိုယ်ပိုင်အဆက်အသွယ်စက် (Personal terminal) မှတစ်ဆင့် အတန်းပိုင် ဖြစ်သူ ဟန်ရှဲချင်း ကို ဆက်သွယ်ကာ အိမ်တွင်းအခြေအနေကို ရှင်းပြပြီး ကျောင်းခေတ္တနားခွင့် တောင်းခံလိုက်သည်။
ကျန်းချဲ့၏ အကြောင်းကို ကြားရပြီးနောက် ဟန်ရှဲချင်းသည် သူ၏ ဆုံးဖြတ်ချက်ကို တားဆီးရန် မကြိုးစားခဲ့ပေ။ ယင်းအစား သူမသည် သက်ပြင်းတစ်ချက်ချကာ အားပေးစကား ဆိုလိုက်သည်။
“အတန်းပိုင်မှ မင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။ မင်း မိခင်ရဲ့ ရောဂါကို ကုသနိုင်မယ့် နည်းလမ်းကိုလည်း မင်း ရှာဖွေနိုင်လိမ့်မယ်လို့ ဆရာမ ယုံကြည်တယ်။ ဒါပေမဲ့ သားရဲကမ္ဘာထဲကို ဝင်တဲ့အခါ မင်းရဲ့ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကို ဂရုစိုက်ဖို့ မမေ့နဲ့ဦးနော်”
ဟန်ရှဲချင်းနှင့် ဖုန်းချလိုက်ပြီးနောက် ကျန်းချဲ့သည် ဟွမ်ထီလန် ကို သတိရမိသွားသည်။
‘ငါ ကျောင်းနားမယ့်အကြောင်း သူမကို ပြောပြသင့်လား...’
ထိုဝတုတ်တုတ် ကောင်မလေးအပေါ် သူ ဘာခံစားချက်မှ မရှိသော်လည်း သူမသည် သူ့ကို များစွာ ကူညီပေးခဲ့သည် မဟုတ်ပါလား။ နှုတ်မဆက်ဘဲ ထွက်သွားရန်မှာ မဖြစ်နိုင်ချေ။ ထို့ပြင် ကျန်းချဲ့သည် သူ၏ ဘဝနှစ်ခုလုံးတွင် ရင်ဖွင့်နိုင်သည့် မိတ်ဆွေစစ်ဟူ၍ တကယ်မရှိခဲ့ဖူးပေ။ ဤကာလအတွင်း ဟွမ်ထီလန်၏ ကူညီစောင့်ရှောက်မှုများက သူ့ကို စိတ်လှုပ်ရှားစေခဲ့ပြီး သူမကို ရင်းနှီးသော သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်ထားမိသည်။
စိတ်ထဲတွင် အတန်ကြာ ဒွိဟဖြစ်နေပြီးနောက် ကျန်းချဲ့သည် ကိုယ်ပိုင်အဆက်အသွယ်စက်ဖြင့် ဟွမ်ထီလန်ကို ဆက်သွယ်လိုက်သည်။
“ဝါး... ကျန်းရှောင်ချဲ့၊ မင်း ငါ့ကို ကိုယ်တိုင် စပြီး ဆက်သွယ်လာတယ်ပေါ့။ ငါ တော်တော် ဝမ်းသာသွားတာပဲ”
ဟွမ်ထီလန်၏ အသံတွင် အံ့သြမှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ ကျန်းချဲ့က သူမအား ကိုယ်ပိုင်အဆက်အသွယ်စက်မှတစ်ဆင့် ပထမဦးဆုံးအကြိမ် ကိုယ်တိုင် ဆက်သွယ်လာခြင်း ဖြစ်သည်။
“အာ... ဟွမ်ထီလန်၊ မနေ့က ငါပြောခဲ့တာ မှတ်မိလား။ ငါ သားရဲကမ္ဘာထဲကို ထူးဆန်းတဲ့ သားရဲတွေ အမဲလိုက်ဖို့ နောက်တစ်ခါ သွားတော့မလို့။ ပြန်လာရင် မင်းအတွက် ကောင်းတဲ့ သားရဲကတ်ပြားတစ်ခု အသေအချာ ယူလာပေးမယ်”
“ဘာ... မင်း သားရဲကမ္ဘာထဲကို နောက်တစ်ခါ သွားမလို့ ဟုတ်လား” ဟွမ်ထီလန် လန့်ဖျတ်သွားသည်။ “ကျန်းရှောင်ချဲ့... ပြီးခဲ့တဲ့တစ်ခေါက်က မင်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ရုံနဲ့ သားရဲကမ္ဘာက အရမ်းဘေးကင်းတယ်လို့ မထင်နဲ့လေ။ ငါတို့ အခုလောလောဆယ် အဓိကလုပ်ရမှာက သေသေချာချာ စာကျက်ဖို့ပဲ။ အနာဂတ်မှာ တက္ကသိုလ်တက်တဲ့အခါ သားရဲကမ္ဘာကို သွားဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာကို...”
တွတ်တီးတွတ်တာ ပြောနေသဖြင့်... ကျန်းချဲ့သည် သူမ၏ စကားကို ဖြတ်ပြောလိုက်ရပြီး သားရဲကမ္ဘာထဲသို့ ဝင်ရောက်ရသည့် အကြောင်းရင်းများကို ပြောပြလိုက်ရသည်။ ထို့ပြင် သူ ကျောင်းခေတ္တနားလိုက်သည့် အကြောင်းကိုလည်း ပြောပြလိုက်သည်။
ကျန်းချဲ့၏ ရှင်းပြချက်ကို ကြားပြီးနောက် ဟွမ်ထီလန်သည် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်သွားပြီး ညင်သာစွာ ပြောလိုက်သည်။
“အင်း... ဒါဆိုရင်တော့ မင်းရဲ့ ဘေးကင်းရေးကို ပိုပြီး ဂရုစိုက်ရမယ်။ ပြီးတော့ အရမ်းလည်း စိတ်မပူပါနဲ့။ ကုသရေး အမျိုးအစား သားရဲရှိတဲ့ လူကို သိလားဆိုတာ ငါ့အဖေကို မေးမြန်းခိုင်းလိုက်မယ်။ တကယ်လို့ ရှိတယ်ဆိုရင် မင်းကို ချက်ချင်း အကြောင်းကြားပေးမယ်”
ကျန်းချဲ့သည် အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားသွားရသည်။ သူက ခပ်တိုးတိုး ရယ်မောလိုက်ရင်း
“ကျေးဇူးပါပဲ ထီလန်”
အခြားတစ်ဖက်တွင်မူ ဟွမ်ထီလန်က လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ပြီး “ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက ငါ လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲဥစ္စာ” ဟု ဆိုသည်။
‘လုပ်သင့်လုပ်ထိုက်တဲ့ အရာ ဟုတ်လား... ဘာကို ဆိုလိုတာလဲ...’
ကျန်းချဲ့ ထိုစကားကို ပြန်လည်တွေးတောမိသည့် အချိန်တွင်မူ သူ၏ နှလုံးသားထဲ၌ အကြောင်းရင်းမရှိဘဲ အနည်းငယ် နွေးထွေးသွားရတော့သည်။