အခန်း(၃)
ဒီလူငယ်ကား အခြားသူမဟုတ်။ မနေ့က ကျောင်းဆင်းချိန်တွင် ကျန်းချဲ့ကို လမ်းပိတ်ပြီး သူ၏သားရဲကို သုံးကာ သတိလစ်သွားသည်အထိ ရိုက်နှက်ခဲ့သော ဝူကျွင်းယွီပင် ဖြစ်သည်။ ပြောရလျှင် သူတို့နှစ်ဦး ရန်ငြိုးဖွဲ့ရခြင်း အကြောင်းအရင်းမှာ အတော်ပင် မိုက်မဲလွန်းလှသည်ဟု ဆိုရမည်။ ကျန်းချဲ့တစ်ယောက် သူတို့အတန်းထဲက အတန်းခေါင်းဆောင်မလေး ဟူယွင်လီကို မတော်တဆ အကြည့်ရဲရဲဖြင့် ခပ်ကြာကြာလေး ငေးကြည့်မိသွားခြင်းကြောင့် ဖြစ်သည်။ သူမကို အသည်းအသန် လိုက်ပိုးနေသော်လည်း အဖတ်မလုပ်ခြင်း ခံနေရသည့် ဝူကျွင်းယွီက ထိုအကြည့်ကို မြင်သွားကာ ထိုနေ့ကစ၍ ကျန်းချဲ့ကို ပြဿနာရှာတော့သည်သာ။
ကျန်းချဲ့သည် ကိုယ်ခန္ဓာအနည်းငယ် တုန်ရင်သွားပြီး စိတ်ထဲမှ ကြံဖန်တွေးတောမိသည်။ 'တကယ်ကြီးလား။ ဒီကောင်လေးက ကျောင်းပေါက်ဝမှာပဲ သူ့သားရဲကိုခိုင်းပြီး ငါ့ကို ထပ်ရိုက်ခိုင်းရဲတာလား'
သူသည် ဝူကျွင်းယွီ၏ လက်ချောင်းများကြားတွင် ညှပ်ထားသော နက်မှောင်သည့် အစိမ်းရောင်ကတ်ပြားကို မသိစိတ်ဖြင့် လှမ်းကြည့်မိရာက ရုတ်တရက် ကြောင်အသွားခဲ့သည်။
[လေမုန်တိုင်းနက်သားရဲ]
အဆင့်: ကြယ်တစ်ပွင့် (အဆင့် ၉)
အရည်အသွေး: ကြေးညိုဆင့် (Bronze)
အမျိုးအစား: မူလတိုက်ခိုက်ရေးခန္ဓာ ထူးခြားချက်: ကိုယ်ခန္ဓာသန်မာခြင်း၊ လျင်မြန်ခြင်း၊ ခုခံကာကွယ်မှု အထူးကောင်းမွန်ခြင်း
အားနည်းချက်: ဒြပ်စင်တိုက်ခိုက်မှုများ
အလားအလာ: ဒီအဆင့် (D Rank)
တက်လှမ်းနိုင်ချေ: လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်ရန် ၂၅ ရာခိုင်နှုန်း၊ လက်ရှိအရည်အသွေးကို ကျော်ဖြတ်နိုင်ရန် ၂.၅ ရာခိုင်နှုန်းရှိသည်။ (နောက်တစ်ကြိမ် အဆင့်မြှင့်တင်လျှင် အခွင့်အလမ်း ထက်ဝက် လျော့ကျမည်) အဆင့်မြှင့်တင်နိုင်မှု: ၂ ကြိမ်
မွေးမြူပျိုးထောင်မှု လမ်းညွှန်ချက်များ: ...
သတင်းအချက်အလက် အစုအပြုံလိုက်ကြီးက ကျန်းချဲ့၏ မျက်စိရှေ့တွင် ဖျတ်ခနဲ ပေါ်လာခြင်းကြောင့် သူ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း ထို့နောက်တွင်မူ သူ၏ ခံစားချက်များက ရုတ်ချည်း ပြောင်းလဲသွားလေသည်။
'ကမ္ဘာကူးပြောင်းလာတဲ့သူတစ်ယောက်အနေနဲ့ ဒီလိုမျိုး အထူးအခွင့်အရေး (Cheat) လေးတော့ ရှိရမှာပေါ့။ ငါ သားရဲထိန်းတစ်ယောက် ဖြစ်မလာရင်တောင်မှ ဒီအထူးအခွင့်အရေးတစ်ခုတည်းနဲ့တင် သားရဲထိန်းတွေလိုပဲ အလေးအမြတ်ထားခံရတဲ့ ‘သားရဲမွေးမြူရေးပညာရှင်’ အလုပ်ကို လုပ်လို့ရတာပဲ!'
"ဟေ့ ကောင်လေး... မင်း ရူးသွားပြီလား"
ကျန်းချဲ့တစ်ယောက် ကြောင်အမ်းအမ်းဖြစ်ကာ ဘာမှပြန်မပြောဘဲ နေနေသည်ကို မြင်သောအခါ ဝူကျွင်းယွီက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။
"ငါ မင်းကို သတိပေးလိုက်မယ်။ နောက်တစ်ခါ ဟူယွင်လီကို ထပ်ကြည့်ရဲကြည့် စမ်းကြည့်လိုက်။ ငါ မင်းကို ထပ်ရိုက်မှာ။ အေး... မင်း ကြည့်တဲ့အကြိမ်တိုင်းကို လိုက်ရိုက်မှာ!"
ကျန်းချဲ့သည် ကမ္ဘာကူးပြောင်းခြင်း၏ လက်ဆောင်မွန်ကို ခုနကတင်မှ ရရှိထားခြင်းကြောင့် အပျိုဖော်လူပျိုဖော်ဝင်စ ကောင်လေးတစ်ယောက်ကို အဖက်လုပ်ကာ အချိန်ကုန်မခံချင်တော့ပါ။ ထို့ကြောင့် သူ့ကို ရှောင်ကွင်းပြီး ကျောင်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် တက္ကစီတစ်စီးက သူတို့အနားသို့ ဆိုက်ရောက်လာခဲ့သည်။
ထိုတက္ကစီပေါ်မှ ဆင်းလာသူမှာ ဟွမ်ထီလန် ဖြစ်သည်။ သူမက ကျန်းချဲ့ကို စိတ်ကောက်နေသည့် မျက်နှာပေးဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျန်းချဲ့လေး... နင် ငါ့ကို မစောင့်ဘူးနော်..."
ဟွမ်ထီလန်သည် ခေါင်းအလှည့်တွင် ကျန်းချဲ့၏ လမ်းကို ပိတ်ရပ်ထားသော ဝူကျွင်းယွီကို မြင်သွားခဲ့သည်။ သူမ၏ မျက်နှာပေးက ချက်ချင်း ပြောင်းလဲသွားပြီး အေးစက်စက် အော်ဟစ်လိုက်လေသည်။
"နင် ဘာလုပ်မလို့လဲ ဝူကျွင်းယွီ။ ငါ နင်ကို သတိပေးလိုက်မယ်။ ငါ့ရဲ့ ကျန်းချဲ့လေးကို ပြဿနာရှာရဲရင်တော့ နင့်အမေတောင် နင့်ကို မှတ်မိမှာမဟုတ်တဲ့အထိ ငါ နင့်ကို ရိုက်ပစ်မယ်!"
ကျန်းချဲ့တစ်ယောက် အရှက်သည်းစွာဖြင့် မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချမိသည်။ ထို ကိုယ်ခန္ဓာတောင့်တောင့်နှင့် မိန်းကလေးကို သူ အမှန်တကယ်ပင် မပတ်သက်ချင်တော့ပါ။ အမြန်ဆုံးသာ ကျောင်းထဲသို့ ဝင်သွားခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ဝူကျွင်းယွီသည် ဟွမ်ထီလန်ကို အတော်ပင် ကြောက်ရွံ့ပုံရသည်။ သူက မချိပြုံး ပြုံးလိုက်ရင်း "ငါက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လာတာပါဟာ။ နင်ကလည်း လိုက်ချုပ်ချယ်လွန်းပါတယ်" ဟု ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် ဝူကျွင်းယွီသည် လှည့်ထွက်ကာ ကျောင်းထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ဝင်သွားခဲ့သည်။ သူ ကျန်းချဲ့အနားမှ ဖြတ်သွားသည့်အချိန်တွင် နှာခေါင်းရှုံ့ကာ လှောင်ပြောင်သည့် လေသံတိုးတိုးဖြင့် ပြောသွားသည်။
"အမှိုက်ကောင်။ မိန်းမတစ်ယောက်ရဲ့ ကာကွယ်မှုကို ယူနေရတာ။ ဒီကြားထဲ ယောက်ျားလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်သေးတယ်"
ကျန်းချဲ့တစ်ယောက် သည်းမခံနိုင်တော့ပါ။ သူက ဝူကျွင်းယွီကို စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။
"မင်း အာပုပ်စော်နံတာကို ဟူယွင်လီက သိလား"
"မင်း..." ဝူကျွင်းယွီသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ချက်ချင်း ရဲတက်သွားခဲ့သည်။ သူ ကျန်းချဲ့ကို သင်ခန်းစာ ပေးချင်သော်လည်း နောက်တွင် ဟွမ်ထီလန်က စောင့်ကြည့်နေဆဲဖြစ်သည်ကို သတိရသွားသည်။ ထို့ကြောင့် ကျန်းချဲ့ကို ရန်လိုသော အကြည့်တစ်ချက်သာ ပေးနိုင်ခဲ့ပြီး ကျောင်းထဲသို့ ဆက်လက် ဝင်သွားရတော့သည်။
ကျန်းချဲ့တစ်ယောက် တတိယနှစ် အတန်း (၂) ခန်းထဲသို့ ရောက်ရှိသွားသည့်အချိန်တွင် အတန်းဖော်များ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့၏ အတန်းပိုင်ဆရာ ဟန်ရှဲချင်းက အတန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ သူက အတန်းထဲကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။
"ဒီနေ့ ပထမအချိန်က ဒီအတန်းထဲမှာပဲ လွတ်လပ်စွာ လှုပ်ရှားခွင့်အချိန် ဖြစ်တယ်။ သားရဲထိန်း အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသားတွေကတော့ ဆရာနဲ့အတူ ကျောင်းခန်းမဆောင်ကြီးဆီ လိုက်ခဲ့ကြပါ"
ဟန်ရှဲချင်းသည် ကြေညာချက်ကို ပြောပြီးနောက် အတန်းထဲမှ လမ်းလျှောက်ထွက်သွားခဲ့သည်။ အတန်းထဲရှိ ကျောင်းသား ထက်ဝက်နီးပါးက ထရပ်လိုက်ကြသည်။ အချို့က သူတို့၏ နောက်ဆုံးအကြိမ် သားရဲထိန်း အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရန် ဖြစ်ပြီး၊ ကျန်ရှိသူများကမူ အပျော်သဘောဖြင့် လိုက်လံကြည့်ရှုရန် ဖြစ်သည်။ ထိုအထဲတွင် ဝူကျွင်းယွီနှင့် ဟွမ်ထီလန်တို့လည်း ပါဝင်သည်။
သို့သော်လည်း ကျန်ရစ်ခဲ့သည့် ကျောင်းသားအားလုံးက သားရဲထိန်း ဖြစ်သွားကြသည်တော့ မဟုတ်ပါ။ အချို့မှာ အသက် ၁၈ နှစ် ပြည့်သွားခဲ့သော်လည်း သားရဲထိန်း ဖြစ်မလာခဲ့ကြသဖြင့် သူတို့၏ တစ်သက်တာတွင်လည်း သားရဲထိန်း ဖြစ်လာရန် လမ်းစမရှိတော့ကြောင်း အတည်ပြုပြီးသား ဖြစ်နေကြသူများ ဖြစ်သည်။
ကျောင်းစင်္ကြံလမ်းတွင် မိမိနောက်မှ ဆူဆူညံညံဖြင့် လိုက်ပါလာသော ကျောင်းသားအုပ်စုကြီးကို မြင်သောအခါ ဟန်ရှဲချင်းသည် သားရဲထိန်း အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ပြီးသားဖြစ်သော ဝူကျွင်းယွီနှင့် အခြားကျောင်းသားများကို မကြည့်ဘဲ မနေနိုင်တော့ပါ။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"စာမေးပွဲအောင်ပြီးသား ကျောင်းသားတွေက အတန်းထဲမှာပဲ လွတ်လပ်စွာ နေရမယ်လို့ ဆရာ မပြောထားဘူးလား။ ဘာလို့ လိုက်လာကြတာလဲ"
ဝူကျွင်းယွီက ပထမဆုံး စတင်ပြောဆိုလိုက်သည်။ "ဆရာ... ကျွန်တော်တို့က အတန်းဖော်တွေကို စိတ်ပူလို့ပါ။ သူတို့ထဲက ဘယ်နှစ်ယောက်များ စာမေးပွဲအောင်မလဲဆိုတာ ကြည့်ချင်လို့ပါ"
ဟန်ရှဲချင်းသည် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။ ကျောင်းသား အချင်းချင်း စာနာစိတ်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ဆူဆူညံညံတော့ မလုပ်ကြနဲ့"
ကျောင်းခန်းမဆောင်ကြီးမှာ ကျောင်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဟန်ရှဲချင်းက သူ့အတန်းကို ခန်းမဆောင်ကြီးဆီ ခေါ်ဆောင်လာသည့်အချိန်တွင် ထိုနေရာ၌ ကျောင်းသားများနှင့် ဆရာ အုပ်စုကြီးတစ်ခုက ရောက်ရှိနှင့်နေပြီ ဖြစ်သည်။ သူတို့အားလုံးမှာ အတန်းပိုင်ဆရာများနှင့် သူတို့၏ နောက်ဆုံးအကြိမ် သားရဲထိန်း အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရန် ရောက်ရှိလာကြသည့် စီနီယာကျောင်းသားကြီးများ ဖြစ်ကြသည်။
ယခုအကြိမ် စာမေးပွဲတွင် ဖြေဆိုမည့် စီနီယာကျောင်းသား စုစုပေါင်း နှစ်ရာကျော် ရှိသည်။ သူတို့အားလုံးမှာ စင်မြင့်ထက်တွင် စုဝေးနေကြသည်။ ထို့နောက် ကျောင်းဝန်ထမ်းများ ဝင်ရောက်လာပြီး စာမေးပွဲအတွက် အသုံးပြုမည့် သားရဲကတ်ပြားများကို ယူဆောင်လာခဲ့ကြသည်။ ကျောင်းသားတိုင်း လက်ထဲသို့ ကတ်ပြားတစ်ချပ်စီ အပ်နှံပြီးနောက် စာမေးပွဲကို တရားဝင် စတင်လိုက်လေသည်။
"ငါ နင့်ကို ယုံတယ် ကျန်းချဲ့လေး။ နင် သေချာပေါက် လုပ်နိုင်မှာပါ!"
ဟွမ်ထီလန်သည် စင်အောက်မှနေ၍ ကျန်းချဲ့ကို လက်ဝှေ့ယမ်းကာ အားတက်သရော အော်ဟစ်အားပေးလိုက်သည်။ ခန်းမဆောင်ကြီးအတွင်းရှိ ကျောင်းသားများအားလုံး ချက်ချင်းပင် တဝါးဝါး ရယ်မောလိုက်ကြတော့သည်။ ဟွမ်ထီလန်က ကျန်းချဲ့ကို အသည်းအသန် လိုက်ပိုးနေသည်မှာ ကျောင်းသားများအတွက် အဆန်းတကျယ် သတင်းမဟုတ်တော့သော်လည်း သူတို့ ဘယ်နှစ်ကြိမ်ပဲ မြင်မြင် ရယ်မောမိကြဆဲ ဖြစ်သည်။
ကျန်းချဲ့တစ်ယောက် အရှက်သည်းလွန်းသဖြင့် မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်ပင် အုပ်မိမတတ် ဖြစ်သွားခဲ့သည်။ သူ၏ မျက်နှာမှာ ရှက်စိတ်ကြောင့် နီရဲနေပြီး နားမကြားသောသူတစ်ယောက် ဖြစ်သွားပါစေဟုသာ ဆုတောင်းမိတော့သည်။
ကျန်းချဲ့သည် စိတ်ကို အခက်အခဲများစွာဖြင့် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် မိမိလက်ထဲရှိ ကြယ်ခြောက်ပွင့် ပုံစံပါသော သံမဏိမီးခိုးရောင် သားရဲကတ်ပြားကို ငေးကြည့်လိုက်သည်။ ထိုအခါ သူ၏ မျက်စိရှေ့တွင် သတင်းအချက်အလက် ပြတင်းပေါက်တစ်ခု ထပ်မံ ဖျတ်ခနဲ ပေါ်လာပြန်သည်။
[လက်သည်းချွန် အမဲလိုက်ခွေး]
အဆင့်: ကြယ်တစ်ပွင့် (အဆင့် ၄)
အရည်အသွေး: သံနက်ဆင့် (Black Iron)
အမျိုးအစား: မူလတိုက်ခိုက်ရေးခန္ဓာ
ထူးခြားချက်: စူးရှသော လက်သည်းနှင့် သွားများ ရှိခြင်း၊ လှုပ်ရှားမှု လျင်မြန်ဖြတ်လတ်ခြင်း
အားနည်းချက်: ခုခံမှု အားနည်းခြင်း၊ အသက်ချက်မှာ ဝမ်းဗိုက်နှင့် လည်ပင်းကြားတွင် ရှိပြီး ထက်မြက်သော လက်နက်များဖြင့် အလွယ်တကူ ထိခိုက်ဒဏ်ရာရနိုင်သည်။
အလားအလာ: အီးအဆင့် (E Rank)
တက်လှမ်းနိုင်ချေ: လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်ရန် ၂၅ ရာခိုင်နှုန်း၊ လက်ရှိအရည်အသွေးကို ကျော်ဖြတ်နိုင်ရန် ၂.5 ရာခိုင်နှုန်းရှိသည်။
မွေးမြူပျိုးထောင်မှု လမ်းညွှန်ချက်များ: မွေးမြူရန် တန်ဖိုးမရှိပါ။
မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းတို့မှာ အသုံးမဝင်ဆုံး သားရဲများ ဖြစ်ကြသည်။ ကျောင်းအနေဖြင့် ကျောင်းသားများ သားရဲထိန်း အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ဤမျှ များပြားလှသော ကတ်ပြားများကို အဘယ်ကြောင့် ပံ့ပိုးပေးနိုင်သနည်းဆိုသည်မှာ မဆန်းတော့ပါ။
'ကဲ... အခု ကျန်တာကတော့ ငါ သားရဲထိန်းတစ်ယောက် ဖြစ်လာနိုင်မလားဆိုတာကိုပဲ ကြည့်ရတော့မယ်!'
ကျန်းချဲ့သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သံနက်ဆင့် သားရဲကတ်ပြားကို လက်ဝါးနှစ်ဖက်ကြားတွင် ညှပ်ကာ စုစည်းလိုက်သည်။ သူသည် အာရုံကို ထိုကတ်ပြားပေါ်သို့သာ ပုံဖော်ထားပြီး စိတ်ကူးယဉ် အတွေးအကြံများကို ဖယ်ရှားကာ မိမိ၏ စိတ်ဝိဉာဉ် အသိအားလုံးကို လက်ဝါးပြင်ဆီသို့ စုစည်းလိုက်လေသည်။
မိနစ်ဝက်ပင် မပြည့်တတ်သေးသော အချိန်တွင် ကျန်းချဲ့သည် မိမိ၏ စိတ်ဝိဉာဉ်နှင့် လက်ဝါးကြားရှိ သားရဲကတ်ပြားတို့အကြား စကားလုံးဖြင့် ဖော်ပြ၍မရသော အချိတ်အဆက်တစ်ခု ဖြစ်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို ထူးဆန်းသော အချိတ်အဆက်သည် တဖြည်းဖြည်းနှင့် ပိုမို အားကောင်းလာခဲ့သည်။ ကျန်းချဲ့သည် သားရဲကတ်ပြားနှင့် မိမိ၏ ဝိဉာဉ်အကြား ထူးခြားဆန်းပြားသော စိတ်ဝိဉာဉ် ပဲ့တင်ထပ်မှုတစ်ခုကို ခံစားလိုက်ရလေသည်။
နောက်တစ်စက္ကန့်တွင်မူ သူ၏ စိတ်ထဲ၌ ပေါက်ကွဲသံတစ်ခု အုန်းခနဲ မြည်ဟည်းသွားပြီး စိတ်အာရုံထဲတွင် ဆန်းကြယ်သော ဟင်းလင်းပြင်တစ်ခု ရုတ်ချည်း ပေါ်ပေါက်လာခဲ့သည်။
'စိတ်ဝိဉာဉ်ပင်လယ် (Spiritual Sea) နိုးထလာပြီ!'
ကျန်းချဲ့သည် အဆင့် (၁) သားရဲထိန်းတစ်ယောက် တရားဝင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းချဲ့၏ လက်ထဲရှိ သားရဲကတ်ပြားမှ လင်းလက်သော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ ထို အလင်းတန်းများသည် ကျန်းချဲ့၏ မျက်မှောင်နှစ်ဖက်ကြား အလယ်ဗဟိုဆီသို့ ရိုက်ခတ်သွားခဲ့သည်။
စင်အောက်မှ ဝူကျွင်းယွီသည် ထိုမြင်ကွင်းကို မြင်သောအခါ မယုံကြည်နိုင်စရာ အမှုအရာတစ်ခုကို မြင်တွေ့လိုက်ရသလို ဖြစ်သွားပြီး အော်ဟစ်လိုက်လေသည်။
"မဖြစ်နိုင်တာ! ဒီအမှိုက်ကောင်က ဘယ်လိုလုပ်ပြီး သားရဲကတ်ပြားနဲ့ စိတ်ဝိဉာဉ် ပဲ့တင်ထပ်မှု ဖြစ်ပေါ်စေပြီး စိတ်ဝိဉာဉ်ပင်လယ်ကို နိုးထစေနိုင်ရတာလဲ!"
အခြားတစ်ဖက်တွင်မူ ဟွမ်ထီလန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ငါ့ရဲ့ ကျန်းချဲ့လေးက အတော်ဆုံးဆိုတာ ငါ သိသားပဲ! သူက ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာတင် စိတ်ဝိဉာဉ်ပင်လယ်ကို နိုးထစေနိုင်ခဲ့တာ။ နောင်ကျရင် သူက မြင့်မားတဲ့ အဆင့်ရှိတဲ့ သားရဲထိန်းကြီး သေချာပေါက် ဖြစ်လာမှာ! သူ့ကို ကွယ်ရာမှာ အမှိုက်ကောင်လို့ ခေါ်ရဲတဲ့သူနဲ့ ငါ ဟွမ်ထီလန်မှာ လူကြည့်မျက်စိမရှိဘူးလို့ ပြောရဲတဲ့သူတွေ ဘယ်သူလဲဆိုတာ အခု ကြည့်ကြသေးတာပေါ့။ ဟားဟားဟားဟား!..."
ဟွမ်ထီလန်၏ ဝမ်းသာအားရဖြစ်မှုနှင့် ထောင်လွှားမှုတို့ ရောပြွမ်းနေသော ရယ်မောသံကြီးက ခန်းမဆောင်ကြီးအတွင်း ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင်မှ အံ့သြတုန်လှုပ်သံများကို ဖုံးလွှမ်းသွားခဲ့လေသည်။