အခန်း(၂၈၉)
“သောက်ကျိုးနည်း... အဲဒီ အနက်ရောင် လေဆင်နှာမောင်းက ဘယ်ကနေ ရုတ်တရက် ထွက်လာတာလဲ”
ကျန်းချဲ့သည် ဘာတစ်ခုမှ ကြိုတင်၍ မရိပ်မိလိုက်ချေ။ အမှန်တကယ်ပင် ဤလျှို့ဝှက်နယ်မြေထဲ၌ လုံးဝ ဥဿုံ ဘေးကင်းစိတ်ချရသော နေရာဟူ၍ မရှိပါတကား။
‘ငါသာ အစကတည်းက စားစရာ ရိက္ခာအလုံအလောက် ပါမလာလို့ ဒီသားရဲတွေကို မြင်မြင်ချင်း သတ်မိရင် အခုချိန်မှာ ငါ့အလောင်းတောင် ကျန်မှာ မဟုတ်ဘူး။’
ထိုသို့ တွေးမိသည်နှင့် ကျန်းချဲ့၏နဖူးမှ ချွေးစေးများ ဖြန်းခနဲ ပြန်ဆင်းလာခဲ့သည်။ ဤကဲ့သို့ တွေးမထင်ထားသော အန္တရာယ်မျိုးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရချိန်တွင် မည်သူက ကြိုတင်ရှောင်လွှဲနိုင်ပါမည်နည်း။
ကျန်းချဲ့သည် ချက်ချင်းပင် လှည့်ပြန်သွားချင်စိတ် ပေါက်လာပြီး အမျိုးမျိုးသော အင်အားကြီး ထူးဆန်းသည့် သတ္တဝါများ ပုန်းအောင်းနေနိုင်သည့် မီးခိုးရောင်ဖျော့ဖျော့ ဒေသဆီသို့သာ ပြန်သွားချင်မိတော့သည်။ အနည်းဆုံးတော့ ထိုနေရာ၌ ပိုမိုသတိထားပြီး မိမိထက် အဆမတန် အင်အားကြီးမားသော သတ္တဝါများ မတွေ့အောင် ရှောင်ကွင်းသွားရုံသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့အတွက် အန္တရာယ် သိပ်မရှိနိုင်ပေ။ သို့သော် ဤကျိန်စာသင့်နေသော နေရာ၌မူ အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် အသက်ပျောက်သွားနိုင်ပေသည်။
ကျန်းချဲ့သည် ဘေးနားရှိ မှောင်မိုက်မိစ္ဆာ ဝဲဂယက်နဂါးကို ကြည့်လိုက်ရာ ထိုကောင်၏ ခြေသည်းများတွင် သနားစရာ သားရဲလေးကောင် ဆွဲလျက်သား ကျန်ရှိနေသေးသည်ကို တွေ့ရသည်။
‘ငါ သူတို့ကို အမြန်ဆုံး လွှတ်ပေးလိုက်တာ ပိုကောင်းမယ်။ ဒီကောင် တချက်အမှတ်မထင်ဘဲ သွေးထွက်အောင် လုပ်မိရင် ဒုက္ခ။’
ကျန်းချဲ့၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသည့်အလား ထွားကျိုင်းသော လူကြီးက ချက်ချင်းပင် အော်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ညီအစ်ကို။ မင်းရဲ့ အဲဒီသားရဲက အအေးဓာတ်စွမ်းရည် သုံးနိုင်တယ်မလား။ အဲဒါတွေကို သွေးမထွက်ဘဲ အေးခဲပြီး သေသွားအောင် တိုက်ရိုက်လုပ်လိုက်ရင် အဆင်ပြေပါတယ်”
ကျန်းချဲ့ အနည်းငယ် အံ့အားသင့်သွားပြီး “အေးခဲပြီး သတ်လိုက်ရင် အဆင်ပြေတယ် ဟုတ်လား” ဟု မေးလိုက်၏။
ထိုလူက ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ သူတို့ သွေးမထွက်ခင်မှာ သေသွားသရွေ့ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပြောသည်။
‘တကယ့်ကို ထူးဆန်းတဲ့ စည်းမျဉ်းပဲ။’ ကျန်းချဲ့သည် ဤလျှို့ဝှက်နယ်မြေ၏ ဤအပိုင်းတွင် တကယ့်ကို ထူးဆန်းသော အရာမျိုးစုံ ရှိနေကြောင်း သဘောပေါက်သွားခဲ့သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူက ထပ်မံမေးမြန်းလိုက်သည်။
“ဒါဆို သားရဲထိန်း သို့မဟုတ် သားရဲကတ်ပြားကနေ ထွက်လာတဲ့ သားရဲတွေ သွေးထွက်ရင်ကော၊ အဲဒီ ထူးဆန်းတဲ့ အနက်ရောင်လေပြင်းက ပေါ်လာဦးမှာလား”
ထိုလူက ခေါင်းညိတ်ပြီးမှ ပြန်ခါယမ်းကာ ပြောလေသည်။
“သားရဲထိန်းတွေ သွေးထွက်ရင်တော့ အနက်ရောင်လေပြင်းက သူတို့ဆီကို တိုက်ခတ်လာလိမ့်မယ်။ ဒါပေမဲ့ သားရဲကတ်ပြားက သားရဲတွေကျတော့ သူတို့ရဲ့ တည်ရှိမှု သဘာဝက ထူးခြားတာကြောင့် သွေးတွေ ဘယ်လောက်ပဲ ထွက်ထွက် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး”
‘ဒီလိုကိုး...’ ကျန်းချဲ့သည် ခေါင်းညိတ်လိုက်ပြီး အခြေအနေကို အတော်အတန် နားလည်သွားခဲ့သည်။ တစ်နည်းအားဖြင့် ဤ ‘စိမ်းလန်းသော မြေပြင်’ တွင် တကယ့် အသက်ရှိသော သတ္တဝါများ သွေးထွက်မှသာ ထိုထူးဆန်းသော အနက်ရောင် လေပြင်းမုန်တိုင်း တိုက်ခတ်မည်ဖြစ်ပြီး ကိုယ်ပိုင်စိတ်ဝိဉာဉ် မရှိကြသော သားရဲကတ်ပြားမှ သားရဲများ သွေးထွက်ပါက ဘာမှ ဖြစ်လာမည် မဟုတ်ပေ။
‘အင်း... နိဂုံးချုပ်ရရင် ကိုယ်ပိုင်စိတ်ဝိဉာဉ်ရှိတဲ့ သတ္တဝါတွေ သွေးထွက်ရင် အဲဒီ လေပြင်းမုန်တိုင်းက တိုက်ခတ်လာတာပဲ။’
တွေးတောပြီးနောက် ကျန်းချဲ့သည် မှောင်မိုက်မိစ္ဆာ ဝဲဂယက်နဂါးအား ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ ထိုနဂါး၏ ခြေသည်းများမှ မှောင်မိုက်မိစ္ဆာ အရှိန်အဝါ အပြာနုရောင် အစုအဝေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သားရဲရိုင်းလေးကောင်ကို ချက်ချင်းပင် အေးခဲစေကာ ၎င်းတို့၏ စိတ်ဝိဉာဉ်များ ချုပ်ငြိမ်းသွားစေခဲ့သည်။
ထိုလူ ပြောခဲ့သည့်အတိုင်းပင် ကောင်းကင်ထက်၌ မည်သည့် ထူးဆန်းသော နိမိတ်လက္ခဏာမျှ ပေါ်မလာခဲ့ချေ။
ကျန်းချဲ့သည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။ မှောင်မိုက်မိစ္ဆာ ဝဲဂယက်နဂါး ကိုင်ဆောင်ထားသော ထိုသားရဲရိုင်းလေးကောင်သည် သာမန်သားရဲရိုင်းများ မဟုတ်ဘဲ ဖျက်ဆီးခြင်းစွမ်းအားများ ပြည့်နှက်နေသည့် နျူကလီးယားဗုံးလေးလုံးနှင့်ပင် တူနေတော့သည်။ ယခုအခါ ထိုနျူကလီးယားဗုံးလေးလုံးကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်၍ သူ၏ ဘေးကင်းလုံခြုံရေးအတွက် ထပ်မံ စိုးရိမ်စရာ မရှိတော့ပေ။
ကျန်းချဲ့သည် ဟန်ရွှေးကို သူ၏ စိတ်ဝိဉာဉ်ပင်လယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် အေးခဲနေသော သားရဲလေးကောင်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည့် မှောင်မိုက်မိစ္ဆာ ဝဲဂယက်နဂါးနှင့်အတူ ထိုလူသုံးယောက်ရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။
သူက လှိုက်လှိုက်လှဲလှဲပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
“အစ်ကိုကြီးရဲ့ သတိပေးချက်ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေရာမှာပဲ အသက်ပျောက်နေလောက်ပြီ၊ တကယ်ပဲ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ အစကတော့ အစ်ကိုကြီးတို့က ဒီသားရဲတွေကို လုချင်လို့ အော်တယ်လို့ အထင်မှားမိတာ၊ လူကြီးလူကောင်းတစ်ယောက်ကို လူယုတ်မာလို တွေးမိခဲ့တာ တကယ် အားနာမိပါတယ်”
ထိုလူက မမှုသည့်အလား လက်ကာပြလျက် ပြောသည်။
“အာ... ဒါက ဘာမှမဟုတ်ပါဘူးဗျာ။ မင်းနေရာမှာ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ကို အစားအစာ လုဖို့ လုပ်နေတယ်လို့ပဲ ထင်မှာပါ။ ဒီသောက်ကျိုးနည်း လျှို့ဝှက်နယ်မြေထဲမှာ စားစရာ ရှာဖို့က တကယ် မလွယ်ဘူးလေ။ စိမ်းလန်းတဲ့ မြေပြင်ရဲ့ အပြင်ဘက်မှာ စားစရာအတွက်နဲ့ အချင်းချင်း သတ်ဖြတ်ရင်း သေဆုံးနေကြတာဟာ နေ့တိုင်းလိုလို မြင်တွေ့နေရတဲ့ သာမန်ကိစ္စတစ်ခုပဲဥစ္စာ”
“မဟုတ်တာ... ကျွန်တော့်ဘက်ကတော့ အစ်ကိုကြီးကို တကယ်ပဲ ကျေးဇူးတင်ရမှာပါ” ကျန်းချဲ့က တည်ကြည်စွာဖြင့် ဆက်ပြောသည်။ “ကျွန်တော့်နာမည်က ကျန်းချဲ့ ပါ။ ဒီလျှို့ဝှက်နယ်မြေကနေ ထွက်သွားပြီးလို့ ကျွန်တော် ကူညီပေးနိုင်တဲ့ ကိစ္စမျိုးရှိရင် အချိန်မရွေး ပြောပါဗျာ၊ ဒီညီအစ်ကိုက တတ်နိုင်သရွေ့ လုံးဝ ငြင်းမှာ မဟုတ်ပါဘူး”
ထိုလူကြီးအတွက်မူ အဝေးမှ လှမ်း၍ သတိပေးလိုက်ရုံသာ ဖြစ်သော်လည်း ကျန်းချဲ့၏ အမြင်တွင်မူ ဤလူသည် သူ၏အသက်ကို တကယ်တမ်း ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
“ညီအစ်ကိုကျန်းက တအား ယဉ်ကျေးလွန်းနေပြီပဲ” ထိုလူက ပြုံးလျက် ပြောသည်။ “ငါ့နာမည်က လုဝမ်ကျွင်း လို့ ခေါ်တယ်၊ လုရန်မြို့က လု စကားလုံးနဲ့ အတူတူပဲ။ မင်း စိတ်မရှိရင် ငါ့ကို အစ်ကိုလု လို့ပဲ ခေါ်နိုင်ပါတယ်”
စကားအဆုံးတွင် သူသည် ကျန်းချဲ့၏ ထူးဆန်းနေသော မျက်နှာအမူအရာကို ကြည့်ကာ မိမိ၏ ကြမ်းတမ်းလှသော မျက်နှာပြင်ပေါ်တွင် အနည်းငယ် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်လာလျက် ပြန်လည်ရှင်းပြလေသည်။
“ဟားဟား... ဒါကလေ... ငါ့မိသားစုမှာ မိန်းကလေး လုံးဝ မရှိခဲ့ဘူးလေ။ ငါ့အမေက ငါ့ကို ဗိုက်ထဲမှာ လွယ်ထားတုန်းက ဒီနာမည် ပေးခဲ့တာ၊ ဒါပေမဲ့ ငါ့ကိုလည်း မွေးရော ယောက်ျားလေး ဖြစ်နေလို့ စိတ်တိုလွန်းလို့ သေမလိုတောင် ဖြစ်ခဲ့တာတဲ့။ အဲဒါကြောင့် နာမည်ကိုတောင် ပြန်မပြောင်းပေးတော့ဘူး။ ပြောရရင်တော့ ငိုတောင်ငိုချင်ပါတယ်ဗျာ၊ ငါသာ ဖြူဖြူချောချော ကောင်လေးတစ်ယောက် ဖြစ်လာရင် ဒီနာမည်နဲ့ လိုက်ဖက်ဦးမယ်၊ အခုတော့ ကြီးလာလေ အရုပ်ဆိုးလာလေ ဖြစ်ပြီး နောက်ဆုံးတော့ မင်းမြင်တဲ့အတိုင်း ဒီလို ရုပ်ကြမ်းကြီး ဖြစ်သွားတာပဲ...”
ကျန်းချဲ့သည် ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်အီးထားလိုက်ပြီးမှ လက်ကာပြကာ ပြောလိုက်သည်။
“အာ... နာမည်ဆိုတာ နာမည်တစ်ခုပါပဲဗျာ။ အမှန်တော့ ဘယ်လိုခေါ်ခေါ် အရေးမကြီးပါဘူး။ တကယ်တော့ ကျွန်တော့်အမြင်မှာတော့ အစ်ကိုလုလို စိတ်ကောင်းနှလုံးကောင်းရှိပြီး သီလနဲ့ ပြည့်စုံတဲ့သူက ဝမ်ကျွင်း (လူကြီးလူကောင်း) ဆိုတဲ့ နာမည်နဲ့ အပြည့်အဝ ထိုက်တန်ပါတယ်ဗျာ”
“ဟားဟားဟားဟား”
လုဝမ်ကျွင်းသည် သဘောကျစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သူက ကျန်းချဲ့ကို လက်ညှိုးထိုးကာ ပြောသည်။
“ညီအစ်ကိုကျန်းရဲ့ စကားတွေက မြှောက်ပင့်လွန်း ပေမယ့် ငါတော့ တကယ် နားထောင်လို့ ကောင်းသားပဲ။ ငါ ဆယ်ကျော်သက်အရွယ်ကတည်းက ရုပ်ရည် စပြောင်းလဲလာတော့ ငါ့ကိုသိတဲ့သူတွေ အားလုံးက ငါ့လို ရုပ်ကြမ်းကြီးနဲ့ ဒီလို နုနုရွရွ နာမည်နဲ့ တွဲနေတာ ထူးဆန်းတယ်လို့ပဲ ပြောကြတာ။ ဖီ့း... သူတို့က ဘာသိမှာလဲ။ ငါတော့ မင်းကို တကယ်ပဲ သူငယ်ချင်းအဖြစ် ခင်မင်သွားပြီ ညီအစ်ကိုကျန်း”
လုဝမ်ကျွင်းသည် သူ၏ရုပ်ရည် ရင့်ကျက်ကြမ်းတမ်းလာကတည်းက မိမိ၏နာမည်နှင့် လိုက်ဖက်သည်ဟု ပြောဆိုသောသူကို တစ်ယောက်မျှ မကြုံဖူးခဲ့ပေ။ ကျန်းချဲ့နှင့် တွေ့ဆုံရခြင်းမှာ သူ့အတွက် ကွဲကွာနေသည်မှာ ကြာပြီဖြစ်သော ညီအစ်ကိုအရင်းအချာနှင့် ပြန်လည်ဆုံတွေ့ရသည့်အလား ခံစားလိုက်ရသည်။
“ကောင်းပါပြီ၊ ဒါဆို နောက်ဆို ကျွန်တော်တို့ ညီအစ်ကိုတွေပေါ့” ကျန်းချဲ့က ပြောရင်း လုဝမ်ကျွင်းနှင့် လက်ချင်းရိုက်ကာ သစ္စာပြုလိုက်သည်။ ထို့နောက် သူသည် လုဝမ်ကျွင်း၏ဘေးတွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ရပ်နေကြသည့် လူလတ်ပိုင်း အမျိုးသားနှစ်ဦးထံသို့ လှည့်ကြည့်ကာ မေးလိုက်သည်။ “ဒါနဲ့... ဒီအစ်ကိုကြီးနှစ်ယောက်ရဲ့ နာမည်ကို မမေးရသေးဘူးနော်”
“လုဒါ (လုအကြီးကောင်)” ဟု ဘယ်ဘက်မှ မျက်နှာသွယ်သွယ် ရှည်ရှည်နှင့် လူက ခေါင်းညိတ်ပြလျက် ပြောသည်။
“လုအာ့ (လုအငယ်ကောင်)” ဟု ညာဘက်မှ မျက်နှာပြားပြား ကျယ်ကျယ်နှင့်လူက တစ်ချိန်တည်းမှာပင် ခေါင်းညိတ်ပြသည်။
‘မင်းတို့ကိုယ်မင်းတို့ ရှုဒါနဲ့ ရှုအာ့ (ဝံသီချင်းထဲက ဝံဝံကြီးနဲ့ ဝံဝံလေး) လို့ပဲ အမည်မပေးလိုက်ကြတာ ခက်တာပဲ။’
ကျန်းချဲ့သည် အခြေအနေကို သဘောပေါက်သွားခဲ့သည်။ ၎င်းတို့သည် လုဝမ်ကျွင်း၏ မိသားစုမှ ထည့်ပေးလိုက်သော သက်တော်စောင့်များ ဖြစ်တန်ရာသည်။ ဤလူ၏ ရုပ်ရည်မှာ ကျန်းဖေးကဲ့သို့ ရုပ်ကြမ်းကြီး ဖြစ်သော်လည်း သူ၏ မိသားစုနောက်ခံမှာမူ လုံးဝ မရိုးရှင်းသည်မှာ သေချာလှပေသည်။
လျှို့ဝှက်နယ်မြေထဲသို့ လူသုံးယောက် အတူတူ ဝင်ရောက်နိုင်ရန် စီစဉ်ပေးနိုင်ခြင်းမှာ ၎င်းတို့၏ ဩဇာအာဏာ သို့မဟုတ် ကွဲပြားခြားနားသော လူသုံးယောက်ကို စုစည်းရန် လိုအပ်သည့် ရင်းမြစ်ပမာဏ မည်မျှပင်ဖြစ်စေကာမူ အလတ်စား သို့မဟုတ် အသေးစား မိသားစုများ လုံးဝ မလုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ကျန်းချဲ့သည် ထိုကဲ့သို့သော ဩဇာရှိသည့် မိသားစုကြီးများအကြောင်းကို သေချာနားမလည်ခြင်းပင် ဖြစ်သည်။ လုမိသားစုဆိုသည်မှာ မည်သူမည်ဝါမှန်း သူ မသိချေ။ သူသည် ထိုအကြောင်းကို အချိန်ကုန်ခံကာ ဆက်မတွေးတော့ပေ။
လုဒါနှင့် လုအာ့တို့ကို ခေါင်းညိတ်၍ နှုတ်ဆက်ပြီးနောက် ကျန်းချဲ့သည် လုဝမ်ကျွင်းဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။
“အစ်ကိုလု... မိုးလည်း ချုပ်တော့မယ်။ ကျွန်တော်တို့ တစ်နေရာရာမှာ နေရာရှာပြီး ဒီသားရဲရိုင်းတွေကို ချက်ပြုတ်ကာ အတူတူ ကောင်းကောင်းမွန်မွန် စားကြမလား”
သူက ပြောရင်း မှောင်မိုက်မိစ္ဆာ ဝဲဂယက်နဂါး၏ ခြေသည်းများထဲတွင် ရှိနေသော အေးခဲနေသည့် အလောင်းလေးခုကို လက်ညှိုးထိုးပြလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ မှောင်မိုက်မိစ္ဆာ ဝဲဂယက်နဂါးသည် အလွန်ပင် ကျွမ်းကျင်စွာ လုပ်ဆောင်ခဲ့သည်။ ထိုသားရဲလေးကောင်မှာ ရေခဲတုံးများအဖြစ် အေးခဲသွားပုံရသော်လည်း အသား၏ အရသာကိုမူ ထိခိုက်မှု မရှိချေ။
သို့သော် ကျန်းချဲ့က ထိုသို့ အကြံပြုလိုက်ပြီးနောက်တွင်မူ လုဝမ်ကျွင်း၏မျက်နှာပေါ်၌ ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရလေသည်။