အခန်း(၂၆)
သေနတ်ပစ်သံများက သူတို့နှင့် သိပ်မဝေးလှသော နေရာမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ဒုတိယဗိုလ်ကြီးချီ အပါအဝင် လူတိုင်း၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကြသည်။ သူတို့ တကယ်ကြီး မီးမောင်းသေနတ်တွေကို သုံးလိုက်ကြပြီပဲ။
ကြည့်ရတာ ထိုငါးရောင်ခြယ် အဆိပ်ပင့်ကူအသိုက်ထဲက ပင့်ကူအရေအတွက်က နည်းလှသည်တော့ မဟုတ်ပေ။ စစ်တပ်က လုံခြုံရေးအတွက် ချထားပေးသည့် သားရဲထိန်းများပင်လျှင် ၎င်းတို့ကို ကိုင်တွယ်ရန် မလုံလောက်တော့သဖြင့် မီးမောင်းသေနတ်များကို အသုံးပြုရန် ဖိအားပေးခံလိုက်ရခြင်း ဖြစ်သည်။ မြို့ဆင်ခြေဖုံးဒေသများတွင် မသတ်ရသေးဘဲ ကျန်ရှိနေသည့် သားရဲဆန်း အရေအတွက်က မနည်းလှပေ။ သာမန်အခြေအနေမျိုးတွင် မီးမောင်းသေနတ်များကို မသုံးဘဲ နေနိုင်မည့် အခွင့်အရေးရှိပါက သားရဲထိန်းများ လက်ထဲ၌သာ ထားရှိဖြေရှင်းခြင်းက အကောင်းဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သားရဲရိုင်းလှိုင်းလုံးကြီးထဲမှ သားရဲဆန်းများသည် သေနတ်ပစ်သံများကို အလွန်အမင်း အာရုံခံလွယ်ကြသောကြောင့် ဖြစ်သည်။ ၎င်းအသံများက ကီလိုမီတာ အနည်းငယ်အတွင်းရှိ သားရဲမှန်သမျှကို သူတို့ထံသို့ ဆွဲဆောင်ခေါ်ယူသကဲ့သို့ ဖြစ်သွားနိုင်သည်။ အကယ်၍ ထိုအခြေအနေသို့ ရောက်ရှိသွားပါက တကယ့်ကို အန္တရာယ်ကြီးလှပေလိမ့်မည်။
“မြန်မြန်... မြန်မြန်... အားလုံး ခြေလှမ်းသွက်သွက်လှမ်းကြ။ ယာယီစခန်းဆီကို အမြန်ဆုံး ရောက်အောင်သွားရမယ်”
ဒုတိယဗိုလ်ကြီးချီ၏ မျက်နှာအမူအရာက အနည်းငယ် ခက်ထန်ကြမ်းတမ်းသွားသည်။ သူသည် ပြီးခဲ့သည့် သားရဲရိုင်းလှိုင်းလုံးတိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသဖြင့် ဤအခြေအနေက မည်မျှအထိ အန္တရာယ်ကြီးမားကြောင်း ကောင်းစွာ နားလည်ထားသည်။ သူက ကျောင်းသားများကို အတင်းအကျပ် အော်ဟစ်သတိပေးလိုက်တော့သည်။ ကျောင်းသားများသည်လည်း အန္တရာယ်က လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်ထားကြသဖြင့် အသက်လုကာ ပြေးကြလေသည်။ သူတို့တစ်တွေ အသက်ရှူမဝဘဲ မောဟိုက်နေကြစေကာမူ တရက်မျှ ခြေလှမ်းရပ်ရန် မဝံ့ရဲကြချေ။
“မကြောက်နဲ့ ကျန်းရှောင်ချဲ့... အကယ်၍ သားရဲဆန်းတွေ တကယ်ကြီး ပြေးဝင်လာရင် ငါ နင့်ကို ကာကွယ်ပေးမယ်”
ဟွမ်ထီလန်က ကျန်းချဲ့၏ ဘေးနားမှနေ၍ ပြေးလွှားရင်း သူ့ကို အားပေးစကား ပြောလိုက်သည်။ သူမသည် လူကောင်ကြီးမားသော်လည်း လျှော့တွက်၍ မရနိုင်ပေ။ မီတာရာဂဏန်းမျှ ပြေးခဲ့ပြီးဖြစ်သော်လည်း မောပန်းနွမ်းနယ်သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိသဖြင့် ကျန်းချဲ့အနေဖြင့် သူမအပေါ်ထားရှိသော အမြင်ကို ပြန်လည်ပြင်ဆင်လိုက်ရသည်။
ဒါပေမဲ့... မိန်းကလေးရယ်၊ နင် စကားလုံးတွေ မှားပြောလိုက်တာတော့ မဟုတ်ပါဘူးနော်
ကျန်းချဲ့တစ်ယောက် သူမကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူတို့၏ နောက်ကွယ်ရှိ တောအုပ်ထဲမှ သေနတ်သံများက အဆက်မပြတ် ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သည်။ အခြေအနေက အလွန် စိုးရိမ်ရကြောင်း ထင်ရှားလှသဖြင့် ထွက်ပြေးနေကြသူများ၏ ရင်ထဲတွင် သောကရိပ်များ လွှမ်းမိုးနေတော့သည်။
တောနက်ကြီး၏ အောက်ခြေ၊ နက်ရှိုင်းသော ချောက်ကမ်းပါးတစ်ခု...
ကြိတ်ဆုံကျောက်တုံးခန့် အရွယ်အစားရှိသော ငါးရောင်ခြယ် အဆိပ်ပင့်ကူ အမြောက်အမြားသည် ချောက်ကမ်းပါး၏ အောက်ခြေရှိ ဂူတစ်ခုထဲမှနေ၍ အဆုံးမရှိ ပန်းထွက်လာနေသည်။ ၎င်းတို့၏ သိပ်သည်းကျပ်ညပ်နေသော အမွေးအမှင်ထူထပ်သည့် ခန္ဓာကိုယ်များကို မြင်လိုက်ရရုံနှင့်တင် လူတစ်ယောက်၏ ဦးရေပြားကို ထုံကျင်သွားစေရန် လုံလောက်လှပေသည်။
ချောက်ကမ်းပါးဝ၏ အထက်ပိုင်းဒေသတွင်မူ၊ စစ်သားအင်အား (၅၀) ခန့်ရှိသော အုပ်စုတစ်စုသည် သူတို့၏ မီးမောင်းသေနတ်များကို ကိုင်ဆောင်ကာ ပင့်ကူလှိုင်းလုံးကြီးဆီသို့ ရူးသွပ်စွာ ပစ်ခတ်နေကြသည်။ စစ်တပ်အတွင်း၌ပင် အလယ်အလတ်နှင့် အဆင့်မြင့် သားရဲထိန်း အရေအတွက်က များပြားလှသည်မဟုတ်ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အားကိုးရဆုံး လက်နက်မှာ သူတို့လက်ထဲရှိ မီးမောင်းသေနတ်များသာ ဖြစ်သည်။
ငါးရောင်ခြယ် အဆိပ်ပင့်ကူများသည် အဆုံးသတ်တွင်တော့ သုံးပွင့်ပြိုင် ကြေးဝါအဆင့် သားရဲများသာ ဖြစ်ကြသည်။ ၎င်းတို့၏ အခွံမာများက အလွန်မာကျောလှသော်လည်း ရိုင်ဖယ်ကျည်ဆန်များကိုမူ မခုခံနိုင်ကြပေ။ ပြင်းထန်လှသော ပစ်ခတ်မှုအောက်တွင် သားရဲဆန်းများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများက နေရာအနှံ့ လွင့်စင်နေပြီး စေးပျစ်သော ဝါကျင့်ကျင့် အရည်များက အရပ်မျက်နှာအနှံ့ ပန်းထွက်နေသည်။ ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ငါးရောင်ခြယ် အဆိပ်ပင့်ကူတစ်ကောင်ပြီး တစ်ကောင် သေဆုံးသွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ပျောက်ကွယ်သွားကြသည်။
စစ်သားများသည် ၎င်းကို ကြည့်ရင်း အနည်းငယ် နှမြောတသဖြစ်မိကြသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် အခြားရွေးချယ်စရာ မရှိပေ။ ငါးရောင်ခြယ် အဆိပ်ပင့်ကူ အရေအတွက်က များပြားလွန်းလှသည်။ ထို့ပြင် ဤသားရဲဆန်းများသည် မိမိတို့၏ အသာစီးရမှုကို မည်သို့အသုံးချရမည်နှင့် အားနည်းချက်ကို မည်သို့လျှော့ချရမည်ကို ကောင်းစွာ သိရှိကြသည်။ ချောက်ကမ်းပါးထဲမှ ရုန်းထွက်လာပြီးနောက် ၎င်းတို့သည် ချက်ချင်းပင် လူစုခွဲလိုက်ကြပြီး ပတ်ဝန်းကျင်ရှိ တောအုပ်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။ စစ်သားများသည် ၎င်းတို့ကို အကုန်အစင် သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားနေကြစေကာမူ အတော်များများကမူ လွတ်မြောက်သွားကြသည်။
ဗိုလ်ကြီးအဆင့်ရှိသော ကွပ်ကဲရေးအရာရှိတစ်ဦးသည် သူ၏ ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် တတိယနှစ် ကျောင်းသားများနှင့် ဆရာများကို စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် စခန်းဆီသို့ အမြန်ဆုံး သွားကြရန် တိုက်တွန်းနေသည်။ စစ်တပ်သည် ဤပြင်ပကွင်းဆင်းလေ့ကျင့်မှုအတွက် ဤနယ်မြေကို အသေအချာ စစ်ဆေးခဲ့သော်လည်း မျှော်လင့်မထားဘဲ ချောက်ကမ်းပါးထဲတွင် ရှာမတွေ့သေးသော ဂူတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုဂူထဲတွင် ငါးရောင်ခြယ် အဆိပ်ပင့်ကူ အရေအတွက် မည်မျှအထိ ပုန်းကွယ်နေသည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။
ဤကဲ့သို့ မျှော်လင့်မထားသော မတော်တဆမှုကြောင့် လုံခြုံရေးတာဝန်ယူထားရသော စစ်သားများသည် ကျောင်းသားများ နောက်ဆုတ်နိုင်ရန် အချိန်ဆွဲပေးသည့်အနေဖြင့် ငါးရောင်ခြယ် အဆိပ်ပင့်ကူများကို ဟန့်တားရန် မိမိတို့၏ အစွမ်းကုန် ကြိုးစားနေကြရုံသာ ရှိတော့သည်။ စစ်သားများ ချထားသည့် လုံခြုံရေးစည်းကို ငါးရောင်ခြယ် အဆိပ်ပင့်ကူများ ပိုမို၍ ထိုးဖောက်လာနိုင်သည်နှင့်အမျှ တိုက်ပွဲများသည် ပိုမိုကျယ်ပြန့်သော နယ်မြေအထိ ပြန့်နှံ့သွားခဲ့ရသည်။ သေနတ်ပစ်သံများသည်လည်း အရပ်မျက်နှာအနှံ့သို့ စတင်ပျံ့နှံ့သွားတော့သည်။
ပိုမိုစိုးရိမ်စရာကောင်းသည်မှာ သေနတ်သံများ ပျံ့နှံ့သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ သားရဲဆန်းများပါ တကယ်ကြီး လှမ်း၍ ဆွဲဆောင်ခြင်း ခံရပေလိမ့်မည်။ ထိုအချိန်ကျမှသာ တကယ့် ပြဿနာကြီး ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း စစ်သားများတွင် အခြားရွေးချယ်စရာ လုံးဝမရှိတော့ပေ။ သူတို့၏ စစ်ကူများ ရောက်ရှိလာရန် အချိန်အနည်းငယ် လိုအပ်သေးသည်။ ဤနေရာရှိ စစ်သားတိုင်းသည် အခြေခံအားဖြင့် မိမိတို့ကိုယ်ကို စွန့်လွှတ်အနစ်နာခံရန် အသင့်ပြင်ထားကြပြီး ဖြစ်သည်။
“မြန်မြန်... အားလုံးပဲ အားတင်းထားကြဦး၊ နောက်ထပ် နည်းနည်းလေးဆိုရင် စခန်းကို ရောက်တော့မယ်”
တောအုပ်ထဲတွင် အခန်း (၂) မှ အရန်သားရဲထိန်းများသည် အသက်ပင် မရှူနိုင်လောက်အောင် မောဟိုက်နေကြပြီ ဖြစ်သည်။ အကယ်၍ သူတို့သာ အနားယူရန် ရပ်တန့်လိုက်ပါက ငါးရောင်ခြယ် အဆိပ်ပင့်ကူများ၏ ဖမ်းဆီးခြင်းကို ခံရမည်ဟူသော အသိသာ မရှိလျှင် သူတို့အားလုံး မြက်ခင်းပြင်ပေါ်တွင် လဲပြိုသွားကြလောက်ပြီ ဖြစ်သည်။
ဒုတိယဗိုလ်ကြီးချီသည် မျက်မှောင်ကြုတ်ရင်း ကျောင်းသားများကို ပြေးလွှားရင်း အားပေးနေသည်။ လက်ရှိတွင် သူတို့သည် စစ်တပ်စခန်းနှင့် တစ်ကီလိုမီတာခန့်သာ ကွာဝေးတော့သည်။ နောက်ထပ် မိနစ်အနည်းငယ်မျှသာ တောင့်ခံထားနိုင်ပါက သူတို့သည် ပိုမိုဘေးကင်းသော အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်သည်။
အခန်း (၂) ၏ အတန်းပိုင်ဆရာဖြစ်သူ ဟန်ရှဲချင်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထိုင်းအမှိုင်း ထင်ဟပ်နေသည်။ သူသည်လည်း မိမိ၏ ကျောင်းသားများကို အလားတူပင် အားပေးနေပြီး ခွန်အားဗလ ကုန်ခမ်းလုနီးပါး ဖြစ်နေသော ကျောင်းသားများကို အရှုံးမပေးရန် ပြောကြားနေသည်။
“အားလုံးပဲ... နောက်ထပ် မိနစ်အနည်းငယ်လောက်ပဲ တောင့်ခံထားကြပါ။ စခန်းကို ရောက်တာနဲ့ ငါတို့ ဘေးကင်းသွားပြီ။ လုံးဝ အရှုံးမပေးကြနဲ့”
အုပ်စုနှင့်အတူ ပြေးလွှားနေရင်း ကျန်းချဲ့သည် သူ၏ အဆုတ်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားနေရပြီး ခြေထောက်များကလည်း ပျော့ခွေလာခဲ့သည်။ သူသည် နောက်ထပ် ဆက်မပြေးနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ။ သို့သော်လည်း ဘေးနားရှိ အသက်ရှူသံ အနည်းငယ်သာ ပြင်းထန်နေသည့် ဟွမ်ထီလန်ကို တစ်ချက်လှမ်းကြည့်လိုက်မိပြီးနောက် သူ အနည်းငယ် ရှက်စိတ်ဝင်သွားရသည်။
ငါက ယောက်ျားတစ်ယောက်ပဲဥစ္စာ၊ မိန်းကလေးတစ်ယောက်ထက် ဘယ်လိုလုပ်ပြီး အားနည်းနေရမှာလဲ
ဟူး... ကောင်းပါပြီ။ ဟွမ်ထီလန်က သာမန်အားနည်းတဲ့ မိန်းကလေးတစ်ယောက် မဟုတ်တာတော့ သေချာပါတယ်၊ ဒါပေမဲ့ ကျန်းချဲ့အနေနဲ့တော့ အရှုံးမပေးချင်ပါ။ အဆုံးသတ်တွင်တော့ သူက အခွင့်ထူးခံ အစွမ်း (Cheat) ရှိတဲ့လူတစ်ယောက် မဟုတ်ပါလား။ သူက ဘာလို့ ဒီလောက်အထိ အားနည်းနေရမှာလဲ။
ထိုခဏ၌ အုပ်စု၏ နောက်ဆုံးတွင် ရှိနေကြသော လူအနည်းငယ်သည် မိမိတို့၏ နောက်ကွယ်ရှိ ချုံပုတ်များထဲမှနေ၍ ‘ရှဲရှဲ’ ဟူသော လှုပ်ရှားသံများကို ရုတ်တရက် ကြားလိုက်ရသည်။ သူတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြရာ လန့်ဖျတ်ပြီး ဝိဉာဉ်ပင် ခန္ဓာကိုယ်မှ လွင့်စင်သွားမတတ် ဖြစ်သွားရတော့သည်။
“အား ပင့်ကူတွေ လိုက်တန်ပြီ!”
ထိုအော်ဟစ်သံကို ကြားပြီးနောက် လူတိုင်း လှည့်ကြည့်လိုက်ကြရာ ကြိတ်ဆုံကျောက်တုံးခန့် ကြီးမားလှသော ငါးရောင်ခြယ် အဆိပ်ပင့်ကူ သုံးကောင်သည် သူတို့၏ အာရုံခံစွယ်များကို မြှင့်တင်ထားရင်း သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် လိုက်လံဖမ်းဆီးနေကြသည်ကို မြင်လိုက်ရသည်။
“ဆရာဟန်... ကျောင်းသားတွေကို အရင်ခေါ်သွားလိုက်!”
ဒုတိယဗိုလ်ကြီးချီသည် ပြတ်သားစွာဖြင့် နောက်သို့ လှည့်လိုက်ပြီး သူ၏ ဓားကို ကိုင်ဆောင်ကာ လင်းယုန်နှုတ်သီး တောကြက်နှင့်အတူ ငါးရောင်ခြယ် အဆိပ်ပင့်ကူ သုံးကောင်ကို ထိပ်တိုက်ရင်ဆိုင်တော့သည်။ သူ၏ လှုပ်ရှားမှုများတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပါချေ။
အကယ်၍ ဒုတိယဗိုလ်ကြီးချီသည် သူ၏ မူလတိုက်ခိုက်ရေးခန္ဓာအမျိုးအစား သားရဲဖြင့် ငါးရောင်ခြယ် အဆိပ်ပင့်ကူတစ်ကောင်ကို အလွယ်တကူ အနိုင်ရနိုင်သည်ဆိုပါက၊ ထိုပင့်ကူ နှစ်ကောင်ဆိုလျှင်တော့ သူနှင့် အင်အားချင်း မမျှမစောင်း ရင်ဆိုင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယခုအကြိမ်တွင်မူ ပင့်ကူ သုံးကောင် ဖြစ်နေသည်တကား။ ဒုတိယဗိုလ်ကြီးချီသည် ထူးခြားပြောင်မြောက်စွာ ရဲရင့်သူတစ်ဦး ဖြစ်စေကာမူ သူကိုယ်တိုင် ဘေးကင်းရန်အတွက်ပင် ခက်ခဲပေလိမ့်မည်။ မည်သည့်စစ်ကူမျှ မရှိဘဲနှင့်မူ သူသည် ပြင်းထန်စွာ အရေးနိမ့်သွားပြီး ငါးရောင်ခြယ် အဆိပ်ပင့်ကူများ၏ လက်ချက်ဖြင့် အသက်ပျောက်သွားဖို့က အလွန်နီးစပ်လှသည်။
ထိုသို့ ဖြစ်နိုင်ချေရှိစေကာမူ အခန်း (၂) မှ ကျောင်းသားများကို ဘေးကင်းလုံခြုံစေရန်အတွက် ဒုတိယဗိုလ်ကြီးချီသည် မိမိ၏ ကိုယ်ပိုင်အသက်အန္တရာယ်ကို ထည့်မတွက်ဘဲ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ နောက်သို့ လှည့်၍ ခုခံခဲ့ခြင်း ဖြစ်သည်။ ဤမြင်ကွင်းကို တွေ့မြင်လိုက်ရပြီးနောက် ကျောင်းသားတိုင်း၏ ရင်ထဲတွင် နွေးထွေးမှု အရိပ်အယောင်များ စီးဆင်းသွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်ဝန်းများက စိုစွတ်လာခဲ့ပြီး မျက်ရည်ကျမတတ်ပင် စိတ်လှုပ်ရှား သွားကြရသည်။
စာရေးဆရာကြီး လူရွှန်း ပြောခဲ့ဖူးသကဲ့သို့ပင် “စစ်မှန်သော ရဲမက်တစ်ဦးသည် ဆိုးရွားလှသော ဘဝကို ထိပ်တိုက်ရင်ဆိုင်ဝံ့ပြီး၊ စီးကျလာသော သွေးစက်များကိုလည်း တည့်တည့်စိုက်ကြည့်ဝံ့သူ ဖြစ်သည်” ဟူ၍ ဖြစ်သည်။
ထို့ကြောင့် ငါးရောင်ခြယ် အဆိပ်ပင့်ကူ သုံးကောင်ကို တမင်သက်သက် ထိပ်တိုက်ရင်ဆိုင်ခဲ့သော ဒုတိယဗိုလ်ကြီးချီသည် “စစ်မှန်သော ရဲမက်” ဟူသော ဘွဲ့ထူးနှင့် တကယ့်ကို ထိုက်တန်လှပေတော့သည်။