အခန်း(၂၃)
သစ်ပင်သစ်တောများမှာ စိမ်းလန်းစိုပြည်နေပြီး ပူပြင်းလှသော နေမင်းကြီးက ကောင်းကင်ယံထက်တွင် အရှိန်အဝါပြင်းစွာ ထွန်းလင်းတောက်ပလျက် ရှိသည်။ တတိယနှစ် အခန်း (၂) မှ သားရဲထိန်းများသည် ဒုတိယဗိုလ်ကြီးချီ၏ သင်ကြားပြသမှုကို ခံယူပြီးခါစ ဖြစ်သဖြင့် ပိုမိုတည်ငြိမ်ရင့်ကျက်ပြီး သတိကြီးစွာ လှုပ်ရှားနေကြသည်။ သူတို့သည် မိမိတို့၏ သားရဲများကို ကိုယ်တိုင်ညွှန်ကြားကာ ရှေ့သို့ သတိကြီးစွာဖြင့် ချီတက်နေကြ၏။ ပတ်ဝန်းကျင်၌ လှုပ်ရှားမှုတစ်ခုခု ရှိလာတိုင်း ချက်ချင်းပင် ခြေလှမ်းရပ်ကာ အန္တရာယ်ကင်းရှင်းကြောင်း သေချာစေရန် ပတ်ပတ်လည်ကို ဂရုတစိုက် အကဲခတ်ကြသည်။ ထို့ပြင် အန္တရာယ်ကို ကြိုတင်သိရှိနိုင်ရန် သားရဲများကို ရှေ့ပြေးကင်းထောက်အဖြစ် ဆက်လက်စေလွှတ်ထားကြသေးသည်။
အခြားတစ်ဖက်တွင်မူ ကျန်းချဲ့သည် သားရဲကမ္ဘာ၌ အမဲလိုက်ခဲ့ဖူးသည့် အတွေ့အကြုံရှိပြီးသား ဖြစ်သည့်အပြင် အင်အားကြီးသော သားရဲဆန်းများကို ရှင်းလင်းထားပြီးဖြစ်ကြောင်း သိရှိထားသောကြောင့် လမ်းလျှောက်ထွက်လာသည့်အလား အေးအေးလူလူပင် ရှေ့သို့ ဆက်လျှောက်နေသည်။ အကယ်၍ ဘေးနားကနေ ဖနောင့်မှီအောင် လိုက်နေသည့် ဟွမ်ထီလန်သာ မရှိလျှင် ပို၍ပင် အဆင်ပြေဦးမည် ဖြစ်သည်။
ငွေအဆင့် သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်နိုင်သည်၊ ဟွမ်ထီလန်သည်လည်း အလွန်ပင် စိတ်အေးလက်အေး ရှိနေပုံရသည်။ သူမသည် ကျန်းချဲ့၏ ခြေလှမ်းအတိုင်း အနီးကပ် လိုက်ပါလာရင်း လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ကျန်းရှောင်ချဲ့... နင် ဘာလို့ မီးကင်းမြီးကောက်ကို ထုတ်မသုံးတာလဲ”
တကယ်တော့ ကျန်းချဲ့အနေဖြင့် ဟွမ်ထီလန်အပေါ် မလိုမုန်းထားစိတ် မရှိပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူမပေးခဲ့သော မီးကင်းမြီးကောက်ကြောင့်သာ သားရဲကမ္ဘာသို့ သွားရောက်သည့် သူ၏ခရီးစဉ်က အဆင်ပြေချောမွေ့ခဲ့ပြီး ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူငယ်သဘာဝအရ ရုပ်ရည်သွင်ပြင်ကို ကြည့်တတ်ကြသည် မဟုတ်ပါလား။ အရပ် (၁၈၀) စင်တီမီတာ၊ ကိုယ်အလေးချိန် (၈၀) ကီလိုဂရမ်ရှိပြီး အသားစိုင်အဖတ်လိုက်နှင့် မိန်းကလေးတစ်ယောက်ကို ကျန်းချဲ့တစ်ယောက် တကယ်ပင် စိတ်မဝင်စားနိုင်ပါ။
“တောင်းပန်ပါတယ်ဗျာ... ငါက အဆင့်တစ် သားရဲထိန်းပဲ ရှိသေးတာမို့လို့ တစ်ကြိမ်မှာ သားရဲနှစ်ကောင်ပဲ သုံးလို့ရတာလေ... ဟုတ်ပြီလား” ကျန်းချဲ့က သက်ပြင်းချရင်း စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်သည်။ သူမက သူ့ကို ‘ကျန်းရှောင်ချဲ့’ ဟု အမြဲခေါ်ဝေါ်နေခြင်းကိုမူ ကျန်းချဲ့တစ်ယောက် နေသားကျနေပြီ ဖြစ်သဖြင့် ဂရုမစိုက်တော့ပေ။ နင် ကြိုက်သလိုသာ ခေါ်တော့
“အာ... နင်ကတော့ လုပ်ပြီ၊ မသိချင်ယောင်ဆောင်ပြန်ပြီ” ဟွမ်ထီလန်က ခြေဆောင့်ကာ မျက်စောင်းထိုးရင်း ကနွဲ့ကယျ ပြောလိုက်သည်။ “နင့်ရဲ့ ဝံပုလွေတွေထဲက တစ်ကောင်နေရာမှာ မီးကင်းမြီးကောက်နဲ့ အစားထိုးလိုက်လို့ မရဘူးလား”
ကျန်းချဲ့ ပြန်မပြောနိုင်ခင်မှာပင် ဟွမ်ထီလန်က တခစ်ခစ် ရယ်မောရင်း ဆက်ပြောသည်။ “အော်... ငါသိပြီ၊ ကျန်းရှောင်ချဲ့က သူ့ရဲ့အစွမ်းကို ဖုံးကွယ်ထားချင်လို့မလား။ ဒါပေမဲ့ ဝူကျွင်းယွီနဲ့ လျူဝေဟောင်တို့ ဘယ်လောက်အော့နှလုံးနာဖို့ကောင်းလဲ နင်မသိဘူးလား။ သူတို့ အရင်က နင့်ကွယ်ရာမှာ အတင်းတွေချည်း ပြောနေကြတာ။ ငါသာ နင့်နေရာမှာဆိုရင် ဝူကျွင်းယွီတို့မျက်နှာကို အပိတ်ရိုက်နိုင်ဖို့ မီးကင်းမြီးကောက်ကို အပိုင်ထုတ်ပြလိုက်မှာ”
အို... ဒီမိန်းကလေးရဲ့ ဝါသနာကတော့ ထူးဆန်းလှချေတဏှာ၊ သူမက အစွမ်းဖုံးပြီး သူတပါးကို မျက်နှာဖြတ်ရိုက်ရတာကို သဘောကျနေသည်။ ကျန်းချဲ့က ဟွမ်ထီလန်ကို လှည့်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
“ငါက အဲဒီလို အောက်တန်းကျတဲ့လူစားမျိုး ဟုတ်လို့လား။ ပြီးတော့ ဒီမီးကင်းမြီးကောက်ကို နင်က ငါ့ကို ပေးထားတာလေ... အဲဒါနဲ့ လျှောက်ကြွားနေဖို့က မသင့်တော်ပါဘူး”
ဟွမ်ထီလန်၏ မျက်ဝန်းများက ချက်ချင်းပင် အရောင်တလက်လက် တောက်ပသွားပြီး ခေါင်းကို တဆက်ဆက် ညိတ်ကာ ပြောလေသည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒါက ငါနင့်ကို ပေးထားတဲ့ လက်ဆောင်ပဲဥစ္စာ။ အဲဒီလို အပေါ်ယံ အဆင့်အတန်းမရှိတဲ့ ကိစ္စတွေအတွက် မသုံးသင့်ဘူးပေါ့”
ကျန်းချဲ့၏ နဖူးပေါ်တွင် စိတ်ပျက်မှု အရိပ်အယောင် အမည်းစက်များ ထင်ဟပ်သွားပြီး စိတ်ထဲကနေ တိတ်တဆိတ် ညည်းတွားလိုက်သည်။ ထီလန်ရယ်... နင် ငါ့ကို တကယ်ကြီး နားလည်မှုလွဲနေပြီ။ ငါပြောချင်တာက တခြားလူတွေရဲ့ အကူအညီနဲ့ ဆရာကြီးသွားလုပ်ရမှာကို မလိုချင်လို့။ အကယ်၍ ဒါက ငါကိုယ်တိုင် ဖမ်းဆီးရမိထားတဲ့ သားရဲကတ်ပြားသာဆိုရင် သူတို့မျက်နှာတွေ ပျက်သွားတာကို မြင်ရဖို့ ဘာမှမစဉ်းစားဘဲ ချက်ချင်း ထုတ်ပြလိုက်မှာ
“ရှောင်ဟေး!”
ရုတ်တရက်ပင် အုပ်စုထဲမှ ဝူကျွင်းယွီ၏ ထိတ်လန့်တုန်လှုပ်မှုနှင့် နှမြောတသမှုတို့ ရောပြွမ်းနေသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ လူတိုင်းက ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ဖြစ်ပျက်နေသည်ကို မြင်လိုက်ရသောအခါ လူတိုင်း သွေးပျက်မတတ် ထိတ်လန့်သွားကြသည်။
ဝူကျွင်းယွီ၏ အနီးတွင် ကြိတ်ဆုံကျောက်တုံးခန့် အရွယ်အစားရှိသော အရောင်အသွေးစုံလင်သည့် ပင့်ကူကြီးတစ်ကောင်သည် ချုံပုတ်ထဲတွင် တစ်ဝက်တစ်ပျက် ပုန်းကွယ်နေပြီး ဓားသွားကဲ့သို့ ထက်မြက်လှသော ၎င်း၏ အဆိပ်စွယ်များဖြင့် ‘လေနက်သားရဲ’ ၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ထားသည်။ လေနက်သားရဲသည် တစ်ပွင့်ပြိုင် ကြေးဝါအဆင့် သားရဲတစ်ကောင် ဖြစ်သော်လည်း အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲ ထိုကြောက်မက်ဖွယ် ပင့်ကူကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ၎င်းကို ကြည့်ခြင်းဖြင့် ဤပင့်ကူကြီး မည်မျှအစွမ်းထက်သည်ကို သိသာထင်ရှားလှသည်။
မိမိ၏ သားရဲ ဖမ်းဆီးခံလိုက်ရသည်ကို မြင်သောအခါ ဝူကျွင်းယွီတစ်ယောက် ပျာယာခတ်သွားသည်။ သူသည် စောစောက ထိုပင့်ကူ ချုံပုတ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရစဉ်က အနိုင်ကျင့်ရလွယ်ကူမည့် သားရဲတစ်ကောင်ဟု ထင်မှတ်ခဲ့သဖြင့် လေနက်သားရဲကို အခြေအနေသွားကြည့်ရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ကောင်ကောင်ချင်း ဆုံသည်နှင့် တစ်ချက်တည်းဖြင့် အရေးနိမ့်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဝူကျွင်းယွီသည် အလွန်အမင်း ထိတ်လန့်သွားသောကြောင့် သားရဲကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းရန် (Recall) မေ့လျော့နေခဲ့ပြီး ယခုအခါတွင်မူ သူ၏ သားရဲလေး အသက်ငင်နေသည့် အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားသည်ကိုသာ ကြည့်နေရတော့သည်။ သားရဲထိန်းတစ်ဦးအနေဖြင့် သတ်မှတ်ထားသော အကွာအဝေးအတွင်း ရှိနေပါက မိမိ၏ သားရဲကို အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်သော်လည်း တိုက်ပွဲအတွင်း သားရဲ၏ မူလဝိဉာဉ် အရင်းအမြစ် (Origin) ပျက်စီးသွားပါက ထိုသို့ ပြန်လည်ရုပ်သိမ်း၍ မရနိုင်တော့ပေ။ သူတို့အနေဖြင့် သားရဲလေး တဖြည်းဖြည်း သေဆုံးခြင်းဆီသို့ ဦးတည်သွားသည်ကို ငေးကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဒုတိယဗိုလ်ကြီးချီသည် ‘ငါးရောင်ခြယ် အဆိပ်ပင့်ကူ’ ကို မြင်လိုက်ရသည့် ခဏတွင် မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာပျက်သွားကာ အုပ်စုဆီသို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“အားလုံး သတိထားကြ... ဒီပင့်ကူက အင်မတန် အစွမ်းထက်တယ်”
ကျောင်းသားများ၏ မျက်နှာများ ချက်ချင်းပင် ဖြူလျော်သွားပြီး လူတိုင်းက ခြေလှမ်းအနည်းငယ်စီ နောက်သို့ မသိစိတ်ဖြင့် ဆုတ်ခွာလိုက်ကြသည်။ ဝူကျွင်းယွီတစ်ယောက်သာ သူ၏ သားရဲကို ကြည့်ရင်း နောင်တကြီးစွာဖြင့် စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နေမိသည်။
“ငါ့ရဲ့ ရှောင်ဟေးလေး... ငါ ဘာလုပ်ရမလဲ။ ငါ ပြန်သိမ်းလို့မရတော့ဘူး။ ကူညီပါဦး... အရာရှိချီ။ ငါ့ရဲ့ ရှောင်ဟေးလေးကို ကယ်ပေးပါဦး”
ထိုအချိန်တွင် ဒုတိယဗိုလ်ကြီးချီသည် အုပ်စု၏ ရှေ့ဆုံးမှနေ၍ အပြေးအလွှား ရောက်ရှိလာပြီး ပြေးရင်းလွှားရင်းနှင့်ပင် အော်ပြောလိုက်သည်။
“မသေချင်ရင် ချက်ချင်းနောက်ဆုတ်ကြ။ ဒီပင့်ကူက အရမ်းအန္တရာယ်များတယ်”
ထိုခဏ၌ လေနက်သားရဲသည် ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။ ငါးရောင်ခြယ် အဆိပ်ပင့်ကူသည် မိမိ၏ သားကောင် ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို နားမလည်နိုင်သဖြင့် ခဏမျှ ကြောင်အသွားသည်။ ထို့နောက် အနီးအနားတွင် ကြောင်တောင်တောင် ဖြစ်နေသော ဝူကျွင်းယွီကို လှမ်းမြင်လိုက်ပြီးနောက် ၎င်းဆီသို့ လျှပ်စီးလက်သည့်အလား မြန်ဆန်လှသော အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။
ကျန်းချဲ့၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ထိုပင့်ကူကြီး ဤမျှအထိ အစွမ်းထက်နေခြင်းအပေါ် ထိတ်လန့်အံ့ဩသွားမိသည်။
[ငါးရောင်ခြယ် အဆိပ်ပင့်ကူ]
အဆင့် - သုံးပွင့်ပြိုင် (အဆင့် ၂၈)
အရည်အသွေး - ကြေးဝါအဆင့်
ဝိသေသလက္ခဏာ - သားကောင်ကို ချောင်းမြောင်းတိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်၊ ပြင်းထန်သော အဆိပ်ရှိသည်။
အားနည်းချက် - မီးဓာတ်ဖြင့် တိုက်ခိုက်မှုများ
အလားအလာ - အဆင့် E (လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်ရန် ၂၅% အခွင့်အရေးရှိပြီး၊ လက်ရှိအရည်အသွေးကို ကျော်ဖြတ်နိုင်ရန် ၂.၅% အခွင့်အရေးရှိသည်။ အဆင့်မြှင့်တင်နိုင်မှု အကြိမ်ရေ - ၁ ကြိမ်)
မွေးမြူပျိုးထောင်မှု လမ်းညွှန်ချက်
၎င်းက သုံးပွင့်ပြိုင် ကြေးဝါအဆင့် သားရဲတစ်ကောင် ဖြစ်နေသည်တကား။ ဝူကျွင်းယွီ၏ သားရဲကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်ခဲ့သည်မှာ မဆန်းတော့ပေ။ ၎င်းတို့နှစ်ကောင်ကြားရှိ အင်အားကွာခြားချက်က ကြီးမားလွန်းလှသည်။ ထို့ပြင် အဆိပ်ဖြင့် တိုက်ခိုက်တတ်သော ဤကဲ့သို့ သားရဲမျိုးမှာ ကိုင်တွယ်ရ ပိုမိုခက်ခဲလေ့ရှိသည်။
ဒါပေမဲ့ သားရဲဆန်း တော်တော်များများက မီးတိုက်ခိုက်မှုကို ကြောက်ကြပုံရတယ်။ နောက်ဆိုရင် အခွင့်အရေးရရင် မီးဓာတ်နဲ့ တိုက်ခိုက်နိုင်တဲ့ သားရဲတစ်ကောင်လောက် ရှာထားမှဖြစ်မယ်
အခြားတစ်ဖက်တွင်မူ ဝူကျွင်းယွီသည် မိမိသားရဲ သေဆုံးသွားသည့်အတွက် ခံစားနေရသော ဝေဒနာထက် မိမိထံသို့ ဦးတည်ပြေးဝင်လာသည့် ကြောက်မက်ဖွယ် ငါးရောင်ခြယ် အဆိပ်ပင့်ကူကြီးကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားဖြင့် ကယောင်ကတမ်း ဖြစ်သွားသည်။
“ကယ်ကြပါဦး”
ကံကောင်းထောက်မစွာဖြင့် ဝူကျွင်းယွီတစ်ယောက် လုံးဝကြီး ကြောင်မသွားသေးပေ။ သူသည် ကြောက်လန့်တကြားဖြင့် ကျယ်လောင်စွာ အော်ဟစ်ရင်း အုပ်စုရှိရာဘက်သို့ လှည့်၍ ပြေးတော့သည်။ သူသည် အခြားသူများကို တမင်သက်သက် ဒုက္ခပေးလို၍ မဟုတ်သော်လည်း အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မိမိ၏ မျိုးတူစုရှိရာသို့ ဘေးကင်းလုံခြုံမှု ရှာဖွေရန် ပြေးသွားခြင်းမှာ လူသားတို့၏ သဘာဝပင် ဖြစ်သည်။
“မင်း ဘာတွေလုပ်နေတာလဲ ဝူကျွင်းယွီ။ မင်း သေချင်ရင်လည်း ငါတို့ကို ဆွဲမထည့်နဲ့လေ”
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝူကျွင်းယွီနှင့် အနီးဆုံးတွင် ရှိနေသူမှာ လျူဝေဟောင် ဖြစ်နေသည်။ ဝူကျွင်းယွီ၏ သားရဲလေး ငါးရောင်ခြယ် အဆိပ်ပင့်ကူ၏ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားသည်ကို မြင်ကတည်းက သူသည် နောက်သို့ ဆုတ်ခွာနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဝူကျွင်းယွီက မိမိရှိရာသို့ တည့်တည့်ပြေးလာသည်ကို မြင်သောအခါ သူသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသလည်း ထွက်သွားရသည်။
ထိုသို့ စိတ်ရှုပ်ထွေးသွားမှုကြောင့် ဘေးနားရှိ မိမိ၏ သားရဲကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဝူကျွင်းယွီ မိမိကို ကျော်တက်မသွားစေရန် ဆုတောင်းရင်း သူပါ လှည့်ပြေးတော့သည်။ နောက်ကွယ်မှ ကျောင်းသားများသည်လည်း အလားတူ ထိတ်လန့်သွားကြပြီး အုပ်စုကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ သတ္တိနည်းသော မိန်းကလေးအချို့မှာမူ ကျယ်လောင်စွာ အော်ဟစ်ငိုယိုကြလေသည်။
ဝူကျွင်းယွီတစ်ယောက် အသက်လုပြေးနေရင်း မိမိ၏ နောက်ကျောဘက်မှ လေတိုးသံက တဖြည်းဖြည်း နီးကပ်လာသည်ကို ခံစားနေရစဉ်၊ အုပ်စု၏ ရှေ့ဆုံးတွင် ရှိနေခဲ့သော ဒုတိယဗိုလ်ကြီးချီသည် အချိန်ကိုက်ပင် ပြန်လည်ရောက်ရှိလာသည်။ သူသည် မိမိ၏ လက်ဖဝါးကို တင်းကျပ်စွာ ဆန့်ထုတ်လိုက်ရာ၊ လေးပွင့်ပြိုင် သံနက်ဆင့် သားရဲကတ်ပြားတစ်ခုက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ လက်ထဲမှနေ၍ ဗုန်းခနဲ ထွက်ပေါ်လာလေတော့သည်။