အခန်း(၂၁)
"မဖြစ်နိုင်တာ... သူက ဘယ်လိုလုပ်ပြီး ကြေးဝါအဆင့်ကတ် နှစ်ချပ်တောင် ရလာတာလဲ" ဝူကျွင်းယွီသည် သရဲသရဲတစ္ဆေ မြင်လိုက်ရသလိုမျိုး မျက်လုံးအစုံ ပြူးကျယ်သွားရင်း ရေရွတ်မိသည်။ ထို့နောက် ဘေးနားမှ လျူဝေဟောင်၏ ဇဝေဇဝါဖြစ်နေသော တိုးတိုးတိတ်တိတ် ရေရွတ်သံကိုလည်း ကြားလိုက်ရသည်။ သူတို့နှစ်ဦး အပြန်အလှန် ကြည့်လိုက်ကြရာ တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက် အံ့အားသင့်နေမှုကို မြင်တွေ့လိုက်ရသည်။ မကြာသေးမီကတင် ကျန်းချဲ့သည် သားရဲထိန်း အရည်အချင်းစစ်ဆေးမှုကိုပင် မအောင်မြင်သည့် အမှိုက်တစ်စဖြစ်ခဲ့သည် မဟုတ်ပါလား။ ရက်ပိုင်းမျှသာရှိသေးသည့် အချိန်တိုလေးအတွင်း၌ မယုံနိုင်စရာကောင်းလောက်အောင် အရည်အချင်းစစ်ဆေးမှုကို အောင်မြင်ခဲ့ရုံသာမက ယခုအခါ သားရဲကမ္ဘာမှပါ ဘေးကင်းရန်ကင်း ပြန်လည်ရောက်ရှိလာပြီး ကြေးဝါအဆင့်ကတ် နှစ်ချပ်ကိုပါ ရရှိလာခဲ့သည်။ ဤရက်ပိုင်းတိုလေးအတွင်း ကျန်းချဲ့၏ ပြောင်းလဲမှုများသည် ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်အလားပင် ရှိတော့သည်။
လျူဝေဟောင်သည် ကျန်းချဲ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် မိမိလက်ထဲရှိ ကြေးဝါကတ်ပြားဆီသို့ အကြည့်ကို ပြန်ရွှေ့လိုက်သည်။ ယခုအချိန်တွင် သူ့ရင်ထဲ၌ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေမိသည်။ အဆင့်မရှိသည့် အမှိုက်ကောင်က သားရဲကမ္ဘာထဲတွင် ကြေးဝါကတ် နှစ်ချပ်တောင် ကိုယ်တိုင် အမဲလိုက်ရရှိခဲ့ပြီး သူကိုယ်တိုင်ကျမှ မိသားစုကို အားကိုးပြီးတော့မှ ကြေးဝါကတ် တစ်ချပ်တည်း ရခဲ့တာလား။ လူနှစ်ယောက်ကြားမှာ ဤမျှအထိ ကွာခြားချက်ကြီးမားရသလား။
"အော်... ဟုတ်သားပဲ၊ အဲဒီကောင်ရဲ့ ကတ်တွေက ဟွမ်ထီလန် ပေးထားတာလို့ မင်းမထင်ဘူးလား။ သူက သားရဲကမ္ဘာထဲမှာ ကတ်တွေကို ကိုယ်တိုင် အမဲလိုက်နိုင်တယ်ဆိုတာ ငါတော့ လုံးဝမယုံဘူး" လျူဝေဟောင်က ဝူကျွင်းယွီကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ဝူကျွင်းယွီသည် မျက်လုံးကို အကြိမ်ကြိမ် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက်မှ သဘောပေါက်သွားဟန်ဖြင့် "ဟုတ်သားပဲ။ ဟွမ်ထီလန်က အဲဒီကောင်ကို သဘောကျနေတာ ဘယ်သူကမသိဘဲနေမလဲ။ အဲဒီကတ်နှစ်ချပ်က ကျန်းချဲ့ကို သူမ ပေးထားတဲ့ လက်ဆောင် ဖြစ်ရမယ်" ဟု ဆိုသည်။
ဝူကျွင်းယွီသည် တွေးလေလေ ဤအတိုင်း ဖြစ်ရမည်ဟု ပို၍ ယူဆလေလေ ဖြစ်သည်။ သူ၏ စိတ်ကူးယဉ်မှုများက ဆက်လက် ကျယ်ပြန့်သွားပြီး "အင်း... ငါ့အထင်တော့ အဲဒီကောင် သားရဲကမ္ဘာထဲ ရောက်နေတဲ့ အချိန်ပတ်လုံး ဘေးကင်းဇုန်ထဲမှာပဲ ပုန်းနေပြီး အပြင်ကို လုံးဝ မထွက်ရဲခဲ့တာ ဖြစ်မယ်" ဟု ဆက်ပြောလိုက်သည်။ လူငယ်နှစ်ဦးသည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကို သိရှိသွားသည့်အလား အချင်းချင်း ကြည့်ကာ စိတ်သက်သာရာရစွာ ပြုံးလိုက်ကြသည်။
"ကဲ... အားလုံးပဲ ကိုယ့်သားရဲတွေကို ဆင့်ခေါ်ပြီး သတိနဲ့ စောင့်ကြည့်ကြတော့။ အခုအချိန်ကစပြီး ငါတို့ကို သားရဲတွေက အချိန်မရွေး တိုက်ခိုက်လာနိုင်တယ်" ဟု ဗိုလ်ကြီးက ထပ်မံ သတိပေးလိုက်သည်။ လူငယ် မောင်မယ်များသည် သတိလက်လွတ် မနေရဲကြတော့ပေ။ သူတို့၏ ကတ်ပြားအသီးသီးသည် သားရဲသတ္တဝါ ပုံသဏ္ဌာန်အမျိုးမျိုးအဖြစ်သို့ ပြောင်းလဲသွားပြီး သခင်ဖြစ်သူများ၏ ဘေးတွင် ဝန်းရံစောင့်ကြပ်ပေးကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တိရစ္ဆာန်ရုံထဲက သတ္တဝါများ စုပြုံထွက်ပြေးလာကြသည့်အလား တိရစ္ဆာန်နှင့် ပိုးမွှားမျိုးစုံ သူတို့ပတ်ပတ်လည်တွင် ပေါ်လာတော့သည်။
ကျန်းချဲ့သည် အများစုမှာ သံနက်နှင့် ကြေးဝါအဆင့်မျှသာရှိသော ထိုသားရဲများ၏ စွမ်းရည်များကို လိုက်လံစစ်ဆေးရန် စိတ်မဝင်စားပေ။ ထို့ပြင် သူ၏ အကြည့်ကို ဟွမ်ထီလန် ဆင့်ခေါ်လိုက်သည့် သားရဲဆီသို့သာ အာရုံစိုက်လိုက်သည်။ ၎င်းမှာ ဧရာမ ကင်းခြေများကြီး တစ်ကောင် ဖြစ်သည်။
ထိုကင်းခြေများကြီးသည် အလျား နှစ်မီတာခန့် ရှိသည်။ ကျောပြင်က ရွှေရောင်သန်းနေပြီး ခြေထောက်များက ခရမ်းရောင် ဖြစ်ကာ ဦးခေါင်းပိုင်းမှာမူ ကြက်သွေးရောင် တောက်ပနေသည်။ ၎င်း၏ အဆိပ်စွယ်တစ်စုံမှာ အေးစိမ့်လှသော ပြာခရမ်းရောင်အလင်းများ ဖြာထွက်နေသည်။
[ဦးခေါင်းနီ ရွှေကျော ကင်းခြေများ]
အဆင့် - တစ်ပွင့်ပြိုင် (အဆင့် ၉) အရည်အသွေး - ငွေအဆင့်
အမျိုးအစား - မူလတိုက်ခိုက်ရေးခန္ဓာ
ထူးခြားချက် - ထူးကဲသော အခွံမာကာကွယ်ရေး၊ ထုံကျင်စေသော အဆိပ်ဖြင့် တိုက်ခိုက်ခြင်း
အားနည်းချက် - မီးဓာတ်ဖြင့် တိုက်ခိုက်မှုကို မခံနိုင်ခြင်း၊ ပြင်းထန်သော အလင်းရောင်ကို ကြောက်ရွံ့ခြင်း
အလားအလာ - လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်ခြေ ၂၅%၊ လက်ရှိအရည်အသွေးကို ကျော်ဖြတ်နိုင်ခြေ ၂.၅%။ (နောက်တစ်ကြိမ် အဆင့်မြှင့်တင်လျှင် အခွင့်အလမ်း ထက်ဝက် လျော့နည်းမည်။) အဆင့် ၂ ကြိမ် မြှင့်တင်နိုင်သည်။
မွေးမြူပျိုးထောင်မှု လမ်းညွှန်ချက်
ဤ ဦးခေါင်းနီ ရွှေကျော ကင်းခြေများသည် ငွေအဆင့်ရှိ သားရဲတစ်ကောင် ဖြစ်သည်မှာ အမှန်ပင်။ ၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ပတ်လည်ရှိ ကျောင်းသားများ၏ သားရဲများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ဘေးသို့ နောက်ဆုတ်သွားကြသည်။ တစ်ဖက်တွင်လည်း ကျန်းချဲ့သည် ထိုမြင်ကွင်းကို ကြည့်ရင်း မဲ့ပြုံး ပြုံးမိလိုက်သည်။ ဟွမ်ထီလန်၏ အကြိုက်က တကယ့်ကို ထူးခြားဆန်းပြားလှသည်။ သူမက သူ့ကို မီးလျှံကင်းမြီးကောက် လက်ဆောင်ပေးခဲ့ပြီး အခုလည်း ဤ ဦးခေါင်းနီ ရွှေကျော ကင်းခြေများ ဆိုတော့ နှစ်ကောင်စလုံးက အဆိပ်ရှိသတ္တဝါတွေချည်း ဖြစ်နေသည်။ ၎င်းက လူကို တကယ့်ကိုပင် စကားမဲ့သွားစေသည်။
မိန်းကလေးတွေဆိုတာ အမွှေးပွပွ သတ္တဝါလေးတွေကို သဘောကျရမှာ မဟုတ်ဘူးလား။
ဟူး... ကျန်းချဲ့သည် ကျောင်းတွင် အခြားသူများက ဟွမ်ထီလန်ကို ကွယ်ရာ၌ "ထီနန်" ဟု ခေါ်လေ့ရှိကြသည်ကို ပြန်တွေးမိသွားသည်။ ဤကဲ့သို့ ဝါသနာမျိုး ရှိနေမှတော့ ထူးဆန်းသည်ဟု မဆိုသာတော့ပေ။ ကျန်းချဲ့သည် မိမိဘေးနားရှိ နွားနောက်ပေါက်အရွယ်ခန့် ရှိသော ပြာနှမ်းနှမ်း မီးခိုးရောင် ဝံပုလွေနှစ်ကောင်ဆီသို့ အကြည့်ကို ရွှေ့လိုက်ရင်း မိမိဘာသာ တွေးလိုက်သည်။ ငါ့အကြိုက်ကမှ ပိုပြီး ပုံမှန်ဖြစ်သေးတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတွေက အဆိပ်ရှိပိုးမွှားတွေထက်စာရင် ကြည့်ရတာ ပိုမျက်စိပသာဒ ရှိတာပေါ့။
ကြေးဝါအဆင့်ရှိ လေရိပ်ဝံပုလွေ နှစ်ကောင်သည် တကယ့်ကို ထင်ရှားပေါ်လွင်လှသည်။ ကျန်းချဲ့တွင် ပုံစံတူ ကြေးဝါအဆင့် သားရဲနှစ်ကောင် တပြိုင်နက် ရှိနေသည်ကို အားလုံးက မနာလိုဝန်တိုစိတ်ဖြင့် ဝိုင်းဝန်း အာရုံစိုက်လာကြသည်။ လူတိုင်း မိမိတို့ သားရဲများကို ဆင့်ခေါ်ပြီးစီးသည်ကို မြင်သောအခါ ဒုတိယဗိုလ်က ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး "ကဲ... အားလုံး အရှေ့က တောအုပ်ထဲကို ဝင်ကြမယ်။ သတိနဲ့ နေကြပြီး ကိုယ့်ဘေးကင်းရေးကို ကိုယ် ဂရုစိုက်ကြပါ" ဟု ပြောလိုက်သည်။
ဖျတ်ခနဲဆိုသလိုပင် အဖွဲ့ကြီးသည် ချက်ချင်း စတင် လှုပ်ရှားတော့သည်။ လူငယ်မောင်မယ်အုပ်စုသည် မိမိတို့ သားရဲများနှင့်အတူ မျှော်လင့်ချက်များ၊ မသိနိုင်သော အရာများအပေါ် ကြောက်ရွံ့စိတ်များ ရောပြန်းလျက် တောအုပ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ အဖွဲ့သည် မီတာတစ်ရာပင် မပြည့်သေးသည့် အကွာအဝေးသို့ ရှေ့တိုးရသေးခင်မှာပင် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကို ရုတ်တရက် ကြားလိုက်ရသည်။ လူတိုင်း အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြရာ ဝူကျွင်းယွီ၏ သားရဲဖြစ်သော သန်မာထွားကျိုင်းသည့် ဝက်ဝံနက်ကြီးသည် မိမိဖင်ကို အရှက်တကွဲ ဆုပ်ကိုင်ရင်း မြေပြင်ပေါ်မှ ခုန်တက်နေသည်ကို မြင်လိုက်ရသည်။
ကျန်းချဲ့သည် ထိုဘက်သို့ အာရုံစိုက်ကြည့်လိုက်ရာ 'လေနက်သားရဲ' ဟု လူသိများသည့် ဤကြေးဝါအဆင့် သားရဲ၏ ဖင်မှ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် မျှော်လင့်မထားသော တိုက်ခိုက်မှုကို ခံလိုက်ရခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ဖင်ကို ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ရာ မည်မျှအထိ နာကျင်မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ကျောင်းသားတစ်စုသည် လေနက်သားရဲ ပျာပျာသလဲ ခုန်ပေါက်နေသည်ကို ကြည့်ပြီး အော်ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားကြရသည်။ ရယ်ချင်စိတ်ကို မထိန်းနိုင်သူများမှာမူ ရယ်ရလွန်းသဖြင့် မျက်နှာများ နီမြန်းနေကြသည်။
"အားလုံး လူခွဲလိုက်ကြ၊ မြေပြင်ကို သတိထားကြ" ဒုတိယဗိုလ်သည် အတွေ့အကြုံမရှိသော လူငယ်များနှင့် မတူပေ။ အခြေအနေကို သဘောပေါက်သွားပြီးနောက် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကာ အုပ်စုကို အော်ဟစ် အမိန့်ပေးလိုက်သည်။
မြေပြင်လား။ ဝူကျွင်းယွီ၏ သားရဲကို မြေအောက်ကနေ တွင်းတူးပြီး ထွက်လာတဲ့ ထူးဆန်းတဲ့ သားရဲတစ်ကောင်က တိုက်ခိုက်လိုက်တာများလား။ လူတိုင်း ထပ်မံ ကြည့်ရှုလိုက်ကြရာ မျှော်လင့်ထားသည့်အတိုင်းပင် ဝူကျွင်းယွီနှင့် မလှမ်းမကမ်းရှိ မြက်ခင်းပြင်အနီးတွင် သပိတ်လုံးခန့် ရှိသော သတိမမူမိနိုင်သည့် တွင်းတစ်တွင်းကို တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာများ တစ်ယောက်ပြီးတစ်ယောက် ပျက်သွားကြပြီး မြေအောက်မှ မသိရသေးသော သားရဲတစ်ကောင် ထွက်လာပြီး မိမိတို့ကို တိုက်ခိုက်မည်ကို စိုးရိမ်တကြီးဖြင့် အောက်သို့ အလန့်တကြား ငုံ့ကြည့်လိုက်ကြသည်။ သားရဲအသီးသီးသည်လည်း မိမိတို့ သခင်များထံမှ အမိန့်ကို ရရှိထားသဖြင့် အပြည့်အဝ သတိရှိနေကြသည်။
"အာ... ဒီမှာတင်" ဟု လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
ဟွမ်ထီလန်၏ ဘေးနားရှိ မြက်ခင်းထဲမှ ရုပ်ဆိုးလှသော ဘဲဥပုံခေါင်းကြီးတစ်ခုသည် မြေအောက်မှ တိုးထွက်လာပြီး သူမဆီသို့ ခုန်အုပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမဘေးတွင် စောင့်ကြပ်နေသော သတိကြီးလှသည့် ဦးခေါင်းနီ ရွှေကျော ကင်းခြေများက ၎င်းကို သတိပြုမိသွားပြီး ဓားမြှောင်ကဲ့သို့ ခြေလက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ဒုတိယမြောက်မှ စတင်လှုပ်ရှားခဲ့သော ဦးခေါင်းနီ ရွှေကျော ကင်းခြေများက ပစ်မှတ်ထံသို့ အရင်ဦးစွာ ရောက်ရှိသွားပြီး ထိုရုပ်ဆိုးသော ခေါင်းကြီးအောက်ရှိ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ခုန်အုပ်လိုက်သည်။ တကယ့်ကို လျင်မြန်လှသော တုံ့ပြန်မှုပင်။ ၎င်းက ငွေအဆင့်ရှိ သားရဲတစ်ကောင် ပီသပေသည်။
မြေအောက်မှ တွားသွားထွက်လာသော သားရဲသည် မြွေနှင့် ဆင်တူသော်လည်း မြွေတော့ အစစ်အမှန် မဟုတ်ပေ။ ထိုရုပ်ဆိုးလှသော ခေါင်းကြီးသည် လုံးဝန်းပြီး ချောကျိကျိဖြစ်နေသော ခန္ဓာကိုယ်နှင့် ဆက်နေသည်။ ခေါင်းပေါ်တွင် မျက်စိ၊ နား၊ နှာခေါင်း ဟူ၍ မရှိဘဲ ကျယ်ပြန့်လှသော ပါးစပ်ဝိုင်းကြီးတစ်ခုသာ ရှိသည်။ ၎င်း၏ ပါးစပ်ထဲတွင် အပိုင်းပိုင်း ဖြတ်တောက်နိုင်သည့် သွားစိပ်နုလေးများစွာကို ခပ်ရေးရေး မြင်တွေ့နိုင်ပြီး မိမိအပေါ်ရှိ ဦးခေါင်းနီ ရွှေကျော ကင်းခြေများကို အစွမ်းကုန် ကိုက်ခဲရန် ကြိုးစားနေသည်။ သို့သော်လည်း ဦးခေါင်းနီ ရွှေကျော ကင်းခြေများသည် ငွေအဆင့်ရှိ သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် အလွန်တရာ သန်မာလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ယခုအချိန်တွင် ၎င်း၏ ဓားမြှောင်ကဲ့သို့ များပြားလှသော ခြေထောက်များသည် ထိုသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ထားပြီး ဖြစ်သည်။ ၎င်းသည် ရုန်းကန်၍ မလွတ်နိုင်တော့ပေ။ ထိုသားရဲ၏ သွားများသည် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ဦးခေါင်းနီ ရွှေကျော ကင်းခြေများ၏ မာကျောလှသော အခွံကိုမူ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ထိုသားရဲသည် ပျာယာခတ်သွားပြီး မြေအောက်တွင် ကျန်ရှိနေသေးသော ခန္ဓာကိုယ်အပိုင်းအစကို ရုတ်တရက် ကျုံ့လိုက်ကာ လွတ်မြောက်ရန် မြေကြီးထဲသို့ ပြန်လည် ဝင်ရောက်ဖို့ ကြိုးစားတော့သည်။ သို့သော်လည်း ဦးခေါင်းနီ ရွှေကျော ကင်းခြေများက ၎င်း၏ အဆိပ်စွယ်များကို ဖြန့်ထုတ်လိုက်ပြီးသားဖြစ်ကာ ထိုသားရဲ၏ ခေါင်းထဲသို့ ညှပ်သွင်းပြီး အဆိပ်များကို ရူးသွပ်စွာ ထိုးသွင်းလိုက်သည်။ ထိုထူးဆန်းသော သားရဲ၏ ရုန်းကန်မှုများသည် လျင်မြန်စွာပင် အားနည်းသွားတော့သည်။ ထို့နောက် မကြာမီမှာပင် အပြင်သို့ ပေါ်ထွက်နေသော ၎င်း၏ ခန္ဓာကိုယ်အပိုင်းအစသည် မြက်ခင်းပေါ်သို့ ပျော့ခွေစွာ ကျဆင်းသွားတော့သည်။