အခန်း(၂)
နောက်တစ်နေ့ မနက်တွင် ကျန်းချဲ့ နိုးနိုးချင်းပင် မိခင်ဖြစ်သူ စုန့်လန် တစ်ယောက် မီးဖိုချောင်ထဲ၌ သူရဲဲ့ မနက်စာကို ပြင်ဆင်ပေးနေသည်ကို မြင်လိုက်ရသည်။ ကျန်းချဲ့ တံခါးဖွင့်သံကို ကြားရလျှင်ပင် စုန့်လန်က မီးဖိုချောင်ထဲ၌ ကြက်ဥကြော်ရင်း လှမ်း၍ နှုတ်ဆက်လေသည်။
“နိုးပြီလား ရှောင်ချဲ့... အရင်ဆုံး မျက်နှာသစ် သွားတိုက်ဦးလေ၊ ကြက်ဥကြော်က မကြာခင် ရတော့မှာပါ”
“ကျေးဇူးပါ အမေ”
ကျန်းချဲ့က ပြန်ပြောပြီးနောက် သန့်စင်ခန်းထဲသို့ ဝင်သွားခဲ့သည်။ လွန်ခဲ့သော ခြောက်နှစ်၊ တတိယအကြိမ်မြောက် သားရဲများ ကျူးကျော်ဝင်ရောက်စဉ်က ကျန်းချဲ့သည် ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ဆင်းရဲသားရပ်ကွက်လေးတစ်ခုရှိ သူတို့အိမ်တွင် ကျန်းချဲ့နှင့် မိခင်ဖြစ်သူ စုန့်လန်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ရလေသည်။ သူတို့၏ လစဉ်စားဝတ်နေရေး စရိတ်စကများသည် အစိုးရက ထောက်ပံ့ပေးသော အာမခံကြေး အနည်းငယ်နှင့် စုန့်လန်၏ အလုပ်မှရသော လုပ်ခလစာလေးပေါ်တွင်သာ မှီခိုနေရ၏။ အကယ်၍ အစိုးရက မူလတန်းနှင့် အလယ်တန်း ပညာရေးအတွက် ကျောင်းလခအားလုံးကို ကင်းလွတ်ခွင့် မပေးထားခဲ့ပါက ကျန်းချဲ့၏ မိသားစုအနေဖြင့် သူ့ကို ကျောင်းထားပေးနိုင်ရန် လုံးဝ မတတ်နိုင်ပါ။
သို့သော်လည်း လောကဓံဟူသည် ‘ကောင်းဆိုးနှစ်ဖြာ မမျှတ’ ဆိုသကဲ့သို့ပင်...။ လွန်ခဲ့သော ခြောက်လခန့်က စုန့်လန်တွင် ကင်ဆာကျိတ် တစ်ခု ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ လက်ရှိ ဆေးပညာ သိပ္ပံနည်းပညာအရဆိုလျှင် သားရဲများထံမှ ရရှိသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ဖော်စပ်ထားသည့် ‘မျိုးဗီဇပြုပြင်ကုသဆေးအသစ်’ ဖြင့်သာ ထိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မည် ဖြစ်သည်။
သို့သော်လည်း ယင်းကဲ့သို့သော အဆင့်မြင့် ဆေးဝါးများသည် သာမန်အရပ်သားများ ဝယ်ယူနိုင်သည့်အရာ မဟုတ်ပေ။ အနည်းဆုံး ဒေါ်လာ ရာဂဏန်းအချို့အထိ တန်ကြေးရှိသည်။ ကျန်းချဲ့၏ မိသားစုအနေဖြင့် ဆေးဖိုးအတွက် ထိုမျှများပြားသော ငွေပမာဏကို ရှာဖွေရန် မဖြစ်နိုင်ပါ။
ကျန်းချဲ့အနေဖြင့် ‘သားရဲထိန်း အလားအလာ စစ်ဆေးမှု’ ကို အောင်မြင်ပြီး တရားဝင် သားရဲထိန်းတစ်ဦး ဖြစ်လာနိုင်မှသာ ထိုသို့သော အခွင့်အရေးမျိုး ရှိပေလိမ့်မည်။ ထိုနည်းလမ်းတစ်ခုတည်းကသာ ငွေအမြောက်အမြားကို ရှာဖွေပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
မျက်နှာသစ်ပြီးနောက် မိခင်ဖြစ်သူ ပြင်ဆင်ပေးထားသည့် ရိုးရှင်းသော မနက်စာကို စားကာ ကျန်းချဲ့သည် လွယ်အိတ်ကို ကောက်လွယ်ပြီး တံခါးဝသို့ ဦးတည်လိုက်သည်။
“ကျောင်းသွားတော့မယ် အမေ”
“အင်း... လမ်းမှာ ဂရုစိုက်သွားဦးနော်”
လှေကားထစ်များအတိုင်း ဆင်းသွားသော သားဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း စုန့်လန်က လှမ်း၍ သတိပေးလိုက်သည်။
“အစွမ်းကုန် ကြိုးစားခဲ့ပါ ရှောင်ချဲ့... အမေကတော့ သား ဒီတစ်ခါ သားရဲထိန်း အလားအလာ စစ်ဆေးမှုကို ကျိန်းသေပေါက် အောင်မြင်မယ်လို့ ယုံကြည်တယ်”
ကျန်းချဲ့က လှည့်ကြည့်ကာ လှေကားပေါ်ရှိ မိခင်ဖြစ်သူကို ကြည့်လိုက်သည်။ သူက တောက်ပသော အပြုံးတစ်ခုကို ပြသရင်း
“အင်း... သားလည်း အဲဒီလိုပဲ ထင်တယ်၊ သွားပြီနော် အမေ”
ဒုန်း ဒုန်း ဒုန်း...
နှုတ်ဆက်ပြီးနောက် ကျန်းချဲ့သည် လှေကားထစ်များအတိုင်း ပြေးဆင်းသွားပြီး ရပ်ကွက်ထဲသို့ လျှောက်လာခဲ့သည်။
သူ၏ လွန်ခဲ့သော ဘဝတုန်းက မိဘများ ကွာရှင်းပြတ်စဲသွားခဲ့သဖြင့် ငယ်စဉ်ကတည်းက အဖိုးအဖွားများနှင့်သာ အတူနေထိုင်ခဲ့ရပြီး မိဘများထံမှ မိသားစုမေတ္တာကို တစ်ခါမျှ မခံစားခဲ့ရဖူးပါ။ ယခုဘဝတွင် မိခင်တစ်ယောက် ရရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ၊ ၎င်းက တကယ်ကို ခံစားချက်ကောင်းလှသည်။
မျိုးဗီဇပြုပြင်ကုသဆေး ဝယ်ဖို့ ငွေရအောင် ငါ ဒီနေ့ သားရဲထိန်း အလားအလာ စစ်ဆေးမှုကို ကျိန်းသေပေါက် အောင်မြင်ရမယ်...
ကျန်းချဲ့ ရပ်ကွက်ထဲသို့ လျှောက်ထွက်သွားစဉ် စုန့်လန်သည် စင်္ကြံလက်ရန်းကို အားပြုမှီထားရင်း မျက်နှာအမူအရာက အနည်းငယ် ရှုပ်ထွေးနေရှာသည်။
“အို... ရှောင်ချဲ့ရယ်... တကယ်တော့ အမေက သားကို သားရဲထိန်း အလားအလာ စစ်ဆေးမှု မအောင်မြင်စေချင်ဘူးကွယ်၊ သာမန် နိုင်ငံသားတစ်ယောက်လိုပဲ အေးအေးချမ်းချမ်း နေထိုင်သွားတာကလည်း မဆိုးပါဘူး...”
ကျန်းချဲ့၏ ဖခင်သည် အသက်ရှင်စဉ်က အဆင့်နိမ့် သားရဲထိန်းတစ်ဦး ဖြစ်ခဲ့သည်။ တတိယအကြိမ်မြောက် ကျူးကျော်မှုအတွင်း အဆုံးမရှိသော သားရဲအုပ်ကြီး၏ တိုက်ခိုက်မှုကြောင့် သူ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် စုန့်လန်က သားဖြစ်သူကို သူ့ဖခင်၏ ခြေရာအတိုင်း မလိုက်စေချင်ဘဲ သာမန်အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျကာ အေးချမ်းသော ဘဝကိုသာ ဖြတ်သန်းစေချင်သည်။
ထို့အပြင် စုန့်လန်သည် သားဖြစ်သူ၏ အလားအလာမှာ သာမန်အဆင့်မျှသာ ရှိသည်ကို သိထားသည်။ အကယ်၍ သူ ကံကောင်းထောက်မစွာဖြင့် စစ်ဆေးမှုကို အောင်မြင်ပြီး သားရဲထိန်း ဖြစ်လာခဲ့လျှင်ပင် သူသည် ရွယ်တူချင်းများထဲတွင် အောက်ခြေအကျဆုံးအဆင့်၌သာ ရှိနေပေလိမ့်မည်။ နောင်တစ်ချိန် သားရဲများ၏ ကျူးကျော်မှုကို ပြန်လည်တိုက်ခိုက်ရမည့် အချိန်ရောက်လာလျှင် သူသည် ‘အမြောက်စာ’ ဖြစ်မည့် ကံကြမ္မာမှ လွတ်မြောက်နိုင်စရာ အကြောင်းမရှိပေ...။
ကျန်းချဲ့ နေထိုင်ရာ နေရာသည် ‘ချန်ဝေမြို့ အမှတ် (၂) အလယ်တန်းကျောင်း’ နှင့် အလွန်အမင်း နီးကပ်လှသည်တော့ မဟုတ်ပါ။ သူသည် ရွက်ကွက်အပြင်ဘက်သို့ ထွက်ကာ ကားမှတ်တိုင် ဆယ်ခုမက ကျော်လွန်မည့် လိုင်းကားကို စီးနင်းရမည် ဖြစ်သည်။
“ကျန်းရှောင်ချဲ့... နင်လည်း ဘတ်စကား စောင့်နေတာလား”
သူ့ကျောင်းသို့ ဖြတ်သန်းသွားမည့် ဘတ်စကားက လမ်းဘေးတွင် မိနစ်အနည်းငယ်ကြာ စောင့်ဆိုင်းနေသော်လည်း ရောက်မလာသေးသည့်အချိန်၌ပင် သူ့နောက်ကွယ်မှ မိန်းကလေးတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ကျန်းချဲ့ လှည့်ကြည့်လိုက်ရာ သူ့အတန်းဖော် ဟွမ်ထီလန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမက မျက်လုံးလေးများ မှေးစင်းသွားသည်အထိ တောက်ပစွာ ပြုံးပြနေ၏။
အို... အဝေးကြီးပါနော်၊ နင်က ဒီနားမှာ နေတာတောင် မဟုတ်ဘဲနဲ့... ဘာလို့ အမှတ်မထင် ဆုံတာကျနေတာပဲလဲ...
“ငါ့ကို ‘ကျန်းချဲ့’ လို့ပဲ ခေါ်စမ်းပါ ဟွမ်ထီလန်”
ဟွမ်ထီလန်၏ ဖောင်းအိနေသော ပါးပြင်ပေါ်မှ အပြုံးက နည်းနည်းမျှ ပျောက်ကွယ်မသွားဘဲ ပြန်ဖြေလေသည်။
“ဟုတ်ပါပြီ... ကျန်းရှောင်ချဲ့ ရဲ့”
ယေဘုယျအားဖြင့် ပြောရလျှင် ကမ္ဘာခြားတစ်ခုသို့ ကူးပြောင်းလာပြီးချင်းမှာပင် မိမိကို အလွန်အမင်း သဘောကျနှစ်သက်သည့် မိန်းကလေးတစ်ဦး ရှိနေခြင်းက ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်သင့်သည်။ အထူးသဖြင့် ကျန်းချဲ့ကဲ့သို့ သာမန်ပါရမီရှင်တစ်ဦးအတွက် ပို၍ပင် ဖြစ်သင့်သည်။ သို့သော်လည်း ဤမိန်းကလေးမှာ အရပ်အမြင့် ၁၈၀ စင်တီမီတာကျော်ရှိပြီး ကိုယ်အလေးချိန်မှာလည်း ၁၈၀ (ပေါင်) ကျော် ရှိနေခြင်း ဖြစ်သည်။ စာဖတ်သူတို့ သတိပြုရန်မှာ ဤမိန်းကလေး၏ ခန္ဓာကိုယ်သည် အဆီများဖြင့် ပြည့်နှက်နေခြင်း မဟုတ်ဘဲ... သူမ ကြွက်သားများကို ကျုံ့လိုက်သည့်အခါ ထင်ရှားပြတ်သားသော ကြွက်သားအမြှောင်းများကို မြင်တွေ့နိုင်ခြင်းပင် ဖြစ်သည်။
ကျန်းချဲ့သည် ယခင်ကမ္ဘာမှာ ရှိစဉ်ကအတိုင်းပင် ဤ ‘သံမဏိမင်းသမီး’ ကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ ‘ထီလန်’ (သံမဏိလူသား) ဆိုသည်မှာ အတန်းဖော်များက ဟွမ်ထီလန်ကို ပေးထားသည့် အမည်ပြောင်ဖြစ်ပြီး ကျန်းချဲ့က ၎င်းအမည်သည် သူမနှင့် အလွန် ကိုက်ညီသည်ဟု ခံစားရသည်။
“ဘာလို့ ငါ့ကို လျစ်လျူရှုထားတာလဲ ကျန်းရှောင်ချဲ့... ငါ အရမ်း ဝမ်းနည်းသွားတာပဲ”
ဟွမ်ထီလန်က ကလေးဆိုးဆန်စွာ ခြေဆောင့်လိုက်သည့်အခါတွင် ဒုန်း ဒုန်း ဟူသော အသံကျယ်ကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လူတိုင်း မြေငလျင်လှုပ်သကဲ့သို့ တုန်ခါမှုကို ခံစားလိုက်ရသည်။ ကျန်းချဲ့ တစ်ယောက် ဘာလုပ်ရမှန်း မသိတော့ပေ။ ပတ်ဝန်းကျင်ရှိ လူများက သူ့ကို ‘မင်းရဲ့ အကြိုက်က တကယ့်ကို ထူးခြားတာပဲ’ ဟု ပြောဆိုနေကြသကဲ့သို့ ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်ကို သူ ခံစားလိုက်ရသည်။
ကျန်းချဲ့က သူမကို လျစ်လျူရှုထားသော်လည်း ဟွမ်ထီလန်က ထိုမျှဖြင့် စိတ်ဓာတ်ကျမသွားပါ။ သူမတွင် အားကောင်းသော အရှိန်အဝါတစ်ခု ရှိနေပြီး ကြားထဲရှိ လူများကို ဖယ်ရှားကာ သူ့အနားသို့ တိုးကပ်လာရင်း စိုးရိမ်တကြီး မေးမြန်းလေသည်။
“ကျန်းရှောင်ချဲ့... မနေ့က ကျောင်းဆင်းတော့ နင် ဝူကျွင်းယွီရဲ့ အရိုက်ခံရတယ်လို့ ငါ ကြားတယ်၊ စိတ်မပူနဲ့... ကျောင်းရောက်ရင် သူ့ကို ငါ နောင်တရစေရမယ်၊ သူ မေ့လဲသွားတဲ့အထိ ငါ ကျိန်းသေပေါက် ရိုက်ပစ်မယ်”
ဟွမ်ထီလန်၏ လေသံက တကယ့်ကို ယုံကြည်မှု ပြည့်ဝနေသည်။ ပါရမီရှင်ဟု လူသိများသော ဝူကျွင်းယွီနှင့် ပြဿနာရှာရန် သူမတွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိပုံရသည်။ ဤမိန်းကလေးတွင် ထိုသို့လုပ်နိုင်စွမ်း အမှန်တကယ် ရှိပေသည်။ သူမသည် အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်ကတည်းက သားရဲထိန်းတစ်ဦး ဖြစ်လာခဲ့သဖြင့် သူမ၏ ဖခင်က အလွန်ဝမ်းသာကာ ငွေရောင်အဆင့်ရှိ သားရဲကတ်ပြားတစ်ခုကို ဝယ်ယူပေးခဲ့သည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြစ်စေ၊ သူတို့ ပိုင်ဆိုင်ထားသည့် သားရဲများဖြစ်စေ... သူမသည် ဝူကျွင်းယွီထက် နည်းနည်းမျှ အားမနည်းပေ။
ငါက ဘာလို့ အရပ်အမောင်း မြင့်မားပြီး သန်မာတဲ့ ရည်းစားဖြစ်သူရဲ့ ကာကွယ်မှုကို ခံနေရတဲ့ မတရား အနိုင်ကျင့်ခံ မိန်းကလေးငယ်လေးတစ်ယောက်လို ခံစားနေရတာလဲ...
ကျန်းချဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြက်သီးမွေးညင်းများပင် ထလာခဲ့သည်။ သူက ဟွမ်ထီလန်ကို ဘေးတိုက် ကြည့်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
“ဒါက ငါ့ကိစ္စပါ ဟွမ်ထီလန်... ငါ့ဘာသာငါပဲ ရှင်းလိုက်မယ်၊ နင် ဝင်မစွက်ဖက်ဘဲ နေပေးလို့ ရမလား”
ဟွမ်ထီလန်က ချက်ချင်းပင် ဝမ်းနည်းပက်လက် အမူအရာ ပြုလုပ်ကာ ခြေထောက်ကို ထပ်မံ ဆောင့်လိုက်ပြန်ရာ ပတ်ဝန်းကျင် မြေပြင်တစ်ခုလုံး တုန်ခါသွားပြန်သည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသော်လည်း မျိုသိပ်ထားရင်း
“ကျန်းရှောင်ချဲ့... နင်က ဘာလို့ ငါ့အပေါ် ဒီလောက်တောင် စိမ်းကားသွားရတာလဲ”
ကျန်းချဲ့ ထိုစကားကို ကြားလျှင်ပင် ချက်ချင်း ထွက်ပြေးပြီး မှတ်တိုင်သို့ ဆိုက်ရောက်လာသော ဘတ်စကားပေါ်သို့ တိုးဝှေ့ကာ တက်သွားခဲ့တော့သည်။
ဟွမ်ထီလန် တစ်ယောက် အံ့အားသင့်သွားသည်။ ကျန်းချဲ့ ဘတ်စကားပေါ် တက်သွားသည်ကို မြင်လိုက်ရသဖြင့် သူမက နှာမှုတ်ကာ ကလေးဆိုးဆန်စွာ ခြေဆောင့်ပြီးနောက် အလျင်အမြန်ပင် လိုက်လံ ဖမ်းဆီးရန် ကြိုးစားတော့သည်။ သို့သော်လည်း ဘတ်စကားပေါ်တွင် လူများ ပြည့်နှက်နေပြီ ဖြစ်သည်။ တံခါးက သူမ၏ အရှေ့တည့်တည့်တွင် ပိတ်သွားပြီး အဝေးသို့ မောင်းနှင်ထွက်ခွာသွားခဲ့လေပြီ။
“အိုင်းယား... စိတ်ပျက်စရာကောင်းလိုက်တာ၊ ငါ့ကိုတောင် မစောင့်ဘူး”
ဟွမ်ထီလန်က ကလေးဆိုးဆန်စွာ ညည်းညူရင်း ခြေထောက်ကို အဆက်မပြတ် ဆောင့်နေတော့သည်။ သားရဲကြီးတစ်ကောင် သောင်းကျန်းနေသကဲ့သို့ သူမ ပတ်ဝန်းကျင်တွင် ဖုန်မှုန့်တိမ်တိုက်များ ထလို့သွားသည်။
ကျန်းချဲ့သည် ဘတ်စကားပေါ်ရှိ လူအုပ်ကြားတွင် တိုးဝှေ့နေရရင်း နှဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူက စိတ်ဒဏ်ရာရသွားသည့်အလား သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိ၏။
နာရီဝက်ခန့် ခရီးနှင်ပြီးနောက် ဘတ်စကားသည် နောက်ဆုံးတွင် အမှတ် (၂) အလယ်တန်းကျောင်း အပြင်ဘက်ရှိ ကားမှတ်တိုင်သို့ ဆိုက်ရောက်လာခဲ့သည်။ ကျန်းချဲ့သည် ဘတ်စကားပေါ်မှ တိုးဝှေ့ဆင်းကာ ကျောင်းဂိတ်တံခါးဆီသို့ ပြေးသွားခဲ့သည်။
ရုတ်တရက်ဆိုသလို... ကျန်းချဲ့၏ အရှေ့တွင် အရပ်ရှည်ရှည် ဆယ်ကျော်သက် လူငယ်တစ်ယောက်က နောက်ပြောင်သော အပြုံးဖြင့် ပေါ်လာခဲ့သည်။ သူက ကျန်းချဲ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရှုရင်း
“အိုင်းယား... ကျန်းချဲ့၊ မင်း နေကောင်းနေတာ မြင်ရတာ တကယ် ဝမ်းသာစရာပဲ၊ ငါ့ရဲ့ ‘ရှောင်ဟေး’ က သူ့ရဲ့ အင်အားကို ကောင်းကောင်း ထိန်းချုပ်နိုင်ပုံရတယ်၊ မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်တစ်နှစ်လုံး မင်း လေ့ကျင့်ခဲ့သမျှတွေက အလကား ဖြစ်သွားတော့မှာ”
သူက ပြောရင်းဖြင့် သူ၏ လက်ချောင်းများကြားတွင် မည်းနက်သော အစိမ်းရောင် ကတ်ပြားတစ်ခုကို လေထဲမှ ရုတ်တရက် ထုတ်ယူလိုက်ပြီး ကျန်းချဲ့၏ အရှေ့တွင် ဝှေ့ယမ်းပြကာ ကြွားဝါနေလေတော့သည်။