အခန်း(၁၉)
“ငါ အဆင့်မြင့် သားရဲထိန်းတစ်ယောက် ဖြစ်လာဖို့ပဲ အရင်ဆုံး ကြိုးစားတာ ပိုကောင်းပါလိမ့်မယ်။ သားရဲမွေးမြူသူ ဖြစ်ဖို့ကတော့ နောင်အနာဂတ်ကျမှပဲ ကြည့်ကြသေးတာပေါ့”
ကျန်းချဲ့သည် ခေါင်းကို ခါယမ်းလိုက်မိသည်။ သူသည် လတ်တလောတွင် သားရဲမွေးမြူသူ ကဏ္ဍဘက်သို့ အာရုံစိုက်ရန် ဆန္ဒမရှိသေးချေ။ သားရဲများကို မွေးမြူရန် လိုအပ်သော ပစ္စည်းများကို သူ ‘မြင်’ နိုင်သော်လည်း၊ ၎င်းတို့က ဘာပစ္စည်းတွေလဲဆိုသည်ကိုမူ သူ လုံးဝ မသိရှိချေ။ အကယ်၍ သူသည် ထိုကွဲပြားခြားနားသော ပစ္စည်းများကို ခွဲခြားလိုပါက အစကတည်းက ပြန်လည်သင်ယူရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် လိုအပ်သော အချိန်နှင့် ကြိုးစားအားထုတ်မှုသည် မနည်းလှသဖြင့် တကယ့်ကို မထိုက်တန်လှချေ။ နောင်အနာဂတ်တွင် ပေါင်းစပ်ခြင်းစွမ်းရည် အဆင့်မြင့်တက်လာစေရန်သာ ပိုမိုကြိုးစားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ အလယ်အလတ်ဆင့် သားရဲထိန်း ဖြစ်လာသည့်အခါ အသုံးပြုရန် ကောင်းမွန်သော သားရဲ မရှိမည်ကို စိုးရိမ်စရာ လိုတော့မည်မဟုတ်ချေ။
“ဟင်... နှစ်ပွင့်ပြိုင် ကတ်ပြားတွေကိုလည်း ဆက်ပြီး ပေါင်းစပ်လို့ ရပုံပဲ”
စားပွဲပေါ်ရှိ ကိုးချပ်သော နှစ်ပွင့်ပြိုင် သံနက်ဆင့် ကတ်ပြားများကို ကြည့်ရင်း ကျန်းချဲ့သည် ၎င်းတို့ကို ဆက်လက်ပေါင်းစပ်နိုင်ကြောင်း ရုတ်ချည်း သတိပြုမိသွားခဲ့သည်။ ဤသည်မှာ နောက်ထပ် အတွေ့အကြုံ အမှတ်အချို့ ရရှိနိုင်ဦးမည် ဖြစ်သည်။
သူသည် သူ၏ အတွေးများကို ချက်ချင်းပင် လက်တွေ့ အကောင်အထည်ဖော်လိုက်သည်။ ကျန်းချဲ့သည် နှစ်ပွင့်ပြိုင် သားရဲကတ်ပြား နှစ်ချပ်ကို ကောက်ယူလိုက်ပြီး ပေါင်းစပ်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏လက်ထဲရှိ သားရဲကတ်ပြားနှစ်ချပ်သည် ရုတ်ချည်းပင် အလင်းဝေဝါးသွားခဲ့ပြီး အချင်းချင်း ပေါင်းစပ်သွားခဲ့ကာ၊ ၎င်းနောက်တွင်မူ ခြောက်ထောင့်ကြယ်ပုံစံ သုံးခု ပါရှိသည့် သံနက်ဆင့် ကတ်ပြားတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
သူ၏လက်ထဲရှိ သုံးပွင့်ပြိုင် စိတ်လှုပ်ရှားဖွယ် တစ္ဆေအလှဆင် လိပ်ပြာကတ်ပြားကို ကြည့်ရင်း ကျန်းချဲ့၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ရှိမနေခဲ့ချေ။ ယခုတစ်ကြိမ် သားရဲကတ်ပြားများကို ပေါင်းစပ်ခြင်းက သူ့ကို အတွေ့အကြုံအမှတ် တစ်မှတ်မျှ ပေးစွမ်းနိုင်ခြင်း မရှိခဲ့ချေ။
တစ်ကြိမ် ပေါင်းစပ်ပြီးသား သားရဲကတ်ပြားတွေက နောက်ထပ် အတွေ့အကြုံအမှတ် မပေးတော့တာ ဖြစ်ရမယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီစနစ်က တကယ့်ကို တင်းကျပ်လွန်းတာပဲ။ ငါ အမြတ်ထုတ်လို့ရမယ့် ဟာကွက်တစ်ခုမှ တကယ်ကို ရှိမနေဘူး။
ဒုတိယအကြိမ် ပေါင်းစပ်ခြင်းက အတွေ့အကြုံအမှတ်များ မပေးစွမ်းနိုင်ခဲ့သော်လည်း၊ သူသည် ကျန်ရှိနေသေးသော နှစ်ပွင့်ပြိုင် ကတ်ပြားများကို ဆက်လက်ပေါင်းစပ်ရန်သာ ရွေးချယ်ခဲ့ရာ နောက်ဆုံးတွင် သုံးပွင့်ပြိုင် ကတ်ပြား လေးချပ်နှင့် နှစ်ပွင့်ပြိုင် ကတ်ပြားတစ်ချပ် ထွက်ပေါ်လာခဲ့သည်။ ပထမအကြိမ် ပေါင်းစပ်မှုအတွင်း ထွက်ပေါ်လာသော ကတ်ပြားအရေအတွက်မှာ မဂဏန်း ဖြစ်နေခဲ့သောကြောင့် ပေါင်းစပ်၍မရသော နှစ်ပွင့်ပြိုင် ကတ်ပြားတစ်ချပ် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။
ကျန်းချဲ့သည် ထိုကိစ္စအတွက် စိတ်မကောင်း ဖြစ်မနေခဲ့ချေ။ နောင်အနာဂတ်တွင် သူ ဒုတိယအဆင့် သားရဲထိန်းအဖြစ် တက်လှမ်းနိုင်သည့်အခါ ဤနှစ်ပွင့်ပြိုင် စိတ်လှုပ်ရှားဖွယ် တစ္ဆေအလှဆင် လိပ်ပြာကတ်ပြားကို အသုံးပြုနိုင်မည် ဖြစ်သည်။ စိတ်မှားခြင်းဝေဒနာ ဖြစ်စေသော အဆိပ်တိုက်ခိုက်မှုနှင့်ဆိုလျှင် ၎င်းသည် တကယ့်ကို ကောင်းမွန်လှသော ပံ့ပိုးကူညီမှုတစ်ခု ဖြစ်လာမှာ သေချာလှသည်။
နောက်တစ်နေ့ စနေနေ့ နံနက်ခင်း...
ချန်ဝေမြို့ အမှတ် (၂) အထက်တန်းကျောင်း၏ ဝင်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စစ်ဘက်ဆိုင်ရာ ယာဉ်တန်းတစ်ခု ဆိုက်ရောက်ရပ်တန့်ထားခဲ့သည်။ ထိုစစ်ကားများသည် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားခြင်း ဖြစ်သည်။ ၎င်းတို့၏ သံချပ်ကာများကို ပေါ့ပါးပြီး ခိုင်ခံ့သော ထူးဆန်းသည့် သားရဲပစ္စည်းများနှင့် ရောစပ်ပြုလုပ်ထားသဖြင့် ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်ကို အဆမတန် မြင့်တက်စေခဲ့သည်။
ယာဉ်၏ ကိုယ်ထည်တစ်ခုလုံးတွင် ချိတ်ပုံစံ သံဆူးအမြောက်အမြား တပ်ဆင်ထားပြီး၊ ၎င်းသည် ယာဉ်ကို လာရောက်တိုက်ခိုက်သော သားရဲများကို ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်သည်။ ထို့အတူပင် ၎င်းတို့၏ တာယာများကိုလည်း နောက်ဆုံးပေါ် ဒြပ်ပစ္စည်းများနှင့် ရောစပ်ပြုလုပ်ထားခြင်း ဖြစ်သည်။ ရိုင်ဖယ်သေနတ်ကျည်ဆန်များပင်လျှင် ၎င်းတို့ကို ဖောက်ထွင်းနိုင်ခြင်း မရှိချေ။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ယာဉ်နှင့်ဆိုလျှင် နှစ်ပွင့်ပြိုင် ငွေဆင့် သားရဲတစ်ကောင်နှင့် ကြုံတွေ့ရလျှင်ပင် ထိုသားရဲတွင် ဒြပ်စင်တိုက်ခိုက်မှုများ မရှိသရွေ့ ယာဉ်အတွင်းရှိ ခရီးသည်များကို အချိန်တိုအတွင်း မည်သို့မျှ မထိခိုက်စေနိုင်ချေ။
ဤအချိန်တွင် ယာဉ်တစ်စီးချင်းစီ၏ နောက်ကွယ်၌ လူစုလူဝေးအချို့ မညီမညာ ရပ်နေခဲ့ကြသည်။ ၎င်းတို့မှာ သားရဲထိန်း ဖြစ်လာခဲ့ပြီး ကိုယ်ပိုင်သားရဲတစ်ကောင် ပိုင်ဆိုင်ထားကြသည့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။
နံနက် ၈ နာရီ ထိုးလုနီးပြီ ဖြစ်သည်။ သားရဲထိန်း အသစ်စက်စက် ကျောင်းသားအများစုသည် နံနက်စောစောကတည်းက ကျောင်းသို့ ရောက်ရှိနေခဲ့ကြသည်။ သူတို့သည် အတန်းပိုင်ဆရာ၏ ညွှန်ကြားချက်များအတိုင်း ကျောင်းဝင်းအတွင်း စုဝေးနေခဲ့ကြသည်။ နာရီလက်တံ ၈ နာရီ တိတိသို့ ရောက်ရှိသည်နှင့် သူတို့သည် လေ့ကျင့်ရေးတည်နေရာဆီသို့ စတင်ထွက်ခွာကြမည် ဖြစ်သည်။
အတန်း (၂) ကျောင်းသားများ ပါဝင်သော အုပ်စုတွင် ကျောင်းသား၊ ကျောင်းသူ အယောက်နှစ်ဆယ်ခန့်သည် တန်းစီလျက် အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်။
ဝဝတုတ်တုတ် လျူဝေဟောင်သည် သူ၏အုပ်စုဝင်များကို ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် ရေတွက်လိုက်ပြီးနောက်၊ ရှေ့နားရှိ ဝူကျွင်းယွီကို သံသယစိတ်ဖြင့် တိုးတိုးလေး မေးလိုက်သည်။
“ဟင်... တို့အတန်းက သားရဲထိန်းတွေ အားလုံး ရောက်နေပြီထင်တယ်။ ဆရာဟန်က တို့တွေကို ကားပေါ်တက်ဖို့ ဘာလို့ အခုထိ အမိန့်မပေးသေးတာလဲ”
ဝူကျွင်းယွီ တစ်စုံတစ်ခု မပြောရသေးခင်မှာပင် မိန်းကလေးတန်းစီထားသည့် ဘက်မှ ဟွမ်ထီလန်သည် ရုတ်ချည်း ခေါင်းလှည့်လာပြီး လျူဝေဟောင်ကို စိုက်ကြည့်လိုက်သည်။
“ဟဲ့... နင့်ရဲ့ ဘယ်ဘက်မျက်လုံးက လူစုံနေပြီလို့ မြင်လို့လဲ။ ငါ့ရဲ့ ကျန်းရှောင်ချဲ့ မရောက်သေးဘူးလေ”
လျူဝေဟောင်က ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး ဟွမ်ထီလန်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဟက်... နင်က ကျန်းချဲ့ဆိုတဲ့ အဲဒီကောင်ကို ပြောတာလား။ ငါထင်တာတော့ သူ ဒီကို ရောက်လာနိုင်တော့မှာ မဟုတ်ပါဘူး”
ဟွမ်ထီလန်သည် သူတစ်ပါးက ကျန်းချဲ့ကို မကောင်းပြောသည်ကို အမုန်းဆုံး ဖြစ်သည်။ သူမသည် လျူဝေဟောင်ကို မကျေမနပ် စိုက်ကြည့်ရင်း အော်ဟောက်လိုက်မိသည်။
“နင် ဘာစကားပြောတာလဲ။ ပါးစပ်ကို စောင့်စည်းပြီး ပြောစမ်း”
လူအများ၏ အကြည့်များ စုပြုံရောက်ရှိလာသည့်တိုင်အောင် လျူဝေဟောင်သည် ခပ်ဆိုးဆိုး မိန်းကလေး ဖြစ်သော ဟွမ်ထီလန်ကို ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။ သူက တဟီးဟီး ရယ်မောလိုက်ရင်း
“ဟဲဟဲ... ကျန်းချဲ့ဆိုတဲ့ အဲဒီကောင်က ကိုယ့်အဆင့်ကိုယ်မသိဘဲ သားရဲကမ္ဘာထဲကို ဝင်သွားတာ ငါမသိဘူး ထင်နေလား။ အခုဆို ရက်အတော်ကြာနေပြီ၊ သူ့ဆီက ဘာသတင်းမှလည်း မကြားရတော့ဘူး။ နင့်အနေနဲ့ သူ့ကို နောက်ထပ် ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်”
သူ၏ ဘေးနားမှ ဝူကျွင်းယွီကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။
“ဟွမ်ထီလန်... နင့်ရဲ့ နူးညံ့တဲ့ သံယောဇဉ်တွေအတွက် တကယ်ကို နှမြောစရာပဲ။ ဒါပေမဲ့ ကျန်းချဲ့ဆိုတဲ့ကောင်က ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး”
ဟွမ်ထီလန်သည် ထိတ်လန့်သွားခဲ့ရသလို၊ သူမ၏ မျက်နှာသည်လည်း ဒေါသကြောင့် နီမြန်းလာခဲ့သည်။ သူမသည် လွန်ခဲ့သော ရက်ပိုင်းကတည်းက ကျန်းချဲ့၏ ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေခဲ့ရသည် ဖြစ်ရာ၊ ယခုအခါ ဤလူမိုက်နှစ်ယောက်က သူ့ကို အကျည်းတန်စွာ ပြောဆိုနေကြသည်ကို ကြားလိုက်ရသဖြင့် သူမသည် စိတ်ကို မထိန်းနိုင်တော့ဘဲ သူတို့နှစ်ယောက်လုံးကို သင်ခန်းစာတစ်ခု ပေးရန် ပြင်ဆင်လိုက်သည်။
သူမ လက်တွေ့လုပ်ဆောင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ဘေးနားမှ အတန်းပိုင်ဆရာ ဟန်ရှဲချင်း၏ အသံကို ကြားလိုက်ရသည်။
“ဒီလို ရုန်းရင်းဆန်ခတ် လုပ်နေတာက မသင့်တော်ဘူး။ သေသေချာချာ ရပ်နေကြစမ်း။ လူစုံတာနဲ့ တို့တွေ ထွက်ခွာကြမယ်”
ဟန်ရှဲချင်း၏ စကားကို ကြားလိုက်ရပြီးနောက် ဟွမ်ထီလန်၏ ရင်ထဲတွင် အနည်းငယ် ဝမ်းသာသွားခဲ့ရသည်။
ဒါဆို အခုထိ မရောက်သေးတဲ့သူ ရှိနေသေးတာပေါ့။ ဒါဆို... ကျန်းချဲ့က သားရဲကမ္ဘာထဲကနေ ပြန်ရောက်လာပြီလား။
တန်းစီရပ်နေကြသော ဝူကျွင်းယွီနှင့် လျူဝေဟောင်တို့သည် အနည်းငယ် သံသယ ဖြစ်သွားခဲ့ကြသည်။ ဝူကျွင်းယွီက မမေးဘဲ မနေနိုင်ခဲ့ချေ။
“ဆရာဟန်... တို့အတန်းက သားရဲထိန်းတွေ အားလုံး ရောက်နေပြီ မဟုတ်ဘူးလား။ နောက်ထပ် ဘယ်သူ ကျန်သေးလို့လဲ”
ဟန်ရှဲချင်းက အပြုံးဖျော့ဖျော့လေးဖြင့် -
“ငါ မင်းတို့ကို သတင်းကောင်းတစ်ခု ပြောပြဖို့ မေ့သွားလို့။ ကျန်းချဲ့က မနေ့ကတင် သားရဲကမ္ဘာထဲကနေ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာခဲ့ပြီ၊ ပြီးတော့ သူက ကိုယ်ပိုင်သားရဲတစ်ကောင်တောင် ရလာခဲ့ပြီလေ။ ဒါကြောင့် အခု တို့တွေက သူ့ကို စောင့်နေကြတာ”
ဘာရယ်... အဲဒီကောင်က သားရဲကမ္ဘာထဲကနေ တကယ်ကြီး ပြန်ရောက်လာတာတင်မကဘဲ၊ ကိုယ်ပိုင်သားရဲတစ်ကောင်တောင် ရလာခဲ့တယ် ဟုတ်လား။
ဝူကျွင်းယွီနှင့် လျူဝေဟောင်တို့သည် ကြားလိုက်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်သွားခဲ့ကြသည်။ သို့သော်လည်း ဤသည်မှာ ဟန်ရှဲချင်း ကိုယ်တိုင် ပြောကြားခဲ့ခြင်း ဖြစ်သဖြင့် မှားယွင်းရန် မရှိချေ။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ကျန်းချဲ့က အောက်ခြေလူတန်းစား ဆင်းရဲသားတစ်ယောက်ပဲဟာ။ သူ ကံကောင်းလို့ သားရဲထိန်း ဖြစ်လာခဲ့ရင်တောင်၊ ပစ္စည်းကိရိယာတွေ ဝယ်ဖို့ ငွေက ဘယ်က ရမှာလဲ။ ပြီးတော့ သူက သားရဲကမ္ဘာထဲက ထောင်သောင်းမကတဲ့ သားရဲတွေကို အမဲလိုက်ပြီး ကိုယ်ပိုင် သားရဲကတ်ပြားတစ်ခု ရလာနိုင်ဖို့ကော ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အခြားတစ်ဖက်တွင်မူ ဟွမ်ထီလန်၏ မျက်နှာထက်တွင် ပီတိအပြုံးများ ဝေဆာနေခဲ့သည်။
ဒါဆို... ငါ့ရဲ့ ကျန်းရှောင်ချဲ့က တကယ်ကြီး ပြန်ရောက်လာတာပေါ့။
ငါ ပြောသားပဲ၊ ငါပေးလိုက်တဲ့ မီးကန္တာရကန်းမြီးကောက်နဲ့ဆိုရင် သူ သားရဲတွေကို မသတ်နိုင်စရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့ သူ မနေ့ကတည်းက ပြန်ရောက်နေတာကို ငါ့ကို ဘာလို့ ဖုန်းမဆက်တာလဲ။
မိန်းကလေးငယ်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ထင်ဟပ်လာခဲ့သည်။
အတန်း (၂) မှ အခြားသော သားရဲထိန်းများ၏ မျက်နှာများသည်လည်း ကြည့်ကောင်းနေခဲ့ကြသည်။ ကျန်းချဲ့ကဲ့သို့ သာမန်ကျောင်းသားတစ်ယောက်က ကံကောင်းထောက်မစွာ သားရဲထိန်း ဖြစ်လာပြီးချင်းမှာတင် အန္တရာယ်များလှသော သားရဲကမ္ဘာထဲသို့ ဝင်ရောက်ကာ သားရဲများကို အမဲလိုက်ရဲလိမ့်မည်ဟု ၎င်းတို့ထဲမှ မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။ သူတို့၏ ကျန်းချဲ့အပေါ် သိရှိနားလည်ထားမှုများသည် ရုတ်ချည်းပင် ပြောင်းပြန်လှန်ခြင်း ခံလိုက်ရသည်။
သူတို့ အသီးသီး အတွေးပွားနေကြစဉ် ကျောင်းတံခါးဝမှ ရင်းနှီးသော ပုံရိပ်တစ်ခု အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ ထိုပုံရိပ်သည် ဘေးဘီကို ခဏမျှ ကြည့်လိုက်ပြီးနောက် အတန်း (၂) ကျောင်းသားများ ရှိရာ အုပ်စုဆီသို့ ချက်ချင်း အပြေးအလွှား လာခဲ့သည်။
“တောင်းပန်ပါတယ် ဆရာဟန်။ သား လမ်းမှာ ကားပိတ်နေလို့ပါ”
သူ၏ စကားများကို ကောင်းကင်ဘုံက သက်သေထူနိုင်ပေလိမ့်မည်။ ကျန်းချဲ့သည် လမ်းတွင် အမှန်တကယ် ကားပိတ်နေခဲ့ခြင်း ဖြစ်သည်။ သူလာမည့် လမ်းတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဘတ်စ်ကားပေါ်မှ ဆင်းကာ အကွာအဝေးတစ်ခုအထိ ပြေးခဲ့ရပြီး၊ ထို့နောက်မှ အငှားယာဉ်တစ်စီးကို တားကာ ကျောင်းသို့ အချိန်မီ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“တန်းစီထဲ ဝင်လိုက်”
ဟန်ရှဲချင်းက ကျန်းချဲ့ကို ခေါင်းငြိမ့်ပြလိုက်ပြီး၊ ထို့နောက် စစ်ကားဘေးတွင် ရပ်နေသော ဗိုလ်အဆင့်ရှိ စစ်အရာရှိတစ်ဦးထံသို့ လျှောက်လှမ်းသွားခဲ့သည်။ သူက အတန်းဘက်သို့ လှည့်ကာ လက်လှမ်းပြလိုက်ရင်း -
“အားလုံး ကားပေါ်တက်ကြစို့။ တို့တွေ တောင်ဘက်ဆင်ခြေဖုံး တောအုပ်ဆီကို သွားကြမယ်”