အခန်း(၁၆)
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်တောင်ဖျတ်ခနဲအတွင်းမှာပင် သောကြာနေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဟွမ်ထီလန်သည် ထိုလူငယ်လေးနှင့် ဆုံတွေ့လိုသည့် မျှော်လင့်ချက်ဖြင့် နံနက်စောစောကတည်းက သူမ အမြဲစီးနေကျ အများပြည်သူသုံး ဘတ်စ်ကားမှတ်တိုင်သို့ အပြေးအလွှား သွားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လာခဲ့ရလေသည်။
“ငါ ဘာလုပ်ရမလဲ။ ကျန်းချဲ့ သားရဲကမ္ဘာထဲကို ဝင်သွားတာ သုံးရက်တောင် ရှိပြီ။ သူ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”
“သူ အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတာတော့ မဟုတ်ပါဘူးနော်။ တောက်... တောက်... တောက်... မဖြစ်နိုင်တာ။ ငါပေးလိုက်တဲ့ မီးကန္တာရကန်းမြီးကောက်လည်း ရှိတာပဲ။ သူသာ ဘေးကင်းဇုန်နဲ့ သိပ်မဝေးတဲ့နေရာမှာ နေရင် ဘယ်လိုအင်အားကြီးသားရဲနဲ့မှ မတွေ့နိုင်ပါဘူး...”
“အင်း... ဟုတ်တာပေါ့။ ကျန်းချဲ့က အတော်ဆုံးပဲဟာ။ သူ့မှာ ဘာကိစ္စရှိလို့ အန္တရာယ်ဖြစ်ရမှာလဲ”
လမ်းတစ်လျှောက်လုံးတွင် ဟွမ်ထီလန်၏ အတွေးပေါင်းစုံသည် ရာဝတီပတ်ချာလည် နေခဲ့ပြီး သူမ၏ မျက်နှာအမူအရာသည်လည်း တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေခဲ့သည်။ ထို့နောက်တွင်မူ သူမ ဘာတွေးမိသည်မသိ၊ ဝဝတုတ်တုတ် မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာပြီး ထုံးစံအတိုင်း ခြေဆောင့်လိုက်မိသည်။
ဒုန်း...
အများပြည်သူသုံး ဘတ်စ်ကားတစ်စီးလုံး ခဏမျှ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ခရီးသည်တိုင်း ကိုယ်ဟန်ပျက်ကာ ယိုင်နဲ့သွားကြသလို၊ ရှေ့က ဘတ်စ်ကားဒရိုင်ဘာမှာလည်း ကားတစ်စုံတစ်ခုကို တိုက်မိပြီအမှတ်ဖြင့် ဗီဇအတိုင်း ဘရိတ်ကို ဆွဲနင်းလိုက်ရာ ဘတ်စ်ကားတစ်စီးလုံး ရုတ်ချည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ရသည်။
တီလင်လင်...
စာသင်ချိန်ပြီးဆုံးကြောင်း အချက်ပေးခေါင်းလောင်းသံ မြည်လာခဲ့သည်။ ဆရာဖြစ်သူ စာသင်ခန်းထဲမှ ထွက်ခွာသွားသည်နှင့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်စုသည် တစ်ယောက်ပြီးတစ်ယောက် အခန်းပြင်သို့ ပြေးထွက်လာကြသည်။ အချို့က လှေကားထစ်များအတိုင်း ပြေးဆင်းကာ အောက်ဘက်ရှိ ကျောင်းဝင်းဆီသို့ ဦးတည်သွားကြပြီး၊ အချို့ကမူ စင်္ကြံလက်ရန်းများကို မှီလျက် လူစုစုဖြင့် စကားစမြည် ပြောဆိုနေကြသည်။
အရပ်ရှည်ပြီး ကြွက်သားထုတောင့်တင်းသော ဝူကျွင်းယွီသည် အောက်ထပ်ရှိ သန့်စင်ခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းနေစဉ်၊ နောက်ဘက်မှ ဝဝတုတ်တုတ် လူငယ်တစ်ယောက် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ဝူကျွင်းယွီ... မင်းကို ပြောစရာ သတင်းတစ်ခု ရှိတယ်”
ထိုဝဝတုတ်တုတ် လူငယ်၏ မျက်နှာပေါ်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ရှိနေပြီး ကမ္ဘာပျက်မတတ် လျှို့ဝှက်ချက်ကြီးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားသည့်အလား ဝူကျွင်းယွီက လာမေးမည့်အချိန်ကို စောင့်ဆိုင်းနေသည့် ပုံစံမျိုး ဖမ်းနေခဲ့သည်။
“ပြောစရာရှိတာ ပြော၊ မပြောချင်ရင်လည်း ပါးစပ်ပိတ်ထား”
သို့သော်လည်း ဝူကျွင်းယွီက သူ့ကို စောင်းငဲ့ကြည့်ရုံသာ ကြည့်ပြီး လမ်းဆက်လျှောက်နေခဲ့သည်။ ထိုလူငယ် အမူအယာလုပ်နေသည်ကို သူ စိတ်ပျက်နေသည်မှာ သိသာလှသည်။
ဝဝတုတ်တုတ်လူငယ်၏ မျက်နှာသည် အနည်းငယ် တောင့်တင်းသွားသော်လည်း သူက အရေးမစိုက်ဘဲ သိနားလည်သည့် အရိပ်အယောင်များ ပိုမိုထင်ဟပ်နေသည့် မျက်နှာပေးဖြင့် အသံကိုနှိမ့်ကာ ပြောလိုက်သည်။
“ဒီသတင်းက ကျန်းချဲ့နဲ့ ဆိုင်တယ်”
မျှော်လင့်ထားသည့်အတိုင်းပင် ဝူကျွင်းယွီသည် နောက်တစ်စက္ကန့်တွင် ချက်ချင်း ခြေလှမ်းရပ်လိုက်ပြီး မျက်မှောင်ကုတ်ကာ ထိုလူငယ်ဘက်သို့ လှည့်ကြည့်ရင်း မေးလိုက်သည်။
“ကျန်းချဲ့ ဟုတ်လား။ အဲဒီကောင်က မိသားစုကိစ္စတစ်ခုကြောင့် ကျောင်းခွင့်တိုင်ထားတာ မဟုတ်ဘူးလား။ အပိုတွေ လုပ်မနေနဲ့ လျူဝေဟောင်”
ဝူကျွင်းယွီ၏ အာရုံစိုက်မှုကို နောက်ဆုံးတွင် ရရှိသွားပြီဖြစ်၍ လျူဝေဟောင်ဟု ခေါ်သည့် ထိုလူငယ်သည် ချက်ချင်း တဟားဟားရယ်မောကာ အသံတိုးတိုးဖြင့် ဆက်ပြောခဲ့သည်။
“မနေ့ညက ငါ့အဖေ ပြောနေတာကို ငါ မတော်တဆ ကြားလိုက်တာ။ တို့အတန်းက ကျန်းချဲ့က ထူးဆန်းတဲ့ သားရဲတွေကို အမဲလိုက်ဖို့ သားရဲကမ္ဘာထဲ ဝင်ခွင့်လက်မှတ်ကို ကျောင်းကနေ ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်တဲ့”
“ဘာရယ်...”
ဝူကျွင်းယွီသည် ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် မျက်လုံးအပြူးသားဖြင့် ဘေးနားရှိ လျူဝေဟောင်ကို ကြည့်လိုက်မိသည်။ သူ၏ အသံသည်ပင် တစ်ဆင့် မြင့်တက်သွားကာ မေးမိသည်။
“မင်းပြောချင်တာက ကျန်းချဲ့ဆိုတဲ့ အဲဒီကောင်က သားရဲကမ္ဘာထဲကို ဝင်သွားတယ်ပေါ့။ အဲဒါ တကယ်ပဲလား”
လျူဝေဟောင်က မျက်လုံးကို မှေးစင်းလျက် ပြောလိုက်သည်။
“တကယ်ပေါ့။ ငါ့အဖေကိုယ်တိုင် ပြောတာကို ငါ အသေအချာ ကြားခဲ့တာ။ ကျန်းချဲ့ရဲ့ ခွင့်ပြုချက်လက်မှတ်ကို ဒုတိယကျောင်းအုပ်ကြီး မာ ဆီကနေ အတည်ပြုပေးဖို့ ငါတို့ အတန်းပိုင် ဆရာဟန်ကိုယ်တိုင် တောင်းဆိုပေးခဲ့တာတဲ့”
“အဲဒီကောင်က သူ့ကိုယ်သူ ပါရမီရှင်လို့ တကယ် ထင်နေတာလား”
ဝူကျွင်းယွီက တအံ့တသြ ဖြစ်ရသလို တစ်ဖက်ကလည်း တိတ်တဆိတ် ဝမ်းသာအားရ ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
“သူ သားရဲထိန်း ဖြစ်လာတာ မကြာသေးရုံတင်မကဘူး၊ သူ့မိသားစုကလည်း ဆင်းရဲတာကို သားရဲကမ္ဘာထဲအထိ သားရဲတွေကို အမဲလိုက်ဖို့ သွားရဲတယ်ပေါ့လေ။ တကယ့်ကို ကလေးကလားဆန်ပြီး နုနယ်လွန်းတာပဲ။ သူ ဟင်းလင်းပြင်ဝင်ပေါက်ကနေ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါစေလို့ပဲ ငါ မျှော်လင့်ပါတယ်”
လျူဝေဟောင်က တဟီးဟီး ရယ်မောလိုက်ရင်း
“အခုဆို သုံးရက်တောင် ရှိပြီပဲ။ အဲဒီကောင်တော့ သားရဲတွေရဲ့ ကိုက်ဖြတ်တာကို ခံလိုက်ရလောက်ပြီ ထင်တယ်။ အဲဒီနေရာက အသက်ရှင်ဖို့ လွယ်တဲ့နေရာမှ မဟုတ်တာ”
ဝူကျွင်းယွီက ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့လည်း သူ ကံကောင်းပြီး ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါစေလို့ ငါ မျှော်လင့်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် တို့တွေက အတန်းဖော်တွေပဲဥစ္စာ။ သူ အဲဒီထဲမှာ သေသွားဖို့တော့ တို့တွေ မမျှော်လင့်သင့်ပါဘူး”
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ တို့တွေက အတန်းဖော်တွေပဲ။ သူ အသက်ရှင်ဖို့ပဲ တို့တွေ မျှော်လင့်ရမှာပေါ့”
သူတို့နှစ်ဦးစလုံးက ကျန်းချဲ့ကို အသက်ရှင်လျက် ပြန်လာစေချင်သည်ဟု ဆိုနေကြသော်လည်း၊ မျက်နှာပေါ်ရှိ ပီတိဖြစ်နေသော အပြုံးများကမူ သူတို့၏ စိတ်ရင်းအမှန်ကို ဖော်ပြနေခဲ့ကြသည်။
ချန်ဝေမြို့ ဆင်ခြေဖုံးအရပ်ရှိ ဟင်းလင်းပြင်ဝင်ပေါက် တည်ရှိရာ စစ်စခန်း...
မှော်ဆန်သော အပြာရောင် အလင်းပိတ်ရိုးနောက်ကွယ်မှ ကလေးကလားဆန်သော်လည်း ထက်မြက်သော မျက်နှာထားရှိသည့် လူငယ်တစ်ယောက်သည် အပြုံးဖျော့ဖျော့ဖြင့် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ သူသည် နောက်ဘက်ရှိ ဟင်းလင်းပြင်ဝင်ပေါက်ကို ခဏမျှ လှည့်ကြည့်လိုက်ပြီးနောက်၊ ကျောပိုးအိတ်ကို လွယ်ကာ ခြေလှမ်းကျဲကြီးများဖြင့် စစ်စခန်းဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။
ထိုလူငယ်သည် အခြားသူမဟုတ်၊ ကျန်းချဲ့ပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က လေရိပ်ဝံပုလွေ သုံးကောင်ကို သတ်ဖြတ်ပြီးနောက် လေရိပ်ဝံပုလွေ ကတ်ပြားနှစ်ချပ် ရရှိခဲ့ရာမှ သူသည် ကံကောင်းခြင်း စတင်ခဲ့သည်။ သူသည် ဝမ်းသာအားရဖြစ်လွန်းသဖြင့် မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ဝေဆာနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျန်းချဲ့၏ ယခင်တွေးထင်ချက်သည်လည်း မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။ သူ၏ စိတ်ဝိဉာဉ်ပင်လယ်သည် မျှော်လင့်ထားသည့်အတိုင်း အခြားသူများထက် နှစ်ဆ ပိုမိုကြီးမားနေခဲ့သည်။ သူသည် သားရဲကတ်ပြားများကို အခြားသူများထက် နှစ်ဆ ပိုမိုအသုံးပြုနိုင်ခဲ့ပြီး၊ လေရိပ်ဝံပုလွေ နှစ်ကောင်ကို ထပ်မံပေါင်းထည့်လိုက်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ရုတ်ချည်းပင် အဆမတန် မြင့်တက်သွားခဲ့သည်။
ထို့ကြောင့် ကျန်းချဲ့သည် သားရဲကတ်ပြားများ ပိုမိုရရှိရန် စိတ်အားထက်သန်စွာဖြင့် အမဲလိုက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူသည် အဆင့်နိမ့်သားရဲများကို ရှာဖွေရန် အရှိန်အဟုန်ပြင်းပြင်းဖြင့် ခရီးဆက်ခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့်အရာများက သူ့ကို စိတ်ပျက်သွားစေခဲ့သည်။ နောက်ထပ် တစ်ဝက်မျှသော နေ့ရက်အတွင်း သူသည် အခြားသော ထူးဆန်းသည့် သားရဲအချို့ကို ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိပြီး သတ်ဖြတ်နိုင်ခဲ့သော်လည်း၊ နောက်ထပ် ကတ်ပြားတစ်ချပ်မျှ ထပ်မံမရရှိခဲ့ချေ။ သူသည် တကယ်ကို ကံမကောင်းသည့်ကောင်ပဲ ဖြစ်သည်။ ရံဖန်ရံခါ ကံကောင်းခြင်းများ ရှိတတ်သော်လည်း ချက်ခြင်းပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတတ်ရာ ကျန်းချဲ့မှာ လုံးဝ စကားမဲ့သွားခဲ့ရသည်။
သို့သော်လည်း ယနေ့တွင်မူ ကျန်းချဲ့သည် အတော်အတန် အဆင်ပြေသော ရလဒ်ကို ရရှိခဲ့သည်။ ကျောပိုးအိတ်ထဲရှိ တစ်ပွင့်ပြိုင် သံနက်ဆင့် သားရဲကတ်ပြားများကို တွေးမိရင်း ကျန်းချဲ့၏ နှုတ်ခမ်းအစုံသည် မသိမသာ ပြုံးယောင်သန်းလာခဲ့သည်။ အဖိုးတန်ဆုံးမဟုတ်သည့် သံနက်ဆင့် သားရဲကတ်ပြားများ ဖြစ်သော်လည်း အရေအတွက်မှာမူ အတော်ပင် များပြားလှသည်။ ကတ်ပြားပေါင်း နှစ်ဆယ်နီးပါး ရှိနေခဲ့သည်။ ကတ်ပြားတစ်ချပ်ကို ဒေါ်လာအနည်းငယ်မျှဖြင့် ရောင်းချလျှင်ပင် စုစုပေါင်းပမာဏမှာ အတော်အတန် များပြားလှပေသည်။
အကယ်၍ ၎င်းတို့ကို ဒီအတိုင်း ရောင်းချလိုက်မည်ဆိုပါက မတန်တဆ ဖြစ်ပေလိမ့်မည်။ ကျန်းချဲ့သည် ၎င်းတို့ကို သူ၏ ပေါင်းစပ်ခြင်းစွမ်းရည်ကို လေ့ကျင့်ရန် အသုံးပြုမည်ဖြစ်သည်။ ပေါင်းစပ်ခြင်းစွမ်းရည်သည် အဆင့် (၁) တွင် တကယ့်ကို အသုံးမဝင်လှကြောင်း ပြောရပေမည်။ ၎င်းကို သုံးပွင့်ပြိုင်အောက် သားရဲကတ်ပြားများကိုသာ ပေါင်းစပ်ရန် အသုံးပြုနိုင်သည်။ ၎င်း၏ စစ်မှန်သော တန်ဖိုးသည် အဆင့်မြင့်တက်လာမှသာ ထင်ရှားလာလိမ့်မည် ဖြစ်သည်။
စစ်စခန်းမှ ထွက်ခွာပြီးနောက် ကျန်းချဲ့သည် မြို့ထဲသို့ ဦးတည်မည့် ခရီးသည်တင်ကားကို စီးနင်းခဲ့ပြီး၊ ထို့နောက်တွင်မူ ကျောင်းသို့သွားမည့် အများပြည်သူသုံး ဘတ်စ်ကားတစ်စီးသို့ ပြောင်းစီးခဲ့သည်။ သူသည် အိမ်သို့ ပြန်ရန် အလျင်မလိုခဲ့ချေ။ ထို့အစား ကျောင်းသို့သွားကာ ခွင့်ရက်ကို ပယ်ဖျက်ပြီး၊ အစွယ်ရှည်တောဝက် ကတ်ပြားကို သူ၏ အတန်းပိုင်ဆရာ ဖြစ်သူ ဟန်ရှဲချင်း ထံသို့ ပြန်လည်အပ်နှံရန် ဦးတည်ခဲ့သည်။
သူ ကျောင်းသို့ ရောက်ရှိချိန်တွင် အတော်ပင် နောက်ကျနေခဲ့ပြီ ဖြစ်သည်။ စာသင်ချိန်များ ပြီးဆုံးသွားခဲ့ပြီဖြစ်၍ ကျောင်းသားအနည်းငယ်သာ ကျောင်းတံခါးဝမှ ထွက်ခွာနေကြသည်ကို တွေ့ရသည်။ ခေတ်သစ်ကာလ စတင်ကတည်းက ကျောင်းသင်ရိုးညွှန်းတမ်းများသည် ယခင်ကဲ့သို့ ကျပ်တည်းမှု မရှိတော့ချေ။ ပိတ်ရက်များတွင် စာသင်ချိန်မရှိရုံတင်မကဘဲ၊ သောကြာနေ့ညများတွင်ပင် ကိုယ်ပိုင်စာကြည့်ချိန်များ ရှိမနေခဲ့တော့ချေ။ အကယ်၍ ကပ်ဘေးမတိုင်မီက ကျောင်းသားများသာ လက်ရှိအခြေအနေကို သိရှိခဲ့ပါက မည်မျှအထိ မနာလိုဖြစ်မိကြမည်ကို မည်သူမျှ မသိနိုင်ချေ။
အချိန်နောက်ကျနေပြီ ဖြစ်သောကြောင့် ဆရာဟန်သည် သူ၏ ရုံးခန်းထဲတွင် ရှိနေတော့မည် မဟုတ်သည်မှာ သေချာလှသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကျောင်းဝင်းအတွင်းရှိ အဆောင်တွင် နေထိုင်သဖြင့် ကျန်းချဲ့အနေဖြင့် သူ့ကို ရှာမတွေ့နိုင်မည်ကို စိုးရိမ်စရာမလိုခဲ့ချေ။ သူသည် ဟန်ရှဲချင်းထံသို့ ဖုန်းခေါ်ဆိုလိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ဆရာဖြစ်သူမှာ အိမ်၌ ရှိနေခဲ့သည်။
ကျန်းချဲ့သည် ဆရာ၊ ဆရာမများ အဆောင်သို့ ရောက်ရှိလာခဲ့ရာ ဟန်ရှဲချင်းသည် အောက်ထပ်ရှိ ဥယျာဉ်ထဲတွင် ပြုံးရွှင်သော မျက်နှာထားဖြင့် စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။
“ပြန်လာတာ ကြိုဆိုပါတယ် ကျန်းချဲ့။ မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာ တကယ်ကို ဝမ်းသာစရာပဲ”
တာဝန်သိတတ်သော အတန်းပိုင်ဆရာတစ်ယောက်အနေဖြင့် ဟန်ရှဲချင်းသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျန်းချဲ့အတွက် အလွန်ပင် စိုးရိမ်ပူပန်နေခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် သားရဲကမ္ဘာထဲသို့ ဝင်ရောက်ဖူးသဖြင့် ထိုနေရာသည် မည်မျှအထိ အန္တရာယ်များကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။ ကျန်းချဲ့တစ်ယောက် ကျန်းကျန်းမာမာဖြင့် မိမိထံသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည့်အခါမှသာ ဟန်ရှဲချင်းသည် နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီးကို ချနိုင်ခဲ့တော့သည်။