အခန်း(၁၁)
မူလက ကျန်းချဲ့သည် မိမိ၏ လှည့်စားမှုကဲ့သို့သော အားသာချက်မှာ သားရဲများ၏ အချက်အလက်များကို မြင်တွေ့နိုင်ရုံသာ တတ်နိုင်သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် အမှန်တရားမှာ ထိုမျှမကသည်ကို တွေ့ရ၏။ လက်ရှိတွင် မျိုးစိတ်နှင့် အဆင့်တူညီသော သားရဲကတ်ပြား နှစ်ချပ်ကို ပိုမိုမြင့်မားသည့် အဆင့်ရှိ သားရဲကတ်ပြားတစ်ချပ်အဖြစ် ပေါင်းစပ်နိုင်သည့် စွမ်းရည်မှာ သိပ်ပြီး အသုံးမဝင်လှသေးသယောင် ရှိသည်။ နမူနာအနေဖြင့် ကျန်းချဲ့၏လက်ထဲရှိ လူသားစားမျှော့ကတ်ပြားများကို ကြည့်လျှင် နှစ်ပွင့်အဆင့်ကတ်ပြား နှစ်ချပ်၏ တန်ဖိုးမှာ သုံးပွင့်အဆင့်ကတ်ပြား တစ်ချပ်၏ ဈေးနှုန်းနှင့် သိပ်မကွာခြားလှချေ။
သို့သော် နောက်နောင်တွင်ကော မည်သို့ဖြစ်လာမည်နည်း။ ပေါင်းစပ်ခြင်းစွမ်းရည် ပိုမိုမြင့်မားသောအဆင့်သို့ တိုးတက်သွားသည်နှင့်အမျှ ဤစွမ်းရည်၏ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသော အသွင်အပြင်များမှာ တဖြည်းဖြည်း ပေါ်လွင်လာမည်ဖြစ်သည်။ သားရဲများ၏ အင်အားသည် အဆင့်သုံးဆင့်ကျော်လွန်တိုင်း ကြီးမားသော ခုန်ပျံကျော်လွှားမှု ရှိကြသည်။ သုံးပွင့်အဆင့် သားရဲတစ်ကောင်နှင့် လေးပွင့်အဆင့် သားရဲတစ်ကောင်ကြားရှိ စွမ်းအားကွာခြားချက်မှာ နှစ်ပွင့်အဆင့်နှင့် သုံးပွင့်အဆင့်ကြား ကွာခြားချက်ထက် များစွာ ပိုမိုကြီးမားလှသည်။ နှစ်ပွင့်အဆင့်ကတ် နှစ်ချပ်ကို သုံးပွင့်အဆင့်ကတ်အဖြစ် ပေါင်းစပ်ခြင်းမှာ တန်ဖိုး သိပ်မရှိသော်လည်း၊ သုံးပွင့်အဆင့်ကတ် နှစ်ချပ်ကို လေးပွင့်အဆင့်ကတ်အဖြစ် ပေါင်းစပ်နိုင်မည်ဆိုပါက ၎င်း၏တန်ဖိုးသည် ဆယ်ဆခန့် မြင့်တက်သွားမည်ဟု ပြောလျှင်ပင် လွန်အံ့မထင်ပြီ။
အမှန်စင်စစ် ဤအရာအားလုံးမှာ အနာဂတ်တွင် စဉ်းစားရမည့် ကိစ္စရပ်များသာ ဖြစ်သည်။ လက်ရှိတွင်မူ ကျန်းချဲ့၏ ရှေ့မှ လူငယ်က လူသားစားမျှော့ကတ်ပြားအတွက် မည်မျှအထိ ပေးချေရန် ဆန္ဒရှိသည်ကို ကြည့်ရုံသာ တတ်နိုင်သေးသည်။
“ကဲ... ခင်ဗျား ဘယ်လောက်ပေးမှာလဲ”
လက်ရှိတွင် ကျန်းချဲ့နှင့် ထိုလူငယ်သည် ဘေးကင်းဇုန်အတွင်းရှိ စားသောက်ဆိုင်တစ်ခု၌ ထိုင်နေကြသည်။ ၎င်းတို့နှစ်ဦးစလုံး၏ ရှေ့တွင် ဘီယာတစ်ခွက်စီ အသင့်ရှိနေ၏။ ကျန်းချဲ့၏ ရှေ့တွင် ထိုင်နေသော ကတုံးဆံတောက်နှင့် လူငယ်မှာ ကျန်းချဲ့ထက် နှစ်အနည်းငယ်မျှ ပိုကြီးပြီး ၎င်းကပင် ဘီယာဖိုး ရှင်းပေးထားခြင်း ဖြစ်သည်။
“တစ်သိန်းငါးသောင်း”
လူငယ်က ကျန်းချဲ့ကို ကြည့်ကာ ရိုးသားစွာ ကမ်းလှမ်းလာသည်။
“ဒီဈေးက တကယ်မနည်းပါဘူး။ ဆရာကြီး ညီအစ်ကိုလည်း စျေးကွက်ပေါက်စျေးကို သိမှာပါ၊ ပုံမှန်ဆိုရင် နှစ်ပွင့်ပြိုင် ကြေးဝါအဆင့်ကတ်က တစ်သိန်းဝန်းကျင်ပဲ ရှိတာလေ”
ကျန်းချဲ့က လက်ကိုမြှောက်ကာ တားမြစ်ရင်း ပြောလိုက်သည်။
“ဒါပေမဲ့ လူသားစားမျှော့က အရံအတား အမျိုးအစား သားရဲကတ်ပြားလေဗျာ။ အဲဒါရဲ့ တန်ဖိုးကို ခင်ဗျား သိသင့်ပါတယ်။ တစ်သိန်းရှစ်သောင်းဆိုရင်တော့ အပြတ်ပဲ။ မဟုတ်ရင်တော့ နေလိုက်တော့ဗျာ”
ကျန်းချဲ့က လုံးဝ အလျှော့မပေးဘဲ တင်းခံနေသည်ကို မြင်သောအခါ လူငယ်၏ မေးစေ့အစုံမှာ အနည်းငယ် တုန်ခါသွားသည်။ သူက မူလက ဈေးထပ်ဆွဲရန် ကြံရွယ်သော်လည်း နောက်ဆုံးတွင် စကားကို ပြန်သိမ်းလိုက်ရတော့သည်။
“ကောင်းပြီလေ၊ တစ်သိန်းရှစ်သောင်းဆိုလည်း တစ်သိန်းရှစ်သောင်းပေါ့။ ဆရာကြီး ညီအစ်ကိုနဲ့ ကျွန်တော် ဝမ်တုန်း မိတ်ဆွေဖြစ်ရတယ်လို့ပဲ သဘောထားလိုက်ပါမယ်။ ဒါပေမဲ့ သားရဲကမ္ဘာထဲမှာတော့ နည်းပညာပစ္စည်းတွေက အသုံးမဝင်ဘူးလေ။ အပြင်ကိုထွက်ပြီး အရောင်းအဝယ် ကိစ္စကို အပြီးသတ်ကြမလား”
ကျန်းချဲ့က ခေါင်းညိတ်ပြကာ ထိုင်ခုံမှ ထရပ်လိုက်ပြီး ဘေးကင်းဇုန် ရင်ပြင်အလယ်ရှိ ဟင်းလင်းပြင်ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားသည်။ အမှန်စင်စစ် လူတိုင်းသည် သားရဲကမ္ဘာထဲသို့ သားရဲများကို လာရောက်အမဲလိုက်ကြခြင်း ဖြစ်သဖြင့် အကြောင်းပြချက်မရှိဘဲ ငွေသားအမြောက်အမြားကို မည်သူက ကိုယ်ပေါ်တွင် ဆောင်ထားပါမည်နည်း။
အရောင်းအဝယ်ကိစ္စမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ ကျန်းချဲ့၏ ငွေစာရင်းထဲတွင် ငွေတစ်သိန်းရှစ်သောင်း ပိုမိုများပြားလာပြီး ဝမ်တုန်းသည်လည်း သူသဘောကျသည့် သားရဲကတ်ပြားကို ရရှိသွားခဲ့သဖြင့် နှစ်ဦးနှစ်ဖက်လုံးအတွက် ပျော်ရွှင်စရာ ဇာတ်သိမ်းတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။
“ဆရာကြီး ညီအစ်ကို... ကျွန်တော်တို့ အဆက်အသွယ် လုပ်လို့ရအောင် သူငယ်ချင်းအဖြစ် အပ်ထားရအောင်ဗျာ။ နောက်နောင် ကောင်းတာလေးတွေရရင်လည်း ဒီအစ်ကို့ကို မမေ့ပါနဲ့ဦး။ ဈေးနှုန်းအတွက်တော့ စိတ်ပျက်စေရမှာ မဟုတ်ဘူးလို့ အာမခံပါတယ်”
မခွဲခွာမီ ဝမ်တုန်းက ကျန်းချဲ့ထံမှ အရည်အသွေးမြင့် သားရဲကတ်ပြားများကို နောင်တွင် ဝယ်ယူနိုင်ရန်အတွက် အစပျိုးကာ အဆက်အသွယ် တောင်းဆိုလာခြင်း ဖြစ်သည်။ အမှန်တည်း၊ လူသားစားမျှော့တောအုပ်ထဲသို့ တစ်ဦးတည်း စွန့်စားဝင်ရောက်ပြီး ဒဏ်ရာအနာတရမရှိဘဲ သားရဲကတ်ပြားနှစ်ချပ်နှင့်အတူ ပြန်ထွက်လာနိုင်သည့် အောက်ခြေအဆင့် သားရဲထိန်းတစ်ဦးကို တွေ့ရခဲလှသည်။ ထိုကဲ့သို့သော လူမျိုးနှင့် မိတ်ဆွေဖွဲ့ထားနိုင်ခြင်းက သိသိသာသာပင် အကျိုးရှိပေလိမည်။
ထို့ကြောင့် ကျန်းချဲ့ကလည်း ငြင်းပယ်ခြင်း မပြုခဲ့ပေ။ မိတ်ဆွေအပေါင်းအသင်းများပြားခြင်းက မိမိအတွက် လမ်းစတစ်ခု ပိုပွင့်စေသည်ဟူသော ရှေးစကားပုံမှာ မှားယွင်းမည်မဟုတ်ချေ။
ဝမ်တုန်းနှင့် အရောင်းအဝယ် ပြီးမြောက်ပြီးနောက် ကျန်းချဲ့သည် သားရဲကမ္ဘာထဲသို့ ထပ်မံ မဝင်ရောက်တော့ပါ။ ကောင်းကင်ယံမှာ မှောင်မိုက်နေပြီဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုးတွင် အပြင်ထွက်၍ အမဲလိုက်ရန် မဖြစ်နိုင်တော့ချေ။ သူက မူလက စစ်စခန်းအနီးတစ်ဝိုက်တွင် အနားယူရန် နေရာတစ်ခု ရှာဖွေဖို့ ကြံရွယ်သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် မရပ်တန့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
မီးရောင်များ လင်းထိန်နေသည့် နေရာတစ်ခုတွင် လူအများဖြင့် စည်ကားသိုက်မြိုက်နေသော သားရဲကတ်ပြား အရောင်းအဝယ်ဗဟိုဌာနကြီးတစ်ခုကို ကျန်းချဲ့ မြင်တွေ့လိုက်ရသည်။ သူ ခေတ္တမျှ စဉ်းစားပြီးနောက် ထိုအရောင်းအဝယ်ဗဟိုဌာနဆီသို့ ဦးတည်လျှောက်လှမ်းသွား၏။
ညအချိန်ဖြစ်သော်လည်း အရောင်းအဝယ်ဗဟိုဌာန၏ စီးပွားရေးမှာ တော်တော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။ လူများမှာ အဝင်အထွက်များပြားလှပြီး အလွန်အမင်း စည်ကားလှုပ်ရှားနေသည်။ ၎င်းကပင် ၎င်းတို့၏ အရောင်းအဝယ်မှာ ကောင်းမွန်ရုံတင်မကသည်ကို သက်သေပြနေ၏။ အမှန်စင်စစ် လူတိုင်းသည် သားရဲကမ္ဘာများအတွင်း သားရဲများကို အမဲလိုက်ရန် အန္တရာယ် မစွန့်စားလိုကြချေ။ ငွေဖြင့် ဝယ်ယူ၍မရသောအရာ ဤလောကတွင် ဘာရှိသနည်း။ မိမိတို့ အလိုရှိရာ သားရဲကတ်ပြား အမျိုးအစားကို စိတ်ကြိုက် ရွေးချယ်နိုင်သည်သာ ဖြစ်သည်။
သူက အရောင်းအဝယ်ဗဟိုဌာန အနီးသို့ မရောက်မီမှာပင် မျက်လုံးမျက်ဆန် ပြူးပြူးပြာပြာဖြင့် သတိကြီးစွာ ထားနေပုံရသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကျန်းချဲ့ထံသို့ လျှောက်လာပြီး တိုးတိုးတိတ်တိတ် မေးမြန်းလာသည်။
“ညီလေး... သားရဲကတ်ပြား ဝယ်မလို့လား။ ငါ့မှာ အတော်လေး ကောင်းတဲ့ ကတ်အချို့ရှိတယ်ကွ။ ဈေးနှုန်းကတော့ အရောင်းအဝယ်ဗဟိုဌာနထက် တစ်ဆယ်ရာခိုင်နှုန်း လျော့ပေးမယ်လို့ အာမခံတယ်”
'မဖြစ်နိုင်တာ'
ကျန်းချဲ့က စိတ်ထဲမှ စကားစုကို ပြည့်စုံအောင် ဖြည့်စွက်လိုက်သည်။ ဤကဲ့သို့သော ပွဲစားများကသာ ယုံကြည်စိတ်ချရမည်ဆိုပါက ဝက်အထီးများပင် သားဖွားနိုင်လိမ့်မည် ဖြစ်၏။
“ကျွန်တော် မဝယ်ပါဘူး၊ လာကြည့်ရုံတင်ပါ”
ကျန်းချဲ့က ထိုလူကို လှမ်းကြည့်ကာ ခြေလှမ်းကို မလျှော့ဘဲ အရောင်းအဝယ်ဗဟိုဌာနဆီသို့ ဆက်လက် လျှောက်လှမ်းသွားသည်။ ထိုလူသည်လည်း ကျန်းချဲ့က သူ၏ ဈေးပေါသည်ဆိုသော ကုန်ပစ္စည်းများကို စိတ်မဝင်စားကြောင်း ရိပ်မိသွားသဖြင့် မျက်လုံးကို ဝေ့ဝဲကာ အပြင်ဘက်ရှိ လူအုပ်ထဲမှ နောက်ထပ် ဝယ်ယူမည့်သူကို ဆက်လက် ရှာဖွေနေတော့သည်။
ကျန်းချဲ့သည် မိမိ၏ အမြင်ကျယ်စေရန်အတွက် ဦးစွာ အရောင်းပြခန်းဧရိယာသို့ သွားရောက်ကြည့်ရှုသည်။ ဤနေရာတွင် ရောင်းချသော သားရဲကတ်ပြားများမှာ အမှန်တကယ်ပင် ဈေးမပေါလှသော်လည်း ကောင်းမွန်သည့်အချက်မှာ အမျိုးအစား အစုံအလင် ရှိနေခြင်းပင် ဖြစ်သည်။ တွေ့ရခဲသော လက်နက်အမျိုးအစား သားရဲကတ်ပြားများကိုပင် ဤနေရာ၌ ရောင်းချလျက်ရှိသည်။
သို့သော် နှမြောစရာကောင်းလှပေသည်။ ကျန်းချဲ့သည် ငွေနှစ်သိန်းနီးပါး ရရှိမည့် အရောင်းအဝယ်တစ်ခုကို ပြီးမြောက်ခဲ့သော်လည်း ဤနေရာတွင် ရောင်းချနေသည့် အဆင့်မြင့် ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် မလောက်မင ဖြစ်နေသေးသည်။ ထို့အပြင် သူသည် စုန့်လန်၏ ရောဂါကို ကုသရန်အတွက် ငွေရှာရဦးမည် မဟုတ်ပါလား။ သားရဲကတ်ပြားများ ဝယ်ယူရန်အတွက် ပိုလျှံသော ငွေသားကို ဘယ်ကဘယ်လို ရှာဖွေနိုင်ပါမည်နည်း။
ဘာပဲဖြစ်ဖြစ် ဟွမ်ထီလန် 'လက်ဆောင်ပေးခဲ့သည့်' မီးကင်းမြီးကောက်သည် အလွန်ပင် စွမ်းဆောင်ရည် မြင့်မားလှသည်။ သူသည် ပိုမိုများပြားသော သားရဲကတ်ပြားများ ရရှိနိုင်ရန်အတွက် မနက်ဖြန်တွင် သားရဲကမ္ဘာထဲ၌ ထူးဆန်းသော သားရဲများကို ဆက်လက်အမဲလိုက်ရန်သာ ပိုမိုဆန္ဒရှိသည်။
အန္တရာယ်အကြောင်း ပြောရလျှင် မည်သည့်နေရာမဆို အန္တရာယ်ရှိသည်သာ ဖြစ်၏။ လမ်းမပေါ်တွင် လျှောက်လှမ်းနေရင်း ကားတိုက်ခံရနိုင်သလို၊ ရေသောက်ရင်းပင် သီးပြီး သေဆုံးသွားနိုင်သည်။ သူက သားရဲကမ္ဘာထဲသို့ အလွန်အမင်း နက်နက်ရှိုင်းရှိုင်း မဝင်ရောက်ဘဲ ပိုမိုသတိထားရန်သာ လိုအပ်သည်။ မီးကင်းမြီးကောက်၏ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားနှင့်ဆိုလျှင် မည်သည့် ပြဿနာမျှ ရှိလာနိုင်စရာ မလိုချေ။
သူက မကြာမီ အချိန်အတွင်း ဒုတိယအဆင့် သားရဲထိန်းအဖြစ်သို့ တိုးတက်နိုင်မည်မဟုတ်ခြင်းကသာ စိတ်ပျက်စရာ ကောင်းလှသည်။ သို့မဟုတ်ပါက သူသည် နှစ်ပွင့်ပြိုင် ငွေအဆင့်ရှိ ခရမ်းရွှေရောင် လူသားစားမျှော့ကတ်ပြားကို တပ်ဆင်ပြီးနောက်တွင် အောက်ခြေအဆင့် သားရဲများ၏ မည်သည့် သာမန်ဒြပ်မဲ့ တိုက်ခိုက်မှုမျိုးမဆို ကျန်းချဲ့၏ အရံအတားကို ဖောက်ထွင်းနိုင်မည် မဟုတ်ချေ။
အရောင်းပြခန်းဧရိယာတွင် ရောင်းချနေသော သားရဲကတ်ပြားများကို ကြည့်ရှုပြီးနောက် ကျန်းချဲ့သည် ဘေးနားရှိ အဝယ်ကဏ္ဍဧရိယာသို့ လျှောက်လှမ်းသွားသည်။ ဤနေရာရှိ ဝန်ထမ်းများ၏ ဧည့်ဝတ်ပြုမှုမှာ အလွန်ပင် ကောင်းမွန်လှသည်။ ကျန်းချဲ့၏ ငယ်ရွယ်သော အသက်အရွယ်ကို မြင်တွေ့ပြီး နှိမ့်ချဆက်ဆံကာ မျက်နှာအိုးမည်းသုတ်မည့် အဖြစ်အပျက်မျိုး လုံးဝမရှိခဲ့ချေ။ အထူးသဖြင့် ကျန်းချဲ့က သူ၏အိတ်ကပ်ထဲမှ နှစ်ပွင့်ပြိုင် ကြေးဝါအဆင့်ကတ် နှစ်ချပ်နှင့် နှစ်ပွင့်ပြိုင် ငွေအဆင့်ကတ် တစ်ချပ်ကို ထုတ်ယူလိုက်သည့်အခါတွင် ဖြစ်သည်။ သူသည် ချက်ချင်းပင် နွေးထွေးစွာ ဧည့်ခံခြင်းကို ခံရသဖြင့် ဧည့်ကြိုကောင်မလေးက သူ့ကို သဘောကျနေပြီလားဟုပင် သံသယဝင်မိသွားသည်။
ကျန်းချဲ့ အရောင်းအဝယ်ဗဟိုဌာနမှ ထွက်လာသောအခါတွင်မူ သူ၏မျက်နှာထက်၌ စိတ်သက်သာရာရမှုနှင့်အတူ အပြုံးအနည်းငယ် စွန်းထင်နေသည်။ နှစ်ပွင့်ပြိုင် ကြေးဝါအဆင့် လူသားစားမျှော့ကတ်ပြားကို အရောင်းအဝယ်ဗဟိုဌာနသို့ တစ်ချပ်လျှင် ငွေတစ်သိန်းခြောက်သောင်းငါးထောင်ဖြင့် ရောင်းချခဲ့ရပြီး၊ ငွေအဆင့်ရှိ ခရမ်းရွှေရောင် လူသားစားမျှော့ကတ်ပြားကိုမူ ငွေလေးသိန်းငါးသောင်းဟူသော မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
အမှန်စင်စစ် ဤဈေးနှုန်းသည် သီးသန့်ချင်း အရောင်းအဝယ် ပြုလုပ်သလောက် ဈေးမရသော်လည်း၊ အားသာချက်မှာ ဘေးကင်းလုံခြုံခြင်းပင် ဖြစ်သည်။ ထို့တင်မကဘဲ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားမှာလည်း ပေါ်ပေါက်သွားမည်မဟုတ်သဖြင့် နောင်တွင် ကြုံတွေ့ရမည့် ဒုက္ခများမှ ကင်းဝေးစေမည် ဖြစ်သည်။ ကျန်းချဲ့တွင် ပြင်းထန်သောအင်အားလည်း မရှိ၊ နောက်ခံအကာအကွယ်လည်း မရှိပေ။ ထို့ကြောင့် သူက ထိုကဲ့သို့သော အန္တရာယ်များကို သဘာဝကျကျပင် မစွန့်စားလိုတော့ချေ။
တစ်ရက်တာ တိုတောင်းလှသော အချိန်အတွင်းမှာပင် ကျန်းချဲ့သည် ငွေကိုးသိန်းခြောက်သောင်းဟူသော ကြီးမားသည့် ပမာဏကို ရှာဖွေနိုင်ခဲ့သည်။ သူ၏ စွမ်းဆောင်ရည်မှာ တုန်လှုပ်စရာကောင်းလောက်အောင် မြင့်မားလှပေစွ။
အမှန်စင်စစ် ဟွမ်ထီလန်က သူ့ကို ပေးအပ်ခဲ့သော မီးကင်းမြီးကောက်ကြောင့်သာ ဤအရာအားလုံး ဖြစ်မြောက်လာခြင်း ဖြစ်သည်။ အကယ်၍ ကျန်းချဲ့တွင် တစ်ပွင့်ပြိုင် သံနက်အဆင့် သားရဲကတ်ပြားသာ ရှိမည်ဆိုပါက ငွေတစ်သန်းနီးပါး မဆိုထားနှင့်၊ ငွေငါးသောင်းပင် ရှာဖွေနိုင်မည်မဟုတ်သည့်အပြင် အလွန်အမင်းလည်း အန္တရာယ်ကြီးမားလှပေလိမည်။ ထို့ကြောင့် သူဌေးတစ်ယောက် ဖြစ်ရခြင်းက ဘဝကို ပိုမိုလွယ်ကူစေသည်သာ။ မည်သည့် အသက်မွေးဝမ်းကျောင်းအလုပ်တွင်မဆို ၎င်းတို့၏ စတင်ရာအမှတ်မှာ သာမန်လူများထက် များစွာ ပိုမိုမြင့်မားနေမည် ဖြစ်သည်။
ကျန်းချဲ့သည် သူဌေးတစ်ယောက် မဟုတ်သော်လည်း အမျိုးသမီးတစ်ယောက်၏ ပံ့ပိုးမှုဖြင့် ဘဝကို အေးဆေးစွာ ဖြတ်သန်းနိုင်မည့် အလားအလာတော့ ရှိနေပေသည်။