အခန်း (၈၇) မန္တန်စွမ်းအင်မျှော်စင်
လွန်ခဲ့သော လအနည်းငယ်က ဆရာမ ဆိုဖီယာနှင့်အတူ ဖီးနစ်အဖွဲ့ချုပ် (Phoenix Order) သို့ စတင်ရောက်ရှိစဉ်က ဝင်ရောက်ခဲ့သည့် ကူးသန်းသွားလာရေးဂိတ် (portal) ရှေ့တွင်ပင် မက်စ် (Max) ပြန်လည်ရပ်နေမိသည်။ အဖွဲ့ချုပ်အဖွဲ့ဝင် အများအပြားမှာလည်း သူ၏ဘေးတွင် ရပ်နေကြသလို၊ အချို့မှာလည်း ဂိတ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။
"သူမ နောက်ကျနေပြန်ပြီ"
အဲလစ် (Alice) ၏ အရိပ်အယောင်မျှပင် မတွေ့ရသေးသဖြင့် မက်စ် သက်ပြင်းချလိုက်မိသည်။ သူ ကြိုတင်အကြောင်းကြားထားပါလျက်နှင့် အခုထိ ပေါ်မလာသေးသည်မှာ သူမ ဘာတွေများ လုပ်နေသနည်းဟု တွေးတောနေမိသည်။ နာရီဝက်ခန့် ကြာပြီးနောက်မှ သူမသည် သူရှိရာသို့ ပြေးလွှားလာသည်ကို တွေ့လိုက်ရသည်။
"ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ" မက်စ်က ပြစ်တင်ဝေဖန်သလို မေးလိုက်သည်။
အဲလစ်က ပြုံးလိုက်ရင်း အနီရောင် လက်ပတ်တစ်ခုကို ထုတ်ပြကာ "နင့်အတွက် အကာအကွယ်ပေးနိုင်မယ့် ရှေးဟောင်းပစ္စည်း (Artifact) တစ်ခုကို မေမေ့ဆီမှာ တောင်းနေလို့ နည်းနည်းကြာသွားတာ။ ကဲ... သွားကြရအောင်" ဟု ရှင်းပြသည်။
မက်စ်က ဂိတ်ဘက်သို့ လှည့်လိုက်စဉ် စိတ်လှုပ်ရှားမှုများက ရင်ထဲ၌ လှိုင်းထနေသဖြင့် ပြုံးမိသွားသည်။ သို့သော် အဲလစ်က သူ့လမ်းကို ပိတ်လိုက်ပြီး "နေဦး... အရင်ဆုံး ဒီလက်ပတ်ကို ဝတ်ထားလိုက်။ ဓားအသုံးပြုသူဘလိတ်မိသားစု (Blade family) က လူတွေ အပြင်မှာ နင့်ကို ဘယ်အချိန် တိုက်ခိုက်လာမလဲ မသိဘူး၊ အသင့်ပြင်ထားတာ ပိုကောင်းတယ်" ဟု လေးနက်စွာ ပြောလိုက်သည်။
မက်စ်က သူမလက်ထဲမှ လက်ပတ်ကို လှမ်းယူလိုက်ပြီး "ကောင်းပါပြီလေ၊ နင်က အဲ့လောက်တောင် ပြောနေမှတော့" ဟု ဆိုကာ ဝတ်ဆင်လိုက်သည်။
"ဟီးဟီး... ဒါဆို သွားကြစို့"
မက်စ် လက်ပတ်ဝတ်ထားသည်ကို မြင်ရသဖြင့် အဲလစ်က ကျေနပ်အားရစွာ ပြုံးလိုက်သည်။ သူမသည် ဂိတ်အတွင်းသို့ အရင်ဝင်ကာ ပျောက်ကွယ်သွားပြီး၊ မက်စ်ကလည်း နောက်မှ လိုက်ပါသွားရာ ဖီးနစ်အဖွဲ့ချုပ်၏ နယ်နိမိတ်အတွင်းမှ နှစ်ယောက်သား ပျောက်ကွယ်သွားတော့သည်။
ကူးသန်းသွားလာရေးဂိတ်ကို ဖြတ်ကျော်ပြီးနောက် မက်စ်ကို ကြိုဆိုလိုက်သည်မှာ ကောင်းကင်ယံအထိ မြင့်မားသော မိုးမျှော်တိုက်ကြီးများ၊ နီယွန်မီးရောင်စုံများနှင့် ဆိုင်းဘုတ်များ ပြည့်နှက်နေသည့် ကမ္ဘာသစ်တစ်ခုပင် ဖြစ်သည်။ နေ့ခင်းဘက် ဖြစ်သော်လည်း မိုးမျှော်တိုက်ကြီးများက နေရောင်ကို လုံးဝ ကွယ်ထားသည်။
"ဒါကတော့ အလယ်ဗဟိုမြို့တော် (Central City) ပဲ... အရှေ့ပိုင်းဒေသရဲ့ အဓိကအသိုင်းအဝိုင်း (Core Circle) ထဲက အဓိကအကျဆုံး မြို့ပေါ့" ဟု အဲလစ်က မိတ်ဆက်ပေးသည်။
မက်စ်သည် အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ သူ အလယ်ဗဟိုမြို့တော်အကြောင်း စာအုပ်ထဲတွင် ဖတ်ဖူးသည်။ ၎င်းသည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် အဆင့်အမြင့်ဆုံးနှင့် ဘေးအကင်းဆုံး နေရာတစ်ခုဟု ဆိုကြသည်။ သို့သော်လည်း မက်စ်ကဲ့သို့ ထိပ်တန်းအဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုမရှိလျှင် အတွင်းပိုင်းအသိုင်းအဝိုင်းမှ မည်သူမျှ ဤမြို့ထဲသို့ အလွယ်တကူ ဝင်ခွင့်မရနိုင်ပေ။
"နင့်ကို စိတ်ဝင်စားစရာ အချက်လေးတစ်ခု ပြောပြရမလား"
အဲလစ်က စနောက်ချင်သော အမူအရာဖြင့် မက်စ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ မက်စ်က သူမ၏ အပြုံးကို မြင်သည်နှင့် "နေဦး! နေဦး! နင် ငါ့ကို ကလဲ့စားချေတဲ့အနေနဲ့ နောက်ပြန်လှောင်ဦးမလို့လား" ဟု ပြန်ပက်လိုက်သည်။
"ဟားဟားဟား" အဲလစ်က တဟားဟား ရယ်မောရင်း "မဟုတ်ပါဘူး အနတ္တရဲ့။ ငါ ပြောပြမယ့်အရာက နင့်ကို အံ့သြမှင်သက်သွားစေမှာမလို့ပါ"
မက်စ် စိတ်ဝင်စားသွားပြီး "ဘာများလဲ" ဟု လောဆော်သလို မေးလိုက်သည်။
အဲလစ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြရင်း မက်စ်ကို တမင် စောင့်ခိုင်းထားကာ စိတ်လှုပ်ရှားအောင် လုပ်နေသည်။ ထို့နောက်မှ "ဒီ အလယ်ဗဟိုမြို့တော် တစ်ခုလုံးက အတွင်းပိုင်းအသိုင်းအဝိုင်း (Inner Circle) တစ်ခုလုံး ပေါင်းထားတာထက်တောင် ပိုကြီးတယ်လေ" ဟု ဆိုလိုက်သည်။
မက်စ်၏ မျက်လုံးများ ပြူးကျသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အတွင်းပိုင်းအသိုင်းအဝိုင်းက မည်မျှကျယ်ဝန်းသည်ကို ထိုနေရာတွင် နှစ်ပေါင်းများစွာ နေလာခဲ့သော သူက အသိဆုံးဖြစ်သည်။ မြို့နယ်တစ်ခုနှင့်တစ်ခု သွားလာရန်ပင် ရထားစီးရသည့်အဆင့်။ ယခု သူရပ်နေသော မြို့တစ်မြို့တည်းက ထိုနယ်မြေတစ်ခုလုံးထက် ကြီးမားနေသည်ဆိုသည်မှာ မက်စ်အတွက် လုံးဝ အဓိပ္ပာယ်မရှိသလို ဖြစ်နေသည်။
"အံ့သြသွားတာလား... ဟီးဟီး" မက်စ်၏ အမူအရာကိုကြည့်ကာ အဲလစ်က တခစ်ခစ် ရယ်သည်။
မက်စ်က ခေါင်းညိတ်ရင်း အသက်ပြင်းပြင်းရှုကာ "တကယ့်ကို အံ့သြဖို့ကောင်းတာပဲ" ဟု ဆိုပြီးနောက် အဓိကကိစ္စသို့ ပြန်လှည့်လိုက်သည်။ "ကဲ... မန္တန်စွမ်းအင်မျှော်စင် (Rune Tower) ဆီ သွားရအောင်"
အဲလစ်က ခေါင်းညိတ်ကာ "သွားကြစို့၊ ဂိတ်ကနေ လမ်းလျှောက်သွားရင် ရတဲ့အကွာအဝေးမှာပဲ ရှိတာ"
မျှော်စင်ဆီသို့ လမ်းလျှောက်သွားရင်း အဲလစ်က ရုတ်တရက် မေးလိုက်သည်။ "ဒါနဲ့... နင်က ဘာလို့ ရုတ်တရက်ကြီး မန္တန်စွမ်းအင်သင်္ကေတ (Runes) တွေကို စိတ်ဝင်စားသွားရတာလဲ"
မက်စ်က သူမဘက်သို့ လှည့်ကာ လျှို့ဝှက်ချက်တစ်ခုလို အမူအရာဖြင့် "ဒါကတော့ ငါ့ရဲ့ လျှို့ဝှက်ချက်ပေါ့" ဟု ပြန်ဖြေသည်။
"အားးးးး!" အဲလစ်က စိတ်ပျက်လက်ပျက် အော်ဟစ်ကာ ခြေဆောင့်လိုက်သည်။ "နင့်မှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် များနေတာလဲ"
မက်စ်က ခပ်တိုးတိုးရယ်ရင်း "သိပ်တော့ မများပါဘူး၊ ဒါပေမဲ့ တစ်ခုချင်းစီက နင့်ကို အံ့သြသွားစေမှာပဲ... အထူးသဖြင့် နောက်ဆုံးတစ်ခုပေါ့"
အဲလစ်က သက်ပြင်းချလိုက်ပြီး ဝမ်းနည်းရိပ်သန်းသော မျက်နှာဖြင့် "နင်က ဘယ်တော့မှ ပြောပြမှာမှ မဟုတ်တာ၊ အဲ့တော့ ဘယ်လောက်ပဲရှိရှိ အရေးမပါတော့ပါဘူးလေ"
သူမ၏ အမူအရာကို မက်စ် သတိပြုမိသော်လည်း မိမိ၏ လျှို့ဝှက်ချက်များကို အခြားသူအား မည်သည့်အခါမျှ မဖော်ပြရန် သူ ကောင်းကောင်းသိသည်။ အရင်းနှီးဆုံးသူပင် ဖြစ်ပါစေဦးတော့။
"အဲ့ဒါတွေအတွက် စိတ်မပူပါနဲ့" မက်စ်က ပြောလိုက်ပြီးမှ "ဒါနဲ့ နင့်မှာရော ဘာလျှို့ဝှက်ချက်တွေ ရှိလဲ" ဟု ပြန်စလိုက်သည်။
အဲလစ်က ခဏတာ တွေးတောပြီး "မရှိဘူး ထင်တာပဲ" ဟု ဖြေသည်။
"နင်ကတော့ တကယ်ကို ပျင်းစရာကောင်းတဲ့သူပဲ" မက်စ်က နှမြောသလို ခေါင်းခါပြသည်။
အဲလစ်ကလည်း မခံချင်စိတ်ဖြင့် "ဘာကို ဆိုလိုတာလဲ၊ လူတိုင်းမှာ လျှို့ဝှက်ချက်တွေ ရှိနေရမှာလား"
မက်စ်က ပြုံးရင်း "အင်းလေ... မရှိတာထက်စာရင် ရှိနေတာက ပိုကောင်းတာပေါ့"
သူတို့နှစ်ဦး အပြန်အလှန် ငြင်းခုံရင်း ဆန်းပြားသော မျှော်စင်ကြီးတစ်ခုရှေ့သို့ ရောက်လာကြသည်။ မျှော်စင်ကြီးမှာ ကုဗတုံးပုံစံ အတုံးကြီးတစ်ခုနှင့် လုံးဝန်းသော စက်လုံးပုံစံ အတုံးကြီးတစ်ခုတို့ကို တစ်ခုပေါ်တစ်ခု ဆယ်ဆင့်တိုင်တိုင် ထပ်ဆင့်တင်ထားသည့်ပုံစံ ဖြစ်သည်။ အလယ်က ကုဗတုံးပေါ်တွင် ရွှေရောင်တောက်ပနေသော ထူးဆန်းသည့် သင်္ကေတများဖြင့် စာသားအချို့ ရေးထိုးထားသည်။ ထိုသင်္ကေတများမှာ မန္တန်စွမ်းအင်သင်္ကေတ (Rune Symbols) များ ဖြစ်ပြီး "မန္တန်စွမ်းအင်မျှော်စင် (RUNE TOWER)" ဟု အဓိပ္ပာယ်ရကြောင်း မက်စ် နားလည်လိုက်သည်။
မျှော်စင်အပြင်ဘက် အဝင်ဝတွင် လူအများအပြား ဝင်ထွက်သွားလာနေကြသည်။ မက်စ်နှင့် အဲလစ်တို့ အထဲသို့ ဝင်လိုက်သည်နှင့် ရုံးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးက ကြိုဆိုလိုက်သည်။
"မင်္ဂလာပါ၊ ကျွန်မက ဗိုင်အိုလာ ပါ။ ဘာများ ကူညီပေးရမလဲရှင်"
မက်စ်က သူမကို ကြည့်ကာ "ကျွန်တော်တို့ မန္တန်စွမ်းအင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ချင်လို့ပါ။ ဘယ်မှာ ရှာလို့ရမလဲ" ဟု မေးလိုက်သည်။
ဗိုင်အိုလာက မက်စ်နှင့် အဲလစ်ကို ကြည့်ရင်း မှတ်မိသွားပုံရကာ "ဒီဘက်ကို ကြွပါရှင်" ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။ သူမသည် လူစည်ကားသော ခန်းမကြီးကို ဖြတ်၍ သီးသန့်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။
"ဒါကတော့ အဆင့် (၁) မန္တန်ပစ္စည်းတွေ ဝယ်လို့ရတဲ့နေရာပါ" ဟု ဗိုင်အိုလာက ညွှန်ပြလိုက်သည်။
မက်စ်က ခေါင်းညိတ်ပြပြီး အဲလစ်နှင့်အတူ အခန်းထဲသို့ ဝင်ခဲ့သည်။ အခန်းအတွင်းပိုင်းကို မန္တန်အမှတ်အသားများဖြင့် ခန့်ညားစွာ ပြင်ဆင်မွမ်းမံထားသည်။ သူတို့ ဝင်သွားချိန်တွင် လူသုံးဦး စကားပြောနေသည်ကို တွေ့ရသည်။ တစ်ဦးမှာ ဆိုင်စောင့်ဖြစ်ပြီး ကျန်နှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရခက်သော်လည်း ဝတ်စားဆင်ယင်မှုအရ အဆင့်အတန်း မြင့်မားသူများ ဖြစ်ပုံရသည်။
"အဲလစ်! နင် ဒီကို ဘာလာလုပ်တာလဲ"
ထိုသူများထဲမှ ဆံပင်အဝါရောင် အရှည်နှင့် အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးက အဲလစ်ဆီသို့ ပြေးလာကာ ဖက်လိုက်သည်။
"လီလီ... မတွေ့ရတာ ကြာပြီနော်" အဲလစ်က ထိုမိန်းကလေးကို ကြည့်ကာ ပြုံးလိုက်သည်။
မက်စ်က သူတို့ကို လှမ်းကြည့်နေစဉ် ရုတ်တရက် တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ အလွန်အစွမ်းထက်သည့် မကောင်းဆိုးဝါး (monster) တစ်ကောင်၏ အကြည့်အောက်တွင် ပစ်မှတ်ထားခံနေရသလိုမျိုး ဖြစ်သည်။ သို့သော်လည်း ထိုခံစားချက်မှာ အခန်းထဲတွင် ကျန်ရှိနေသည့် နောက်ဆုံးတစ်ဦးထံမှ လာခြင်းဖြစ်ကြောင်း မက်စ် သိလိုက်သည်။
'တောက်! ဒီလူက ငါ့ကို သူ့ရဲ့ အရှိန်အဝါ (Aura) နဲ့ တမင် ဖိအားပေးနေတာပဲ' ဟု မက်စ် တွေးလိုက်မိသော်လည်း တစ်ဖက်တွင်မူ အခြားသူများ၏ ဖိအားပေးမှုမှာ သူ့အပေါ် သက်ရောက်မှုမရှိကြောင်း သူ သိထားသည်။ သူသည် အေးစိမ့်သော ခံစားချက် သို့မဟုတ် စူးရှသော အကြည့်မျိုးကို ခံစားရနိုင်သော်လည်း တကယ့် ဖိအားဒဏ်ကိုမူ မခံစားရပေ။ ဆရာမ ဆိုဖီယာက သူ့ထက် အဆပေါင်းများစွာ သန်မာသူ၏ ဖိအားကို မည်သို့ ရင်ဆိုင်ရမည်ကို သင်ကြားပေးစဉ်ကတည်းက ဤထူးဆန်းသော စွမ်းရည်ကို သူ သတိထားမိခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က မက်စ်သည် သူမ၏ ဖိအားကို လုံးဝ မခံစားရဘဲ လေ့ကျင့်ခန်း ပြီးမြောက်အောင်သာ ဟန်ဆောင်ခဲ့ရခြင်း ဖြစ်သည်။
'ငါ့ကို ကြောက်အောင် ခြောက်လို့ရမယ် ထင်နေရင်တော့ အမှားကြီး မှားသွားပြီ'
မက်စ်က ခနဲ့သလို ပြုံးလိုက်ရင်း ခန်းမထဲရှိ ထိုသူကို စိုက်ကြည့်လိုက်သည်။
ထိုသူမှာ ကျယ်ပြန့်တောင့်တင်းသော ခန္ဓာကိုယ်နှင့် ခွန်အားအရှိန်အဝါများ ထွက်ပေါ်နေသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။ ဖြူရောင်သန်းနေသော အဝါရောင်ဆံပင်များကို နောက်သို့ သပ်ရပ်စွာ ဖြီးသင်ထားပြီး သိက္ခာရှိကာ ကြံ့ခိုင်မှုရှိသည့် အသွင်ကို ဆောင်သည်။ သူ ဝတ်ဆင်ထားသည့် လေ့ကျင့်ရေးဝတ်စုံမှာ စည်းကမ်းနှင့် ကျွမ်းကျင်မှုအတွက် ဘဝကို မြှုပ်နှံထားသူတစ်ဦး ဖြစ်ကြောင်း ပြသနေလေသည်။