အခန်း (၈၃) အရှက်ခွဲခြင်း
ကီလီယန်သည် သူ၏ရှေ့မှ မြင်ကွင်းကို လက်မခံနိုင်စွာဖြင့် မက်စ်ကို စိုက်ကြည့်နေမိသည်။ သူ အပြည့်အဝ ယုံကြည်မှုထားခဲ့သော၊ သူ၏ အစွမ်းရှိသမျှ အကုန်ပုံအောထုတ်သုံးခဲ့သော သူ၏ အဆုံးစွန် တိုက်ခိုက်မှုကြီးအပြီးတွင်ပင် မက်စ်မှာ ဘာဒဏ်ရာမှမရဘဲ ရပ်နေဆဲဖြစ်သည်။ "ဘာတွေဖြစ်သွားတာလဲ? နည်းစနစ်ကို သုံးတာတောင် ငါ ရှုံးသွားတာလား... ဘယ်လိုလုပ်ပြီး?" သူသည် ဗလာဟင်းလင်းဖြစ်နေသော မျက်နှာဖြင့် တတွတ်တွတ် ရေရွတ်နေသည်။ သူသည် အသက်ကို ပြင်းပြင်းရှူရင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ရုတ်ချည်းပင် အသိတရားတစ်ခုက ဒီရေလှိုင်းကဲ့သို့ သူ့ကို ရိုက်ခတ်သွားသည် — သူ၏ အကြီးမားဆုံးသော ခွန်အား၊ သူအားကိုးသမျှ အရာအားလုံးသည် မက်စ်၏ ရှေ့မှောက်တွင် ဘာမှမဟုတ်ခဲ့ချေ။
"ဘယ်လိုလုပ်..." သူသည် မက်စ်ကို ကြည့်ရင်း တုန်ရီသော အသံဖြင့် တီးတိုးမေးလိုက်သည်။ "ဘယ်လိုလုပ်... မင်းက ဒီလောက်တောင် သန်မာနေရတာလဲ?"
မက်စ်က ပြန်မဖြေပေ။ ယင်းအစား သူသည် မဖောက်ထွက်နိုင်သော ထိုစူးရှသည့် မျက်လုံးများဖြင့်သာ သူ့ကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာထက်မှ အပြုံးမှာလည်း ပျောက်ကွယ်မသွားခဲ့ချေ။ ကီလီယန်သည် ထိုအခြင်းအရာကို နားမလည်နိုင်စွာဖြင့် ယိုင်တိုင်တိုင် နောက်ဆုတ်သွားသည်။ သူ၏ လက်များ တုန်ရင်လာပြီး အခြေအနေ၏ ဖိအားကြောင့် ရင်ဘတ်ထဲတွင် မွန်းကြပ်လာသည်။ သူသည် မိမိထက် အဆင့် ၄ ဆင့် နိမ့်သောသူကို ရှုံးနိမ့်ခဲ့ပြီ ။
၁၀၀ ရာခိုင်နှုန်း အောင်မြင်လိမ့်မည်ဟု ယုံကြည်ထားသော သူ၏ အဆုံးစွန် ကွက်ကွက်ကို သုံးခဲ့ပါလျက်နှင့်။ သို့သော် သူ ရှုံးခဲ့သည်။ သူ၏ အသက်အန္တရာယ်နှင့် ကြုံမှသာ အသုံးပြုမည့် ထိုအထူးတိုက်ခိုက်မှုကြီးမှာ အလွယ်တကူ တားဆီးခြင်း ခံလိုက်ရသည်။
"ဘာလို့လဲ?" သူ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ ရရှိရန် ခက်ခဲစွာ ကြိုးစားခဲ့ရသော ခွန်အားများ၊ နှစ်ပေါင်းများစွာ လေ့ကျင့်မှုများ၊ သူ အမြဲတမ်း အားကိုးခဲ့သော စွမ်းအားများ— အရာအားလုံးမှာ အဓိပ္ပာယ်မဲ့သွားသလို ခံစားလိုက်ရသည်။ သူသည် ဤတိုက်ပွဲတွင် အရာအားလုံးကို ပုံအောခဲ့သော်လည်း ချွေးတစ်စက်ပင် မထွက်ရသေးသော သူတစ်ယောက်၏ အောက်သို့ ရောက်သွားခဲ့ရသည်။
"ငါက အဲဒီလောက်တောင် အားနည်းနေတာလား?" သူ တွေးတောမိရင်း စိတ်ပျက်အားငယ်မှုများက တိုးဝင်လာသည်။ သူ နင်းထားသော မြေပြင်မှာပင် ဝေးကွာသွားသယောင် ထင်ရပြီး စိတ်ပျက်အားငယ်မှုများ နစ်ဝင်လာသည်နှင့်အမျှ သူ၏ အတွေးများမှာလည်း ဝေဝါးလာသည်။ သူသည် အလွန်ပင် သေချာခဲ့သည်၊ ယုံကြည်ချက်လည်း အပြည့်ရှိခဲ့သည်၊ သို့သော် ယခုအခါ ထိုအရာအားလုံးမှာ လိမ်လည်မှုတစ်ခုကဲ့သို့ ခံစားနေရသည်။ သူ၏ ဓား၊ သူ၏ လျှပ်စီး၊ သူ၏ စွမ်းရည်များ— အဘယ်အရာကမှ အရေးမပါတော့ချေ။
"ငါ... ငါ မလုပ်နိုင်တော့ဘူး..." ကီလီယန်က တီးတိုးရေရွတ်ရင်း သူ၏ မျက်လုံးများမှာ စူးရှမှုများ ကွယ်ပျောက်သွားသည်။ သူသည် လက်ထဲမှ ဓားကို လွှတ်ချလိုက်သည်။ ထိုဓား၏ အလေးချိန်မှာ သူ မသယ်ပိုးနိုင်လောက်အောင်ပင် လေးလံနေပုံရပြီး သူသည် မက်စ်ကို ဗလာကျင်းနေသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။
"ဒါပဲလား? ဒါကပဲ ဘလိတ်မိသားစုရဲ့ ပါရမီရှင်လား?" မက်စ်၏ အသံက သူ၏ နားထဲသို့ ရောက်လာသဖြင့် မက်စ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ မြင်လိုက်ရသည်မှာ အရိပ်တစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားခြင်းသာ ဖြစ်ပြီး ထို့နောက် ဝမ်းဗိုက်ထဲသို့ စူးရှသော နာကျင်မှုတစ်ခု တိုးဝင်လာသည်။ ချက်ချင်းဆိုသလိုပင် သူသည် လေထဲတွင် လွင့်မျောသွားပြီး မြေပြင်ပေါ်သို့ ဒိုင်းခနဲ ကျသွားသည်။
မက်စ်က သူ၏ ရှေ့မှောက်တွင် ရုတ်ချည်း ပေါ်လာပြီး သူ့ကို ဆံပင်မှ ဆွဲမလိုက်သည်။ "ဘလိတ်မိသားစုဝင် ဖြစ်ရတဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ?" သူက မေးလိုက်ရင်း ကီလီယန်၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်ပြန်သည်။ "ဒါက တကယ်ပဲ စစ်သည်တော်နယ်ပယ် (Battle Realm) ရဲ့ အဆင့်သစ် အဆင့်သတ်မှတ်ချက် (Novice Rankings) မှာ နှစ်ပေါင်းများစွာ ထိပ်ဆုံးက စိုးမိုးခဲ့တဲ့သူရဲ့ ခွန်အားလား?"
နောက်ထပ် လက်သီးချက်တစ်ချက်က ထပ်မံရောက်ရှိလာပြီး ကီလီယန်မှာ ပြင်းထန်စွာ ချောင်းဆိုးသွားတော့သည်။ "မင်းက တကယ်ပဲ ဒဏ္ဍာရီလာ ဘလိတ်မိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက် ဟုတ်ရဲ့လား?" မက်စ်က လှောင်ပြောင်သော လေသံဖြင့် ဆက်ပြောနေသည်။ နောက်ထပ် လက်သီးချက်တစ်ချက် ထပ်ထိမှန်ပြန်ရာ ကီလီယန်မှာ အသက်ရှူရ ခက်ခဲလာပြီး တုန်ရင်နေတော့သည်။
မက်စ်၏ မျက်လုံးများမှာ ပိုမိုမှောင်မိုက်လာပြီး အတိတ်က ဒဏ်ရာဟောင်းများ စိတ်ထဲတွင် ပြန်ပေါ်လာသည်နှင့်အမျှ သူ၏ ရက်စက်မှုများက ပိုမိုကြီးထွားလာသည်။ အယ်လီနာ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရစဉ်က မိမိကိုယ်ကို အားကိုးရာမဲ့ပြီး အရှက်ရခဲ့သော မှတ်ဉာဏ်များက သူ၏ တောက်လောင်နေသော အမုန်းတရားများကို ပိုမိုလှုံ့ဆော်ပေးနေသည်။
"ဘလိတ်မိသားစုက အစွမ်းထက်တယ်လို့ ငါ ကြားဖူးပါတယ်" မက်စ်၏ စကားလုံးများမှာ အဆိပ်အတောက်များကဲ့သို့ ထွက်ပေါ်လာသည်။ "တချို့ကဆို သူတို့ဟာ သူတို့မျိုးဆက်မှာ အသန်မာဆုံးလို့တောင် ပြောကြသေးတယ်။ ဒါပေမဲ့ မင်းကရော? မင်း— ကီလီယန် ဘလိတ် — ကတော့ မိမိထက် ၄ ဆင့် နိမ့်တဲ့သူကိုတောင် မနိုင်ဘူး။ မင်းရဲ့ ဟန်ဆောင် ဂုဏ်ဒြပ်တွေ ရှိနေပါလျက်နဲ့ ဘယ်လိုလုပ် ဒီလောက်တောင် သနားစရာကောင်းအောင် ရှုံးနေရတာလဲ?"
စကားလုံးတစ်လုံးချင်းစီမှာ ကီလီယန်၏ ဂုဏ်သိက္ခာကို ထိုးစိုက်လိုက်သော ဓားမြှောင်များကဲ့သို့ပင်။ မေးခွန်းတိုင်းက သူ့ကို ချောက်ကမ်းပါးအစွန်းသို့ ပိုမိုတွန်းပို့နေသည်။ သူသည် အားနည်းစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သော်လည်း စိတ်ပျက်အားငယ်မှုများက သူ၏ နှလုံးသားကို ဆုပ်ကိုင်ထားသဖြင့် သူ၏ စိတ်မှာ ဝေဝါးနေသည်။
မက်စ်က နောက်ဆုံး တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။ "မင်းက အားနည်းလွန်းတယ်.."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကီလီယန်၏ ခန္ဓာကိုယ်မှာ ထုံကျင်သွားသည်။ သူ၏ တစ်သက်တာလုံးတွင် သူသည် ဘလိတ်မိသားစု၏ အတော်ဆုံး ပါရမီရှင်တစ်ဦးအဖြစ် ချီးကျူးခံခဲ့ရသည်။ လူများ၏ အားပေးသံ၊ အနိုင်ရရှိမှုများ၊ သူ မည်မျှ သန်မာကြောင်း ပြောဆိုသံများနှင့် သူ၏ ခွန်အားအပေါ် အခြားသူများ၏ မနာလိုဖြစ်သော အကြည့်များကိုသာ သူ နေသားကျခဲ့သည်။ သို့သော် သူ၏ ပြိုင်ဘက်တစ်ဦးထံမှ "မင်းက အားနည်းလွန်းတယ်" ဟူသော စကားစုကို ကြားရလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ထိုအခိုက်အတန့်တွင် သူ၏ ဂုဏ်သိက္ခာများ၊ ယုံကြည်ချက်များနှင့် သူ ဂုဏ်ယူခဲ့သမျှ အရာအားလုံးမှာ သူ၏ မျက်စိရှေ့တွင်ပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ စိတ်ပျက်အားငယ်မှု၏ မှောင်မိုက်သော အမှောင်ထုထဲတွင် သူ့ကို ဝါးမြိုရန် ခြိမ်းခြောက်နေသည့် အဆုံးမရှိသော ဗလာနယ်တစ်ခုသာ ကျန်ရစ်တော့သည်။
"အသုံးမကျလိုက်တာ" ကီလီယန်၏ မျက်လုံးထဲမှ အလင်းရောင်များ ကွယ်ပျောက်သွားပြီး မှောင်မိုက်သော စိတ်ပျက်အားငယ်မှုများက အစားထိုးဝင်ရောက်လာသည်ကို မြင်သောအခါ မက်စ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူသည် ကီလီယန်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ "မင်းက ဒီမြေကြီးပေါ်မှာပဲ နေသင့်တာ။"
မက်စ်သည် ကီလီယန်၏ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော မျက်လုံးများကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။ "ဘလိတ်တွေက သန်မာတယ်လို့ ငါ ထင်နေတာ" သူက လှောင်ပြုံးပြုံးရင်း မြေပြင်ပေါ်ရှိ ကီလီယန်ကို ကန်လိုက်သည်။ "ဒါပေမဲ့ တကယ်တမ်းကျတော့ မင်းတို့က စိတ်ပျက်စရာကောင်းတဲ့ ကောင်တွေပဲ။"
"မင်းက အားနည်းတယ်.." နောက်ထပ် တစ်ချက် ကန်လိုက်သည်။
"မင်းတို့ ဘလိတ်မိသားစုက အမှိုက်တွေနဲ့ ပြည့်နေတာပဲ.." နောက်ထပ် တစ်ချက်ကန်လိုက်သည်။
"အသုံးမကျတဲ့ အမှိုက်ကောင်..." နောက်တစ်ချက်ထပ်မံကန်လိုက်သည်။
မက်စ်သည် ကိုယ်ကို ကိုင်းလိုက်ပြီး သူ၏ မျက်နှာကို ကီလီယန်၏ ဒဏ်ရာများ၊ သွေးနံ့များဖြင့် ပေကျံနေသော မျက်နှာနှင့် လက်မအနည်းငယ်အကွာအထိ ကပ်လိုက်သည်။ သူ၏ မျက်နှာတွင် ရက်စက်ပြီး အဆိပ်ပြင်းသော လှောင်ပြုံးတစ်ခုက လှည့်ပတ်နေပြီး သူ၏ လေသံမှာ သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် စူးရှလှသည်။
"ငါသာ မင်းနေရာမှာဆိုရင်" မက်စ်က အေးစက်စက်နှင့် လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ "ဒီလိုမျိုး အရှက်တကွဲ ဖြစ်ပြီးရင် လူကြားထဲ မျက်နှာမပြခင် သေပစ်လိုက်တာ ပိုကောင်းမယ်။"
ကီလီယန်သည် တဟင်းဟင်းနှင့် အသက်ကို ခက်ခဲစွာ ရှူနေရပြီး မက်စ်၏ စကားလုံးများမှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများထက် ပိုမိုနက်ရှိုင်းစွာ ထိုးနှက်နေသဖြင့် သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေသည်။
"စဉ်းစားကြည့်ဦး..." မက်စ်က ဆက်ပြောနေသည်။ သူ၏ အသံမှာ တိုးသော်လည်း မကောင်းဆိုးဝါးဆန်လှသည်။ "ဘလိတ်မိသားစုရဲ့ ပါရမီရှင်လို့ ခေါ်တဲ့လူအပေါ် လူတွေ ဘာပြောကြမလဲ? မိမိထက် ၄ ဆင့် နိမ့်တဲ့သူကိုတောင် မနိုင်တဲ့ ပါရမီရှင်ပေါ့....?"
ထိုစကားလုံးများက ကီလီယန်၏ စိတ်ထဲသို့ တူးဆွဝင်ရောက်သွားပြီး သူ၏ မျှော်လင့်ချက်ကင်းမဲ့နေသော ကမ္ဘာကြီးကို အလုံးစုံ ပျက်စီးသွားစေသည်။ "မင်းရဲ့ ဘလိတ်မိသားစုကို မင်း ယူဆောင်လာမယ့် အရှက်ရမှုတွေကို မြင်ယောင်ကြည့်လိုက် — တကယ်လို့ သူတို့မှာ ဂုဏ်သိက္ခာဆိုတာ ကျန်သေးရင်ပေါ့လေ" မက်စ်က ပိုမိုနီးကပ်စွာ တိုးကပ်လိုက်ရင်း သူ၏ ရက်စက်သော အပြုံးမှာ ပိုမိုကျယ်ပြန့်လာသည်။ "ကြည့်နေတဲ့သူတွေရဲ့ လှောင်ပြုံးတွေနဲ့ မင်းကွယ်ရာမှာ တီးတိုးပြောကြမယ့် စကားတွေကို မြင်ယောင်ကြည့်လိုက်။ သူတို့က မင်းကို အမှိုက်လို့ ခေါ်ကြလိမ့်မယ်... မဟုတ်ဘူး၊ အမှိုက်တွေထဲက အမှိုက်ပဲ။ အဆင့်မြင့်ဆုံး အမှိုက်ပေါ့။"
နောက်ဆုံးတွင် မက်စ် ပေးအပ်လိုက်သော နာကျင်မှုများကို မခံစားနိုင်တော့ဘဲ ကီလီယန်သည် သတိမေ့မြောသွားတော့သည်။
"မင်းလို ဘလိတ်တစ်ယောက်ဆီကနေ ငါ ဒါထက်ပိုပြီး မျှော်လင့်ထားတာ" မက်စ်က စိတ်ပျက်ဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ကီလီယန်ကို အားပြင်းစွာ ကန်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပြီး အနီရောင် အလင်းစက်များအဖြစ် ပျံ့လွင့်ကာ ပျောက်ကွယ်သွားတော့သည်။
စစ်သည်တော်နယ်ပယ် (Battle Realm) တစ်ခုလုံးမှာ သာမန်တီးတိုးစကားများကိုပင် ဝါးမြိုသွားလောက်သည့် ထူးဆန်းသော တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားသည်။ အစမှ အဆုံးအထိ ပရိသတ်ကြီးသည် မက်စ်က ကီလီယန်ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်ပိုင်းဆိုင်ရာတို့တွင် အပိုင်းပိုင်း အစိတ်စိတ် ပြုလုပ်နေသည်ကို မှင်သက်စွာ ကြည့်နေခဲ့ကြသည်။
ထိုမြင်ကွင်းက ကြည့်ရှုသူများထံသို့ ဒီရေလှိုင်းကဲ့သို့ ရိုက်ခတ်သွားပြီး လူအများအပြားမှာ ရှိရင်းစွဲနေရာတွင်ပင် အေးခဲသွားကြသည်။ သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများက အရောင်ခြယ်ထားပြီး ဖြစ်ပျက်သွားသောအရာများကို သူတို့၏ ဦးနှောက်က မနည်း အမီလိုက်နေရသည်။ ဘလိတ်မိသားစု၏ တစ်ခါမှ မရှုံးဖူးသော ပါရမီရှင် ကီလီယန်မှာ မိမိထက် ၄ ဆင့် နိမ့်သောသူ၏ လက်ထဲတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရသည်မှာ နားလည်ရခက်လှသော အရာပင်။
သို့သော် ပရိသတ်များကို ဖမ်းစားထားသည်မှာ ထိတ်လန့်မှုသက်သက် မဟုတ်ပေ။ မက်စ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် သူတို့၏ နှလုံးသားထဲတွင် မသက်မသာ ခံစားချက်များ စိမ့်ဝင်လာသည်။ သူ၏ အေးစက်သော စကားလုံးများ၊ တွက်ချက်ထားသော တိုက်ခိုက်မှုများနှင့် ကီလီယန်ကို စိတ်ပျက်အားငယ်မှုထဲသို့ အတင်းတွန်းပို့ပုံများမှာ အလွန်တရာ ရက်စက်လွန်းပြီး သွေးအေးလွန်းလှသည်။
တီးတိုးစကားများမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားတော့သည်။
"သူ တကယ်ပဲ ဘလိတ်မိသားစုကို အဲဒီလို အရှက်ခွဲလိုက်တာလား?"
"မက်စ်... သူက တကယ် ကြောက်စရာကောင်းတာပဲ။"
"ကီလီယန် ဒီလိုမျိုး ရှုံးသွားမယ်လို့ ငါ မယုံနိုင်သေးဘူး။ ဒါက တကယ် မဟုတ်သလိုပဲ။"
အချို့အတွက်မူ မက်စ်၏ လွှမ်းမိုးနိုင်စွမ်းက အံ့သြမှုကို ဖြစ်စေသော်လည်း အချို့အတွက်မူ ကြောက်ရွံ့မှုကို ဖြစ်စေသည်။ ဤသည်မှာ တိုက်ပွဲတစ်ခုသက်သက် မဟုတ်ဘဲ ပြိုင်ဘက်ကို ချေမှုန်းရန်အတွက် လူတစ်ယောက်က မည်မျှအထိ ရက်စက်နိုင်သည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ မက်စ်က ကီလီယန်ကို စိတ်ပျက်အားငယ်မှုထဲသို့ ရက်ရက်စက်စက် ဆွဲခေါ်သွားပုံမှာ သူတို့၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။ ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်က ဤမျှအထိ သွေးအေးရက်စက်နိုင်သည်ကို သူတို့ နားမလည်နိုင်ကြချေ။
သို့သော် ဤတိုက်ပွဲမှတစ်ဆင့် အချက်တစ်ချက်မှာမူ ရှင်းလင်းသွားခဲ့ပြီ — မက်စ်သည် သန်မာရုံသက်သက် မဟုတ်ပေ။ သူသည် ရက်စက်သည်၊ သနားညှာတာမှု ကင်းမဲ့သည်၊ ထို့ပြင် သူသည် မည်သူ့ကိုမျှ မကြောက်ရွံ့ပေ။
တစ်ချိန်တည်းမှာပင် အဆင့်သစ် အဆင့်သတ်မှတ်ချက် (Novice Rankings) ခန်းမဆောင်အနီးရှိ အခြေအနေမှာမူ လုံးဝ ခြားနားနေသည်။ ဘလိတ်မိသားစုဝင်များသည် ကိုယ်ကို တောင့်ထားကြပြီး သူတို့၏ လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များမှာ ဖြူဖျော့နေတော့သည်။ သူတို့၏ မျက်နှာများမှာ အရှက်ကွဲမှုကြောင့် နီမြန်းနေပြီး တစ်ဦးချင်းစီ၏ အမူအရာမှာ သူတို့မိသားစု၏ စုပေါင်းအရှက်ရမှုကို ထင်ဟပ်နေသည်။
သို့သော် ထိုအရှက်ရမှု၏ အောက်တွင် ပိုမိုမှောင်မိုက်သော ခံစားချက်တစ်ခု ကိန်းအောင်းနေသည်
— ၎င်းမှာ ပြင်းထန်ပြီး မလျှော့သော ဒေါသပင် ဖြစ်သည်။ မက်စ်က သူတို့အပေါ် ပေးအပ်ခဲ့သော အရှက်ခွဲမှုမှာ သူတို့အတွက် သည်းခံနိုင်သော အရာမဟုတ်ပေ။ သူသည် ကီလီယန်ကို အနိုင်ယူခဲ့ရုံသာမက ဘလိတ်မိသားစု၏ အမည်နာမကို အမှိုက်ထဲသို့ ရောက်အောင် ဆွဲချခဲ့ပြီး လူအများရှေ့တွင် အရှက်ခွဲခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် မက်စ်သည် သူ၏ ကုဗတုံး (Cube) ထဲမှ ထွက်ပေါ်လာလေတော့သည်။