အခန်း (၅၇) ရက်စက်မှု
"ကဲ... စမ်းသပ်ပွဲရဲ့ စည်းမျဉ်းတွေက ရိုးရှင်းပါတယ်" ဟု ရိုင်ယန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "မင်းတို့နာမည် ခေါ်လိုက်တာနဲ့ စမ်းသပ်ကွင်းထဲကို ရုပ်ချီးချက်ချင်း ရွှေ့ပြောင်းပေးသွားမှာပါ။ ပြင်ဆင်ဖို့ အချိန် တစ်မိနစ်ရမယ်၊ အဲဒီနောက်မှာတော့ အဆင့် ၁၀ ရှိတဲ့ မကောင်းဆိုးဝါး စုစုပေါင်း တစ်ရာဟာ စမ်းသပ်ကွင်းထဲမှာ ပေါ်လာလိမ့်မယ်။ နောက်ပြီး မင်းတို့ရဲ့ မန္တန်စွမ်းအင်တွေကို ပြန်ဖြည့်ဖို့အတွက် မှော်စွမ်းအင် ကျောက်တုံးတွေကို သုံးခွင့်မရှိဘူး။" သူက လူငယ်တွေကို တည့်တည့်ကြည့်ရင်း ဆက်ပြောသည်။ "မင်းတို့ရဲ့ တာဝန်ကတော့ မကောင်းဆိုးဝါးတွေကို တတ်နိုင်သလောက် များများသတ်ဖို့ပဲ။ အားလုံးပြီးသွားပြီဆိုရင်တော့ 'ထွက်မယ် (OUT)' လို့ ရိုးရိုးလေး ပြောလိုက်ရုံပဲ။ အဲဒီအခါ မင်းတို့ကို စမ်းသပ်ကွင်းထဲကနေ အပြင်ကို ပြန်ပို့ပေးလိမ့်မယ်။"
ထိပ်ပြောင်ပြောင်နှင့် လူကြီးဖြစ်သူက သူ၏ သုံးဖက်မြင်ပုံစံဖြင့်ေစာင့်ကြပ်ကြည့်ရှုနိုင်မူ (holowatch) ထဲမှ စာရင်းကို ပြန်ထုတ်ပြီး နာမည်များကို တစ်ခုချင်းစီ စတင်ခေါ်လေသည်။ "လိုင်ရာ ဒပ်စ်ရှိတ်" ဟု သူက လူငယ်မုဆိုးတွေကို ကြည့်ရင်း ခေါ်လိုက်သည်။ "နာမည်တွေကိုတော့ ဓာတ်သဟဇာတ အဆင့်အတန်းအလိုက် ခေါ်သွားမှာ ဖြစ်တယ်။"
ထိုခဏမှာပင် လိုင်ရာသည် သူတို့ကြားမှ ပျောက်ကွယ်သွားပြီး အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ စမ်းသပ်ကွင်းထဲတွင် ပေါ်လာတော့သည်။ သူမ၏ ဦးခေါင်းအထက်တွင် တစ်မိနစ်စာ နောက်ပြန်ရေတွက်နေသော နာရီတစ်ခု ပေါ်လာသည်။ 'မင်း ဒီနေရာမှာရော မင်းရဲ့အစွမ်းကို ဖုံးကွယ်ထားဦးမှာလား' ဟု စမ်းသပ်ကွင်းထဲမှ ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးကို ကြည့်ရင်း မက်စ်က တွေးနေမိသည်။
တစ်မိနစ်အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး လူတိုင်းက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။
ရှုး... ရှုး... ရှုး...
မကောင်းဆိုးဝါးများသည် စမ်းသပ်ကွင်းထဲတွင် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကြသည်။ ၎င်းတို့သည် အမျိုးအစား တစ်ခုတည်းမဟုတ်ဘဲ ပုံစံအမျိုးမျိုး၊ ဗီဇအမျိုးမျိုးဖြင့် ဖြစ်ကြသည်။ တစ်ကောင်နှင့်တစ်ကောင် ပုံစံမတူဘဲ ကွဲပြားခြားနားနေကြသည်။
လိုင်ရာသည် ချက်ချင်းပင် လှုပ်ရှားတော့သည်။ သူမသည် လက်ထဲတွင် လခြမ်းပုံစံ ဝိုင်းစက်နေသော သံပြားဝိုင်းနှစ်ခုကို ကိုင်ထားပြီး သူမရှေ့တွင် မကောင်းဆိုးဝါးများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပစ်ပေါက်လိုက်သည်။
ချောက်... ချောက်... ချောက်...
သူမ၏ သံပြားဝိုင်းနှစ်ခုသည် မကောင်းဆိုးဝါးများကို တစ်ကောင်ပြီးတစ်ကောင် ပိုင်းဖြတ်ကာ အပိုင်းပိုင်း ပြတ်သွားစေသည်။ ထိုသံပြားဝိုင်းနှစ်ခုသည် စွမ်းအင်ကုန်ဆုံး၍ မပျောက်ကွယ်သွားမီ မကောင်းဆိုးဝါး စုစုပေါင်း ကိုးကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။
'သူက မကောင်းဆိုးဝါးတွေ စပေါ်လာတဲ့အချိန်... သူတို့ အားအနည်းဆုံး ဖြစ်နေတဲ့အချိန်ကို အသုံးချပြီး တိုက်ခိုက်လိုက်တာပဲ' ဟု မက်စ်က အခြေအနေကို သုံးသပ်ရင်း ဆက်လက်စောင့်ကြည့်နေသည်။
မကောင်းဆိုးဝါး ကိုးကောင် အသတ်ခံရပြီးနောက် ကျန်ရှိနေသော မကောင်းဆိုးဝါးများသည် သတိဝင်လာကြပြီး လိုင်ရာထံသို့ ဝိုင်းအုံခုန်အုပ်ကြတော့သည်။ ထိုအခြင်းအရာကို မြင်သော် လိုင်ရာက သူမ၏ လက်နှစ်ဖက်ကို ရိုက်လိုက်ရာ လက်ဝါးထဲတွင် ခရမ်းရောင်မီးလျှံများ တောက်လောင်လာသည်။ သူမက လက်ဝါးနှစ်ဖက်ကို အမြန်ခွဲလိုက်သောအခါ လက်ကြားထဲတွင် ခရမ်းရောင်မီးလျှံများ တောက်လောင်နေသည့် လခြမ်းပုံ သံပြားဝိုင်း ဆယ်ခု ပေါ်လာသည်။
မကောင်းဆိုးဝါးများ သူမထံသို့ မရောက်မီမှာပင် သူမက လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ရာ သံပြားဝိုင်း ဆယ်ခုသည် အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားကြသည်။ မကောင်းဆိုးဝါး အုပ်ကြီးသည် လက်သည်းများ၊ အစွယ်များနှင့် ဟိန်းဟောက်သံများဖြင့် အရပ်ရှစ်မျက်နှာမှ သူမကို အတင်းဝင်ရောက် တိုက်ခိုက်ကြသည်။ သို့သော် ၎င်းတို့ အနီးမကပ်နိုင်မီမှာပင် ခရမ်းရောင်မီးလျှံများ လွှမ်းခြုံထားသော သံပြားဝိုင်း ဆယ်ခုသည် သေမင်းတမန် မုန်တိုင်းတစ်ခုကဲ့သို့ လည်ပတ်လှုပ်ရှားကာ အကုန်အစင် ဖျက်ဆီးပစ်တော့သည်။
ပထမဆုံး သံပြားဝိုင်းသည် ခုန်အုပ်လာသော ဝံပုလွေနှင့်တူသည့် သတ္တဝါ၏ ရင်ဘတ်ကို ဖောက်ထွက်သွားသည်။ ဒဏ်ရာမှ ခရမ်းရောင်မီးလျှံများ ပေါက်ကွဲထွက်လာပြီး ထိုသတ္တဝါမှာ နာကျင်စွာ အူဟောက်ရင်း လဲကျသေဆုံးသွားသည်။ အခြားသံပြားဝိုင်းတစ်ခုကမူ အပေါ်သို့ ဝိုက်တက်သွားပြီး ကြီးမားလှသော လူ့ဘီလူးသတ္တ၀ါ (Trolls) တစ်ကောင်၏ လည်ပင်းကို အသာအယာပင် ပိုင်းဖြတ်လိုက်သည်။ ၎င်း၏ ခေါင်းသည် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားပြီး မီးလျှံများက အသက်မဲ့နေသော ခန္ဓာကိုယ်ကို ချက်ချင်းပင် ဝါးမြိုသွားတော့သည်။
နောက်ထပ် သံပြားဝိုင်းနှစ်ခုသည် မြွေနှစ်ကောင်ကဲ့သို့ အစီအစဉ်တကျ လှုပ်ရှားရင်း ဖရိုဖရဲဖြစ်နေသော ကြားထဲမှ ဖြတ်သန်းသွားသည်။ တစ်ခုက ပြေးဝင်လာသော တောဝက်နှင့်တူသည့် သတ္တဝါကို ပိုင်းဖြတ်လိုက်ရာ ၎င်း၏ မာကျောသော အရေခွံသည်ပင် ဘာမှမခုခံနိုင်ဘဲ နှစ်ပိုင်း ပြတ်သွားသည်။ အခြားတစ်ခုကမူ ဝေ့ဝိုက်ကာ မှင်စာ (Goblin) သုံးကောင်ကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်သည်။ ၎င်းတို့၏ အော်ဟစ်သံများပင် ထွက်မလာနိုင်မီ ခန္ဓာကိုယ်များမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ကြီးမားလှသော ဘီလူးကြီးတစ်ကောင်က ဒေါသတကြီး ဟိန်းဟောက်ရင်း တုတ်ကြီးတစ်ချောင်းဖြင့် အသည်းအသန် ပြန်လည်ခုခံရန် ကြိုးစားသည်။ သို့သော် သံပြားဝိုင်းတစ်ခုက ၎င်း၏ လက်နက်ကို အလွယ်တကူပင် ရိုက်ချိုးပစ်လိုက်ပြီး ဘီလူးကြီး၏ ရင်ဘတ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ ခရမ်းရောင်မီးလျှံများ ချက်ချင်း ပြန့်နှံ့သွားကာ ထိုသတ္တဝါကြီးမှာ မီးခိုးအလိမ်းလိမ်းဖြင့် ပြာပုံဘဝသို့ ရောက်သွားတော့သည်။
ကျန်ရှိနေသော သံပြားဝိုင်းများသည်လည်း အသိစိတ်ရှိသော ဓားသွားများကဲ့သို့ စမ်းသပ်ကွင်းထဲတွင် ဝဲပျံနေပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်သည်။ ခြေလက်များနှင့် ခန္ဓာကိုယ်များမှာ သနားညှာတာမှုကင်းမဲ့စွာ ပိုင်းဖြတ်ခံရပြီး ခရမ်းရောင်မီးလမ်းကြောင်းများ ကျန်ရစ်ခဲ့သည်။
ခဏအတွင်းမှာပင် စမ်းသပ်ကွင်းတစ်ခုလုံးသည် သွေးချောင်းစီးသော သတ်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ပြန့်ကျဲနေသော မကောင်းဆိုးဝါး အလောင်းများကို မီးလျှံများက တမြည့်မြည့် ဝါးမြိုနေပြီး တိတ်ဆိတ်နေသော လေထုထဲတွင် မီးတောက်သံများက ကြောက်မက်ဖွယ် ထွက်ပေါ်နေသည်။
သို့သော်လည်း ထိုသံပြားဝိုင်း ဆယ်ခုသည် သူတို့၏ မန္တန်စွမ်းအင်အပေါ်တွင်သာ မူတည်နေသဖြင့် မိနစ်အနည်းငယ် သတ်ဖြတ်ပြီးနောက် ခရမ်းရောင်မီးလျှံများ ပျောက်ကွယ်သွားပြီး သံပြားဝိုင်းများသာ ကျန်ရစ်တော့သည်။ ထိုသံပြားဝိုင်းများဖြင့် မကောင်းဆိုးဝါး အနည်းငယ်ကို ထပ်မံသတ်နိုင်ခဲ့သော်လည်း ခေတ္တအကြာတွင် ၎င်းတို့ပါ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် လိုင်ရာ ဒပ်စ်ရှိတ်မှာ မောဟိုက်ကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ သူမသည် ထိုတိုက်ခိုက်မှုအတွက် မန္တန်စွမ်းအင်အားလုံးကို သုံးစွဲလိုက်ရသဖြင့် ဘာမှ မကျန်တော့ပေ။ မကောင်းဆိုးဝါး အများအပြား ကျန်ရှိနေသေးသည်ကို မြင်သောအခါ သူမက နှုတ်ခမ်းကိုကိုက်ပြီး "ထွက်မယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
ထိုစကားလုံးနှင့်အတူ သူမသည် ပြန့်ကျဲနေသော မကောင်းဆိုးဝါး အလောင်းများကို ချန်ထားခဲ့ကာ စမ်းသပ်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။ လိုင်ရာသည် ထိပ်ပြောင်နှင့် လူကြီးရှေ့တွင် ပေါ်လာပြီး သူက သူမကို ချီးကျူးသည့်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"တော်တယ်... မင်း မကောင်းဆိုးဝါး စုစုပေါင်း ၆၃ ကောင်ကို သတ်နိုင်ခဲ့တယ်"
"၆၃ ကောင်?"
လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့မှာ ဆယ်ကောင်ပြည့်အောင် သတ်ဖို့တောင် ခေါင်းစားနေကြရချိန်တွင် တစ်ယောက်က ခြောက်ဆယ်ကျော်ကို အလွယ်တကူ သတ်ပြသွားခြင်းပင်။ သူတို့မှာ မယုံနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့သည် တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး သူမ မည်မျှ ထိရောက်စွာ သတ်ဖြတ်သွားသည်ကို သိသော်လည်း ခြောက်ဆယ်ကျော် သတ်နိုင်ခဲ့သည်ဆိုသည်မှာ ယုံရခက်နေဆဲပင်။
'သူက သန်မာသားပဲ၊ ဒါပေမဲ့ ဒါက သူ့ရဲ့ အစွမ်းကုန်ပဲလား' ဟု မက်စ်က သူမကို အေးအေးဆေးဆေး ကြည့်ရင်း တွေးနေမိသည်။
"နောက်တစ်ယောက်... ဗန့်စ် ကင်းစ်"
ထိပ်ပြောင်နှင့် လူကြီးက နောက်ထပ် အမျိုးသားတစ်ယောက်ကို ခေါ်လိုက်ရာ သူသည်လည်း စမ်းသပ်ကွင်းထဲသို့ ရောက်သွားသည်။ သို့သော် ယခုအခါ စမ်းသပ်ကွင်းမှာ သန့်ရှင်းနေပြီဖြစ်သည်။ သူ၏ ဦးခေါင်းအထက်တွင် တစ်မိနစ်စာ နာရီပေါ်လာသည်။ ဗန့်စ်သည် တည်ငြိမ်စွာပင် ဓားမြှောင်နှစ်လက်ကို ထုတ်လိုက်သည်။
အချိန်ကုန်သည်နှင့် မကောင်းဆိုးဝါးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာသည်။ ဗန့်စ်သည် မကောင်းဆိုးဝါးများ ပေါ်လာသည်နှင့် စတင်သတ်ဖြတ်တော့သည်။ မိနစ်အနည်းငယ်အကြာတွင် သူက "ထွက်မယ်" ဟု ပြောကာ စမ်းသပ်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
"ဗန့်စ် ကင်းစ်... ၄၁ ကောင်" ဟု ထိပ်ပြောင်နှင့် လူကြီးက ကြေညာလိုက်သည်။
ထို့နောက်တွင် ထိပ်ပြောင်နှင့် လူကြီးသည် နာမည်များကို တစ်ခုပြီးတစ်ခု ခေါ်ပြီး စမ်းသပ်ပွဲကို ဆက်လက်လုပ်ဆောင်စေသည်။ သို့သော် လူတိုင်းကတော့ အကောင်းပကတိအတိုင်း ပြန်ထွက်မလာနိုင်ကြပေ။ အချို့မှာ ခြေလက်များ ပြတ်တောက်သွားကြသည်၊ အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရကုန်ကြသည်၊ အချို့ဆိုလျှင် အပြင်ကိုတောင် ပြန်မထွက်နိုင်တော့ဘဲ မကောင်းဆိုးဝါးများ၏ အစာ ဖြစ်သွားကြရသည်။
ကြည့်ရသည်မှာ ရင်နာစရာကောင်းသော်လည်း ၎င်းသည် လူငယ်မုဆိုးများအတွက် သင်ခန်းစာတစ်ခုပင် ဖြစ်သည်။ ဂူသင်္ချိုင်း ထဲတွင် မိမိကိုယ်ကိုယ် ဘယ်တော့မှ အထင်မကြီးလေနှင့်၊ မဟုတ်လျှင် မင်း သေရလိမ့်မည်၊ မင်းကြောင့် မင်းရဲ့အဖွဲ့တစ်ခုလုံးပါ ဒုက္ခရောက်သွားနိုင်သည်ဟူသော သင်ခန်းစာပင်။
မက်စ်သည် သူတို့ အသတ်ခံနေရသည်ကို မြင်သောအခါ သက်ပြင်းချမိသော်လည်း သူ နားလည်ပါသည်။ အကယ်၍ သူသာ SSS အဆင့်အတန်း ကို မရခဲ့ပါက သူလည်းပဲ ထိုသူတွေလိုပင် ဖြစ်နေမည်ဖြစ်ပြီး မကောင်းဆိုးဝါးတွေကို တတ်နိုင်သလောက် များများသတ်နိုင်ဖို့ အသေအလဲ တိုက်ခိုက်နေရမည်မှာ အမှန်ပင်။
'တစ်ခါတလေကျတော့လည်း လူတစ်ယောက်ရဲ့ အခြေအနေက သိပ်ကို အရေးပါလွန်းတယ်' ဟု မက်စ်က ရင်ထဲတွင် လေးလံစွာဖြင့် တွေးနေမိသည်။ အခုလေးတင် သေသွားတဲ့သူတွေထဲမှာလည်း သူ့လိုပဲ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖီးနစ်အဖွဲ့ချုပ်ထဲကို ဝင်ဖို့မှတစ်ပါး အခြားရွေးချယ်စရာ မရှိတဲ့သူတွေ ပါနေမလားဟု သူ တွေးနေမိသည်။ သူသည် ထိုသို့ စိတ်ဓာတ်ကျစရာအတွေးများကို ခေါင်းခါထုတ်လိုက်ပြီး စမ်းသပ်ကွင်းကိုသာ အာရုံစိုက်လိုက်သည်။
တစ်ယောက်ပြီးတစ်ယောက် လူငယ်မုဆိုးများသည် စမ်းသပ်ကွင်းထဲသို့ ရောက်သွားကြ၊ တိုက်ခိုက်ကြပြီး ပြန်လာကြသည်။ အချို့မှာ ဘေးကင်းစွာ ပြန်လာနိုင်သော်လည်း အချို့မှာ ဒဏ်ရာရလာကြသည်။ အချို့ မကောင်းဆိုးဝါးများ၏ ရက်စက်စွာ အစားခံလိုက်ရပြီးနောက်တွင်တော့ မည်သူမျှ မသေဆုံးတော့ပေ။ သူတို့သည် သင်ခန်းစာရသွားပြီး ပို၍ သတိထားလာကြသောကြောင့် ဖြစ်သည်။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး လူငယ်မုဆိုးအားလုံး စမ်းသပ်မှု ပြီးဆုံးသွားသည်။ တစ်ယောက်မှအပပေါ့။
ထိပ်ပြောင်နှင့် လူကြီးက မက်စ်ကို သနားစဖွယ် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းအလှည့် ရောက်ပြီ။"
"နေဦး၊ နေဦး... ကျွန်တော့်ကို အခုချက်ချင်း မပို့လိုက်ပါနဲ့ဦး!" ဟု ထိပ်ပြောင်နှင့် လူကြီးက သူ့ဘက်သို့ လှည့်လိုက်သည်နှင့် မက်စ်က အော်ပြောလိုက်သည်။
အခြားလူငယ်မုဆိုးများသည် သူတို့ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကြောင့် သူ့ကို လှောင်ပြောင်လိုစိတ် မရှိကြတော့သော်လည်း မိမိကိုယ်ကိုယ် အရှက်ကွဲအောင် လုပ်နေသော မက်စ်ကို ကြည့်ပြီး အနည်းငယ်တော့ ပြုံးမိသွားကြလေသည်။