အခန်း (၅၂ ) မဟာမိတ်တစ်ဦးလား?
ဗိုလ်ချုပ်ကြီး၏ အဆောင်မှ ထွက်လာပြီးနောက် မက်စ်သည် ရထားဘူတာတွင် စောင့်နေခဲ့သည်။ သူသိထားသရွေ့ အိုးလ်လိတ်စီးတီး (Old Lake City) သို့ သွားမည့်ရထားမှာ ညနေပိုင်းမှ ဆိုက်ရောက်မည်ဖြစ်ပြီး ယခုမှာ နေမွန်းတည့်ရုံသာ ရှိသေးသည်။ 'စောင့်နေတာပဲ ကောင်းပါတယ်' မက်စ်က တွေးရင်း ဘူတာရုံရှိ ခုံတန်းတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ဘူတာတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေသည်။ အချို့က သူ့လိုပင် ခုံတန်းများပေါ်တွင် အနားယူနေကြပြီး အချို့မှာမူ ရထားအလာကို စောင့်ရင်း သူတို့၏ သုံးဖက်မြင်ပုံစံဖြင့်ေစာင့်ကြပ်ကြည့်ရှုနိုင်မူ (holowatch) များကို ခဏခဏ စစ်ဆေးနေကြသည်။ 'အဆင့်မြှင့်ထားတဲ့ စွမ်းရည်အားလုံးကို Level 100 ရောက်အောင် လေ့ကျင့်ဖို့ နှစ်ပတ်လောက် လိုမယ်' ဟု သူ စဉ်းစားနေမိသည်။ ထိုအချိန်ရောက်လျှင် သူ၏ အင်အားက မည်သည့်အဆင့်သို့ ရောက်ရှိနေမည်နည်း။ အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဖီးနစ်အဖွဲ့ချုပ် (Phoenix Order) သို့ ရောက်လျှင် လုပ်ဆောင်မည့် အစီအစဉ်များကို စဉ်းစားရင်း တစ်နာရီခန့် ကြာသွားခဲ့သည်။
'အမကြီး... အမ ဘယ်ကို ရောက်နေတာလဲ?' သူ့စိတ်ထဲတွင် အမြဲတမ်း ခြောက်လှန့်နေသည့် ထိုမေးခွန်းကြောင့် မက်စ် ဝမ်းနည်းစိတ်ကို ခံစားလိုက်ရသည်။ 'ဖီးနစ်အဖွဲ့ချုပ်မှာတောင် အမရှိတဲ့နေရာကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ? အမ တစ်ခုခု ဖြစ်နေပြီဆိုရင်ကော?' ထိုသို့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အတွေးများက သူ့ကို ပြန်လည် ခြောက်လှန့်လာသောကြောင့် မက်စ်သည် သူ၏ ဦးခေါင်းကို အုပ်ကိုင်ထားမိသည်။
"မဟုတ်ဘူး၊ ငါ အမနဲ့ပတ်သက်တဲ့ သဲလွန်စတစ်ခုခုကို သေချာပေါက် ရှာတွေ့မှာပါ။ ရှာတွေ့ကို ရှာတွေ့ရမယ်" မက်စ်က ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် အမကလည်း ဖီးနစ်အဖွဲ့ချုပ်ကို သွားခဲ့တာပဲလေ၊ မပျောက်ဆုံးခင်အထိ အဲ့ဒီမှာ အဖွဲ့ဝင် ဖြစ်ခဲ့တာဆိုတော့ သူတို့ တစ်ခုခုတော့ သိမှာပါ။ သိသင့်တာပေါ့။"
"ဟင်?" ထိုစဉ် သူ၏ သုံးဖက်မြင်ခန္ဓာကိုယ် (Three-dimensional body) စွမ်းရည်ကြောင့် ထူးဆန်းသော အရာတစ်ခုကို သူ သတိထားမိလိုက်သည်။ ဝတ်ရုံနက် ခြုံထားသော လူတစ်ယောက်သည် တစ်နာရီကြာအောင် တစ်နေရာတည်းတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ မက်စ် ဘူတာရုံသို့ စရောက်ကတည်းက ထိုလူကို မြင်ခဲ့ခြင်းဖြစ်ပြီး ယခုထိလည်း ရှိနေဆဲပင်။ ၎င်းက မက်စ်ကို သံသယဝင်စေသည်။
'သူ့အင်အားက အခြေခံအဆင့် (Apprentice Rank) Level 2 မှာ ရှိနေတာပဲ' ဟု မက်စ် အာရုံခံမိသည်။ ဗိုလ်ချုပ်ကြီး၏ အဆောင်မှ ထွက်လာကတည်းက သူသည် ဘလိတ်မိသားစု (Blade Family) ၏ ချောင်းမြောင်း တိုက်ခိုက်မှု သို့မဟုတ် လုပ်ကြံမှုများကို ကြိုတင်ကာကွယ်ရန် သုံးဖက်မြင်ခန္ဓာကိုယ် စွမ်းရည်ကို အမြဲတမ်း ဖွင့်ထားခဲ့ခြင်း ဖြစ်ရာ ယခုကဲ့သို့ ကြိုတင် သိရှိရသည့်အတွက် သူ ဝမ်းသာသွားမိသည်။ 'သူက ငါ့နောက်ကို လိုက်နေတာလား၊ ဒါမှမဟုတ် ငါပဲ အတွေးလွန်နေတာလား?' မက်စ် မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။ ဘလိတ်မိသားစုက သူ့ကို လိုက်လံ အမဲလိုက်နေသည့်အတွက် သူ အမှားခံ၍ မဖြစ်ပေ။ အခြေအနေကို စဉ်းစားပြီးနောက် ထိုလူ ထိုနေရာမှာပဲ ရှိနေဦးမလားဆိုသည်ကို သိရန် နောက်ထပ် တစ်နာရီခန့် ထပ်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
တစ်နာရီ ထပ်မံ ကုန်ဆုံးသွားသော်လည်း မက်စ်၏ အာရုံစိုက်မှုက ထိုဝတ်ရုံခြုံထားသူထံ၌သာ ရှိနေသည်။ ကံမကောင်းစွာဖြင့် ထိုလူက ထွက်မသွားသေးပေ။ သူက ကျောက်ရုပ်တစ်ရုပ်လို ထိုနေရာမှာပင် ရပ်နေဆဲဖြစ်သည်။ 'ဘလိတ်မိသားစုက ငါ့အသက်ကို ရန်မရှာနေဘူးဆိုရင်တော့ သူက ငါ့ရဲ့ နံပါတ်တစ် စိတ်ရောဂါသည် ပရိသတ်လို့တောင် ထင်မိမှာပဲ' ဟု မက်စ် တွေးလိုက်ပြီး ထိုလူကို အကဲစမ်းရန် ဆုံးဖြတ်လိုက်သည်။ အခြေခံအဆင့် Level 2 ရှိသူကို ရင်ဆိုင်ရန် သူ၏ အင်အားက လုံလောက်သည်ဟု သူ ယုံကြည်သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မည်သူမျှ သွားလာခြင်း မရှိသည့် စွန့်ပစ်ထားသော လမ်းကြားတစ်ခုကို မက်စ် တွေ့လိုက်ရသည်။ 'အဲ့ဒီနေရာက အဆင်ပြေမယ်' ဟု တွေးကာ သူသည် ထိုင်နေရာမှ ထပြီး ထိုလမ်းကြားဆီသို့ လျှောက်သွားခဲ့သည်။
သူ၏ သုံးဖက်မြင်ခန္ဓာကိုယ် စွမ်းရည်ကြောင့် မက်စ် လှုပ်ရှားလိုက်သည်နှင့် ထိုဝတ်ရုံခြုံထားသူပါ လိုက်ပါ လှုပ်ရှားလာသည်ကို သတိပြုမိလိုက်သည်။ 'သူ ငါ့နောက်ကို တကယ် လိုက်နေတာပဲ' မက်စ်က ဘာမှ မသိသလို ဟန်ဆောင်ကာ လမ်းကြားထဲသို့ ဆက်လျှောက်သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် မက်စ်သည် လမ်းကြားထဲသို့ ဝင်ရောက်သွားသော်လည်း ထိုလူကို ချက်ချင်း ရင်မဆိုင်သေးပေ။ ယင်းအစား သူတို့နှစ်ဦးကို မည်သူမျှ နှောင့်ယှက်ခြင်း မရှိစေရန် လမ်းကြားထဲသို့ အကွေ့အကောက်များစွာ ပတ်ကာ ပို၍ နက်ရှိုင်းသော နေရာသို့ လျှောက်သွားခဲ့သည်။
အကွေ့အနည်းငယ်အကြာတွင် မက်စ်က ရုတ်တရက် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ "ခင်ဗျား ငါ့နောက်ကို လိုက်နေတာ ငါသိတယ်" ဟု မက်စ်က အော်ပြောလိုက်သည်။ "အခု ထွက်လာလို့ ရပါပြီ။"
ထိုခဏတွင် ဝတ်ရုံခြုံထားသူသည် နံရံထောင့်မှ ထွက်လာခဲ့သည်။ သူက မက်စ်ကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်သော လေသံဖြင့် "မင်း အခုလုပ်လိုက်တာ တကယ့်ကို မိုက်မဲတဲ့ လုပ်ရပ်ပဲ" ဟု ပြောလိုက်သည်။ မက်စ်က ထိုလူ ဆိုလိုသည်ကို နားလည်သော်လည်း ဂရုမစိုက်ပေ။ သူက တိုက်ရိုက်ပင် မေးလိုက်သည်။ "ခင်ဗျား ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ?"
ပထမတော့ ထိုလူက လုပ်ကြံသတ်ဖြတ်သူ (Assassin) တစ်ယောက်နှင့် မတူသော်လည်း နေဗင် (Nevin) ကဲ့သို့ ဖြစ်နိုင်ခြေရှိသောကြောင့် မက်စ်က သတိကြီးစွာ ထားနေဆဲဖြစ်သည်။ ဝတ်ရုံခြုံထားသူက လက်ပိုက်လိုက်ပြီး မက်စ်ကို ခဏမျှ စူးစမ်းကြည့်သည်။ "မင်းရဲ့ အင်အားက Level 6 ပဲ ရှိသေးပေမယ့် တစ်ယောက်ယောက်က နောက်ကလိုက်နေတာကို မင်း အာရုံခံနိုင်တာပဲ။ ဒါ မင်းရဲ့ အလုပ်အကိုင် (Class) ကြောင့်လို့ပဲ ငါ ယူဆလိုက်မယ်" ဟု မက်စ်ကို စစ်ဆေးနေသကဲ့သို့ ပြောလိုက်သည်။
မက်စ် မျက်မှောင်ကြုတ်လိုက်သည်။ "ငါ မေးနေတယ်လေ၊ ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ?" ဟု ထပ်မံ မေးလိုက်သည်။ ထိုဝတ်ရုံခြုံထားသူက သူ့ကို အသေအချာ လေ့လာနေပြီးမှ မက်စ်ထံသို့ တစ်ခုခုကို ပစ်ပေးလိုက်သည်။
"ဟင်?" မက်စ် ထိုအရာကို ဖမ်းလိုက်ရာ ပြားချပ်ပြီး အဝိုင်းပုံသဏ္ဌာန်ရှိသော မှော်စွမ်းအင် ကျောက်တုံး (Mana Crystal) တစ်ခု ဖြစ်နေသည်။ "ဒါက ဘာလဲ?" မက်စ်က မေးလိုက်သည်။
ဝတ်ရုံခြုံထားသူက တဟားဟား ရယ်လိုက်သည်။ "မင်း အတော်လေး စိုးရိမ်နေတာ ငါ သိပါတယ် မက်စ်။ ဒါကြောင့် စိတ်လျှော့လိုက်ပါ။ ငါက ရန်သူ မဟုတ်ဘူး။"
မက်စ်၏ မျက်မှောင်များ ပို၍ ကြုတ်သွားသည်။ "ဒါက ဘာလဲလို့ မေးနေတယ်လေ" ဟု ဖြူစင်သော ကျောက်တုံးကို မြှောက်ပြရင်း ထပ်မေးလိုက်သည်။
ဝတ်ရုံခြုံထားသူက လက်လျှော့လိုက်သည့် ပုံစံဖြင့် ခေါင်းခါလိုက်သည်။ "မင်းကတော့ ငါ့ကို ရန်သူလို့ပဲ သတ်မှတ်တော့မှာပဲ" ဟု သက်ပြင်းချရင်း မက်စ်လက်ထဲမှ အရာကို ညွှန်ပြလိုက်သည်။ "အဲ့ဒါကို ကြည့်မှန် မှော်ကျောက်တုံး (Mirror Crystal) လို့ ခေါ်တယ်။ ဗီဒီယို မှတ်တမ်းတင်တဲ့ စက် ဒါမှမဟုတ် ဗီဒီယို ပြစက်လိုမျိုး အလုပ်လုပ်တာ၊ ဒါပေမဲ့ လုံခြုံရေးနဲ့ တခြား စွမ်းဆောင်ရည်တွေ ပိုကောင်းတာပေါ့။"
မက်စ်သည် ပြားချပ်သော ကျောက်တုံးဖြူလေးကို ခဏမျှ ကြည့်လိုက်ပြီး ဝတ်ရုံခြုံထားသူဘက်သို့ ပြန်လှည့်လိုက်သည်။ "ဒါကို ငါ့ကို ဘာလို့ ပေးတာလဲ?"
ဝတ်ရုံခြုံထားသူက ပုခုံးတွန့်လိုက်ပြီး ထက်ရှသော မျက်လုံးများဖြင့် မက်စ်ကို ကြည့်လိုက်သည်။ "ဘာလို့လဲဆိုတော့
ဖရေးယား ဗွိုက်ဝေါ့ကာ (Freya Voidwalker) က ငါ့မိသားစုကို ပေးခိုင်းထားလို့ပဲ။"
မက်စ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အသက်ရှူသံများ မြန်လာသည်။ "သူ ဘယ်မှာလဲ?" ဟု အလောတကြီး မေးလိုက်သည်။
ဝတ်ရုံခြုံထားသူက ခေါင်းခါလိုက်သည်။ "ငါ မသိဘူး။ ငါ့မိသားစုက ဒီ မှော်ကျောက်တုံးကို မင်းဆီ ပေးဖို့ပဲ တာဝန်ပေးခံထားရတာ။"
မက်စ်က ထိုအဖြေကို စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး ကျောက်တုံးဖြူလေးကို တင်းတင်းဆုပ်ကိုင်ရင်း ကြည့်လိုက်သည်။ "သူ ပျောက်သွားတာ နှစ်နှစ်ရှိပြီ၊ အခုမှ ဒါကို လာပေးတာလား? ခင်ဗျားတို့ အစောကြီးကတည်းက ပေးသင့်တာပေါ့" ဟု စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ဝတ်ရုံခြုံထားသူက မက်စ်ကို လက်ညှိုးခါပြလိုက်သည်။ "ငါ့မိသားစုက အဲ့ဒီလို လုပ်လို့မရလို့ပါ။"
"ဘာလို့လဲ?" မက်စ်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ ဘာကြောင့် စောစောစီးစီး မပေးခဲ့သနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။
"မင်း နားမလည်နိုင်တဲ့ အရာတချို့ ရှိပါသေးတယ် မက်စ်" ဟု ဝတ်ရုံခြုံထားသူက သူ့ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ မက်စ်က စိုးရိမ်တကြီးဖြင့် "ဒါဆို အဲ့ဒါ ဘာလဲဆိုတာ ပြောပြလေ" ဟု တိုက်တွန်းလိုက်သည်။
ဝတ်ရုံခြုံထားသူက သက်ပြင်းချလိုက်သည်။ "အဲ့ဒါကိုတော့ ငါ မပြောပြနိုင်ဘူး။ ဒါပေမဲ့ ငါ ပြောပြနိုင်တာက ငါတို့ သွန်းမိသားစု (Thorne Family) ဟာ မင်းရဲ့ ရန်သူလည်း မဟုတ်သလို မဟာမိတ်လည်း မဟုတ်သေးဘူး ဆိုတာပဲ။ ဒါပေမဲ့ မင်းက သွန်းမိသားစုကို မဟာမိတ် ဖြစ်စေချင်တယ်ဆိုရင် မင်းရဲ့ ပါရမီဟာ ဖရေးယား ဗွိုက်ဝေါ့ကာ လိုပဲ အစွမ်းထက်တယ်ဆိုတာကို သက်သေပြရလိမ့်မယ်။ မင်းရဲ့ စစ်မှန်တဲ့ အင်အားကို ငါတို့ဆီ ပြသရမယ်၊ အဲ့ဒီအခါကျမှပဲ မင်းကို ကူညီမလားဆိုတာ ငါ့မိသားစုက ဆုံးဖြတ်မှာပါ။"
မက်စ်သည် ထိုစကားများကို စဉ်းစားနေပြီးနောက် အခြေအနေကို သဘောပေါက်လာကာ မျက်နှာက တည်ကြည်သွားသည်။ ဗာလိုရာ တိုက်ကြီး (Valora Continent) ၏ ထိပ်သီးမိသားစု လေးစုထဲမှ တစ်ခုဖြစ်သော သွန်းမိသားစုသည် ဘလိတ်မိသားစုနှင့် ဆင်တူသော်လည်း ဘလိတ်မိသားစုနှင့် မတူသည်မှာ သူတို့က မက်စ်ကို မသတ်ချင်ဘဲ မဟာမိတ်ဖွဲ့ချင်နေကြခြင်း ဖြစ်သည်။ 'တောက်... ငါ့အမက ဘာတွေများ လုပ်ခဲ့လို့ ဒီထိပ်သီးမိသားစုကြီး လေးစုကိုတောင် ကစားစရာလို ဖြစ်အောင် လုပ်နိုင်ရတာလဲ' ဟု မက်စ်က သူ့အမကို အထင်သေးခဲ့မိသည့်အတွက် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ဘလိတ်မိသားစုက သူ့ကို ပစ်မှတ်ထားခြင်းမှာလည်း အမဖြစ်သူနှင့် ဆက်စပ်နေနိုင်ကြောင်း သူ ယခုမှ နားလည်သွားသည်။ သွန်းမိသားစုက သူ့ကို မဟာမိတ်ဖွဲ့ချင်နေခြင်းမှာလည်း အမကြောင့် ဖြစ်ရပေမည်။
ထိုသို့ တွေးတောရင်း မက်စ်က ဝတ်ရုံခြုံထားသူကို ကြည့်လိုက်သည်။ "နားလည်ပါပြီ။ တခြား ဘာပြောစရာ ရှိသေးလဲ?"
ဝတ်ရုံခြုံထားသူက မက်စ်ကို ခေတ္တမျှ ကြောင်ကြည့်နေပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။ "ငါ့အဖေက မင်းကို ဒါလေး ပြောခိုင်းလိုက်တယ် - 'ဖီးနစ်အဖွဲ့ချုပ်က ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဖီးနစ်ငှက်ရဲ့ အရိပ်အောက်မှာပဲ နေပါ၊ သူ့ရဲ့ အတောင်ပံက မီးလျှံတွေထဲကိုတော့ မတိုးပါနဲ့' တဲ့။"
"ဟင်... အဲ့ဒါက အကြံပေးတာလား၊ သတိပေးတာလား?" မက်စ်က ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ မေးလိုက်သည်။
ဝတ်ရုံခြုံထားသူက ပုခုံးတွန့်လိုက်သည်။ "ငါလည်း နားမလည်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ အခု သွားတော့မယ်။ ပြီးတော့ ဒါက ငါ့ဆီက အကြံပေးချက်ပဲ - 'တစ်ယောက်ယောက်က နောက်ကလိုက်နေတယ်ဆိုတာ သိလျက်နဲ့ ဒီလိုနေရာမျိုးကို မလာနဲ့။ အဲ့ဒါက တကယ့်ကို ငတုံးလုပ်ရပ်ပဲ။ သိလား? အဲ့ဒါ ငတုံးပဲ။'"
"ငါ... ငါ နားလည်ပါပြီ။" မက်စ်က ခေါင်းငြိမ့်ရင်း ခပ်ယောင်ယောင် ပြုံးလိုက်သည်။
"ကောင်းပြီ၊ ဒါဆို မကြာခင် ပြန်တွေ့ကြတာပေါ့" ဟု ပြောပြီးနောက် ဝတ်ရုံခြုံထားသူသည် လမ်းကြားထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။