အခန်း (၄၁) - ရက်စက်သော နည်းလမ်းများ
"အယ်လီနာ... ဒါက ဘာသဘောလဲ"
မက်စ်၏ ဗောင်ချာဆန်သော စကားများကို ကြားပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားက အယ်လီနာ့ဘက်သို့ လှည့်၍ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အန်တွန်ကလည်း ရှင်းပြချက်ကို စောင့်ဆိုင်းနေသည့်အလား သူမကို ကြည့်နေသည်။ အယ်လီနာက သူတို့နှစ်ဦးလုံးကို စိုက်ကြည့်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။
"တပ်မှူးရော့စ်... ဘလိတ် (Blade) မိသားစုရဲ့ ကိစ္စရပ်တွေထဲမှာ ပြည်ထောင်စု ရှေ့ဆောင်တပ်ဦး (Union Vanguard) က ဝင်မပါတာ ပိုကောင်းပါလိမ့်မယ်"
တပ်မှူးရော့စ်က ပခုံးတွန့်လိုက်ရင်း -
"ငါကရော ဝင်ပါချင်နေတယ်လို့ မင်းထင်လို့လား" သူက လက်နှစ်ဖက်ကို ဘေးသို့ဖြန့်လိုက်ပြီး "ဒါပေမဲ့ မင်းလုပ်နေတာက မှားနေတယ်။ အခုမှ စွမ်းအားနိုးထလာတာ တစ်ပတ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ကို သတ်တာက ငါတို့နှစ်ဖက်လုံးအတွက် မကောင်းဘူး"
အယ်လီနာက သူ့ကို မျက်မှောင်ကြုတ်ကြည့်ကာ -
"တပ်မှူးရော့စ်... ကျွန်မသာ ရှင်ဆိုရင် ဒီကိစ္စထဲ နှာခေါင်း လာမလျှိုဘူး"
သူမသည် သူမ၏ သူံးဖက်မြင်ပုံစံဖြင့်စောင့်ကြပ်ကြည့်ရှုနိုင်မူ (holowatch) ကို အချက်အနည်းငယ် နှိပ်လိုက်ရာ ကိုယ်တိုင်ပုံဖော်မူဖြစ်သော (hologram) တစ်ခု ပေါ်ထွက်လာသည်။ ထိုပုံရိပ်ယောင်ပေါ်တွင် သွေးကဲ့သို့ ရဲရဲနီနေသော "V" ဟူသည့် အက္ခရာတစ်ခုတည်းကိုသာ မြင်တွေ့ရသည်။
တပ်မှူးရော့စ်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ သူက ပုံရိပ်ယောင်ဆီမှ မက်စ်ထံသို့ အကြည့်ကို ရွှေ့လိုက်သည်။ ဖြည်းဖြည်းချင်းပင် သူ တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး မျက်နှာအမူအရာက တည်တင်းသွားကာ စိတ်ဝင်စားမှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောယှက်နေသည့် အရိပ်အယောင်များ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။
"စိတ်မကောင်းပါဘူး ကောင်လေးရာ... ငါ မင်းကို မကူညီနိုင်တော့ဘူး" သူက မက်စ်ကို သနားစဖွယ်ကြည့်ရင်း ခေါင်းခါလိုက်သည်။
"မကူညီနိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ" မက်စ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ပြည်ထောင်စု ရှေ့ဆောင်တပ်ဦးမှ တပ်မှူးတစ်ယောက်တောင် သူ့ကို အကာအကွယ်ပေးမည်မဟုတ်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ငါပြောတဲ့အတိုင်းပဲ... မင်းကို ငါ မကူညီနိုင်ဘူး" တပ်မှူးရော့စ်က သက်ပြင်းချလိုက်သည်။ "ဘလိတ်မိသားစုနဲ့ မင်းကြားက ကိစ္စကို ငါ ဝင်စွက်ဖက်လို့ မရဘူး"
"ဒါဆို ခင်ဗျားက ဒီအတိုင်းပဲ ကြည့်နေတော့မှာလား... သူမက အပြစ်မဲ့တဲ့ ကောင်လေးတစ်ယောက်ကို သတ်တော့မှာလေ!" မက်စ်က ဒေါသတကြီး အော်ဟစ်လိုက်ရာ အသံပင် တုန်ရင်သွားသည်။ တပ်မှူးက ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေဆဲပင်။ တပ်မှူးက ခေါင်းငုံ့သွားသည်ကို မြင်သောအခါ မက်စ်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
"နားလည်ပြီ... အားလုံးက တစ်ဖက်တည်းသားတွေပဲ" သူက ခါးခါးသီးသီး ရယ်မောလိုက်သည်။
"အားလုံးတော့ မဟုတ်ပါဘူး ကောင်လေးရာ"
တစ်စုံတစ်ယောက်က ရှေ့သို့တိုးလာပြီး သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။ မက်စ် လှည့်ကြည့်လိုက်သောအခါ သက်လတ်ပိုင်းလူကြီးနှင့်အတူ ပါလာသော လူငယ်ကို မြင်လိုက်ရသည်။
"အယ်လီနာ... မင်း ဘာလို့ ဒီကောင်လေးနောက်ကို လိုက်နေလဲဆိုတာ ငါသေချာမသိပေမဲ့ သူက ငါ့အဖွဲ့အစည်း (Guild) ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ" သူက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "ဒီနေ့တော့ သူ့ကို ချန်လှပ်ထားပေးမယ်ဆိုရင် ကျေးဇူးတင်မိမှာပါ"
"မရဘူး" အယ်လီနာက ခေါင်းခါရင်း - "သူ သေကို သေရမယ်"
အန်တွန်က သူမ ဤမျှ ခေါင်းမာနေသည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည်။ "မင်း ဘာကြောင့် သူ့ကို သတ်ဖို့ ဒီလောက်ထိ စိတ်အားထက်သန်နေရတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ အဲဒီ 'V' အက္ခရာက ဘာကို ဆိုလိုတာလဲ"
"ရှင်တို့ကို ပြောပြလို့မရဘူး" အယ်လီနာက ပြတ်သားစွာ ပြောလိုက်သည်။ "ရှင်တို့အဖွဲ့ကို ခေါ်ပြီး ဒီကနေ ထွက်သွားလိုက်ပါ"
အန်တွန်က ခေါင်းခါလိုက်သည်။ "ငါလည်း ထွက်သွားလို့ မရဘူး။ ငါ့ညီမကို ငါကတိပေးထားတယ်... ဒီကောင်လေးကို ဘယ်လိုအခြေအနေမျိုးမှာမဆို ကာကွယ်ပေးမယ်လို့။ ဒါကြောင့် ငါဒီမှာ ရှိနေသရွေ့တော့ သူ့ကိုသတ်ဖို့ စိတ်ကူးကို မေ့လိုက်တာ ပိုကောင်းမယ်"
အယ်လီနာက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ ပတ်ဝန်းကျင်တွင် ဖြူလွလွ နှင်းခဲများ စတင်ဖြစ်ပေါ်လာသည်။
"ဒါဆိုရင်တော့ ရှင် မက်စ်ကို တကယ်ကာကွယ်နိုင်မလား၊ ဒါမှမဟုတ် သူ့ကို အလိုလို လက်လွှတ်လိုက်မလားဆိုတာ ကြည့်ကြတာပေါ့" အယ်လီနာက အေးစက်စွာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အေးစက်သော ဆုံးဖြတ်ချက်များ တောက်ပနေသည်။
သူမ၏ စကားကြောင့် အန်တွန်၏ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းသွားသည်။ တစ်စုံတစ်ခုကို ရိပ်မိသွားသည်နှင့် သူ၏ အမူအရာက ထိတ်လန့်မှုနှင့် အရေးတကြီးဖြစ်မှုတို့အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
"မင်း... မင်း အဲဒါကို ဆိုလိုတာ မဟုတ်ဘူးမလား..."
သူ၏ မျက်လုံးများက စိုးရိမ်တကြီး ပြူးကျယ်သွားပြီး တွန့်ဆုတ်မနေဘဲ အဲလစ် (Alice) ထံသို့ အပြေးအလွှား သွားလိုက်သည်။
"ရှင်က ကျွန်မကို ရွေးချယ်စရာ မရှိအောင် လုပ်တာပဲ" အယ်လီနာက ကရုဏာ ကင်းမဲ့စွာ ပြောလိုက်သည်။ သို့သော် အန်တွန်က တစ်လှမ်း နောက်ကျသွားခဲ့ပြီ။ အဲလစ်၏ နောက်ကွယ်တွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူမ၏ လည်ပင်းတွင် ဓားတစ်လက်ကို တေ့လိုက်သည်။
အန်တွန်၏ ခြေလှမ်းများ တန့်သွားပြီး ဓားကို ကိုင်ထားသည့် ထိုသူကို ကြည့်ကာ -
"ကီလီယန်..." သူက ဒေါသနှင့် စိတ်ပျက်မှုများ လွှမ်းမိုးနေသော မျက်နှာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အစ်ကိုကြီး..." အဲလစ်၏ အသံက တုန်ရင်နေပြီး သူမ၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ ဓား၏ အေးစက်သော အထိအတွေ့အောက်တွင် သူမ ကြောက်လန့်တုန်လှုပ်နေပြီး အယ်လီနာက ဤမျှထိ ပါးနပ်စွာဖြင့် အန်တွန်ကို မက်စ်အား လက်လွှတ်စေရန် ဤကဲ့သို့ ရက်စက်သော နည်းပရိယာယ်ကို သုံးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
နာရှ် (Nash) နှင့် အဲရစ်ကာ (Erica) တို့လည်း ဤသည်ကို မြင်ပြီး ထိတ်လန့်သွားကြသည်။ အယ်လီနာက အန်တွန်အပေါ် ဤမျှ ရက်စက်ပြီး ပြတ်သားသော နည်းဗျူဟာကို သုံးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
"ဒီမိန်းမယုတ်..." မက်စ်က ဆံပင်ငွေရောင်နှင့် အမျိုးသမီးကို ဆဲဆိုလိုက်သည်။ သူမသည် သူ့ကို သတ်ရန်အတွက် ဤမျှထိ အောက်တန်းကျလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။
"ကဲ... ရှင့်ရဲ့ ရွေးချယ်မှုက ဘာလဲ၊ အဲလစ်လား... ဒါမှမဟုတ် အဲဒီကောင်လေးလား" အယ်လီနာက အေးစက်သော အပြုံးဖြင့် မေးလိုက်သည်။
အန်တွန်က သူမကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး "ဒီတစ်ခါတော့ မင်းနိုင်သွားပြီ။ ဒါပေမဲ့ ငါ့ညီမကို ဓားနဲ့ချိန်လိုက်တာဟာ မင်းရဲ့ အကြီးမားဆုံး အမှားပဲဆိုတာ မှတ်ထားလိုက်"
ထို့နောက် သူက မက်စ်၏အနီးတွင် ရပ်နေသော အဖိုးအိုဘက်သို့ လှည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဦးလေး ရက်စ် (Rex)... အဲဒီကောင်လေးကို လွှတ်ပေးလိုက်ပါ"
"သခင်လေး အလိုရှိတဲ့အတိုင်းပါ" အဖိုးအိုက ခေါင်းညိတ်ပြပြီး ပျောက်ကွယ်သွားရာ မက်စ်တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ အဲလစ်သည် ထိုအဖြစ်အပျက်ကို စိတ်မကောင်းစွာ ကြည့်နေသည်။ ဂူသင်္ချိုင်း (Dungeon) ထဲတွင် မက်စ်နှင့်အတူ ကုန်ဆုံးခဲ့သည့် အချိန်များကို တွေးတောမိရင်း သူမ၏ မျက်လုံးများ ဝေဝါးလာသည်။
"တောင်းပန်ပါတယ် မက်စ်..." သူမက အပြစ်မကင်းသည့် ခံစားချက်များဖြင့် အသံတုန်တုန်ယင်ယင် ပြောလိုက်သည်။
မက်စ်က သူမဘက်သို့ လှည့်ကာ အရေးမစိုက်သည့် အပြုံးမျိုးဖြင့် ရယ်မောလိုက်သည်။ "ဝမ်းမနည်းပါနဲ့ အဲလစ်ရယ်။ သူမက ငါ့ကို တကယ် သတ်နိုင်လိမ့်မယ်လို့ မင်း တကယ်ထင်လို့လား" သူ၏ လေသံက ပေါ့ပါးနေပြီး ဤအခြေအနေမှာ သူ့အတွက် ဘာမှမဟုတ်သကဲ့သို့ပင်။
မက်စ်က အလကား ကြွားလုံးထုတ်နေခြင်းလား၊ မဟုတ်ဘူးလားဆိုသည်ကို အဲလစ် မသိသော်လည်း သူမ ရင်းနှီးနေသည့် သူ၏ ယုံကြည်မှုအပြည့်ရှိသော မျက်နှာထားက သူ့တွင် အစီအစဉ်တစ်ခုခု ရှိနေကြောင်းကို ညွှန်ပြနေသည်။
မက်စ်က သူမကို စိတ်ချစေရန် ပြုံးပြလိုက်ပြီး အယ်လီနာ့ဘက်သို့ လှည့်ကာ -
"မင်းက တကယ့် မိန်းမယုတ်ပဲဆိုတာ မင်းကိုယ်မင်း သိလား"
မက်စ်၏ စကားများက လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး တိတ်ဆိတ်မှု တစ်ခုက ကြီးစိုးသွားသည်။ ထိုစကား၏ သက်ရောက်မှုက ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့်အနှယ် လူအုပ်ကြီးကို တုန်လှုပ်သွားစေသည်။ ဂုဏ်သရေရှိလှသော ဘလိတ်မိသားစု၏ သမီးဦး အယ်လီနာကို ဤမျှ မလေးမစား ပြောဆိုလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ သူမ၏ ခိုင်မာသော ဂုဏ်သတင်းနှင့် အေးစက်သော အလှတရားတို့က သူမကို မည်သူမျှ မထိဝံ့သည့် အရှိန်အဝါကို ပေးစွမ်းထားသည်။ သူမကို ဤကဲ့သို့ ပြောဆိုခြင်းမှာ သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။
အယ်လီနာ၏ မျက်နှာက မှောင်ကျသွားပြီး နှင်းခဲများ ဖုံးလွှမ်းနေသော ပျံလွှားဓားတစ်လက်ကို မက်စ်ထံသို့ စေလွှတ်လိုက်သည်။ ၎င်းသည် သူ၏ နဖူးရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။
"ဒါက မင်းရဲ့ နောက်ဆုံးစကားလား" သူမက အေးစက်စွာ မေးလိုက်သည်။
မက်စ်က သူမကို ပြုံးပြပြီး - "ငါ့ရဲ့ နောက်ဆုံးစကားကတော့ 'ထွက်သွားစမ်းပါ မိန်းမယုတ်' ဆိုတာပဲ"
စကားဆုံးသည်နှင့်တပြိုင်နက် မက်စ်၏ လက်ထဲတွင် ခရမ်းရောင်သေမင်းဆီမီးအိမ် (Lantern of the purple death) ပေါ်လာသည်။
"ကဲ... သွားပြီး မင်း တတ်နိုင်သလောက် ပရမ်းပတာတွေ ဖန်တီးလိုက်စမ်း" မက်စ်က မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ခဏအကြာတွင် ဆီမီးအိမ်ထဲမှ ခရမ်းရောင် မီးလျှံများက ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ထိန်းမနိုင်သိမ်းမရ လောင်မြိုက်လာပြီး ဆီမီးအိမ်အတွင်းမှ ရုန်းထွက်ကာ မက်စ်ကို ဝန်းရံလိုက်သည်။ အခြေအနေကို မြင်သည်နှင့် အယ်လီနာက လျင်မြန်စွာ တိုက်ခိုက်လိုက်သော်လည်း သူမ၏ ဓားမှာ ခရမ်းရောင် မီးလျှံများကြောင့် လွင့်စင်သွားသည်။ တစ်စက္ကန့်မျှ အကြာတွင် ခရမ်းရောင် မီးလျှံများသည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ ကောင်းကင်ယံသို့ မြင့်တက်သွားပြီး မက်စ်ကို အထဲတွင် ပိတ်လှောင်ကာ အခြားသူများနှင့် သီးခြားစီ ဖြစ်သွားစေသည်။
"ခရမ်းရောင် ဆီမီးအိမ်က ဘယ်လိုလုပ် သူ့လက်ထဲ ရောက်သွားတာလဲ" နာရှ်က မျက်လုံးပြူးကာ အဲရစ်ကာဘက်သို့ လှည့်မေးလိုက်သည်။
"ငါလည်း မသိဘူး" အဲရစ်ကာကလည်း ရှေ့က ခရမ်းရောင် မီးလျှံလေဆင်နှာမောင်းကို ကြည့်ရင်း လုံးဝ ဘာမှမသိသကဲ့သို့ ပြောလိုက်သည်။ "ခရမ်းရောင် ဆီမီးအိမ်က ဒီလိုမျိုးတွေ လုပ်နိုင်မှန်း ငါလည်း မသိခဲ့ဘူး"
နာရှ်က သက်ပြင်းချလိုက်သည်။ ခရမ်းရောင် မီးလျှံလေဆင်နှာမောင်းဘက်သို့ လှည့်ကြည့်လိုက်သောအခါ အယ်လီနာက ၎င်းကို မနားတမ်း ထပ်ခါတလဲလဲ တိုက်ခိုက်နေသော်လည်း သူမ၏ ဓားများမှာ ခရမ်းရောင် မီးလျှံများကို ကျော်ဖြတ်နိုင်ခြင်း မရှိသည်ကို မြင်လိုက်ရသည်။ ၎င်းတို့က အတားအဆီးတစ်ခုကဲ့သို့ မက်စ်ကို သူမ၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးထားသည်။
"ဒီကောင်လေး... သူက အစကတည်းက အစီအစဉ် ရှိပြီးသားပဲ" အန်တွန်က ထိုအဖြစ်အပျက်ကို ကြည့်ပြီး ပြုံးလိုက်သည်။ အဲလစ်လည်း မက်စ်တွင် အယ်လီနာကို တုံ့ပြန်ရန် တစ်ခုခုရှိနေသည်ကို သိသွားပြီး စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် မက်စ်က သူ့အခြေအနေကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။ သူသည် ခရမ်းရောင် မီးလျှံများကို သုံး၍ မိမိကိုယ်ကို ကာကွယ်နိုင်သော်လည်း ၎င်းတို့ ဆီမီးအိမ်ထဲသို့ ပြန်မဝင်သွားမီ ခဏတာမျှသာ ဖြစ်သည်။ ထိုအချိန်အတွင်း သူ လွတ်မြောက်ရန် နည်းလမ်းတစ်ခု စဉ်းစားရမည်။
"အစ်ကိုကြီး... ဒီမှာ..."
ထိုစဉ် မက်စ်၏ ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာရာ သူ လန့်သွားပြီး နှလုံးရပ်မတတ် ဖြစ်သွားသည်။ လှည့်ကြည့်လိုက်သောအခါ ကူးသန်းသွားလာရေးဂိတ် (portal) တစ်ခုကို မြင်လိုက်ရပြီး ဟိုဘက်အခြမ်းတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦးက သူ့ကို လက်လှမ်းပြနေသည်။
"အစ်ကိုကြီး... မီမီ (Mimi) အကူအညီ လိုတယ်..."
မက်စ်က မျက်မှောင်ကြုတ်လိုက်သည်။ "အကူအညီ? ... ဒါက ကူးသန်းသွားလာ
ေရးဂိတ်(portal) လား"
သူ့အတွက် လွတ်မြောက်ရာလမ်းကို တွေ့လိုက်ရသဖြင့် မျက်လုံးများက စိတ်လှုပ်ရှားစွာ ပြူးကျယ်သွားသည်။
"ခဏလေးစောင့်... ငါ မင်းကို ကူညီဖို့ လာခဲ့မယ်" မက်စ်က တိုးတိုးလေး ပြောလိုက်သည်။
မိန်းကလေးငယ်လေးက ခေါင်းညိတ်ပြကာ - "မီမီ စောင့်နေမယ်"