[အခန်း ၂၆ စိတ်ရည်သန်မှု]
“ခင်ဗျားက ဘယ်သူလဲ”
မက်စ် ချွေးပြန်ရင်း မေးလိုက်သည်။ ဤလူ့ထံမှ သူ ခံစားနေရသော ဖိအားမှာ အလွန်အမင်း လွှမ်းမိုးလွန်းလှသဖြင့် ၎င်း၏ရှေ့တွင် မှောက်ရက်လဲကျပြီး အညံ့ခံလိုစိတ်ပင် ပေါက်လာတော့သည်။ ၎င်းမှာ ဗီဇအရဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ဘဲ သူ့နှလုံးသား၏ အောက်ခြေအနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော အခြေခံအကျဆုံး တိုက်တွန်းချက်တစ်ခုက ရှေ့တွင်ရပ်နေသော ထိုလူကို ဦးချကိုးကွယ်ရန် အော်ဟစ်နေခြင်းပင်။
'ကျိန်စာသင့်စမ်း... ဒီလူက တော်တော်လေး အန္တရာယ်များတာပဲ။ ငါ ဒီကနေ အမြန်ထွက်သွားတာ ပိုကောင်းမယ်'
မက်စ်က ထွက်ပြေးရန် လျှို့ဝှက်စီစဉ်ရင်း တွေးလိုက်သည်။
“ငါ့ကို အနိုင်ယူစမ်း” ဟု ထိုလူက ပြောလိုက်ပြီး သူ၏ဓားဖြင့် မက်စ်ကို ချိန်ရွယ်လိုက်သည်။
ထိုစကားများ သူ၏နှုတ်ခမ်းဖျားမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိုလူမှာ ရှိနေသောနေရာမှ ပျောက်ကွယ်သွားပြီး မက်စ်၏ရှေ့တွင် ပြန်လည်ပေါ်လာကာ မက်စ်၏ပုခုံးကို ခုတ်ချလိုက်သည်။ မက်စ်၏မျက်လုံးများ အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။ အကယ်၍ သူ၏ သုံးဖက်မြင်ခန္ဓာကိုယ် (Three Dimensional Body) စွမ်းရည်သာမရှိလျှင် ထိုမျှလောက်မြန်သော တိုက်ခိုက်မှုကို သူ၏မျက်လုံးဖြင့် လိုက်ကြည့်နိုင်မည်မဟုတ်ပေ။ မက်စ်သည် သူ၏ ဓားအရှိန်အဝါ (Sword Aura) ကို အမြင့်ဆုံးအထိ အသုံးပြုလိုက်ပြီး အပေါ်သို့ ပင့်ခုတ်ကာ တန်ပြန်လိုက်သည်။
ချွင်! ဓားချင်းထိခိုက်မိသွားချိန်တွင် လေပြင်းများ တဝူးဝူးတဝုန်းဝုန်း တိုက်ခတ်လာပြီး လေဖိအားလှိုင်းများကို အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားစေသည်။ ရုပ်အလောင်းတစ်ခုမှာ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားကာ မီးလောင်ထားသော သစ်ပင်တစ်ပင်ကို သွားရောက်တိုက်မိလေသည်။ ထိုသူမှာ မက်စ်ပင်ဖြစ်သည်။
“အဟွတ်...”
သစ်ပင်နှင့် တိုက်မိသွားချိန်တွင် သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
'သူက သိပ်သန်မာတာပဲ!'
မက်စ် တစ်ကိုယ်လုံး နာကျင်မှုကို ခံစားရင်း တွေးလိုက်သည်။ သူသည် အဆင့် (Level) ၁၀ ရှိသော မကောင်းဆိုးဝါးများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော်လည်း သူ၏ခန္ဓာကိုယ်နှင့် ကြံ့ခိုင်မှုမှာ အဆင့် ၄ မှာသာ ရှိသေးသည်။ သူသည် ထိုအဆင့်တွင် တိုက်ခိုက်နိုင်သည်ဆိုသော်လည်း အကယ်၍ ရန်သူ၏ တိုက်ခိုက်မှု တစ်ချက်သာ ထိမှန်သွားပါက သူ အဆုံးသတ်သွားပေလိမည်။
မက်စ်က ဖြည်းညှင်းစွာ ထရပ်လိုက်ရင်း ထိုလူကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။
“ခင်ဗျား ဘာလိုချင်တာလဲ” ဟု ထိုလူထံမှ ထွက်ပေါ်နေသော ဖိအားကြောင့် တုန်ရီနေသော အသံဖြင့် သူ မေးလိုက်သည်။
“ငါ့ကို အနိုင်ယူစမ်း”
ဟု ထိုလူက ထပ်မံပြောဆိုကာ ပြန်လည်တိုက်ခိုက်လာပြန်သည်။ သူ၏ဓားကို ရှေ့သို့ ထိုးသွင်းလိုက်ရာ အနက်ရောင် နဂါးငယ်လေးပေါင်း ရာနှင့်ချီ၍ မက်စ်ထံသို့ ပြေးဝင်လာကြသည်။ မက်စ်က သွားကြိတ်လိုက်ပြီး အဆင့် ၁၀၀ ရှိသည့် ဒေါသတကြီး တိုက်ခိုက်မှု (Fury Strike) ကို ချက်ချင်း အသုံးပြုလိုက်သည်။ သူ၏ဓားကို တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်... အကြိမ်ပေါင်း တစ်ရာတိုင်အောင် ဆက်တိုက် ထိုးသွင်းလိုက်သည်။ ထိုးချက်တိုင်းတွင် ဓားရိပ်ငါးခုစီ ထွက်ပေါ်လာသည်။
ခဏအတွင်းမှာပင် ဓားရိပ်ပေါင်း ငါးရာမှာ ထိုလူ၏ဓားမှ ထွက်ပေါ်လာသော အနက်ရောင် နဂါးငယ်လေးပေါင်း ရာနှင့်ချီနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။ ဓားရိပ်များနှင့် နဂါးနက်လေးများ ထိတွေ့မိသွားရာမှ မက်စ်နှင့် ထိုလူ၏အကြားတွင် အနက်ရောင် မီးလျှံပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး မက်စ်မှာ နောက်သို့ ငါးလှမ်းခန့် ဆုတ်ခွာလိုက်ရကာမှ ရပ်တန့်သွားနိုင်သည်။
“ငါ့ရဲ့ တိုက်ခိုက်မှုက အလဟဿပဲ...”
မက်စ်က ထိုလူ၏ စွမ်းအားကို ခံစားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုလူ ပြသနေသော စွမ်းအားမှာ အဆင့် ၁၀ မှာသာ ရှိနေသေးသော်လည်း ၎င်းထံမှ အဆက်မပြတ် ထွက်ပေါ်နေသော ဖိအားကြောင့် မက်စ်မှာ ကြောက်ရွံ့တုန်ရီနေမိသည်။
'အချိန်နယ်မြေထဲမှာ နှစ်ပေါင်းများစွာ လေ့ကျင့်တုန်းက ဓားအရှိန်အဝါနဲ့ ဖန်တီးထားတဲ့ ကွဲပြားသောဓားချက် (Divergent Slash) ကို သုံးချင်ပေမဲ့ အဲ့ဒီတိုက်ခိုက်မှုကို သုံးဖို့ အချိန်နည်းနည်းလိုတယ်၊ ဒီလူကတော့ ငါ့ကို အချိန်ပေးမှာ မဟုတ်ဘူး'
သူ၏ ရွေးချယ်စရာများကို သူ စဉ်းစားနေမိသည်။
“မင်းရဲ့ဓားက သန်မာပေမဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခု လိုနေတယ်”
ဟု ထိုလူက ပြောလိုက်ရာ မက်စ် မျက်မှောင်ကြုတ်သွားသည်။
“တစ်ခုခု လိုနေတယ် ဟုတ်လား”
မက်စ်က သူ၏ အပြာရောင် တောက်ပနေသော ဓားကို ကြည့်ရင်း “ဘာလိုနေတာလဲ” ဟု တကယ်ပင် သိချင်စိတ်ဖြင့် မေးလိုက်သည်။ မက်စ်သည်လည်း သူ၏ ဓားအရှိန်အဝါထဲတွင် တစ်ခုခု လိုအပ်နေသည်ဟု ယခင်ကတည်းက ခံစားခဲ့ရဖူးသည်။ ၎င်းမှာ ဘာမှန်း သူ မပြောနိုင်သော်လည်း ၎င်းသည် အလွန်အမင်း အရေးကြီးကြောင်းကိုမူ သူ သိနေသည်။
“စိတ်ရည်သန်မှု (Intent) ပဲ”
ဟု ထိုလူက တည်ငြိမ်စွာ ပြန်ဖြေသည်။ “မင်းရဲ့ဓားက နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့လို့ ပုံစံတကျ ဖြစ်နေပြီ၊ ဒါပေမဲ့ စိတ်ရည်သန်မှု ကင်းမဲ့နေတယ်”
“စိတ်ရည်သန်မှု?”
မက်စ်က ထိုစကားလုံးကို စဉ်းစားလိုက်ပြီး စိတ်ရည်သန်မှုနှင့် သူ၏ဓားအကြား ဆက်နွှယ်မှုကို နားလည်ရန် ကြိုးစားလိုက်သည်။ မက်စ်၏ မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်မှုကို မြင်သောအခါ ထိုလူ၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားသော်လည်း သူ၏ မျက်လုံးများမှာမူ ထက်မြက်မြဲ ရှိနေသေးသည်။ သူက တည်ငြိမ်သော်လည်း ပြတ်သားသော အသံဖြင့် ထပ်မံ ပြောကြားလာသည်။
“တစ်စုံတစ်ယောက်က မင်းကို သတ်ချင်တဲ့အခါ သူတို့ရဲ့ စိတ်ရည်သန်မှုက မင်းရဲ့အသက်ကို အဆုံးသတ်ဖို့ အလိုဆန္ဒအပေါ်မှာ အခြေခံတယ်။ ဒါက သတ်ဖြတ်လိုသော စိတ်ရည်သန်မှု (Killing intent) ပဲ။ တစ်ဖက်မှာလည်း သတ္တဝါတစ်ကောင်ကတော့ တိရစ္ဆာန်ဆန်တဲ့ ဆာလောင်မှု ဒါမှမဟုတ် ဒေါသနဲ့ တိုက်ခိုက်လိမ့်မယ်၊ ဒါက တိရစ္ဆာန်ဆန်သော စိတ်ရည်သန်မှု (Bestial intent) ပေါ့။ ဒါပေမဲ့ ဓားကို ကိုင်စွဲတဲ့အခါကျရင်တော့ စိတ်ရည်သန်မှုက တစ်မျိုးကွဲပြားသွားပြီ”
သူက ခေတ္တရပ်လိုက်ပြီး သူ၏ စကားလုံးများ မက်စ်၏စိတ်ထဲတွင် စွဲထင်သွားစေရန် စောင့်ဆိုင်းနေသည်။
“စိတ်ရည်သန်မှုဆိုတာ မင်းရဲ့ဓားကို မောင်းနှင်ပေးတဲ့အရာပဲ။ ဒါက ဓားတစ်ချက် ခုတ်ယမ်းရုံထက် အများကြီး ပိုပါတယ်။ စိတ်ရည်သန်မှု မရှိရင် မင်းရဲ့ဓားက ကိရိယာတစ်ခုပဲ ဖြစ်နေလိမ့်မယ်၊ မင်းရဲ့ ဆန္ဒကို ဖော်ပြပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူး။ အကယ်၍ မင်းက ဘာရည်ရွယ်ချက်၊ ဘာခံစားချက်မှ မပါဘဲ ဓားကို ဆွဲထုတ်မယ်ဆိုရင် ဓားရဲ့ နက်ရှိုင်းတဲ့ နိယာမတွေကို မင်း ဘယ်တော့မှ အမှန်တကယ် နားလည်မှာ မဟုတ်ဘူး။ မင်းဟာ ဓားသမားတစ်ယောက်အနေနဲ့ တိုးတက်မလာဘဲ တစ်နေရာတည်းမှာပဲ ရပ်တန့်နေလိမ့်မယ်”
မက်စ်သည် ငြိမ်သက်စွာ ရပ်နေရင်း ထိုသင်ခန်းစာ၏ လေးနက်မှုကို စဉ်းစားနေမိသည်။ ထိုလူ၏ စကားလုံးများမှာ စူးရှထင်ရှားလှပြီး ဓားဆိုသည်မှာ တိုက်ပွဲဝင် ကိရိယာတစ်ခုမျှသာ မဟုတ်ဘဲ စိတ်၊ နှလုံးသားနှင့် ဝိညာဉ်တို့၏ ရောင်ပြန်ဟပ်မှု တစ်ခုဖြစ်ကြောင်း ပထမဆုံးအကြိမ်အဖြစ် သူ စတင် ခံစားလာရသည်။
“ငါ့ရဲ့ဓားကို မောင်းနှင်ပေးတဲ့ စိတ်ရည်သန်မှု... ငါ့ရဲ့ဆန္ဒကို ဖော်ပြပေးတဲ့ အစိတ်အပိုင်းတစ်ခု...”
မက်စ်က ထိုစကားလုံးများကို သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေမိပြီး သူ၏ စိတ်မှာ ပိုမိုနက်ရှိုင်းသော စဉ်းစားဆင်ခြင်မှုထဲသို့ နစ်ဝင်သွားသည်။ ထိုလူ၏ သင်ကြားမှုနောက်ကွယ်မှ အဓိပ္ပာယ်ကို သူ စဉ်းစားနေစဉ် သူ၏အတွင်း၌ တစ်ခုခု လှုပ်ရှားလာသည်။ ၎င်းမှာ ယခင်က သူ တစ်ခါမှ အမှန်တကယ် နားမလည်ခဲ့ဖူးသော ဓားပညာ၏ အနှစ်သာရမှာ နေရာတကျ စတင်ဖြစ်ပေါ်လာသလိုမျိုးပင်။
မိမိကိုယ်ကိုယ် သတိမထားမိဘဲ မက်စ်သည် ဉာဏ်အလင်းပွင့်သော အခြေအနေ (State of Enlightenment) သို့ ရောက်ရှိသွားသည်။ သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားပြီး သူ၏ဓားကို မြှောက်လိုက်သည်။ အစပိုင်းတွင် သူသည် ခွန်အား၊ စွမ်းအင် သို့မဟုတ် ဓားအရှိန်အဝါပင် မပါဘဲ လေထုကို စမ်းသပ်နေသကဲ့သို့၊ ပတ်ဝန်းကျင် ကမ္ဘာကြီး၏ စည်းချက်ကို ခံစားနေသကဲ့သို့ အဓိပ္ပာယ်မဲ့စွာ စတင် ခုတ်ယမ်းလိုက်သည်။ သူ၏ လှုပ်ရှားမှုများတွင် အလောတကြီး ဖြစ်နေခြင်း မရှိပေ။ ဓားချက်တိုင်းမှာ တမင်ရည်ရွယ်ထားသော်လည်း အားစိုက်စရာမလိုဘဲ အလိုအလျောက် ဖြစ်နေပြီး ဓားမှာ သူ၏ လက်မောင်းတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
အစပိုင်းတွင် ပတ်ဝန်းကျင်ရှိ လေထုမှာ ငြိမ်သက်နေသကဲ့သို့ ထင်ရသော်လည်း တဖြည်းဖြည်းနှင့် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု စတင် ဖြစ်ပေါ်လာသည်။ ဓားသွားမှ တိုးညင်းသော အသံတစ်ခု ပဲ့တင်ထပ်လာပြီး ဓား၏ အစွန်းတစ်လျှောက်တွင် အားနည်းသော အရှိန်အဝါတစ်ခု စတင် ဖြစ်ပေါ်လာသည်။ သူ ဆက်လက် ခုတ်ယမ်းနေစဉ် ထိုအရှိန်အဝါမှာ ပိုမိုအားကောင်းလာပြီး ပိုမိုစူးရှလာကာ ဓားကိုယ်တိုင်က အသက်ဝင်လာပြီး သူ၏ နက်ရှိုင်းသော နားလည်မှုကို တုံ့ပြန်နေသကဲ့သို့ပင် ဖြစ်နေသည်။
မက်စ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ထိုပြောင်းလဲမှုကို သူ ခံစားလိုက်ရသည်။ ထို့နောက်တွင် သူ၏ လှုပ်ရှားမှုများမှာ ပိုမိုယုံကြည်မှု ရှိလာကာ ပိုမိုအာရုံစူးစိုက်မှု ရှိလာသည်။ ဓားမှာ ကိရိယာတစ်ခု မဟုတ်တော့ဘဲ သူ၏ ဆန္ဒကို ကိုယ်စားပြုသော အရာတစ်ခု ဖြစ်လာသည်။ ထိုအခိုက်အတန့်တွင် ထိုလူ သင်ကြားပေးခဲ့သည်ကို မက်စ် စတင် သဘောပေါက်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည် - ဓား၏ စစ်မှန်သော အနှစ်သာရမှာ ဓားသွားပေါ်တွင် မဟုတ်ဘဲ ၎င်းကို လမ်းညွှန်ပေးသော စိတ်ရည်သန်မှု ပေါ်တွင်သာ ရှိသည်။
မက်စ် သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ယခုလေးတင် သင်ယူခဲ့သမျှကို အာရုံခံလိုက်သည်။ ထို့နောက် မျက်လုံးများကို ပြန်ဖွင့်ကာ ရှေ့မှလူကို ကြည့်လိုက်သည်။
“ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ” ဟု သူက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုလူက လက်ခံသည့်သဘောဖြင့် ခေါင်းညိတ်ပြကာ သူ၏ဓားကို နောက်ဆုံးတစ်ချက်အဖြစ် အောက်သို့ ခုတ်ချလိုက်သည်။ မက်စ် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ထိုအခိုက်အတန့်၏ အရေးပါမှုကို ခံစားလိုက်သည်။ ယခုအခါတွင် သူ တွန့်ဆုတ်နေခြင်း မရှိတော့ပေ။ သူ အာရုံစူးစိုက်လိုက်ပြီး ပြတ်သားပြီး ထိန်းချုပ်ထားသော လှုပ်ရှားမှုဖြင့် ထိုသူ၏ဓားကို ဆီးကြိုရန် သူ၏ဓားကို အစွမ်းကုန် ပင့်ခုတ်လိုက်သည်။
ချွင်! ဓားသွားနှစ်ခုမှာ ဟိန်းထွက်နေသော အသံနှင့်အတူ ထိပ်တိုက်တွေ့ဆုံသွားပြီး ထိုထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လေဖိအားလှိုင်းမှာ လေထဲတွင် တုန်ခါသွားသည်။ မက်စ်သည် သူ၏ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး ခြေဖျားပင်မလှုပ်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေသည်။ သူ၏ဓားမှာ ထိုပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် မယိမ်းမယိုင် တည်ငြိမ်နေသည်။ အခြားတစ်ဖက်တွင်မူ ထိုလူမှာ ဖြည်းညှင်းစွာ နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး မက်စ်၏ တိုက်ခိုက်မှုအရှိန်ကြောင့် ဟန်ချက်ပျက်သွားသည်။ ၎င်းမှာ ခဏတာမျှသာ ဖြစ်သော်လည်း ထိုမြင်ကွင်းမှာ မက်စ်ကို ဂုဏ်ယူစိတ် ဖြစ်ပေါ်စေရန် လုံလောက်လှသည်။
သို့သော် မက်စ် အောင်မြင်ပြီဟု ထင်လိုက်စဉ်မှာပင် သူ၏နားထဲတွင် မမျှော်လင့်ထားသော၊ အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေသော အသံတစ်ခု မြည်ဟည်းလာသည်။
ဂွပ်! သူ၏ဓားမျက်နှာပြင်မှာ စတင် အက်ကွဲလာသည်ကို မြင်လိုက်ရသဖြင့် မက်စ်၏ မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။ အက်ကြောင်းများမှာ သံမဏိပေါ်တွင် သွေးကြောများသဖွယ် ဓားသွားတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားပြီးနောက် ဓားတစ်ခုလုံးမှာ ကျယ်လောင်သော အသံနှင့်အတူ အပိုင်းပိုင်း ကွဲကြေသွားတော့သည်။ ဓားစအစအများမှာ အရပ်မျက်နှာအနှံ့ လွင့်ထွက်သွားပြီး မက်စ်မှာလည်း ထိုပေါက်ကွဲမှု အရှိန်ကြောင့် နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ မြေပြင်နှင့် အရှိန်ပြင်းစွာ ရိုက်မိသွားပြီး ထိုရိုက်ခတ်မှုကြောင့် သူ၏ အရိုးများမှာ တုန်ခါသွားသည်။
“အား... နာလိုက်တာ”
မက်စ် နာကျင်မှုကို အံကြိတ်ခံရင်း ဖြည်းညှင်းစွာ ထရပ်ကာ ထိုလူကို ပြန်ကြည့်လိုက်သည်။
“မင်း အောင်သွားပြီ”
ဟု ထိုလူက ပြောလိုက်ပြီးနောက် အနက်ရောင် မီးလျှံများအဖြစ် ပြောင်းလဲသွားကာ ဂူအတွင်းသို့ ပြန်လည် စီးဝင်သွားသည်။
“ဒါပေမဲ့ ဒါကို မှတ်ထားပါ - မင်း သင်ယူခဲ့တာက စိတ်ရည်သန်မှုရဲ့ အစွန်းလေးပဲ ရှိသေးတယ်။ မင်းရဲ့ စိတ်ရည်သန်မှုက အမှန်တကယ် ပုံဖော်နိုင်ဖို့အတွက် နောက်ထပ် နှစ်ပေါင်းများစွာ လေ့ကျင့်ဖို့ လိုအပ်သေးတယ်”
အနက်ရောင် မီးလျှံများ ဂူအတွင်းသို့ ပျောက်ကွယ်သွားချိန်တွင် သူ၏ နောက်ဆုံးစကားများမှာ မက်စ်၏ နားထဲတွင် ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည်။
“ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ကို သင်ကြားပေးခဲ့တဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်”
မက်စ်က ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်လိုက်ပြီးနောက် သူ၏ အာရုံကို ရှေ့မှ ဂူဆီသို့ လွှဲပြောင်းလိုက်လေသည်။