အခန်း (၇) - သွေးမိစ္ဆာအတတ်သွေးရူးဆိုးသွမ်းခြင်း
"သွေးမိစ္ဆာအတတ် - သွေးရူးဆိုးသွမ်းခြင်း"
ဝုန်း
ရှင်းအိချိ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သော အပူရှိန်များ ရုတ်ချည်း လျှံထွက်လာပြီး အဝတ်ဗလာဖြစ်နေသော အရေပြားများမှာလည်း တစ်ခဏချင်းအတွင်း ရဲရဲနီသွားသည် ဖြစ်သည်။ ၎င်း၏ ကိုယ်မှ ထွက်ပေါ်နေသော အပူချိန်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုပင် တုန်ရီဝေဝါးသွားရသည်။
ရှင်အိချိ၏ အရေပြားပေါ်ရှိ သွေးကြောများမှာ ဖောင်းကြွလာပြီး ထိုသွေးကြောများထဲ၌ စီးဆင်းနေသည်မှာ သွေးများ မဟုတ်ဘဲ ပူပြင်းလှသော ချော်ရည်ပူများသဖွယ် ဖြစ်နေတော့သည်။ ၎င်း၏ သွေးထဲ၌ ရှိနေသော ခါရာစုမာ၏ အဆိပ်များမှာလည်း ထိုပြင်းထန်လှသော အပူရှိန်အောက်တွင် ချက်ချင်းပင် ပျောက်ပျက်သွားရသည်။
ဝုန်း
ရှင်အိချိသည် သူ၏ ညာခြေကို မြှောက်ကာ မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်ရာ မြေကြီးများ အက်ကွဲသွားရသည်။
ရှူး
ခါရာစုမာ၏ မျက်စိရှေ့တွင် အနီရောင် အရိပ်တစ်ခု ဝေဝါးစွာ ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရပြီး ၎င်း၏ လျှာအဆိပ်ဖြင့် တိုက်ခိုက်မှုမှာလည်း လုံးဝ လွဲချော်သွားတော့သည်။
"မြန်လိုက်တာ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီကောင်စုတ်က သွေးမိစ္ဆာအတတ်ကို ဘယ်လိုလုပ် တတ်နေတာလဲ"
ဖြန်း
ရုတ်တရက်ဆိုသလို ခရမ်းရောင်သန်းနေသော လက်သီးတစ်ချက်သည် ခါရာစုမာ၏ မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ၎င်း၏ မျက်နှာတစ်ခြမ်းလုံးကို ဖရဲသီးတစ်လုံးကဲ့သို့ တစ်စစီ ကြေမွသွားစေသည်။
အရိုးစများနှင့် အသားစများမှာ နေရာအနှံ့ လွင့်စင်သွားရတော့သည်။
ထို့နောက် လက်သီးချက်များမှာ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ဆိုသလို ကျရောက်လာပြီး မီတာအနည်းငယ်အတွင်း၌ ခရမ်းရောင် လက်သီးရိပ် ရာပေါင်းများစွာသည် ခါရာစုမာ၏ ခန္ဓာကိုယ်ပေါ်သို့ တရစပ် ထုနှက်တော့သည်။
"အား... မလုပ်ပါနဲ့၊ တော်ပါတော့၊ တောင်းပန်ပါတယ်၊ ငါ့ကို ထပ်မရိုက်ပါနဲ့တော့"
ခါရာစုမာသည် အကူအညီမဲ့နေသော သဲအိတ်တစ်လုံးကဲ့သို့ ဖြစ်နေပြီး ၎င်း၏ မိစ္ဆာခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကြေမွပျက်စီးနေပြီ ဖြစ်သည်။
ဒုန်း
နောက်ဆုံး ပြင်းထန်လှသော လက်သီးချက်တစ်ချက်သည် ခါရာစူမာ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ၎င်းကို မြေပြင်ပေါ်သို့ အသေအလဲ ဖိကပ်ထားလိုက်တော့သည်။
ရှဲ...
ရှင်းအိချိီ၏ ပတ်ဝန်းကျင်ရှိ ပြင်းထန်သော အပူရှိန်မှာ တဖြည်းဖြည်း လျော့ပါးသွားပြီး သူ၏ မျက်ဝန်းထဲမှ စိမ်းဖန့်ဖန့် အလင်းရောင်မှာလည်း မှေးမှိန်သွားသည်။
မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ လဲလျောင်းနေသော ခါရာစုမာကို ကြည့်ရင်း ရှင်းအိချိီသည် သူ၏ လက်များကို မသိစိတ်ဖြင့် ငုံ့ကြည့်မိသည်။
ခုနက ခွန်အားနှင့် စိတ်ထဲတွင် မြင်ယောင်လာသော ထိုပုံရိပ်မှာ... ဘယ်သူနည်း။
"သွေးမိစ္ဆာအတတ် - သွေးရူးဆိုးသွမ်းခြင်း၊ သွေးထဲမှာရှိတဲ့ စွမ်းအင်အားလုံးကို ဖိသိပ်လိုက်တာနဲ့ သွေးတွေကို ပြင်းပြင်းထန်ထန် ဆူပွက်စေပြီး ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေသလို အရှိန်နဲ့ ခွန်အားကိုလည်း ခဏတာ အဆမတန် တိုးပွားစေတာပဲ။ ဒါက သွေးမိစ္ဆာအတတ်ပေါ့လေ။
အန်နီမေးလ်ကားတွေထဲက 'သေခြင်းတံခါး' (Gate of Death) ကို ဖွင့်လိုက်ရသလိုမျိုး ခံစားရတယ်။ ဒါပေမဲ့ အခု ငါက မိစ္ဆာတစ်ကောင် ဖြစ်နေပြီဆိုတော့ သေလို့တော့ရမှာ မဟုတ်ဘူး ထင်ပါရဲ့"
ရှင်းအိချိသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သရော်သည့် လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"သခင်ကြီး ရှင်အိချိီ သခင်ကြီး သိချင်တာမှန်သမျှကို ကျွန်တော် အကုန်ပြောပြပြီးပါပြီ။ ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် စောစောက ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်... ကျွန်တော် သခင်ကြီးနောက်ကို သေသည်အထိ လိုက်ပါ့မယ်လို့ သစ္စာဆိုပါတယ်၊ သခင်ကြီးရဲ့ ပါရမီနဲ့ဆိုရင် နာမည်ကျော် 'ကျူနိခိဇုခိ' (Twelve Kizuki) ဂိုဏ်းဝင်တစ်ယောက် မကလို့
'ဂျောဝန်း' (Upper Moon) တောင် အသေအချာ ဖြစ်လာမှာပါ"
အသားစိမ်းကြေမွမတတ် အရိုက်ခံထားရသော ခါရာစုမာသည် ကြောက်ရွံ့မှု၊ မြောက်ပေးမှုများ ရောပြွမ်းနေသော လေသံဖြင့် တောင်းပန်တိုးလျှိုးနေတော့သည်။ အသက်ရှင်သန်ခွင့်ရရန်အတွက် သူသည် သိက္ခာအားလုံးကို ရိုက်ချိုးပစ်လိုက်ပြီ ဖြစ်သည်။ သူ မနိုင်နိုင်တော့သည့်အတွက် ယခုကဲ့သို့ ဒူးထောက် အညံ့ခံခြင်းကိုသာ ရွေးချယ်လိုက်ရသည်။
"ခါရာစုမာ၊ မင်း လူဘယ်နှစ်ယောက်ကို စားခဲ့ပြီးပြီလဲ"
ဒုတ်
ခါရာစုမာ၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံမှာ ရုတ်ချည်း ရပ်တန့်မတတ် ဖြစ်သွားသည်။
"သ... သခင်ကြီး..."
"ပြောစမ်း"
"လူ... လူပေါင်း နှစ်ဆယ့်သုံးယောက်ပါ"
"လူနှစ်ဆယ့်သုံးယောက်၊ ဒါက အသက်ပေါင်း နှစ်ဆယ့်သုံးခုပဲ"
ခါရာစုမာသည် ခေါင်းမော့လာပြီး အရုပ်ဆိုးလှသော အပြုံးကို အတင်းဖန်တီးကာ ပြောလိုက်သည်။
"သခင်ကြီး ရှင်းအိချိီ၊မိစ္ဆာတွေက လူသားတွေကို စားတယ်ဆိုတာ သဘာဝပဲလေ။ ဒါက ကျွန်တော်တို့ရဲ့ ပင်ကိုယ်ဗီဇ၊ ကျွန်တော်တို့ရဲ့ စိတ်အာရုံပဲ။ ဘာလို့ အတင်းအဓမ္မ အောင့်အည်းနေမှာလဲ။ လူသားအသားကို တစ်ခါလောက် မြည်းစမ်းကြည့်လိုက်တာနဲ့ ဘယ်လောက်တောင် အရသာရှိလဲဆိုတာ သခင်ကြီး သိသွားလိမ့်မယ်။ အဲဒါက... အား..."
ခါရာစုမာသည် သူ၏ ဦးခေါင်းကို ပူပြင်းလှသော လက်တစ်ဖက်ဖြင့် အုပ်ကိုင်ဖိညှစ်ခြင်း ခံလိုက်ရသဖြင့် ရုတ်တရက် အော်ဟစ်လိုက်ရပြန်သည်။
"တော်စပ်၊ မင်း သေဖို့ပဲ ပြင်ထားလိုက်တော့"
ရှင်းအိချိီ၏ လေသံထဲတွင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကို ကြားလိုက်ရပြီး ၎င်းကို မည်သည့်အခါမျှ လွှတ်ပေးမည်မဟုတ်ကြောင်း ရိပ်မိသွားသောအခါ ခါရာစုမာသည် တစ်ဖန် ရူးသွပ်သွားပြီး ရူးသွပ်စွာ ရယ်မောတော့သည်။
"ဟားဟားဟား၊ ကောင်စုတ်၊ မင်းက ဘာတွေလုပ်နေတာလဲ။ မင်းက မိစ္ဆာတစ်ကောင်လေ။ သူတော်ကောင်းယောင် လာမဆောင်နဲ့။ မင်း ဘာပဲတွေးတွေး မင်းက မိစ္ဆာပဲ။ စောစောစီးစီး ဒါမှမဟုတ် နောက်ကျရင် မင်း လူသားတွေကို စားရမှာပဲ။
ဒါက မင်းရဲ့ ဗီဇပဲ။ မင်း တစ်ရက် နှစ်ရက်တော့ အောင့်ခံနိုင်ရင် ခံနိုင်လိမ့်မယ်၊ ဒါပေမဲ့ ထာဝရတော့ အောင့်မထားနိုင်ဘူး။ ဟားဟားဟား၊ ငါ့ကို သတ်ချင်တာလား။ သတ်နိုင်လို့လား။ မင်းကိုယ်မင်း အဲဒီ မိစ္ဆာအမဲလိုက်ဓားသမားတွေထဲက တစ်ယောက်လို့ ထင်နေတာလား။ သူတို့မျက်စိထဲမှာတော့ မင်းကလည်း မိစ္ဆာပဲ၊ လူသားစားတဲ့ မိစ္ဆာပဲ။ သူတို့က မင်းကိုလည်း သတ်ချင်နေကြမှာ၊ အဲဒီတော့ မင်း ဘာလုပ်နိုင်မှာလဲ။
ဟားဟားဟား၊ အဲဒီမျက်လုံးမျိုးပဲ၊ မင်း ငါ့ကို မုန်းနေတယ် မဟုတ်လား။ ငါ လူပေါင်း နှစ်ဆယ့်သုံးယောက်ကို စားခဲ့ပြီးပြီ၊ အဲဒီထဲမှာ အရသာအရှိဆုံးက မိန်းကလေးငယ်လေး နှစ်ယောက်ပဲ။
ရှူး... ရှူး... ရှူး... သူတို့ရဲ့ အသားက အရမ်းနုတာ၊ သူတို့ရဲ့ သွေးတွေကလည်း မွန်မြတ်တဲ့ ဝိုင်အကောင်းစားလိုပဲ မွှေးပျံ့နေတာ။ ငါ သူတို့ရဲ့ ခြေလက်တွေကို အရင်စားတာ၊ သူတို့ အသက်ရှင်လျက်နဲ့ အစားခံနေရတာကို သူတို့ကိုယ်တိုင် ကြည့်နေစေတာ။ တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ မြင်ကွင်းပဲ"
ရှင်းအိချိ၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထွက်လာပြီး ဖြုန်းခနဲ မြည်သံနှင့်အတူ ခါရာစုမာ၏ ဦးခေါင်းခွံတစ်ခြမ်းမှာ ကြေမွသွားကာ ဝါးတောက်တောက် ဦးနှောက်အနှစ်များမှာ ရှင်းအိချိီ၏ လက်ပေါ်သို့ လျှံကျလာသည်။
သို့သော်လည်း ကျန်ရှိနေသေးသော ခါရာစုမာ၏ ပါးစပ်တစ်ခြမ်းမှာ မနားတမ်း ဆက်လက်အော်ဟစ်နေဆဲ ဖြစ်သည်။
"အလကားပဲ။ မိစ္ဆာအမဲလိုက်သမားတွေရဲ့ ဓား ဒါမှမဟုတ် နေရောင်ခြည်ကပဲ ငါတို့ မိစ္ဆာတွေကို သတ်နိုင်တာ။ မင်း ဘယ်လောက်ပဲ ဒေါသထွက်ထွက် ငါ့ကို သတ်လို့မရဘူး။ ဟားဟားဟား၊ ဘယ်လိုလဲ၊ ဘယ်လိုခံစားရလဲ"
"အဲဒီလိုလား။ ငါကတော့ အဲဒီလိုမထင်ဘူး။ သွေးမိစ္ဆာအတတ် အသက်စုပ်ယူခြင်း"
ရှင်းအိချိသည် အံကြိတ်ကာ ဟိန်းဟောက်လိုက်ရာ ချက်ချင်းပင် စိမ်းစိုပြီး သစ်ကိုင်းသဖွယ် ဖြစ်သော နွယ်ပင်တစ်ခုသည် သူ၏ လက်ဖဝါးကို ဖောက်ထွက်ကာ ဆန့်ထွက်လာပြီး ခါရာစုမာ၏ ကြေမွနေသော ဦးခေါင်းခွံထဲသို့ လျင်မြန်စွာ ထိုးစိုက်ဝင်ရောက်သွားတော့သည်။
"ဟားဟားဟား... ဟင်... ဒါ ဒါ ဘာကြီးလဲ။ အင့်။ မလုပ်ပါနဲ့။ ဒါ ဘာကြီးလဲ။ ဖယ်စမ်း။ ဖယ်စမ်း။ အား။ မလုပ်ပါနဲ့။ တော်ပါတော့။ သခင်ကြီး။ ကျွန်တော့်ကို ချမ်းသာပေးပါ။ မလုပ်ပါနဲ့။ မလုပ်ပါနဲ့တော့။ အား..."
စိမ်းစိုသော နွယ်ပင်သည် ခါရာစုမာ၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားပြီးနောက် ပြင်းထန်စွာ တုန်ခါလာသည်။ ထို့နောက် ၎င်း၏ ခြေလက်များမှစတင်ကာ အသားများမှာ ခြောက်ကပ်သွားပြီး ပုပ်ပွနေသော မမ်မီရုပ်အလောင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ခြောက်သွေ့သွားတော့သည်။
တစ်ချိန်တည်းမှာပင် ရှင်အိချိီ၏ မျက်နှာတွင် သွေးရောင် အနည်းငယ် ပြန်လည်လွှမ်းမိုးလာသည်။ သူ၏ လက်ဖဝါးထဲရှိ နွယ်ပင်မှတစ်ဆင့် သန့်စင်သော စွမ်းအင်များ သူ၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းစီးဆင်းလာသည်ကို သူ ခံစားလိုက်ရသည်။
ဂလု
သူ ခံစားနေရသော ပြင်းထန်လှသည့် ဆာလောင်မှုများမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားရသည်။
ရှင်အိချိသည် မျက်လုံးများကို မှိတ်လိုက်ရာ သူ၏ ရှေ့မှောက်တွင် ပုံရိပ်တစ်ခု တစ်ဖန် ပြန်လည်ထင်ဟပ်လာသည်။
၎င်းမှာ ခါးတွင် ဓားရှည်တစ်စင်း ချိတ်ဆွဲထားပြီး အစိမ်းရောင် ဟာအိုရီ (Haori) ဝတ်ဆင်ထားသော လူတစ်ယောက်၏ ကျောပြင်ပုံရိပ် ဖြစ်သည်။ ထိုပုံရိပ်ထဲတွင် ရှင်းအိချိသည် လွန်ကဲလှသော မြင်ကွင်းနှစ်ခုကို မြင်လိုက်ရသကဲ့သို့ ရှိသည်။
တစ်ခုမှာ အဆုံးမရှိသော မီးတောက်များ လောင်ကျွမ်းနေသည့် ငရဲဘုံဖြစ်ပြီး နောက်တစ်ခုမှာ သက်ရှိများဖြင့် စိုပြည်ဝေဆာနေသော သစ်တောကြီး ဖြစ်သည်။
သွေးမိစ္ဆာအတတ် သွေးရူးဆိုးသွမ်းခြင်း၊ သွေးမိစ္ဆာအတတ် အသက်စုပ်ယူခြင်း၊ ထိုအတတ်များမှာ ဤပုံရိပ်ကို မြင်ပြီးနောက်တွင် ရှင်အိချိီ၏ စိတ်ထဲသို့ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဒီလူက ဘယ်သူနည်း။ သွေးမိစ္ဆာအတတ်ကို သုံးနိုင်တယ်ဆိုတော့ သူက မိစ္ဆာတစ်ကောင်လား။
ဖုတ်
ခါရာစုမာ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် ပိန်ချိုသွားပြီး နောက်ဆုံးတွင် လေထဲ၌ လွင့်စင်သွားသော ပြာမှုန့်တစ်ပုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရှင်အိချိ မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ခါရာစုမာ၏ အသက်စွမ်းအင်ကို စုပ်ယူလိုက်စဉ်တွင် ခါရာစူမာ မိစ္ဆာမဖြစ်မီက ဖြတ်သန်းခဲ့ရသော ဘဝအကြောင်းကိုလည်း မြင်လိုက်ရသည်။
ထူးခြားဆန်းပြားမှု ဘာမျှမရှိဘဲ... ၎င်းမှာ လူပေါင်းများစွာကို ကောက်ကျစ်သော စကားလုံးများဖြင့် လှည့်ဖြားခဲ့ပြီး ငွေကြေးအတွက်ကြောင့် လူကုန်ကူးသူများကိုပင် ကူညီကာ ကလေးသူငယ် တစ်ဒါဇင်ကျော်ကို ပြန်ပေးဆွဲပေးခဲ့သော လူမိုက်တစ်ယောက်၏ ဘဝဇာတ်ကြောင်းသာ ဖြစ်သည်။ ဤကဲ့သို့သော လူယုတ်မာမျိုးသည် ငရဲသို့သွားရန်သာ ထိုက်တန်သည် ဖြစ်သည်။
"ဝေါင်း ဝေါင်း"
မာရုနီ၏ ပျော်ရွှင်စရာ ဟောင်သံကြောင့်
ရှင်အိချိသည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာသည်။ မာရုနီသည် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းအပေါ် သူ ဇဝေဇဝါ ဖြစ်နေဆဲပင် ဖြစ်သော်လည်း မာရုနီ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ဒါက ဘယ်လိုလုပ် ဖြစ်သွားရတာလဲ။
ရုတ်တရက်ဆိုသလို ရှင်အိချိီသည် ဂူအပြင်ဘက်တွင် နေရောင်ခြည်ကြောင့် သူ၏ လက် ပူလောင်သွားခဲ့သည့် ဖြစ်ရပ်ကို ပြန်လည်သတိရမိသွားသည်။
သူသည် လောင်ကျွမ်းသွားသော အသားစများကို ခွာချလိုက်စဉ်က မာရုနီသည် သူ၏ လက်ကို လျှာဖြင့် ရက်ခဲ့ဖူးသည်။ ဒါက အကြောင်းရင်း ဖြစ်နိုင်မလား။
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မာရုနီသည် ယခုအခါ ကျန်းကျန်းမာမာ ရှိနေပြီ ဖြစ်သည်။
ရှင်အိချိသည် မာရုနီ မိစ္ဆာဖြစ်သွားပြီးနောက် လူသားအသားကို တမ်းတနေမည်လားဟု အစပိုင်းတွင် စိုးရိမ်ခဲ့သော်လည်း၊ တောလိုက်မုဆိုး မိသားစု၏ အလောင်းများကို မြေမြှုပ်ပေးနေစဉ်အတွင်း မာရုနီသည် လူသားအသားကို စိတ်ဝင်စားမှု လုံးဝမပြခဲ့ပေ။ ထို့ပြင် သူသည် ရှင်အိချိီ၏ ရင်ခွင်ထဲရှိ တစ်ဝက်တစ်ပျက် စားထားသော ဒိုရာယာကီ မုန့်ကိုသာ ပို၍ စိတ်ဝင်စားနေပုံရသည်။
မုဆိုးလင်မယားကို မြေမြှုပ်ပေးပြီးနောက် ထိုယာယီအုတ်ဂူရှေ့တွင် ဦးညွှတ်ကာ ရှင်းအိချိသည် တိုးတိုးလေး ကတိဆိုလိုက်သည်။
"အဲဒီမိစ္ဆာ ငရဲကို သွားပါပြီ။ ကောင်းမွန်စွာ အနားယူတော်မူကြပါ"
ပျက်စီးနေသော ထိုအိမ်လေးထဲတွင် ရှင်အိချိသည် သူ ဝတ်ဆင်နိုင်မည့် အဝတ်ဟောင်းအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် နောက်ဆုံးတွင် သူ၏ စုတ်ပြဲနေသော အဝတ်အစားများကို လဲလှယ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သောဘဝ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်၊ ရှင်းအိချိသည် လေးလံလှသော သစ်သားခလုတ်ဖိနပ် များကို မည်သည့်အခါမျှ အဆင်မပြေခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အိမ်ထဲ၌ အရည်အသွေးမြင့် သမင်သားရေ ဘွတ်ဖိနပ်တစ်စုံ ရှိနေသဖြင့် ထိုအခက်အခဲမှ ကင်းဝေးသွားရသည်။
သူ့ဘေးတွင် မာရုနီကို ခေါ်ဆောင်လျက် ရှင်းအိချိသည် မိုးမလင်းမီ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။
မှောင်ရီပျိုးစ ဂူတစ်ခုအတွင်း၌ ရှင်အိချိသည် သူ၏ ဗိုက်ကို ကိုင်ကာ အတွေးနက်နေသည်။ မိစ္ဆာ ခါရာစုမာ၏ အသက်စွမ်းအင်ကို သူ စုပ်ယူခဲ့ပြီးကတည်းက သူ၏ ဆာလောင်မှုမှာ ရက်အတော်ကြာအောင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
ယနေ့မှသာ သူသည် ဆာလောင်မှုကို အနည်းငယ် ပြန်လည်ခံစားရခြင်း ဖြစ်သည်။
၎င်းက ရှင်အိချိီကို အချက်တစ်ခု သတိပြုမိစေသည်မှာ... သူသည် လူသားများကို စားရန်အတွက် စိုးရိမ်နေစရာ မလိုတော့ခြင်းပင် ဖြစ်သည်။ လူသားများကို စားသုံးရခြင်းအပေါ် သူ ခံစားရသော ပြင်းထန်လှသည့် ရွံရှာမုန်းတီးမှုနှင့် နှိုင်းယှဉ်ပါက လူသားစားသော မိစ္ဆာများ၏ အသက်စွမ်းအင်ကို စုပ်ယူရခြင်းမှာ ပို၍ လက်ခံနိုင်စရာ ရှိသည် မဟုတ်ပါလား။
ထို့အပြင် ၎င်းက သူ၏ ခွန်အားကိုလည်း ပိုမိုတိုးတက်စေပုံရသည်။ ခါရာစူမာကို စုပ်ယူပြီးနောက် ရှင်အိချိီသည် သူ၏ ခွန်အားနှင့် အရှိန်အဟုန် သိသိသာသာ တိုးတက်လာသည်ကို ရှင်းလင်းစွာ ခံစားရသည်။
သူ၏ သွေးမိစ္ဆာအတတ် သွေးရူးဆိုးသွမ်းခြင်းကိုလည်း ပိုမိုကြာရှည်စွာ ထိန်းထားနိုင်မည်ဟု ခပ်ဝါးဝါး သိမြင်လာရသည်။
ဒီလိုဆိုရင်တော့...
ရှင်အိချိ၏ မျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်လာသည်။ သူသည် သူ၏ ပန်းတိုင်ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်မိစ္ဆာများကို လိုက်လံအမဲလိုက်ရန်၊ သူတို့၏ အသက်စွမ်းအင်ကို စုပ်ယူရန်၊ ပိုမိုသန်မာလာစေရန်၊
ထို့နောက်တွင် ကလဲ့စားချေရန်အတွက် မူဇန် (Muzan) ဟုခေါ်သော ထိုလူကို လိုက်လံရှာဖွေရန် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ခါရာစူမာ မသေဆုံးမီက ရှင်းအိချိသည် သတင်းအချက်အလက် အတော်များများကိုလည်း စုဆောင်းနိုင်ခဲ့သည်။ ယခုအခါတွင် သူ ရောက်ရှိနေသော ကမ္ဘာကြီးအကြောင်းကို သူ ပိုမိုနားလည်သဘောပေါက်သွားပြီဖြစ်သည်။