အခန်း (၆)
"ဘာလဲ... ဒါက ဘာလဲ။ ငါ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
ရှင်အိချီ သည် မိမိကိုယ်တိုင်၏ စွမ်းဆောင်ရည်အပေါ် အလွန်အမင်း အံ့အားသင့်သွားရသည်။ အဆိပ်မိနေသည့်တိုင်အောင် ဤမျှ သွက်လက်ပေါ့ပါးစွာ ရှောင်တိမ်းနိုင်ခြင်းက တကယ်ပင် မယုံနိုင်စရာ ဖြစ်ပြီး၊ ဤရှောင်တိမ်းမှုများသည် သူ၏ စိတ်အလိုအလျောက် ဗီဇတုံ့ပြန်မှုများသာ ဖြစ်သည်။
ခါရာစူမာ၏ လျှာနက်ကြီး တိုက်ခိုက်လာတိုင်း ရှင်အိချီသည် ကြိုတင်သိမြင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
"ဒါဆိုရင်တော့... ပြန်လည်တိုက်စစ်ဆင်ကြည့်ရအောင်" ရှင်အိချိီက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝူးစ်...
သူ၏ လက်သည်းဖျားများဆီမှ အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
ရှူး...
ခါရာစူမာ၏ လျှာနက်ကြီးသည် ရှင်အိချိီ၏ နားရွက်နားလေးမှ ထပ်မံကပ်၍ လွဲချော်သွားပြန်သည်။ ဤခဏတာ လွဲချော်သွားသည့် အခွင့်အရေးကို အရယူကာ ရှင်အိချိသည် သူ၏ လက်သည်းများကို ကွေးညွတ်ပြီး အပြင်းအထန် ပိုင်းဖြတ်ချလိုက်တော့သည်။
ခလန်း...!!
ထင်ထားသည့်အတိုင်းပင် လက်သည်းများနှင့် လျှာနက်ကြီး ရိုက်ခတ်မိသောအခါ သံမဏိချင်း ထိခတ်မိသံ ထွက်ပေါ်လာခဲ့သည်။
ဖုတ်ကောင်နှစ်ကောင်၏ တိုက်ပွဲကြောင့် မြေပြင်ပေါ်တွင် မရေတွက်နိုင်သော အက်ကြောင်းများနှင့် ကျောက်တုံးအကျိုးအပဲ့များ ပျံ့ကြဲသွားပြီး ဖုန်မှုန့်တိမ်တိုက်ကြီးများ အလိပ်လိုက် ထွက်ပေါ်လာသည်။ သံမဏိချင်း ရိုက်ခတ်သံများနှင့် မီးပွားများကလည်း အဆက်မပြတ် ဖြာထွက်နေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ခါရာစူမာသည် ပိုမို၍ ဒေါသထွက်လာပြီး ရှင်အိချီမှာမူ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း လေးလံထုံကျင်လာကာ လဲပြိုလုနီးပါး ခံစားလာရသည်။
သူသည် ဖုတ်ကောင်ဖြစ်လာကတည်းက လူသားအသားကို တစ်ခါမျှ မစားသုံးဖူးသေးသဖြင့် အလွန်အမင်း ဆာလောင်မွတ်သိပ်နေခဲ့ပြီး၊ ဤတိုက်ပွဲက သူ့အတွက် အင်အားကုန်ခမ်းစေကာ လက်လျှော့ချင်စိတ်ပင် ပေါက်လာခဲ့သည်။
"တောက်...!! မောက်မာလှချည်လား ကောင်စုတ်"
ခါရာစူမာ၏ ခြေလက်ကြွက်သားများ အကြောပြိုင်းပြိုင်း ထလာပြီးနောက် ဘန်း... ခနဲ အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် အမြောက်ဆန်တစ်ခုကဲ့သို့ ရှင်အိချိီထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာတော့သည်။
ဝုန်း...!!
ရှင်အိချီသည် အလွယ်တကူ ရှောင်တိမ်းလိုက်နိုင်သော်လည်း သူရပ်နေခဲ့သော မြေပြင်မှာမူ နက်ရှိုင်းသော ကျင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
"ကောင်စုတ်...။
မင်းက ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နိုင်ခဲ့တယ်"
ခါရာစူမာသည် သူ၏ လျှာနက်ကြီးကို ရုတ်တရက် ပြန်လည်ရုပ်သိမ်းလိုက်ပြီး ၎င်း၏ မေးရိုးကြီးက မိုးပျံပူဖောင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာခဲ့သည်။
အန္တရာယ်...။ ရှင်အိချီ၏ ဦးနှောက်က အချက်ပေးသံ ထုတ်လွှတ်လိုက်သော်လည်း ဆာလောင်မှုကြောင့် အားနည်းနေသော သူ၏ ခန္ဓာကိုယ်ကမူ ဦးနှောက်၏ အမိန့်ပေးမှုကို အမှီမလိုက်နိုင်တော့ချေ။ ရှင်အိချီရှောင်တိမ်းရန် ပြင်လိုက်ချိန်တွင်မူ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
"သွေးစုပ်ဖုတ်ကောင်အတတ် - လျှာအဆိပ်အက (Blood Demon Art: Tongue Poison Dance) !!"
ခါရာစူမာသည် ၎င်း၏ ပါးစပ်ကြီးကို ဟလိုက်ရာ သွေးပုပ်များနှင့်အတူ နက်မှောင်သော မြူခိုးတိမ်တိုက်ကြီးတစ်ခု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး၊ ထိုမြူခိုးများထဲတွင် မြွေဆိုးများကဲ့သို့ တွန့်လိမ်နေသော လျှာနက်ကြီးများစွာ ပါဝင်နေသည်။
ရှူး... ရှူး... ရှူး...
ရှင်အိချီ၏ ခန္ဓာကိုယ်သည် ထိုလျှာနက်ကြီးများစွာ၏ ဖောက်ထွက်ခြင်းကို ချက်ချင်း ခံလိုက်ရပြီး နက်မှောင်သော အဆိပ်မြူခိုးများကလည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်သွားတော့သည်။
"တောက်...။"
ဒဏ်ရာများဆီမှ ပြင်းထန်လှသော နာကျင်မှုများ ချက်ချင်း ထွက်ပေါ်လာပြီး သူ၏ အရေပြားမှာလည်း အဆိပ်ကြောင့် ညိုမည်းသော အပြာရောင် သန်းသွားခဲ့သည်။
"ဟဲဟဲဟဲ... မောက်မာတဲ့ ကောင်စုတ်၊ နောက်ဆုံးတော့ မိပြီပေါ့ ဟုတ်လား။ အခု ဘာလို့ ထပ်မပြေးတော့တာလဲ"
လျှာနက်ကြီးများသည် ရှင်အိချီ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်ထားသည်။ သူ၏ အားနည်းမှုကြောင့် ဒဏ်ရာကုသနိုင်စွမ်းမှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီး ဒဏ်ရာများဆီမှ သွေးပုပ်များ အဆက်မပြတ် စီးကျနေခဲ့သည်။
ခါရာစူမာသည် ရှင်အိချီကို သူ့ရှေ့သို့ ဆွဲခေါ်ကာ လှောင်ပြောင် သရော်လိုက်သည်။
"ငရဲသွားလိုက်စမ်း... သားရဲကောင်" ရှင်အိချီက ခါရာစူမာ၏ မျက်နှာတည့်တည့်သို့ တံတွေးဖြင့် ထွေးလိုက်သည်။
"သားရဲကောင် ဟုတ်လား...။
ဟဲ... ငါ့ကို သားရဲကောင်လို့ ခေါ်တယ်ပေါ့။ မင်းကော သားရဲကောင် မဟုတ်လို့လား။ မင်း လူသားကို မစားရသေးရုံနဲ့ မိမိကိုယ်ကိုယ် လူသားလို့ သတ်မှတ်လို့ရမယ် မထင်နဲ့။ ဖုတ်ကောင်ဆိုတာ ဖုတ်ကောင်ပဲ... မင်းရဲ့ ဗီဇစိတ်ကို မင်း ဘယ်တော့မှ ဆန့်ကျင်လို့ မရဘူး။ လူသားတွေက ငါတို့ရဲ့ အစာပဲ။ ထိုအရှင်သခင် က မင်းလို လူသားတွေအပေါ် သနားစိတ်ရှိတဲ့ကောင်ကို ဘာလို့ ဖုတ်ကောင်အဖြစ် ပြောင်းလဲပေးခဲ့လဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်ဘူး။
ငါ ပြောတာ မှားလို့လား...။ စောစောက လူသားအလောင်းတွေကို မြင်တုန်းက မင်းမျက်လုံးထဲမှာ သနားစိတ်နဲ့ ဒေါသတွေကို ငါ မြင်ခဲ့ရတယ်။ ဟဲ... ငါကတော့ မင်းကို ဖုတ်ကောင်ဘဝကို လက်ခံလာအောင် လုပ်မလို့ပဲ... ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ"
ခါရာစူမာ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
အစပိုင်းတွင် ခါရာစူမာသည် ရှင်အိချီကို "ဖုတ်ကောင်လမ်းစဉ်" သို့ လမ်းပြရန် ရည်ရွယ်ခဲ့သော်လည်း ယခုတိုက်ပွဲအပြီးတွင်မူ သူ နောင်တရသွားခဲ့သည်။ ရှင်အိချီ၏ ပါရမီက အလွန်အမင်း ထူးချွန်လွန်းလှသဖြင့် ခါရာစူမာကိုပင် တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
လူသားတစ်ယောက်မျှ မစားရသေးသော ရှင်အိချီသည် ခါရာစူမာကို ၎င်း၏ သွေးစုပ်ဖုတ်ကောင်အတတ် (Blood Demon Art) သုံးစွဲရသည်အထိ ဖိအားပေးနိုင်ခဲ့သည်။ တကယ်၍ ရှင်အိချိီသာ လူသားများကို လုံလောက်စွာ စစားသုံးပါက မည်မျှအထိ သန်မာလာမည်နည်း။ ၎င်းသည် ထိုအရှင်သခင်၏ လက်အောက်ခံ '၁၂ ဖုတ်ကောင်လမင်းများ' (Twelve Kizuki) ထဲတွင်ပင် ပါဝင်သွားနိုင်သည်။
နောင်တစ်ချိန်တွင် ရန်ငြိုးပြန်ဖွဲ့မည်ကို ကာကွယ်ရန် သော်လည်းကောင်း၊ မိမိ၏ ပြိုင်ဘက်ကို ကြိုတင်ဖယ်ရှားရန် သော်လည်းကောင်း ခါရာစူမာသည် ရှင်အိချီကို သတ်ပစ်ရန် အမှန်တကယ် ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။
ရှင်အိချီသည် အသည်းအသန် ရုန်းကန်သော်လည်း သံမဏိကဲ့သို့ မာကျောသော ခါရာစူမာ၏ လျှာကြီးများက သူ့ကို တင်းကျပ်စွာ ချည်နှောင်ထားသည်။ ခါရာစူမာ၏ အဆိပ်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ ယခုအချိန်တွင် လက်ချောင်းတစ်ချောင်း လှုပ်ရှားရန်ပင် သူ့အတွက် အလွန်ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။
အဆိပ်၏ အာနိသင်ကြောင့် ရှင်အိချီ၏ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်ဘဲ သေဆုံးနေသော်လည်း တစ်ဖက်တွင်မူ သူ၏ အသိစိတ်က အလွန်အမင်း နိုးကြား ရှင်းလင်းနေခဲ့သည်။
ရှင်အိချိ၏ ဦးနှောက်က အသည်းအသန် တွေးတောနေမိသည်။
'သွေးစုပ်ဖုတ်ကောင်အတတ် (Blood Demon Art) ဆိုတာ ဘာလဲ...။'
'ဒီကောင် စောစောက အော်ပြောသွားတာပဲ။ နာမည်အရ ဆိုရင် ဒါက ဖုတ်ကောင်တွေပဲ သုံးနိုင်တဲ့ အထူးစွမ်းရည်တစ်ခု ထင်တယ်။ ဒါပေမဲ့ ငါ့မှာ အဲဒီလို အစွမ်းမျိုး ရှိမနေပါလား။'
'ဘာဖြစ်လို့လဲ...။ သတ်မှတ်ထားတဲ့ ခွန်အားအဆင့်တစ်ခုကို ရောက်မှ ၎င်းကို ပိုင်ဆိုင်နိုင်တာလား။'
'ဒါပေမဲ့ ဖုတ်ကောင်တစ်ကောင်က ဘယ်လိုလုပ်ပြီး ပိုသန်မာလာမှာလဲ...။'
'ဖုတ်ကောင်တွေအတွက် ပိုသန်မာလာဖို့ တစ်ခုတည်းသောနည်းလမ်းက... လူသားတွေကို စားဖို့ပဲလား။'
ရှင်အိချိ အကြိမ်ကြိမ် ဆင်ခြင်သုံးသပ်ကြည့်ပြီးနောက် လမ်းပိတ်သွားခဲ့သည်။ တကယ်၍ သူတွေးသည်မှာ မှန်ကန်ပါက သူ ပိုမိုသန်မာလာရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ လူသားအသားကို စားသုံးရန်ပင် ဖြစ်သည်။
သို့သော်လည်း ခါရာစူမာက သူ့ကို လူသားစားရန် အခွင့်အရေး ပေးတော့မည်မဟုတ်ချေ။ ရှင်အိချီသည် ခါရာစူမာထံမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ခံစားနေရသည်။ သို့သော် ခါရာစူမာသည် ဘာဖြစ်လို့ လက်မတင်ဘဲ စောင့်ဆိုင်းနေရသနည်း။
မကြာမီမှာပင် ခါရာစူမာကိုယ်တိုင်က ရှင်အိချီ၏ သံသယကို အဖြေပေးခဲ့သည်။
"ဖုတ်ကောင်တစ်ကောင်က နောက်ထပ် ဖုတ်ကောင်တစ်ကောင်ကို သတ်ဖို့ဆိုတာ တော်တော်ခက်တယ်။ နတ်ဆိုးသုတ်သင်သူ(Demon Slayer Corps) ရဲ့ ဓားတွေကလွဲရင် ကျန်တာက နေရောင်ခြည်ပဲ ရှိတယ်။ ဟဲဟဲ... နေရောင်ခြည်"
ခါရာစူမာက ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက် ခြေလေးဖက်ထောက်ကာ သစ်သားတဲအိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူ၏ ပါးစပ်ထဲမှ နောက်ထပ် လျှာနက်ကြီးတစ်ခု ထွက်ပေါ်လာပြီး တဲအိမ်ကြမ်းပြင်ပေါ်က စုတ်ပြတ်နေသော အလောင်းကို ရစ်ပတ်လိုက်သည်။
ဤယုတ်မာသော ဖုတ်ကောင်သည် အစာစားရသည်ကို အားမရသေးပုံပေါ်သည်။ အရုဏ်တက်ရန် နာရီအနည်းငယ် လိုသေးသဖြင့် ခါရာစူမာသည် သူ၏ "အမျိုးအနွယ်တူ" ကို စနစ်တကျ စီရင်ရန် နေရာတစ်ခု ရှာဖွေရန် ကြံစည်နေခြင်း ဖြစ်သည်။
မှောင်မိုက်သော ဂူတစ်ခုထဲတွင် ပုန်းအောင်းကာ လူသားအသားကို ဝါးမြိုရင်း... မိမိ၏ "အမျိုးအနွယ်တူ" နေရောင်ခြည်အောက်တွင် အော်ဟစ်ကာ ပြာအဖြစ် ပြောင်းလဲသွားသည်ကို ထိုင်ကြည့်ရမည့် အသိကပင် သူ့ကို အလွန် စိတ်လှုပ်ရှားစေသည်။
ဝူး... ဝူး...
ရုတ်တရက် ခွေးဟောင်သံတစ်ခုကြောင့် ခါရာစူမာ၏ အတွေးများ ပြတ်တောက်သွားခဲ့ရသည်။ သူ သတိပြန်ဝင်လာချိန်တွင်မူ သူ့ရှေ့တွင် ရှီဘာအိနု (Shiba Inu) ခွေးလေးတစ်ကောင်က သွားများကို ဖြဲပြကာ အပြင်းအထန် ဟောင်နေသည်ကို တွေ့လိုက်ရသည်။
"ဒီလို ညစ်ပတ်တဲ့ ခွေးဝဲစားလေးက ဘယ်က ထွက်လာတာလဲ"
ခါရာစူမာသည် စဉ်းစားမနေဘဲ ခွေးလေးကို ရိုက်သတ်ရန် သူ၏ လက်သည်းကို မြှောက်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ ထိုခွေးလေးက ရုတ်တရက် အပေါ်သို့ ခုန်တက်လိုက်ပြီး ခါရာစူမာ၏ ရှည်လျားလှသော လျှာနက်ကြီးကို အားပြင်းစွာ ကိုက်ချလိုက်တော့သည်။
"အား...!! နာတယ်"
ခါရာစူမာသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရပြီး ရှင်အိချီကို ချည်နှောင်ထားသော လျှာနက်ကြီးသည် ချက်ချင်း ပြန်လည်ရုပ်သိမ်းသွားကာ မိမိကို ကပ်တွယ်ထားသော ခွေးလေးကို ခါချရန် အပြင်းအထန် ယိမ်းခါတော့သည်။
ထိုရှီဘာအိနု ခွေးလေး မာရုနီ (Maru-ni) သည် မြေပြင်ပေါ်သို့ အကြိမ်ကြိမ် လိမ့်ကျသွားပြီးနောက် ရှင်အိချိ၏ အနီးအနားတွင် ရပ်တန့်သွားခဲ့သည်။ ၎င်းသည် ချက်ချင်းပင် ခြေလေးဖက်ဖြင့် ပြန်လည်မတ်တတ်ရပ်ကာ ခါရာစူမာကို ကြည့်ပြီး အဆက်မပြတ် မာန်ဖီဟောင်ရမ်းနေခဲ့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ခွေးတစ်ကောင်က ငါ့ကို နာကျင်အောင် လုပ်နိုင်တယ် ဟုတ်လား။ မဟုတ်ဘူး... ဒီခွေးက သာမန်ခွေးမဟုတ်ဘူး"
ခါရာစူမာ၏ မျက်နှာ ညိုမည်းသွားပြီး မာရုနီကို စိုက်ကြည့်လိုက်သည်။ မကြာမီမှာပင် ၎င်းသည် ထူးဆန်းသောအချက်ကို သတိပြုမိသွားခဲ့သည်။ ထိုရှီဘာအိနုလေး၏ ခန္ဓာကိုယ်သည် ပုံမှန်မဟုတ်ချေ... တောက်ပြောင်သော အမွေးအောက်တွင် ကြွက်သားများ ထင်ရှားစွာ ရှိနေပြီး၊ ၎င်း၏ လက်သည်းများနှင့် သွားများသည်လည်း အေးစက်ထက်မြက်သော အလင်းရောင်များ ဖြာထွက်နေသည်။ အရေးကြီးဆုံးအချက်မှာ ၎င်း၏ မျက်ဝန်းများသည် နီရဲသော အလင်းရောင်ဖြင့် တောက်ပနေပြီး ရင်းနှီးသော ဖုတ်ကောင်စွမ်းအင်အချို့ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။
"ဘာ...!! ဒီခွေးက ဘယ်လိုလုပ်ပြီး ဖုတ်ကောင်ဖြစ်နေတာလဲ။ ထိုအရှင်သခင်က ရူးသွားတာလား" ခါရာစူမာက မကျေမနပ် ကျိန်ဆဲလိုက်မိသည်။
သို့သော်လည်း ယခုအခါ ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော မာရုနီသည် ခါရာစူမာ ဘာတွေးနေသည်ကို ဂရုမစိုက်ချေ။ ၎င်း သိသည်မှာ သူ့ရှေ့က ရွံရှာဖွယ် သားရဲကြီးသည် မိမိ၏ သခင်ကို နာကျင်အောင် ပြုလုပ်ခဲ့သည်ဟူသော အချက်သာ ဖြစ်သည်။
မှန်ပါသည်...။
သခင်...။
ထိုရှီဘာအိနုလေးသည် လှည့်ပတ်ပြီး ရှင်အိချိ၏ နားနားတွင် စိုးရိမ်တကြီးဖြင့် အဆက်မပြတ် ဟောင်နေခဲ့သည်။ သို့သော် ရှင်အိချိမှာမူ သတိလစ်မေ့မြောနေပြီး သူ၏ ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
"တောက်...။ ဘာကောင်ပဲဖြစ်ဖြစ်၊ မင်းလည်း ဒီကောင်စုတ်နဲ့အတူ ငရဲကို လိုက်သွားပေတော့"
ခါရာစူမာက ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ပါးစပ်ကြီးကို ဟကာ လျှာနက်ကြီးနှစ်ခုကို တစ်ပြိုင်နက်တည်း အရှိန်ပြင်းစွာ ထုတ်လွှတ်လိုက်သည်။ မာရုနီသည်လည်း သွားများကို ဖြဲပြကာ မိမိ၏ သခင်ကို ကာကွယ်ရန်အတွက် ခါရာစူမာထံသို့ ရဲရဲဝံ့ဝံ့ ပြေးဝင်သွားခဲ့သည်။
မာရုနီသည် ရဲရင့်သော်လည်း ခါရာစူမာ၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။ ခါရာစူမာ၏ လျှာကို ၎င်း၏ အားရှိသမျှ ကိုက်ခဲထားသော်လည်း နာကျင်မှုကိုသာ ဖြစ်စေပြီး တကယ့် ထိခိုက်ဒဏ်ရာကို မပေးနိုင်ခဲ့ချေ။ မကြာမီမှာပင် မာရုနီသည် ခါရာစူမာ၏ လျှာနက်ကြီးများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ၎င်း၏ ကျောရိုးမှာ ရက်စက်စွာ ချိုးဖျက်ခြင်း ခံလိုက်ရတော့သည်။
မာရုနီ၏ နာကျင်စွာ ညည်းတွားသံကို ကြားရသောအခါ ခါရာစူမာသည် ရက်စက်စွာ ပြုံးလိုက်သည်။
"တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပဲ။ ကြည့်ရတာ ဒီကောင်စုတ်နဲ့ ပတ်သက်မှု ရှိပုံရတယ်။ ကောင်းပြီလေ... ငရဲပြည်ကို သွားတဲ့လမ်းမှာ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုသွားကြတာပေါ့..."
ဖွတ်...
ခါရာစူမာ ၎င်း၏ စကားကို မဆုံးသတ်နိုင်ခင်မှာပင် သူ၏ လျှာဆီမှ ရုတ်တရက် ထုံကျင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဖြတ်တောက်ခံလိုက်ရသော သူ၏ လျှာပြတ်ကြီးဆီမှ သွေးပုပ်များ ရေပန်းတစ်ခုအလား အဟုန်ပြင်းစွာ ပန်းထွက်လာခဲ့သည်။
ဗြုန်း...
ပြတ်တောက်သွားသော လျှာနက်ကြီး၏ တစ်ဝက်သည် မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး တွန့်လိမ်လှုပ်ရှားနေခဲ့သည်။
"ဒါ... ဒါ ငါ့ရဲ့ လျှာလား"
ခါရာစူမာ၏ ဦးနှောက်မှာ ခဏမျှ ကြောင်အသွားခဲ့ရပြီး၊ မကြာမီမှာပင် ပြင်းထန်လှသော နာကျင်မှုကြောင့် ၎င်းက မိမိ၏ လျှာအစစ်ဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။
"အား...!! ငါ့လျှာ"
ရှင်အိချိသည် သူ၏ ညာဘက်လက်ကို ဖွင့်လိုက်ပြီး လက်ဖဝါးပေါ်က စေးကပ်ပြီး ညှီစော်နံလှသော သွေးပုပ်များကို ခါထုတ်လိုက်ကာ အော်ဟစ်နေသော ခါရာစူမာကို အမူအရာမရှိဘဲ စိုက်ကြည့်လိုက်သည်။
"တောက်...!!
ဒေါသထွက်စရာ ကောင်းလိုက်တာ။ ဒီလျှာတွေကို ပေါက်လာအောင် ငါ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ မင်းသိလား။ ငါ လျှာလေးခု ရဖို့အတွက် ဆယ်နှစ်တောင် အချိန်ယူခဲ့ရတာ။ တောက်... မင်း သေရမယ်"
ခါရာစူမာသည် အလွန်အမင်း ဒေါသတကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"သွေးစုပ်ဖုတ်ကောင်အတတ် - လျှာအဆိပ်အက အစွမ်းကုန် (Blood Demon Art: Tongue Poison Dance - Full Power) !!"
ရှင်အိချိ၏ လက်ရှိအခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည်။ သူ၏ မျက်ဝန်းတစ်ဖက်သည် ညိုမည်းသော အပြာရောင်အလင်းတန်းဖြင့် တောက်ပနေခဲ့သည်။ ရှေ့မှ ပြေးဝင်လာသော တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ရှင်အိချိသည် ယခုတစ်ကြိမ်တွင် ရှောင်တိမ်းရန် အစီအစဉ် မရှိတော့ချေ။
၎င်းအစား သူသည် သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ပြီး၊ လက်မောင်းနှစ်ဖက်ကို မြှောက်ကာ သူ့ရှေ့တွင် ကြက်ခြေခတ် ပုံစံဖြင့် ကာကွယ်လိုက်သည်။
ထို့နောက် သူ၏ ပါးစပ်ကို အနည်းငယ် ဟလိုက်ရာ ထက်မြက်လှသော အစွယ်များ ထွက်ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်တော့သည်။
သွေးစုပ်ဖုတ်ကောင်အတတ် - သွေးဆိုးလှိုင်း (Blood Demon Art: Raging Blood) !