အခန်း (၂၅)
"သစ်တောအသက်ရှူသွင်ပြင်ဟာ သဘာဝတရားရဲ့ အသံတွေကို နားထောင်ဖို့အပေါ် အဓိကအာရုံစိုက်တာ ဖြစ်တယ်။ ခန္ဓာကိုယ်ထဲက သွေးကြောတိုင်းနဲ့ ကြွက်သားတိုင်းကို သဘာဝလောကကြီးနဲ့ ဆက်သွယ်ပြီး၊ အသက်ရှူသွင်ပြင်နောက်ကွယ်က ကြီးမားတဲ့ သက်စောင့်အားအင်တွေကို တိုက်ပွဲဝင်ဖို့အတွက် ထုတ်ယူအသုံးချရတယ်"
ဝါးတောအုပ်လေးထဲတွင် သက်ကြီးဝါကြီး မိုရီကီသည် သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်ရင်း ရှင်အိချိီအား ရှင်းပြနေသည်။
"သစ်တောအသက်ရှူသွင်ပြင်မှာ စုစုပေါင်း ပုံစံတစ်ဆယ့်တစ်မျိုး ရှိတယ်။
ဒါကို ငါတို့ မိုရီကီမျိုးနွယ်ရဲ့ ဘိုးဘေး မိုရီကီတီထွင်တာ ဖြစ်တယ်။
မှတ်တမ်းတွေထဲမှာပဲ ရှိတော့တဲ့ နောက်ဆုံးပုံစံကလွဲရင် ကျန်တဲ့ ဓားသိုင်းပုံစံ ဆယ်မျိုးစလုံးဟာ မယုံနိုင်လောက်အောင် အစွမ်းထက်ကြတယ်။
ဒါပေမဲ့ ငါတို့လို နောက်နောင်သားတွေကျတော့ ပါရမီ ပါလာမှု နည်းပါးခဲ့ကြတယ်မိုရီကီ မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံးဆိုသူတွေတောင် ပထမ ပုံစံရှစ်မျိုးအထိပဲ နားလည်သဘောပေါက်နိုင်ကြတယ်"
ထိုစကားကို ကြားသောအခါ ရှင်အိချိီ အနည်းငယ် မျက်မှောင်ကုတ်သွားမိသည်။ "ဒါဆို သက်ကြီးဝါကြီးကကော..."
ဤမေးခွန်းကြောင့် သက်ကြီးဝါကြီး မိုရီကီ၏ မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုနှင့် ညှိုးငယ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒီအဖိုးကြီးရဲ့ နားလည်သဘောပေါက်မှုကလည်း အားနည်းခဲ့ပါတယ်ငါ ပုံစံ ခုနစ်မျိုးပဲ တတ်မြောက်ထားနိုင်ခဲ့တယ်"
"ဘာလဲ... သက်ကြီးဝါကြီးတောင်မှ ဓားသိုင်း ပုံစံခုနစ်မျိုးပဲ ထုတ်သုံးနိုင်တာလား"
ရှင်အိချိ တကယ်ပင် အံ့အားသင့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုအဖိုးကြီး၏ အစွမ်းကို ကောင်းကောင်းသိသောကြောင့် ဖြစ်သည်။
အကယ်၍ အိုမင်းရင့်ရော်နေသော ခန္ဓာကိုယ်သာ မဟုတ်ခဲ့လျှင် သက်ကြီးဝါကြီး မိုရီကီ၏ အစွမ်းသည် ရိုကူရို ထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
သက်ကြီးဝါကြီး မိုရီကီက ပြုံးလျက် ခေါင်းခါလိုက်သည်။
"အချို့အရာတွေက ကံပါလာပြီးသားပါ ရှင်အိချိ။ မင်းက ငါတို့နဲ့ မတူဘူး။ မင်းကသာ သစ်တောအသက်ရှူသွင်ပြင်ကို အမှန်တကယ် မြှင့်တင်ပေးနိုင်မယ့်သူလို့ ငါ ယုံကြည်တယ်။ ကဲ... အခု ငါ မင်းအတွက် ပထမဆုံး ပုံစံခုနစ်မျိုးကို သရုပ်ပြပေးမယ်"
သူ စကားပြောပြီးသည်နှင့် သက်ကြီးဝါကြီး မိုရီကီသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ မျက်လုံးများကို မှိတ်လိုက်သည်။
ဟွမ်!
မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုသည် မြေပြင်ပေါ်က ကြွေကျနေသော ဝါးရွက်များကို လွင့်စင်သွားစေသည်။
ရှင်အိချိီ၏ ကတ္တီပါနီရောင် မျက်လုံးများမှတစ်ဆင့် သက်ကြီးဝါကြီး မိုရီကီ၏ ခန္ဓာကိုယ်ဆီသို့ ကြီးမားလှသော သက်စောင့်အားအင်များ အလျင်အမြန် စုစည်းလာသည်ကို သူ ခံစားလိုက်ရသည်။
ညှိုးနွမ်းနေသော ကြွက်သားများနှင့် အိုမင်းနေသော သွေးကြောများသည် အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာသည့် သက်စောင့်အားအင်များဖြင့် လွှမ်းမိုးသွားရသည်။ ကြွက်သားများ ပြန်လည်ပြည့်ဖြိုးလာပြီး သွေးကြောများလည်း ပြန်လည် အားပြည့်လာကာ ခဏချင်းအတွင်းမှာပင် သက်ကြီးဝါကြီး မိုရီကီ၏ မူလက ကိုင်းညွတ်နေသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း မတ်တောက်လာသည်။
သူ၏ ဆံပင်ဖြူများသည် လေမတိုက်ဘဲ ဝေ့ယမ်းလာပြီး မရေမရာဖြစ်နေသော သူ၏မျက်လုံးများထဲတွင် စိမ်းဖျော့ဖျော့အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
သူသည် ညာခြေကို ရှေ့သို့တစ်လှမ်းတက်ကာ အနည်းငယ် ကုန်းလိုက်ပြီး စံပြ အိအိဒို (Iaido) အနေအထားကို ယူလိုက်သည်။
ဘေးတွင် ရပ်နေသော ရှင်အိချိီသည် သတ္တုချင်း ရိုက်ခတ်သံများ နားထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ ပြင်းထန်သော တိုက်ခိုက်လိုစိတ်ပြင်းပြမှုကို ရုတ်တရက် ခံစားလိုက်ရသည်။
"သစ်တောအသက်ရှူသွင်ပြင် ပထမပုံစံ · သံမဏိသစ်အယ်ပင် အကြမ်းပတမ်းခုတ်ချက်!"
သက်ကြီးဝါကြီး မိုရီကီသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သစ်သားဓားကို ချက်ချင်းပင် အလျားလိုက် ဝေ့ယမ်းလိုက်သည်။
ဟွမ်!
ဓားသွားထက်တွင် အစိမ်းရောင် အလင်းတန်းတစ်ခု လွှမ်းခြုံသွားပြီး ခဏတာအတွင်းမှာပင် ထိုအစိမ်းရောင် ဓားအလင်းသည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် မဆုတ်မနစ်သော အင်အားကို ဆောင်ကျဉ်းသွားသည်။
ခရက်! ခရက်! ခရက်!
ဓားအလင်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မရေမတွက်နိုင်သော ဝါးကိုင်းများ ကျိုးကြေပျက်စီးသွားရသည်။