အခန်း (၂၄)
ညမှောင်ရီပျိုးစပြုလာပြီး မိုးကုပ်စက်ဝိုင်းတွင် လခြမ်းကွေးလေးတစ်ခု ချိတ်ဆွဲထားသကဲ့သို့ ပေါ်ထွက်လာကာ မြေပြင်တစ်ခွင်သို့ အေးမြလှသော ငွေရောင်လင်းလက်မှုကို ဖြာကျစေသည်။
မိုရီကီအိမ်တော်အပြင်ဘက်ရှိ ဝါးတောအတွင်း၌ ဝတ်စုံအပြည့်လဲလှယ်ထားသော ရှင်အိချီသည် မျက်လုံးအစုံဝိုင်းလျက် ရှေ့မှ အကြီးအကဲ မိုရီကီကို စိုက်ကြည့်နေမိသည်။
“ဘာလဲ… အဘိုးက ကျွန်တော့်ကို မြက်အိုးတစ်လုံးကို ကိုင်ခိုင်းပြီး ဒီအတိုင်း အူတူတူ ထိုင်နေခိုင်းတာလား”
ရှင်အိချီသည် သူ၏ညာဘက်လက်ထဲတွင် ကိုင်ထားသော စိမ်းစိုနေသည့် မြက်ပင်
အိူးကို လက်ညှိုးထိုးပြလိုက်သည်။ အကြီးအကဲ မိုရီကီကမူ အလွန်အမင်းတည်ကြည်လေးနက်သော လေသံဖြင့် ဆိုသည်။
“မဟုတ်ဘူး၊ အူတူတူနေခိုင်းတာ မဟုတ်ဘူး၊ တရားထိုင်ခိုင်းတာ။
‘တောအုပ်ရနံ့အသက်ရှူခြင်းနည်းစနစ်’ ဆိုတာ တောအုပ်ရဲ့ အသက်ရှူခြင်း ပိုပြီးတိတိကျကျပြောရရင် သဘာဝတရားကြီးရဲ့ အဆုံးမဲ့အသက်ရှူခြင်းကနေ မြစ်ဖျားခံလာတာပဲ။ တောအုပ်ရနံ့အသက်ရှူခြင်းကို စနစ်တကျ ကျွမ်းကျင်တတ်မြောက်ဖို့ဆိုရင် အဓိကအကျဆုံးခြေလှမ်းက သဘာဝတရားရဲ့ အသံကို နားထောင်တတ်ဖို့ပဲ ဖြစ်တယ်”
“အသေးငယ်ဆုံး မြက်တစ်ပင်ကနေ အမြင့်ဆုံး သစ်ပင်ကြီးအထိ သူတို့မှာလည်း သက်ရှိတွေလိုပဲ အသက်ရှိကြတယ်။
သူတို့လည်း မရပ်မနား အသက်ရှူနေကြတာ။ မင်းရဲ့စိတ်ကို တရားထိုင်ခြင်းနဲ့ ငြိမ်သက်အောင်လုပ်၊ သူတို့ရဲ့ အသက်ရှူသံကို နားထောင်ပြီး မင်းရဲ့ အသက်ရှူခြင်းကို သူတို့နဲ့ ထပ်တူကျအောင် ပေါင်းစည်းလိုက်စမ်း”
ရှင်အိချီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ
“အဲ့ဒါက ကဗျာဆန်ဆန်နဲ့ နားထောင်လို့တော့ ကောင်းပါရဲ့ဗျာ၊
ဒါပေမဲ့ မြက်အိုးတစ်လုံးကို ပွေ့ဖက်ပြီး ထိုင်နေရတာ ကျွန်တော့်ပုံစံက တုံးအအကြီး ဖြစ်မနေဘူးလား”
“ဒါတွေက သာမန်မြက်ပင်တွေ မဟုတ်ဘူး။ ဒါက မိုရီကီမျိုးရိုးအလိုက် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တဲ့
‘နိုးထခြင်းမြက်’ (Awakening Grass) တွေပဲ။ အလွန်ပဲ အာနိသင်ထက်မြက်တယ်။ မိုရီကီရဲ့ မျိုးဆက်တိုင်းဟာ တောအုပ်ရနံ့အသက်ရှူခြင်းကို နားလည်သဘောပေါက်ဖို့ ဒီမြက်ပင်ကိုပဲ အားကိုးခဲ့ကြတာ။
လူငယ်လေး… နားလည်အောင် အချိန်ယူပြီး ကြိုးစားကြည့်စမ်းပါ”
ထို့ကြောင့် ရှင်အိချီသည် ဝါးတောထဲတွင် အရူးတစ်ယောက်ကဲ့သို့ ထိုင်ကာ ထို
‘နိုးထခြင်းမြက်’ အိုးကို ပွေ့ပိုက်ရင်း သူ၏ ကြက်သွေးရောင်မျက်လုံးများဖြင့် စိမ်းစိုနေသော မြက်ရွက်များကို စိုက်ကြည့်နေရတော့သည်။
တစ်နာရီကုန်လွန်သွားသော်လည်း ရှင်အိချီ ဘာမှမခံစားရချေ။
နှစ်နာရီကုန်လွန်သွားသော်လည်း ဘာမှထူးမခြားနားသေးပါ။
သုံးနာရီမြောက်သို့ ရောက်သောအခါ ရှင်အိချီသည် သွားဖုံးများ ယားယံလာပြီး သူ၏စွယ်များက သတိမထားမိဘဲ ရှည်ထွက်လာသည်။
လေးနာရီ ကြာပြီးနောက်တွင်မူ သူ အလှည့်စားခံလိုက်ရပြီဟု အပြတ်အသတ် တွေးတောမိတော့သည်။
စိတ်ထဲတွင် ဒေါသများ တရိပ်ရိပ်တက်လာပြီး ထိုအဘိုးကြီးကို သင်ခန်းစာတစ်ခုခု ပေးချင်စိတ် ပေါက်လာခဲ့သည်။
ငါးနာရီမြောက်သို့ ရောက်ရှိချိန်တွင်မူ ရုကာဝါ ချီနတ်ဆုသည် အလွန်အမင်းချိုအီလှသော ဒိုရာယာကီမုန့်အပြည့်ပါသည့် ပန်းကန်အကြီးကြီးတစ်ခုနှင့်ဝစ္စတီးရီးယား လက်ဖက်ရည် (Wisteria tea) အိုးတစ်လုံးကို ယူဆောင်၍ ရောက်ရှိလာသည်။
ထိုအချိုပွဲများကြောင့် အကြီးအကဲ မိုရီကီအပေါ်ထားရှိသော ရှင်အိချီ၏ မကျေနပ်ချက်များ အနည်းငယ် ပြေလျော့သွားရသည်။
ထိုသို့ဖြင့် ရှင်အိချီသည်
‘နိုးထခြင်းမြက်’ အိုးကို ကိုင်ဆောင်ထားရင်း ဘာတစ်ခုမျှ အဖတ်မတင်ဘဲ တစ်ရက်အပြည့် ကုန်လွန်သွားခဲ့သည်။
အချိန်သည် မှန်မှန်လေး စီးဆင်းသွားခဲ့သည်။
ခြောက်ရက်ကြာပြီးနောက်တွင်လည်း ရှင်အီချီသည် ဝါးတောထဲ၌ပင် ထိုင်နေဆဲဖြစ်ကာ သူ၏ ‘နိုးထခြင်းမြက်’ အိုးကို ပွေ့ပိုက်လျက် မျက်လုံးအစုံမှာမူ ဗလာကျင်းနေဆဲ ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ မြက်ပင်များကို နှစ်ကြိမ်တိုင်တိုင် လဲလှယ်ခဲ့ပြီးပြီ ဖြစ်သည် အရင်မြက်ပင်များ ညှိုးနွမ်းသွားသည့်အခါတိုင်း အကြီးအကဲ မိုရီကီက သူ့ကို အိမ်တော်နောက်ဖေးရှိ စိုက်ခင်းသို့ခေါ်ဆောင်ကာ အပင်ပေါက်အသစ်များကို လဲပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အိမ်တော်နောက်ဖေးတွင် ‘နိုးထခြင်းမြက်’
များသည် သာမန်ပေါင်းမြက်များကဲ့သို့ အရိုင်းအတိုင်း ပေါက်ရောက်နေသည်ကို ရှင်အိချီ မြင်လိုက်ရသောအခါ သွားဖုံးများ တစ်ဖန်ပြန်၍ ယားယံလာရပြန်သည်။
ဒီလို နိုးထခြင်းမြက်လို့ ခေါ်တဲ့အပင်တွေနဲ့ သာမန်ပေါင်းမြက်တွေ ဘာကွာလို့လဲ။
အဘိုးတို့ အိမ်နောက်ဖေးမှာ ဒီအတိုင်း အလေ့ကျပေါက်နေတာပဲဟာကို။
ခုနစ်ရက်မြောက်သော ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ထိုငွေရောင်လရောင်အောက်ရှိ ဝါးတောအတွင်း၌…
“မာရုနီ တောင် သစ္စာဖောက်ဖြစ်သွားပြီ။ အစားအသောက် နည်းနည်းပါးပါးနဲ့တင် စည်းရုံးခံလိုက်ရတာ အခုဆို ဝက်တစ်ကောင်လို ဖက်တီးဖြစ်နေပြီ။ အကောင်စစ်စစ်ထက် ဝက်နဲ့ ပိုတူနေပြီ”
ရှင်အိချီသည် လက်ထဲမှ နိုးထခြင်းမြက်ကို ကြည့်ကာ စိတ်ပျက်ဒေါသထွက်နေသော မျက်နှာဖြင့် ရေရွတ်မိသည်။
လေပြေတစ်ချက်အဝှေ့တွင် စိမ်းစိုနေသော မြက်ရွက်ကလေးများက အသာအယာ ယိမ်းနွဲ့သွားကြသည်။
မိုးသောက်ယံ အာရုံတက်တော့မည့် အထိမ်းအမှတ်အဖြစ် နှင်းစက်ကလေးတစ်ခုသည် မြက်ရွက်မျက်နှာပြင်ပေါ်တွင် ဖြည်းညှင်းစွာ စုစည်းလာသည်။
“မင်းတို့ အပင်တွေလည်း အသက်ရှူတယ်ဆိုတာ ငါသိတာပေါ့။ ငါ့ရဲ့ အရင်ဘဝတုန်းက ကိုးနှစ်တာ မသင်မနေရ ပညာရေးက အဲ့ဒီသိပ္ပံနည်းကျအချက်အလက်ကို ငါ့ဝိညာဉ်ထဲအထိ စွဲမြဲအောင် ရိုက်သွင်းပေးခဲ့တာအလင်းမှီစုဖွဲ့ခြင်း (photosynthesis) လား ဘာလားပေါ့။ ဒါပေမဲ့ အဲ့ဒါက ငါ့အတွက် ဘာအသုံးဝင်မှာလဲ”
ရှင်အိချီသည် အိုးထဲမှ မြက်ပင်ကို ကြည့်ကာ တိုးတိုးလေး ဆိုလိုက်သည်။
“နတ်ဆိုး (Demon) တွေတောင် ရှိနေတဲ့ ကမ္ဘာကြီးထဲမှာ သိပ္ပံပညာက ဘာအရေးပါတော့မှာလဲ။ ငါက သာမန်လူတစ်ယောက်ပဲ၊ ပါရမီရှင်လည်း မဟုတ်ဘူး။
နတ်ဆိုးတွေရဲ့ စွမ်းအားနဲ့ အသက်ရှူခြင်းနည်းစနစ်တွေဆိုတာ ငါ့အတွက်တော့ အရင်က ပုံပြင်တွေ၊ ဝတ္ထုတွေထဲက အရာတွေပဲ။ ဒါပေမဲ့ အဲ့ဒါတွေက ငါ့ရဲ့ လက်တွေ့ဘဝ ဖြစ်လာတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ရမလဲ ငါမသိတော့ဘူး။
ကလဲ့စားချေဖို့အတွက် စွမ်းအားကို ရှာဖွေတာကတော့ မမှားပါဘူး။ ဒီရက်ပိုင်းအတွင်းမှာ ငါနားလည်လာတာက နတ်ဆိုးရဲ့စွမ်းအားနဲ့ အသက်ရှူခြင်းနည်းစနစ်က တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် ဖြစ်မနေဘူးဆိုတာပဲ။ ငါ့ကို တကယ်ပဲ စိတ်အနှောင့်အယှက်ပေးနေတာက လူတွေရဲ့ ရင်ထဲက အစွဲအလန်းကြီးမားတဲ့ အမုန်းတရားတွေပဲ။
ငါအသက်ရှူခြင်းနည်းစနစ်ကို တတ်မြောက်သွားရင်တောင် ငါ့ရဲ့ ဖြစ်တည်မှုက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ လူအများစုအတွက်တော့ ငါက အမြဲတမ်း လူပယ်ခံ... နတ်ဆိုးတစ်ကောင်ပဲ ဖြစ်နေမှာ။
တစ်ကြိမ်ပဲ နတ်ဆိုးဖြစ်ဖြစ်၊ နတ်ဆိုးဆိုတဲ့ တံဆိပ်က အမြဲတမ်း ကပ်ပါနေမှာပဲ”
“နေပါဦး… ငါက ဘာလို့ မြက်အိုးတစ်လုံးကို စကားပြောနေမိတာလဲ။
ငါ ဒီမှာ ကြာကြာနေမိလို့ အဲ့ဒီအဘိုးကြီးရဲ့ စိတ္တဇတွေ ငါ့ဆီ ကူးစက်ကုန်ပြီ ထင်တယ်” ရှင်အီချီသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သရော်သလို ညည်းတွားလိုက်သည်။
ရုတ်တရက်ဆိုသလို သူ၏လက်ဖဝါးပေါ်သို့ အေးမြသော ခံစားချက်တစ်ခု ဖြတ်သန်းသွားသည်။
ငုံ့ကြည့်လိုက်သောအခါ နိုးထခြင်းမြက်ရွက်ပေါ်မှ နှင်းစက်လေးတစ်ခုသည် သူ၏လက်ပေါ်သို့ အစက်ချကျလာခြင်း ဖြစ်သည်ကို တွေ့လိုက်ရသည်။
ထိုအအေးဓာတ်က သူ၏စိတ်အတွင်းသို့ ရိုက်ခတ်သွားသည်နှင့်အမျှ တစ်ကိုယ်လုံးသို့ ဖော်ပြ၍မရသော အေးမြတုန်ရီမှုတစ်ခု လှိုင်းတံပိုးကဲ့သို့ စီးဆင်းသွားတော့သည်။
သူ၏မျက်စိရှေ့တွင် ဖျတ်ခနဲ လင်းလက်သွားသော မြစိမ်းရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် သူ၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခု စတင်ဖြစ်တည်လာသည်။ အရာအားလုံးသည် စိတ်ကူးယဉ်ဆန်ပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။
အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း ရှင်အိချီသည် ထူးခြားဆန်းပြားသော စွမ်းအင်တစ်မျိုးကို ပြတ်ပြတ်သားသား ခံစားသိရှိလာရသည် ၎င်းက အနံ့အသက်တစ်ခု မဟုတ်ဘဲ နူးညံ့ပြီး ကြံ့ခိုင်မှုရှိသော ထူးခြားသည့် အရာတစ်ခု ဖြစ်သည်။
“ဒီခံစားချက်က…!!”
ရှင်အီချီသည် လေပြေထဲတွင် အသာအယာ ယိမ်းနွဲ့နေသော နိုးထခြင်းမြက်ပင်ကို စိုက်ကြည့်ရင်း ဆွံ့အသွားမိသည်။
“မင်းလား… ငါ… ငါ တကယ်ပဲ ကြားလိုက်ရပြီ။ မင်းရဲ့ အသက်ရှူသံကို”
ဝါးတော၏ အဝေးတစ်နေရာ၊ ကြည်လင်သော စမ်းချောင်းဘေးရှိ ခိုင်ခံ့ကြီးမားသော မိုးမခပင်ကြီးအောက်တွင် အနည်းငယ် ကိုင်းညွတ်နေသော အကြီးအကဲ မိုရီကီသည် လေပြေတစ်ချက် အဝှေ့တွင် သူ၏ကျောပြင်ကို ဖြည်းညှင်းစွာ ဆန့်လိုက်သည်။
ထို့နောက် သူ၏မျက်နှာထက်တွင် ကျေနပ် အားရသော အပြုံးနုနုလေးတစ်ခု ပေါ်ထွက်လာကာ
“ငါသိသားပဲ၊ ဒီကလေး လုပ်နိုင်မှာပါ”
မိုးမခပင်၏ မရေမတွက်နိုင်သော အစိမ်းရောင် ကိုင်းညွတ်သီးပွင့်များကလည်း အဘိုးကြီး၏ ဝမ်းမြောက်မှုကို မျှဝေခံစားပေးနေသကဲ့သို့ လေထဲတွင် ဝေ့ယမ်းနေကြသည်။
အာရုံမတက်မီအချိန်၌
ရှင်အိချီသည် အကြီးအကဲ မိုရီကီ စောင့်ဆိုင်းနေသော ပိတ်လှောင်ထားသည့် အခန်းတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။
ရှင်အိချီ ဝင်လာသည်ကို မြင်သောအခါ အဘိုးကြီးက ပြုံးလိုက်ပြီး ဝစ္စတီးရီးယားလက်ဖက်ရည်ခွက်ကို မြှောက်ပြကာ မေးလိုက်သည်။
“မင်း ကြားခဲ့ရပြီလား”
ရှင်အိချီသည် နိုးထခြင်းမြက်အိုးကို ဂရုတစိုက် ချလိုက်ရင်း
“ဟုတ်ကဲ့၊ အဲ့ဒါက တကယ်ကို မယုံနိုင်စရာပဲ… အံ့ဩဖို့ကောင်းလိုက်တာ။
သူတို့က ကျွန်တော့်ကို လမ်းပြပေးခဲ့သလိုပဲ။ သူတို့ရဲ့ အသက်ရှူသံထဲမှာ အဆုံးမဲ့တဲ့ သက်စောင့်အားမာန်တွေ ပုန်းကွယ်နေတာကို ကျွန်တော် ဖျတ်ခနဲ ခံစားလိုက်ရတယ်”
အကြီးအကဲ မိုရီကီသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သက်ပြင်းချကာ ဆိုသည်။
“ရှင်အီချီ… မင်းက ငါ့ရဲ့ မျှော်မှန်းချက်တွေကို ကျော်လွန်သွားခဲ့ပြီ။
မင်းပြောတာ မှန်တယ်အဲ့ဒါက ‘တောအုပ်ရနံ့အသက်ရှူခြင်း’ ရဲ့ ခေါ်သံပဲ။ အဲ့ဒီအထဲမှာ အဆုံးမဲ့ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စရာကောင်းတဲ့ သက်စောင့်အားမာန်တွေ ရှိနေတယ်”
ပထမဆုံးအကြိမ်အဖြစ် ရှင်အိချီသည် အကြီးအကဲ မိုရီကီကို သဘောကျစရာကောင်းသည်ဟု တွေးမိသွားသည်။
“ဒါဆို… အဘိုးက ကျွန်တော့်ကို တကယ့် အသက်ရှူခြင်းနည်းစနစ်တွေနဲ့ ဓားသိုင်းပညာတွေကို အခု သင်ပေးတော့မှာလား”
“အဲ့ဒါက ငါ မင်းကို မေးချင်တဲ့မေးခွန်းပဲ။ မင်း တောအုပ်ရနံ့အသက်ရှူခြင်းကို လေ့ကျင့်ဖို့ တကယ်ပဲ အဆင်သင့်ဖြစ်ပြီလား။
ရှင်အီချီ… မင်းရဲ့ ရိုးသားတဲ့ စိတ်ကူးကို ငါ့ကို ပြောစမ်းပါ” အကြီးအကဲ မိုရီကီက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ရှင်အိချီသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်ကာ
“ဖြစ်ပါပြီ။ အဘိုး… ကျွန်တော့်ကို သင်ပေးပါ”
အကြီးအကဲ မိုရီကီ၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။ သူသည် အလွန်တရာ ရိုသေကိုင်းညွတ်စွာဖြင့် ထိုင်နေရာမှ ထရပ်လိုက်ပြီးနောက် သူ၏အနောက်ဘက်ရှိ သစ်သားစားပွဲပေါ်တွင် ထောင်လျက်ရှိနေသော နီချီရင်ဓား (Nichirin Blade) ကို လှမ်းကိုင်ကာ အိမ်မှ ဆွဲထုတ်လိုက်သည်
၎င်းကား ရာစုနှစ်တစ်ခုတိုင် လက်ဆင့်ကမ်းလာခဲ့သော မြစိမ်းရောင် နီချီရင်ဓားကြီး ဖြစ်သည်။
“တောအုပ်ရနံ့အသက်ရှူခြင်းနည်းစနစ်မှာ ဆက်ခံသူအသစ်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီ”