အခန်း (၂) - ပတ္တမြားရောင်မျက်ဝန်းများ
ဤပျက်စီးယိုယွင်းနေသော ဘုရားကျောင်းအိုကြီးထဲမှ ထွက်ပြေးလွတ်မြောက်ရန် ကိစ္စသည် အမှန်စင်စစ်အားဖြင့် ထင်သလောက် မခက်ခဲလှပေ။ ရှင်အိချီသည် ဤအစီအစဉ်အတွက် နှစ်ဦးနှစ်ဖူးတိုင်တိုင် ကြိုတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်နှစ်တာကာလအတွင်း သူသည် လျှို့ဝှက်စွာဖြင့် ယန်းငွေခြောက်ဆယ်အထိ စုဆောင်းမိခဲ့သည်။
ဤငွေကြေးပမာဏဖြင့် မတ်ဆုဒိုင်ရ ခရိုင်အတွင်းမှ နှစ်နာရီအတွင်း အောင်မြင်စွာ ထွက်ပြေးနိုင်မည်ဟု ရှင်အိချီ အပြည့်အဝ ယုံကြည်နေသည်။
အိုဘေး ဆာဘူရိုကို မျက်ခြေဖြတ်ရန်မှာလည်း ရိုးရှင်းလှသည်။ ထိုလူသည် အရက်ကို ဖိသောက်တတ်သော လူမူးသမားတစ်ဦးသာ ဖြစ်သည်။ ရှင်အိချီအနေဖြင့် တစ်ရက်ခင်းတွင် အလှူငွေများ
"အုန်းအုန်းကျက်ကျက် ရလာလေဟန်" ဟန်ဆောင်ကာ အကြွေစေ့အနည်းငယ် ထုတ်ပေးလိုက်ရုံမျှဖြင့် အိုဘေး ဆာဘူရိုသည် အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ အရက်ဆိုင်၌ တစ်ညလုံး ထိုင်သောက်နေမည်မှာ အသေအချာပင်။ သူသည် ထိုကဲ့သို့သော လူစားမျိုး ဖြစ်သည်။ ထိုတစ်ညတာ အချိန်အပိုင်းအခြားသည် ရှင်အိချိအတွက် မဆုဒိုင်ရ ခရိုင်မှ ထွက်ခွာမည့် နောက်ဆုံးမြင်းရထားကို အမှီစီးရန် လုံလောက်သော အချိန်ဖြစ်၏။
အမှန်တော့ ရှင်အိချီသည် ယနေ့တိုင်အောင် ဤရည်မှန်းချက်တစ်ခုတည်းအတွက်သာ ကြိုးစားအားထုတ်လာခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းသာယာလှသော ညချမ်းအချိန်အခါ ဖြစ်သည်။ ရက်အတော်ကြာသည်အထိ ဝင်ငွေကောင်းကောင်းမရခဲ့သော အိုဘေး ဆာဘူရို၏ မျက်နှာသည် ပုတ်သိုးမှိုင်းညှို့နေသည်။ စိတ်အခြေအနေ မကောင်းလှသဖြင့် မနေ့ကပင် ကလေးတစ်ယောက်၏ ခြေထောက်ကို ကျိုးသွားသည်အထိ ရက်ရက်စက်စက် ကန်ကျောက်ခဲ့သေးရာ ယခုအခါ ဘုရားကျောင်းအိုကြီးအတွင်းရှိ ကလေးငယ်များအားလုံးသည် အသက်ပင် ပြင်းပြင်းမရှူရဲကြရှာပေ။
ရှင်အိချိသည် ထိုကဲ့သို့သော အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ မနက်ဖြန်!
မနက်ဖြန်ကျရုံမျှဖြင့် သူစုဆောင်းထားသော ငွေထဲမှ တစ်ဆယ်ယန်း ထုတ်ပေးလိုက်လျှင် အိုဘေး ဆာဘူရို သေချာပေါက် စိတ်လှုပ်ရှားသွားလိမ့်မည်။ ရက်အတော်ကြာ အရက်မသောက်ရသေးသဖြင့် ထိုလူသည် မည်သို့မျှ အောင့်အီးနိုင်မည် မဟုတ်ချေ။
မနက်ဖြန်!
မနက်ဖြန်ကျလျှင် သူသည် ဤငရဲခန်းမှ စွန့်ခွာနိုင်တော့မည် ဖြစ်သည်။
အော်... ဟုတ်သားပဲ! သူနှင့်အတူ တိုရှီဟီရိုကိုပါ တစ်ပါတည်း ခေါ်သွားရမည်။ ထိုနတ်မိသတ်လေးကဲ့သို့ ဖြူစင်သော ကလေးငယ်၏ ဘဝကို ဤသူတောင်းစားဂူထဲ၌ အပျက်စီးမခံနိုင်ပေ။
ရှင်အိချိ တစ်ယောက်တည်း စိတ်ကူးတွက်ချက်နေစဉ်မှာပင် ပိန်ပိန်ပါးပါး ကလေးငယ်တစ်ယောက်သည် ဘုရားကျောင်းအိုကြီးထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လာပြီး အိုဘေး ဆာဘူရိုကို အော်ပြောလိုက်သည်။
"ဆရာ! ဆရာ!
သတင်းကောင်းဗျ။ လမ်းမပေါ်မှာ အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ သူဌေးတစ်ယောက် တစ်ယောက်တည်း လမ်းလျှောက်နေတယ်ဗျ။ တစ်ယောက်တည်းပဲနော်!"
ထိုစကားကို ကြားလိုက်ရသော် အိုဘေး ဆာဘူရို၏ ပေါက်ကွဲလုနီးပါး ဖြစ်နေသော ဒေါသများမှာ ချက်ချင်းပင် အရည်ပျော်သွားပြီး ဝမ်းသာအားရ ပြုံးဖြဲလိုက်မိသည်။ သူ ဘာကြားလိုက်ရပါလိမ့်။ အနောက်တိုင်းဝတ်စုံ ဟုတ်စ။ လက်ရှိ ဂျပန်နိုင်ငံ၏ အခြေအနေအရ အနောက်တိုင်းဝတ်စုံသည် ချမ်းသာကြွယ်ဝမှု၏ အမှတ်အသား ဖြစ်နေသည်။ ၎င်းအပြင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်သူများသည် များသောအားဖြင့် နိုင်ငံခြားယဉ်ကျေးမှုကို အထင်ကြီးပြီး မိမိကိုယ်ကိုယ် ဂုဏ်အင်မြင့်မားသည်ဟု ထင်မှတ်နေကြသော သူဌေးများ ဖြစ်ကြသည်။ ၎င်းတို့သည် ရိုးရာသူဌေးများထက် ပိုမိုဝင့်ဝါတတ်ကြသော်လည်း လက်ဖွာတတ်ကြသည်။
အိုဘေး ဆာဘူရို၏ မျက်စိထဲတွင်မူ အကြွေစေ့များနှင့် ငွေစက္ကူများက သူ့ကို လက်လှမ်းပြနေသကဲ့သို့ပင် မြင်ယောင်နေတော့သည်။ သူသည် ထိုသို့သော အနောက်တိုင်းဆန်ချင်သည့် သူဌေးများ၏ ဝင့်ဝါတတ်သော၊ လက်ဖွာတတ်သော စိတ်ပုဒ်ကို ကောင်းစွာ အသုံးချတတ်ပြီး မိမိလက်အောက်ရှိ မိဘမဲ့ကလေးငယ်များကို အသုံးချကာ ထိုလူကြီးများထံမှ ငွေညှစ်ရန် အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။
"တိုရှီဟီရို! ဒီကိုလာစမ်း! ခဏနေကျရင် မင်းအလှည့်ပဲ!" အိုဘေး ဆာဘူရိုက အော်ခေါ်လိုက်သည်။
ရှင်အိချိ၏ ဘေးတွင်ရှိနေသော တိုရှီဟီရိုသည် ချက်ချင်းပင် ထခုန်လိုက်ပြီး "လာပြီဗျ!" ဟု ပြန်ထူးလိုက်သည်။
"အစ်ကိုကြီး ရှင်အိချိ! အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ သူဌေးကြီးတစ်ယောက် ရောက်နေတယ်တဲ့။ ကျွန်တော်တို့ တစ်ခါမှမစားဖူးတဲ့ အစားအသောက်ကောင်းတွေ တောင်းလို့ရရင် ရမှာ။ ခဏစောင့်နေနော် အစ်ကိုကြီးရှင်အိချိ! ရလာရင် အစ်ကိုကြီးနဲ့ အတူတူစားဖို့ ယူလာခဲ့မယ်!"
တိုရှီဟီရို၏ မျက်နှာငယ်လေးတွင် ပျော်ရွှင်သော အပြုံးများဖြင့် ဝေဆာနေသော်လည်း ရှင်အိချီ၏ နှလုံးသားထဲတွင်မူ အနည်းငယ်မျှ ဝမ်းမမြောက်နိုင်ခဲ့ပေ။
ဘာလို့ ဒီလိုအချိန်မျိုးမှာ ဒီလိုကိစ္စ ဖြစ်လာရတာလဲ။ တောက်! အစီအစဉ်ကို နောက်တစ်ခါ ထပ်ရွှေ့ရဦးမှာပဲ!
ထိုသို့ တွေးတောရင်း ရှင်အိချီသည် ဘုရားကျောင်းအိုကြီးထဲမှ တိတ်တဆိတ် ချောင်ခိုထွက်လာခဲ့သည်။ ယခုအချိန်တွင် စိတ်လှုပ်ရှားနေသော အိုဘေး ဆာဘူရိုသည် ရှင်အိချိ၏ လှုပ်ရှားမှုအသေးစားလေးကို သတိပင်မမူမိဘဲ သူ၏ စီးပွားရေးအဆင်ပြေမည့် ငွေပင်ငွေလှိုင်းလေးကို အလျင်အမြန်ဦးဆောင်ကာ အနောက်တိုင်းဝတ်စုံဝတ်ထားသော သူဌေးကြီးကို ရှာဖွေရန် ထွက်ခွာသွားလေပြီ။
ရှင်အိချီသည် ထုတ်ယူထားသော ယန်းငွေများကို မူလနေရာသို့ ပြန်လည်ဝှက်ထားပြီးနောက် လမ်းတစ်လျှောက်တွင် မာရုနိ၏ အသိုက်ငယ်လေးကို တစ်ချက်လှမ်းကြည့်ကာ ဘုရားကျောင်းအိုကြီးရှိရာ လမ်းအတိုင်း ပြန်လာခဲ့သည်။
အမှန်တော့ သူတစ်ယောက်တည်းသာဆိုလျှင် ယခုအချိန်တွင်ပင် ထွက်ပြေးနိုင်ပေသည်။ အကယ်၍ တိုရှီဟီရိုနှင့်သာ မဆုံခဲ့ပါက သူသည် ဤနေရာမှ တစ်ယောက်တည်း ထွက်ပြေးရန် ယုံကြည်ချက် အပြည့်ရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။
လင်းလက်နေသော လရောင်အောက်ရှိ မြေသားလမ်းပေါ်တွင် တစ်လှမ်းချင်း လျှောက်လှမ်းရင်း စိတ်ထဲမှ အတွက်အချက်လုပ်နေဆဲဖြစ်သော ရှင်အိချိသည် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားသည်။
သွေးညှီနံ့ညှီစို့စို့ သွေးနံ့တစ်ခုသည် သူ၏ နှာခေါင်းထဲသို့ ရုတ်ချည်း တိုးဝင်လာခြင်း ဖြစ်သည်။
ဒီနေရာမှာ ဘာလို့ သွေးညှီနံ့ ရှိနေရတာလဲ။
ရှင်အိချိ၏ ခြေလှမ်းများသည် တဖြည်းဖြည်း မြန်ဆန်လာသည်။ နှာခေါင်းထဲတွင် လှိုင်နေသော သွေးညှီနံ့သည် ပိုမိုပြင်းထန်လာပြီး ပျို့အန်ချင်စရာ ကောင်းလာသည်။
ဗြုန်း!
ရှင်အိချီသည် သတိလက်လွတ်ဖြင့် ပျစ်ချွဲချွဲ အရည်များ ပြည့်နေသော ကျင်းငယ်တစ်ခုထဲသို့ နင်းမိသွားသည်။ သူ ငုံ့ကြည့်လိုက်ရာ လရောင်အောက်တွင် မြင်တွေ့ရသော ထိုအမည်းရောင်သန်းနေသည့် အနီရောင်အရည်များထံမှ ပြင်းထန်သော အနံ့ဆိုးများ ထွက်ပေါ်နေသည်။
ဘုတ်!
ထိုကျင်းငယ်ထဲမှ အရိပ်တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းသည်... ကလေးတစ်ယောက်၏ ဦးခေါင်း ဖြစ်နေသည်။ တစ်ဝက်သာ ကျန်တော့သော ထိုဦးခေါင်း၏ အသက်မဲ့နေသော မျက်ဝန်းများသည် ကောင်းကင်ကြီးကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေရှာသည်။
ဘုန်း!
ရှင်အိချီသည် နောက်ပြန်လဲကျသွားပြီး ရင်ဘတ်ထဲမှ နှလုံးခေါင်းသံသည် တဒိန်းဒိန်းနှင့် ပြင်းထန်စွာ ခုန်လှုပ်လာကာ မျက်လုံးများမှာလည်း ကြောက်လန့်တကြား ပြူးကျယ်သွားသည်။ သူ ဤကလေးကို သိသည်။ သူတို့အုပ်စုထဲမှ မိဘမဲ့ကလေးတစ်ယောက် ဖြစ်သည်။ သူ့ဦးခေါင်းက ဘာဖြစ်လို့ တစ်ဝက်ပဲ ကျန်တော့ရတာလဲ။ ကျင်းထဲက သွေးတွေကကော သူ့သွေးတွေလား။
"တိုရှီဟီရို!"
ရုတ်တရက် ရှင်အိချီသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ချက်ချင်းထရပ်ကာ ဘုရားကျောင်းအိုကြီးရှိရာဘက်သို့ ရူးသွပ်မတတ် ပြေးထွက်သွားတော့သည်။
ဟတ်! ဟတ် ဟတ်!
အိုဘေး ဆာဘူရို၏ လည်ချောင်းထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်နေသည်။ သူ၏ မျက်လုံးများသည် ယခုအခါ သွေးကဲ့သို့ ရဲရဲနီနေပြီး ဆူးချွန်များပါရှိသော ရှည်လျားလှသည့်
အရိုးနှင်တံကြီးတစ်ချောင်းသည် သူ၏ ဝမ်းဗိုက်ကို ဖောက်ထွက်ကာ ပါးစပ်မှ ပြူးထွက်နေပြီး ပူနွေးသော သွေးများ ဒလဟော စီးကျနေသည်။
ထိုအရိုးနှင်တံကြီး၏ အဆုံးတွင်မူ သွယ်လျသော လူရိပ်တစ်ခုသည် ပျက်စီးနေသော ဘုရားကျောင်းရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသည်။
အစွန်းအထင်းမရှိ စင်ကြယ်လှပသော အဖြူရောင် အနောက်တိုင်းဝတ်စုံ၊ စစ်မှန်ပြီး လှပသော အမည်းရောင် ကလည်ပတ်၊ အနည်းငယ် လှိုင်းတွန့်နေသော အမည်းရောင် ဆံနွယ်များသည်လည်း အပြစ်ဆိုဖွယ်မရှိ သပ်ရပ်နေသည်။ လရောင်အောက်တွင် ဖြူဖျော့နေသော ထိုမျက်နှာသည် မိန်းမော အံ့ဩလောက်စရာ ကောင်းပြီး စုန်းဒေဝါကဲ့သို့ ဆွဲဆောင်မှုရှိသော ရုပ်ရည်သွင်ပြင်မျိုး ရှိသည်။ အဆွဲဆောင်နိုင်ဆုံးအရာမှာ ထိုပတ္တမြားရောင် မျက်ဝန်းများ ဖြစ်ပြီး မနှိုင်းယှဉ်သာသော မြင့်မြတ်မှုနှင့်... ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ပြနေသည်။
"မိုက်မဲတဲ့ လူသားတွေ၊ လူသားတွေထဲမှာ အနိမ့်ကျဆုံး အကောင်တွေကများ ငါ့ကို ပြစ်မှားစော်ကားရဲတယ်ပေါ့။ ညစ်ပတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းလိုက်တာ။ မင်းတို့ သွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးတွေက ငါ့ကို အစောတလျင် ရွံရှာမိစေတယ်။" ထိုလူသည် လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သော်လည်း သူ၏ စကားလုံးများသည် နားထောင်သူ၏ ကျောချမ်းသွားစေရန် လုံလောက်လှသည်။ "ဒါပေမဲ့ မင်းတို့လို နိမ့်ကျတဲ့ သတ္တဝါတွေက နေရောင်အောက်မှာ လွတ်လွတ်လပ်လပ် အသက်ရှင်နေနိုင်ကြတာဟာ သက်သက်မဲ့ စော်ကားမှုပဲ။ မင်းတို့လို နိမ့်ကျတဲ့ ပိုးကောင်တွေ!"
စကားပြောရင်း ထိုလူသည် ရုတ်တရက် ဒေါသတကြီး ဖြစ်လာသည်။ သူ၏ လက်မောင်းနှင့် ဆက်နေသော ဆူးချွန်ပါ အရိုးနှင်တံကြီးသည် ရုတ်တရက် ဝှေ့ယမ်းသွားသည်။
ဗြိ!!
အိုဘေး ဆာဘူရို၏ သန်မာလှသော ခန္ဓာကိုယ်ကြီးသည် ချက်ချင်းပင် သွေးမိုးများအဖြစ် ကြေမွပျက်စီးသွားသော်လည်း ထူးဆန်းသည်မှာ ထိုသွေးစက်များထဲမှ တစ်စက်မျှ ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ စင်ဟန်မတူပေ။
ယခုအချိန်တွင် ဘုရားကျောင်းပျက်ကြီး၏ ရှေ့မှောက်၌ မရေမတွက်နိုင်သော အသားစများနှင့် သွေးကွက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ပျက်စီးနေသော ခြေလက်များ၊ အရောင်အသွေး စုံလင်လှသော ကလီစာများနှင့် လုံးဝကြေမွသွားသော ဦးခေါင်းခွံများသည် ဤပျက်စီးယိုယွင်းနေသော ဘုရားကျောင်းအိုကြီးကို စစ်မှန်သော ငရဲဘုံတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဒုတ်! ဒုတ်! ဒုတ်!
နှလုံးခုန်သံသည် ရှင်အိချီ၏ နားထဲတွင် ရှင်းလင်းစွာ မြည်ဟည်းနေသည်။ အနောက်တိုင်းဝတ်စုံဝတ်ထားသော ထိုလူသည် အိုဘေး ဆာဘူရိုကို တစ်စစီ ဆွဲဖြဲပစ်လိုက်သည်ကို သူကြည့်နေမိပြီး ဘုရားကျောင်းပျက်ကြီး၏ ရှေ့မှောက်ရှိ ငရဲခန်းပြင်ပ မြင်ကွင်းကိုလည်း မြင်တွေ့လိုက်ရသည်။ သူသည် ကျောက်ရုပ်ဖြစ်စေသော အင်းစာမိနေသကဲ့သို့ ဖြစ်နေပြီး ကြောက်ရွံ့လွန်းသဖြင့် တစ်ကိုယ်လုံး လှုပ်ရှား၍ပင် မရတော့ပေ။ ထိုလူ့ထံမှ ယခင်က တစ်ခါမျှ မခံစားဖူးသော ထိတ်လန့်ဖွယ်ရာ ဖိအားများကို သူ ခံစားနေရသည်။
"ဟင်? နောက်တစ်ကောင် ကျန်သေးတာလား။"
ပတ္တမြားရောင် မျက်ဝန်းများသည် အနည်းငယ် ရွေ့လျားသွားသည်။ နောက်တစ်စက္ကန့်တွင်မူ ရှင်အိချိ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ပြင်းထန်လှသော အားတစ်ခုသည် သူ့ထံသို့ ရိုက်ခတ်လာသည်။ ဆတ်ခနဲဆိုသလိုပင် ရှင်အိချီသည် ထိုလူ၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။
ဂလတ်!
အရိုးများ ကျိုးကြေသွားဟန် တူသည်။ ရှင်အိချီ၏ မျက်နှာသည် ပြင်းထန်သော ဝေဒနာကြောင့် တွန့်ရှုံ့သွားပြီး သွေးအန်ထုတ်လိုက်ရသည်။ သူ၏ ခါးတွင် ရစ်ပတ်ထားသော ဆူးချွန်နှင်တံကြီးက သူ့ကို ညှစ်ခြေပစ်လိုက်ခြင်း ဖြစ်သည်။
"ညစ်ပတ်ပြီး သနားစရာကောင်းတဲ့ အားနည်းချက်လေးပဲ။ လူသား... မင်းရဲ့ မျက်လုံးထဲက အကြည့်က ဘာလဲ။ ငါ ဘာကို မြင်နေရတာလဲ။ ကြောက်ရွံ့မှုအပြင် ငါ့ကို မုန်းတီးနေတာလား။
ဟားဟား၊ စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်းဟာ ဒီလိုနိမ့်ကျတဲ့ ပိုးကောင်တွေထဲမှာ ငါ့ကို မုန်းတီးမှု ပြရဲတဲ့ ပထမဆုံးကောင်ပဲ။ မင်းက ဘာမို့လို့လဲ။
မင်းက ဘာမို့လို့ ငါ ကိဘုဆွတ်ဂျီ မူဇန် ကို ဒီလိုမျက်လုံးမျိုးနဲ့ ကြည့်ရဲရတာလဲ။" မူဇန်ဟု ခေါ်သော ထိုလူသည် အေးစက်တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
သို့သော် ယခုအချိန်တွင် ရှင်အိချီ၏ ခါးမှ ပြင်းထန်သော နာကျင်မှုအပြင် သူ၏ နှလုံးသားသည် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသတရားများဖြင့်သာ ပြည့်နှက်နေသည်။ ဘုရားကျောင်းပျက်ကြီး၏ တံခါးဝတွင် တစ်ဝက်သာ ကျန်တော့သော ထိုခန္ဓာကိုယ်... ထိုချစ်စရာကောင်းသော မျက်နှာငယ်လေးတွင် ထုံးစံအတိုင်း ရွှင်လန်းတက်ကြွမှုများ မရှိတော့ဘဲ အဆုံးမရှိသော ကြောက်ရွံ့မှုများသာ ကျန်ရစ်တော့သည်။
"တိုရှီဟီရို... ဂလု... အု..." သွေးများသည် ရှင်အိချီ၏ လည်ချောင်းထဲတွင် ပြည့်လျှံလာသဖြင့် သူသည် အဓိပ္ပာယ်မရှိသော အသံများကိုသာ ထွက်ပေါ်နိုင်တော့သည်။
မူဇန်ဟု ခေါ်သော ထိုလူသည် စိတ်ဝင်စားသွားဟန်တူပြီး ရှင်အိချီ ဘာပြောနေသည်ကို နားထောင်ချင်နေပုံရသည်။
အရိုးနှင်တံကြီးသည် တွန့်လိမ်လှုပ်ရှားသွားပြီး ရှင်အိချီ၏ ခန္ဓာကိုယ်ကို မူဇန်နှင့် ပိုမိုနီးကပ်စေရန် ဆွဲခေါ်လိုက်သည်။
"နိမ့်ကျတဲ့ ပိုးကောင်တစ်ကောင်ရဲ့ နောက်ဆုံး ညည်းတွားသံလား။ စိတ်ဝင်စားဖို့ကောင်းပါတယ်။" မူဇန်၏ နှုတ်ခမ်းအစုံသည် ဖြည်းညှင်းစွာ ကွေးညွတ်သွားပြီး ထက်မြက်သော အစွယ်များကို ဖော်ပြကာ ပြုံးလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ ပိုးကောင်ဟု သတ်မှတ်ထားသော ရှင်အိချိသည် ရုတ်တရက် တိုက်ခိုက်လိုက်လေတော့သည်။
ရှပ်!
မူဇန် ဆွံ့အသွားသည်။ သူ၏ ပတ္တမြားရောင် မျက်ဝန်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော သူငယ်အိမ်များသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။
ဝုန်း! ဂျွတ် ဂျွတ်!
ရုတ်တရက် ပေါ်ထွက်လာသော မမြင်နိုင်သည့် ပြင်းထန်လှသော ဖိအားကြီးသည် ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေသည်။
"သွေးလား။ ငါ..... သွေးထွက်နေတာလား။"
သေးငယ်လှသော သွေးစက်လေးတစ်ခုသည် မူဇန်၏ မျက်နှာထက်မှ ဖြည်းညှင်းစွာ စီးကျလာလေတော့သည်။