အခန်း(၁၉)
တာကာနိုဂါဝါ ရွာကလေး၏ မွန်းတည့်ချိန် အချိန်အခါသမယ ဖြစ်သည်။ လူသူသိပ်မရှိလှသော လမ်းမထက်တွင် အနည်းငယ် ကုန်းတုတ်ကုန်းတုတ် ဖြစ်နေသည့် အဘိုးအိုတစ်ဦးသည် အနက်ရောင် ရွက်ဖျင်စ ကာရံထားသော သစ်သားလက်တွန်းလှည်းလေးကို ဖြည်းညှင်းစွာ တွန်းလာနေသည်။
သူဝတ်ဆင်ထားသည့် အစိမ်းရောင် ဟာအိုရီ အကျီပွ ကြီးမာမူ တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရသဖြင့် အတော်ပင် စုတ်ပြတ်နေခဲ့ပြီ ဖြစ်သော်လည်း သူသည် စွန့်ပစ်ခြင်း မပြုခဲ့ပေ။ ထိုအစား မိုရီကီ အဘိုးအိုသည် သွေးကွက်များနှင့် တိုက်ပွဲရာဇဝင် အမှတ်အသားများကို ဂရုတစိုက် ဆေးကြောသန့်စင်ထားခဲ့သည်။ အကြောင်းမူကား သူ့အတွက် ထိုဟာအိုရီအကျီ သည် ခံစားချက်များနှင့် အဓိပ္ပာယ်များစွာ ပြည့်နှက်နေလွန်းသောကြောင့် ဖြစ်သည်။
လှည်းကို တွန်းရင်း အဘိုးအိုမိုရီကီသည် အေးအေးလူလူပင် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ရွာသားအများအပြားက သူ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ကြသည်။
အခြားထူးထူးခြားခြား အကြောင်းရင်းကြောင့် မဟုတ်ဘဲ တာကာနိုဂါဝါရွာရှိ မြေကွက်အများစုမှာ မိုရီကီမိသားစု ပိုင်ဆိုင်သောကြောင့်သာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ထိုမိသားစုတွင် သူတစ်ဦးတည်းသာ ကျန်ရှိတော့သည်။ စုတ်ပြတ်သတ်နေသော ဝတ်စုံဖြင့် လှည်းတွန်းနေသည့် ဤအဘိုးအိုသည် တကယ်တမ်း၌ တာကာနိုဂါဝါရွာ၏ အချမ်းသာဆုံးသူဌေးကြီး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။
ကျွီ... ကျွီ... ကျွီ...
အဘိုးအို ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သစ်သားဘီးလုံးများထံမှ စူးရှသော မြည်သံများ ထွက်ပေါ်လာသည်။ မကြာမီတွင် အဘိုးအိုမိုရီကီသည် ဆေးဆိုင်တစ်ဆိုင်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူသည် အပေါ်သို့ မော့ကြည့်လိုက်ရာ "လိပ်ပြာ” ဟူသော ဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။
ဆိုင်အတွင်း၌ ဆိုင်ရှင်ဖြစ်သူ ရုပ်ရည်သန့်ပြန့်သော အသက်လတ်ပိုင်း ဆေးဝါးကျွမ်းကျင်သူတစ်ဦးသည် ဆေးဝါးများကို စေ့စေ့စပ်စပ် ပြင်ဆင်နေသည်။ အပြင်ဘက်မှ လှည်းဘီးသံကို ကြားလိုက်ရသောအခါ ဆေးဝါးကျွမ်းကျင်သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အလုပ်ကို ချက်ချင်း လက်စသတ်လိုက်သည်။ သူသည် နောက်ကွယ်ရှိ ဆေးဗီရိုထဲမှ ကြိုတင်ပြင်ဆင်ထားသော ဆေးဘက်ဝင်အပင် အထုပ်ကြီးကို ထုတ်ယူကာ အပြင်သို့ အလျင်အမြန် ထွက်လာခဲ့သည်။
"မိုရီကီဆန်၊ တကယ်ပဲ ပြန်လာပြီပဲ။ ခရီးစဉ်က အဆင်ပြေချောမွေ့ခဲ့ရဲ့လား"
ဆေးဝါးကျွမ်းကျင်သူက ဆေးထုပ်ကို ကိုင်ရင်း ပြုံး၍ မေးလိုက်သည်။
အဘိုးအိုမိုရီကီကလည်း ပြန်လည်ပြုံးပြလိုက်ရင်း
"လမ်းမှာ ပြဿနာအနည်းငယ်နဲ့ ကြုံခဲ့ရပေမဲ့ အရေးကြီးတာမျိုးတော့ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အဆင်ပြေခဲ့ပါတယ်။ မင်းက ငါလိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ပေးထားပြီးသား ထင်တယ်၊ ယာကူရှင် "
ဆေးဝါးကျွမ်းကျင်သူ ယာကူရှင် ကိုချို က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းခါပြကာ
"တကယ်တော့ ဒါကို ကျွန်တော် ပြင်ဆင်ထားတာ မဟုတ်ပါဘူး။
ရူကာဝါဆန် (Ryukawa-san) က ကြိုတင်ပြင်ဆင်ပေးထားဖို့ ကျွန်တော့်ကို လာမှာသွားတာပါ"
"အို... ဟုတ်လား။ အဲဒီကလေးက အရမ်းကို အလိုက်သိလွန်းတာပဲ" အဘိုးအိုမိုရီကီသည် ယာကူရှင်ထံမှ ဆေးထုပ်ကို လှမ်းယူရင်း သက်ပြင်းချလိုက်သည်။ ဆေးဘက်ဝင်အပင်များ၏ သင်းပျံ့သောရနံ့က သူ့နှာခေါင်းဝသို့ ချက်ချင်းတိုးဝင်လာပြီး စိတ်ဝိညာဉ်ကို လန်းဆန်းသွားစေသည်။ "မင်းကတော့ အမြဲတမ်း အားကိုးရတာပဲ၊ ယာကူရှင်"
"ချီးမွမ်းလွန်းရာ ရောက်နေပါပြီ"
သူတို့နှစ်ဦး အပြန်အလှန် စကားပလ္လင်ခံနေစဉ်မှာပင် နောက်ဘက်လမ်းအတိုင်း ကုန်စုံခြင်းတောင်းကို သယ်ဆောင်လာသည့် ကီမိုနို ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာခဲ့သည်။
"အာ... မိုရီကီဆန်! ပြန်ရောက်ပြီလား"
အဘိုးအိုမိုရီကီ လှည့်ကြည့်လိုက်ရာ
"အာ... ယူကီ (Yuki)! ဈေးဝယ်လို့ ပြီးပြီလား"
ယာကူရှင်၏ဇနီးဖြစ်သူ ယူကီ ကိုချို (Yuki Kocho) သည် အဘိုးအိုမိုရီကီကို ဦးစွာ ရိုရိုသေသေ အရိုအသေပေးလိုက်ပြီးနောက် နေ့လယ်စာ အတူစားသုံးရန် နွေးနွေးထွေးထွေး ဖိတ်ခေါ်ခဲ့သည်။ သို့သော် အဘိုးအိုက ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။
ယူကီ၏နောက်ကွယ်တွင် အရပ်အမောင်း မြင့်သူတစ်ဦးနှင့် ပုသူတစ်ဦး၊ ပန်းပွင့်ပုံစံ ကီမိုနိုဝတ်စုံများကို ကိုယ်စီဝတ်ဆင်ထားသည့် မိန်းကလေးငယ်နှစ်ဦး လိုက်ပါလာကြသည်။ ထိုမိန်းကလေးနှစ်ဦးမှာ မိဘများ၏ ရုပ်ရည်ကောင်းမွန်မှုကို အမွေရရှိထားကြသဖြင့် အလွန်ပင် ချောမောလှပကြသည်။
"မတွေ့ရတာ တော်တော်ကြာပြီပဲ။
ကာနာအေ (Kanae) က ပိုပြီးတော့ ယဉ်ကျေးလိမ္မာလာတယ်၊ ရှင်နိုဘုချမ်း (Shinobu-chan) ကလည်း အရပ်ရှည်လာတယ်နော်"
လူကြီးသူမ၏ ချီးမွမ်းခြင်းကို ခံရသောကြောင့် ကာနာအေ ကိုချို
(Kanae Kocho) နှင့် ရှင်နိုဘု ကိုချို (Shinobu Kocho) တို့သည် ကျေးဇူးတင်စွာဖြင့် ဦးညွှတ်နှုတ်ဆက်ကြသည်။ သို့သော် နူးညံ့သိမ်မွေ့သော အစ်မဖြစ်သူနှင့် နှိုင်းယှဉ်လျှင် အသက် ရှစ်နှစ်အရွယ်သာရှိသေးသည့် ရှင်နိုဘုသည် ပိုမိုသွက်လက်ပြီး စိတ်မြန်လက်မြန် ရှိလှသည်။ အဘိုးအိုမိုရီကီကို ကျေးဇူးတင်စကား ပြောပြီးသည်နှင့် သူမ၏ ခရမ်းရောင် မျက်ဝန်းဝိုင်းကြီးများသည် သူတွန်းလာသည့် လှည်းဆီသို့ စူးစမ်းလိုစိတ်ဖြင့် ချက်ချင်း ရောက်ရှိသွားခဲ့သည်။
အဘိုးအိုမိုရီကီသည် ကိုချိုလင်မယားနှင့် စကားပြောနေစဉ် ရှင်နိုဘုသည် လှည်းအနီးသို့ တိတ်တဆိတ် ကပ်သွားခဲ့သည်။ ၎င်းကို ဖုံးအုပ်ထားသည့် ရွက်ဖျင်စအောက်တွင် တစ်စုံတစ်ခု လှုပ်ရှားနေသကဲ့သို့ အနည်းငယ် လှုပ်ခါနေသည်ကို သူမ သတိပြုမိလိုက်သည်။
ကလေးသဘာဝ စူးစမ်းလိုစိတ်မှာ အတိုင်းအဆမရှိပေ။
ရွက်ဖျင်စအောက်တွင် အဘယ်အရာ ရှိနေသည်ကို သိရှိလိုလှသဖြင့် ရှင်နိုဘုသည် တွန့်ဆုတ်မနေဘဲ လက်ကလေးကို ဆန့်ထုတ်ကာ အုပ်ထားသော အဝတ်ကို လှန်ရန် ဟန်ပြင်လိုက်သည်။
အဘိုးအိုမိုရီကီသည် ရှင်နိုဘု၏ လုပ်ဆောင်ချက်ကို အတိုင်းသား မြင်နေရသော်လည်း အကြောင်းရင်းအချို့ကြောင့် သူမကို တားဆီးခြင်း မပြုခဲ့ပေ။ ထိုအစား သူသည် ကိုချိုလင်မယားနှင့် တာကာနိုဂါဝါရွာ၏ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကိုသာ ဆက်လက် ဆွေးနွေးနေခဲ့သည်။
"ဒီအောက်မှာ ဘာရှိနေတာပါလိမ့်" ရှင်နိုဘုသည် ရွက်ဖျင်စ၏ အနားသတ်ကို ဆွဲကိုင်ရင်း ရေရွတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင်မျက်စိတစ်မှိတ်အတွင်းမှာပင်ရွက်ဖျင်စအောက်မှ အကောင်အထည် မပီပြင်သော သတ္တဝါကြီးတစ်ကောင်သည် ပါးစပ်ကြီး အဟောင်းသားဖြင့် ဝုန်းခနဲ ခုန်ထွက်လာပြီး စူးစူးရှရှ ဟောင်လိုက်လေတော့သည်။
"ဝုဖ်! ဝုဖ်-ဝုဖ်!"
"အမေရေ!!"
ရုတ်တရက် ထွက်ပေါ်လာသော ဟောင်သံကြောင့် ရှင်နိုဘုသည် နောက်ပြန်လန်ကာ ဖင်ထိုင်ရက် လဲကျသွားခဲ့ပြီး သူမ၏ ထိတ်လန့်တကြား အော်ဟစ်သံကြောင့် အနီးနားရှိ လူကြီးများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။
"ရှင်နိုဘု!" ကာနာအေက ဦးစွာ တုံ့ပြန်လိုက်ပြီး ထိတ်လန့်နေသော ညီမငယ်ကို မြေပြင်မှ ထူပေးရန် အပြေးအလွှား သွားခဲ့သည်။
အခြားသူများလည်း ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။ ထိုလှည်းပေါ်တွင် ပြောင်လက်နေသော အမွှေးအမျှင်များနှင့် တောက်ပစူးရှသော မျက်ဝန်းများရှိသည့် အမည်းရောင်နှင့် အဖြူရောင်စပ် ရှီဘာအိနု ခွေးလေးတစ်ကောင်သည် အမြီးတုတ်တုတ်ကို လှော်ယမ်းရင်း ရှင်နိုဘုကို ကြည့်ကာ ဟောင်နေခဲ့သည်။
ယာကူရှင်သည် သက်ပြင်းချကာ စိတ်အေးသွားခဲ့သည်ခွေးလေးတစ်ကောင်မျှသာ ဖြစ်သည်။ သို့သော် သူသည် သမီးငယ်ကို ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးပစ္စည်းများကို လျှောက်မွှေရမလားဆိုပြီး တင်းတင်းမာမာ ဆူပူလိုက်ကာ အဘိုးအိုမိုရီကီကို တောင်းပန်ခိုင်းခဲ့သည်။
အဘိုးအိုကမူ စိတ်ဆိုးခြင်း မရှိခဲ့ပေ။ တကယ်တော့ သူသည် စိတ်မြန်လှသော မိန်းကလေးငယ်ကို အနည်းငယ် လန့်သွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်သတိမပေးဘဲ နေခဲ့ခြင်း ဖြစ်သည်။ ကိုချိုဆေးခန်းသို့ ခဏခဏ ရောက်ဖူးသူပီပီ ရှင်နိုဘုသည် သူမ၏အစ်မ ကာနာအေနှင့်မတူဘဲ တက်ကြွဖျတ်လတ်လွန်းသည့် ကလေးတစ်ဦး ဖြစ်ကြောင်း၊ တစ်ခါတရက်တွင် အနည်းငယ် ဆိုးသွမ်းတတ်ကြောင်းကို သူ ကောင်းကောင်းသိသည်။
ကိုချိုမိသားစုကို နှုတ်ဆက်ပြီးနောက် အဘိုးအိုမိုရီကီသည် လမ်းမကြီးအတိုင်း လှည်းကို ဆက်လက် တွန်းလာခဲ့ပြီး "မာရုနီ" (Maru-ni) ဟုခေါ်သော ရှီဘာအိနုခွေးလေးကတော့ အမြီးတလှုပ်လှုပ်ဖြင့် နောက်မှ လိုက်ပါလာခဲ့သည်။
လမ်းဆုံနှစ်ခုကို ကွေ့ပြီးနောက် ထူထပ်သော ဝါးတောကြီးတစ်ခုကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် သူ၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ ဝါးတောကြီး၏ အလယ်ဗဟိုတွင် ရိုးရှင်းပြီး ရှေးကျသော အိမ်တော်ကြီးတစ်ဆောင် တည်ရှိနေသည်။
တံခါးဝ၏ ဘေးတစ်ဖက်တစ်ချက်တွင် လန်တန်မီးအိမ်ကြီး နှစ်လုံး ချိတ်ဆွဲထားပြီး ထိုနေရာတွင် လူရိပ်တစ်ခုက ကြိုတင်စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ဝါးရွက်ပုံစံများဖြင့် တန်ဆာဆင်ထားသော အစိမ်းရောင် ကီမိုနိုကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ညိုညိုများကို ဝါးဆံထိုးနှစ်ချောင်းဖြင့် ရိုးရိုးရှင်းရှင်း ထုံးဖွဲ့ထားသည်။ ထိုမိန်းကလေးသည် နုပျိုချောမောသော ရုပ်ရည်ရှိသော်လည်း သူမ၏ မျက်နှာအမူအရာတွင် တည်ငြိမ်ရင့်ကျက်မှုများ အထင်အရှား ရှိနေသည်။
"မစ်ဆူယိုဆာမာ (Mitsuyo-sama)၊ ပြန်လည်ကြိုဆိုပါတယ်ရှင့်။
ခရီးပန်းလာရော့မယ်" မိန်းကလေးက ရိုသေသေဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။
အဘိုးအိုမိုရီကီက အနည်းငယ် သက်ပြင်းချလိုက်ရင်း
"ချီနတ်ဆု (Chinatsu)၊ ငါမင်းကို ပြောထားဖူးတယ်မလား၊ ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး။
မင်းကြောင့်သာ ဒီအိမ်တော်ကြီးက အဆင်ပြေပြေ ရှိနေတာ၊ မင်းလည်း ပင်ပန်းလှပြီ"
ရူကာဝါ ချီနတ်ဆု (Ryukawa Chinatsu) သည် လွန်ခဲ့သော ငါးနှစ်က အဘိုးအိုမိုရီကီ မွေးစားခဲ့သော မိဘမဲ့မိန်းကလေး ဖြစ်ပြီး ယခုအခါတွင် အသက် ၁၄ နှစ်သာ ရှိသေးသည်။ သို့သော် သူမသည် မိုရီကီမိသားစု၏ ကိစ္စအဝဝကို တစ်ဦးတည်း လက်ဝါးကြီးအုပ် စီမံခန့်ခွဲနေခဲ့သည်။ ထိုငါးနှစ်တာကာလအတွင်း သူမသည် ယခင်က အဘိုးအိုတစ်ဦးတည်းသာ ရှိခဲ့ပြီး ဆုတ်ယုတ်စပြုနေသော အိမ်ထောင်စုကို တာကာနိုဂါဝါရွာနှင့် မြောက်ပိုင်း တိုရှီးမား (Toshima) ခရိုင်တစ်ခုလုံးတွင် အချမ်းသာဆုံး မိသားစုတစ်ခုဖြစ်အောင် ပြောင်းလဲပေးခဲ့သည်။
ကျယ်ဝန်းလှသော မိုရီကီအိမ်တော်ကြီးတွင် ရူကာဝါ ချီနတ်ဆုနှင့် သန့်ရှင်းရေး၊ ချက်ပြုတ်ရေးတို့အတွက် ငှားရမ်းထားသော အိမ်စေအနည်းငယ်သာ ရှိသည်။ အမှန်တော့ ရူကာဝါ ချီနတ်ဆုသည် မိုရီကီမိသားစု၏ လုပ်ငန်းများကို မလွှဲပြောင်းယူမီက ဤအိမ်တော်ကြီးတွင် အဘိုးအိုမိုရီကီနှင့် သူမ နှစ်ဦးတည်းသာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
လှည်းတွန်းပေးမည့် အိမ်စေများ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ အဘိုးအိုမိုရီကီသည် လှည်းကို အိမ်တော်အတွင်းသို့ ကိုယ်တိုင် တွန်းသွင်းခဲ့သည်။
ရူကာဝါ ချီနတ်ဆုသည် လန်တန်မီးအိမ်လေးကို ကိုင်ကာ ရှေ့မှ လမ်းပြခဲ့သော်လည်း အမြဲတမ်း တည်ငြိမ်လှသော ထိုမိန်းကလေးသည် ချစ်စရာကောင်းသော ရှီဘာအိနုခွေးလေးကို နောက်သို့ ခဏခဏ လှည့်ကြည့်နေခဲ့သည်။ သို့ဖြစ်ရာ မည်သည့်မိန်းကလေးမဆို ဤမျှ အမွှေးပွပွနှင့် ချစ်စရာကောင်းမှုကို အလွယ်တကူ အရှုံးပေးကြရသည် မဟုတ်ပါလား။
သူတို့သုံးဦးသည် အခြားအိမ်စေများကို ရှောင်ကွင်းကာ ကြိုတင်ပြင်ဆင်ထားသော အခန်းတစ်ခန်းသို့ မကြာမီ ရောက်ရှိလာခဲ့ကြသည်။ တံခါးကို ဖွင့်လိုက်သောအခါ ထူထပ်သော မှောင်မိုက်မှုကြီးက သူတို့ကို ချက်ချင်း ဝန်းရံသွားခဲ့ပြီး ချီနတ်ဆု၏ မီးအိမ်ကလေးသည်သာ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်နေခဲ့သည်။
သူမသည် အလျင်စလိုမလုပ်ဘဲ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ*ဝူးလ်း!*
မျက်နှာကျက်ရှိ လျှပ်စစ်မီးသီးများထံမှ လိမ္မော်နီရောင် အလင်းတန်းများ ပျံ့လွင့်လာပြီး တစ်ခန်းလုံးရှိ မှောင်မိုက်မှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
အဘိုးအိုမိုရီကီသည် ရွက်ဖျင်စအုပ်ထားသော လှည်းဆီသို့ မျက်နှာမူလိုက်ပြီး စိတ်လှုပ်ရှားနေသော ရှီဘာအိနုခွေးလေး မာရုနီကမူ လှည်းအောက်ခြေတွင် စိတ်အားထက်သန်စွာ ဟောင်နေခဲ့သည်။
သူ့သခင်သည် မကြာမီ နိုးထလာတော့မည် ဖြစ်သည်။