အပိုင်း(၁၅)
ချလွင်!!
စူးရှတောက်ပသော သတ္တုချင်းရိုက်ခတ်သံသည် တောအုပ်တစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။
ထိုခဏ၌ ရှင်အိချိီ၏ မျက်မှန်အိမ်များ ကျုံ့ဝင်သွားရသည်။ သူ၏ ထက်မြက်လှသော နိီချိီရင်ဓားမြှောင် (Nichirin Sword) သွားပေါ်တွင် ပဲစေ့ခန့်အရာ အထစ်ကလေး ဖြစ်သွားသည်ကို သတိပြုမိလိုက်၍ ဖြစ်သည်။
ထိုအခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရိုကူရို၏ လက်မောင်းပေါ်မှ ကြိုးချပ်ဝတ်တန်ဆာမှာမူ ဖျော့တော့တော့ အစင်းရာမျှသာ ထင်ကျန်ရစ်သည်။
ရိုကူရိုက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ ရှင်အိချိီတစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် ရိုကူရိုသည် သူ၏ ကြီးမားလှသော လက်ဝါးကြီးဖြင့် နိချိရင်ဓားသွားကို လှမ်းဆွဲကာ နောက်သို့ အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်တော့သည်။
ရှင်အိချိမှာ အငိုက်မိသွားပြီး ရိုကူရို၏ ရှေ့တည့်တည့်သို့ ပါလာရသည်။
ဤသို့ အသက်အန္တရာယ် ကြုံရသည့် အရေးကြီးသော အခိုက်အတန့်တွင် ရှင်အိချိီသည် နိီချိီရင်ဓားကို ပြတ်ပြတ်သားသားပင် လွှတ်ချလိုက်သည်။
သူ၏ လက်ချောင်းများ ကွေးညွတ်သွားပြီး လက်သည်းများမှာ ထက်မြက်သော လက်သည်းနက်ကြီးများအဖြစ် ပြောင်းလဲသွားသည်။ လက်သည်းရာသဏ္ဌာန် အလင်းတန်းငါးခုသည် ရိုကူရို၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ဖြတ်သန်းသွားသည်။
ချလွင်!
မျှော်လင့်ထားသည့်အတိုင်းပင် ရှင်အိချိီ၏ တိုက်ကွက်ကို ရိုကူရိုက အလွယ်တကူ ထပ်မံပိတ်ဆို့လိုက်ပြန်သည်။
အစွမ်းထက်လှသော ကြိုးချပ်ဝတ်ကြောင့် ရိုကူရိုသည် ရှင်အိချိီ၏ တိုက်ကွက်များကို အရေးမစိုက်ဘဲ လျစ်လျူရှုထားနိုင်သော်လည်း ရှင်အိချိီမှာမူ ရိုကူရို၏ မညှာမတာ တိုက်စစ်ဆင်မှုများကို အလူးအလဲ ခံစားနေရသည်။
ရိုကူရို၏ တိုက်ခိုက်ရေးစတိုင်မှာ ရိုးရှင်းလှသည်။ အားပြင်းသော လက်သီးချက်များနှင့် ကန်ချက်များသာ ဖြစ်သည်။
အလွန်အမင်း မြန်ဆန်ခြင်း မရှိသော်လည်း တိုက်ကွက်များ၏ နောက်ကွယ်မှ အားမာန်မှာမူ ကြောက်မက်ဖွယ်ကောင်းလှသည်။ ရှင်အိချိီမှာ ပျာပျာသလဲ ရှောင်တိမ်းနေရရုံမှတစ်ပါး အခြားမရှိချေ။
သို့သော် ရိုကူရိုတင်မကဘဲ ရှင်အိချိီ၏ ပတ်ပတ်လည်တွင် လျင်မြန်ဆိုးသွမ်းသော ရစ်ပတ်အသက်ရှူကျပ်စေသည့် ကြိုးများနှင့် ဆူးပါသော တုတ်ကောက်များကပါ ဝိုင်းရံထားပြီး တိုက်ခိုက်ရန် အသင့်ပြင်နေကြသည်။
ရုတ်တရက်ဆိုသလို!
ဘုန်း!
ရှင်အိချိီ ခဏတာ အာရုံလွတ်သွားသည့်အချိန်တွင် ကြိုးတစ်ချောင်းက သူ၏ ပေါင်ကို ဖောက်ထွက်သွားပြီး လှုပ်ရှားမှုများ တုံ့ဆိုင်းသွားစေသည်။
ဂြပ်!
အရိုးကျိုးသွားသည့် စူးရှသော အသံတစ်ခု ပဲ့တင်ထပ်သွားပြီး ရှင်အိချိီ၏ မျက်စိရှေ့တွင် ပူနွေးသော သွေးအိုင်များ ပန်းထွက်လာသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာပေါ်တွင် အကြောများ ဖောင်းကြွလာရင်း အောက်သို့ ငုံ့ကြည့်လိုက်မိသည်။
ရိုကူရို၏ တုတ်ခိုင်လှသော လက်မောင်းကြီးက သူ၏ ရင်ဘတ်ကို ဖောက်ထွက်နေသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။
ရှင်အိချိသည် ဗီဇစိတ်အတိုင်း လက်နှစ်ဖက်ကို မြှောက်ကာ ရိုကူရို၏ လက်မောင်းကို ပြန်လည်ဆွဲမထုတ်နိုင်စေရန် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
"သေဘေးမကြောက်တဲ့ ကောင်စုတ်လေး၊ ပြောစမ်းပါဦး... မင်းကို ဒီအခြေအနေအထိ ဘာက တွန်းပို့လိုက်တာလဲ"
ရှင်အိချိီ၏ မလျှော့သော ဇွဲဖြင့် ရုန်းကန်မှုကို စိတ်ဝင်စားသွားသည့် ရိုကူရိုက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ရှင်အိချိီ၏ ပါးစပ်မှ သွေးပူများ စီးကျလာပြီး သူ၏ အစွယ်များကို အရောင်ဆိုးထားသကဲ့သို့ ရှိသည်။
ရိုကူရို၏ မေးခွန်းကို ကြားသောအခါ ရှင်အိချိီက ခေါင်းကို အားတင်းမော့ကာ ရက်စက်ကြမ်းကြုတ်စွာ ပြုံးပြလိုက်သည်။
"ကလဲ့စားချေဖို့ပဲ! မင်းတို့လို မိစ္ဆာ (Demon) တွေအားလုံးကို အကုန်သတ်ပစ်ဖို့! အဲဒီ မူဇန် (Muzan) အပါအဝင်ပေါ့!!"
ထိုအမည်နာမကို ကြားလိုက်ရုံမျှဖြင့် ရိုကူရို၏ ရွှေရောင်မျက်ဝန်းများ ချက်ချင်း ကျုံ့ဝင်သွားသည်။
အလွန်အမင်း ကြောက်ရွံ့မှု လှိုင်းလုံးကြီးတစ်ခု သူ၏ စိတ်ထဲသို့ ရိုက်ခတ်သွားပြီး ဆုပ်ကိုင်ထားမှုကို သတိမမူမိဘဲ ပိုမိုတင်းကျပ်လိုက်မိသည်။
ဂြပ်!!
သွေးမိုးများ ရွာသွန်းဖြာကျလာသကဲ့သို့ ရိုကူရိုသည် ရှင်အိချိ၏ ရင်ဘတ်အများစုကို ဆွဲဖြဲပစ်လိုက်သည်။
"မင်းကများ ဘယ်လောက်တောင် သတ္တိရှိလို့လဲ!? ဘယ်လို သတ္တိမျိုးနဲ့လဲ!? ငါ့ရှေ့မှာ အဲဒီနာမည်ကို မြွက်ဟရဲရတာလဲ!? မင်း တော်တော် အတင့်ရဲတာပဲ!"
ရိုကူရို၏ အသံမှာ ရုတ်တရက် တုန်ရီခြောက်ခြားသွားပြီး သူ၏ တစ်ကိုယ်လုံးမှာ တုန်လှုပ်မှုနှင့် ဒေါသတို့ ရောပြွမ်းနေသည်။
တစ်ချိန်တည်းမှာပင် ဆယ့်နှစ်လမင်းနတ်ဆိူး(Twelve Kizuki) မှလွဲ၍ ကျိန်စာ၏ နောက်ဆက်တွဲဒဏ်ကို မခံစားရဘဲ ထိုအမည်ကို ပြောဆိုနိုင်သည့် မိစ္ဆာတစ်ကောင် ရှိနေခြင်းအပေါ် သူ အံ့အားသင့်နေမိသည်။
"သေစမ်း!"
ရိုကူရို နောက်ထပ် တွေဝေမနေတော့ချေ။ သူသည် နိချိရင်ဓားကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး မြေပြင်ပေါ်တွင် တွန့်လိမ်နေသော ရှင်အိချိီထံသို့ အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ ပြေးဝင်သွားသည်။
ဟုမ်း!! ဝုန်း!!
မိစ္ဆာအသွင်ပြောင်းလဲမှုမှတစ်ဆင့် ၎င်း၏ မူလပုံသဏ္ဌာန်ကို ပြန်လည်ရရှိခဲ့သည့် ရှီဘာအိနု (Shiba Inu) ခွေးလေး မာရုနိီသည် ရိုကူရိုကို ရှိသမျှ အားအင်ကုန်သုံးကာ ဝင်တိုက်လိုက်သဖြင့် ရိုကူရို၏ လမ်းကြောင်းကို အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့သည်။ သို့သော် ခဏချင်းမှာပင် မာရုနိီသည် ရိုကူရို၏ ဒေါသတကြီး ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွားရသည်။
သို့သော် ရိုကူရို အသက်ရှူရုံမျှပင် အချိန်မရလိုက်ဘဲ စိမ်းဖျော့ဖျော့ ဓားအလင်းတန်းတစ်ခုက သူ၏ ကျောပြင်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"သစ်တော၏ အသက်ရှူသွေး၊ တတိယပုံစံ - ဆူးချွန်ထိုးချက်! (Breath of the Forest, Third Form: Thorn Strike!)"
ဆွတ်!
ထက်မြက်လှသော နိီချိီရင်ဓားသွားသည် ရိုကူရို၏ ဖျက်ဆီး၍မရနိုင်ဟု ထင်ရသော ကြိုးချပ်ဝတ်တန်ဆာကို ထိုးဖောက်သွားသည်။
"အားးးးးးး!! မင်းတို့လို နို့ညှော်နံတဲ့ အကောင်တွေ! ဒါတွေက ဘယ်တော့မှ ပြီးမှာလဲ? ငါ့နားက ထွက်သွားစမ်း!!"
ရိုကူရိုက အော်ဟစ်မြည်တမ်းရင်း နိီချိီရင်ဓားကို နောက်သို့ ပြင်းထန်စွာ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်သည်။
ခွန်အားများကို စုစည်းနေခဲ့သည့် သက်ကြီးအို မိုရီကီ (Elder Moriki) သည်လည်း ဤကဲ့သို့ တိုက်ခိုက်ရန် ရှားပါးလှသော အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ ဝင်ရောက်လာမည့် ဓားချက်ကို ဂရုမစိုက်ဘဲ သူသည် နိချိရင်ဓားကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး သူ၏ မျက်ဝန်းများမှာ စိမ်းဖျော့ဖျော့ အလင်းတန်းများဖြင့် တောက်ပနေသည်။ ထူးခြားဆန်းပြားသော သက်စောင့်အားအင်များက သက်ကြီးအို မိုရီကီ၏ ပတ်ပတ်လည်တွင် စုဝေးလာကြသည်။
"သစ်တော၏ အသက်ရှူသွေး၊ ဒုတိယပုံစံ - သက်စောင့်မိုးမခ! (Breath of the Forest, Second Form: Willow of Life!)"
သက်ကြီးအို မိုရီကီက တိုးညှင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။
ရိုကူရို၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်နေသော နိချိရင်ဓားသည် စူးရှတောက်ပသော အစိမ်းရောင်အလင်းတန်းများဖြင့် စတင်တောက်ပလာသည်။
ဘုန်း!!
ရိုကူရို၏ ခုတ်ချက်သည် သက်ကြီးအို မိုရီကီ၏ ပုခုံးကို နက်ရှိုင်းစွာ ဖြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာစေသည်။ သို့သော် သက်ကြီးအို မိုရီကီမှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိချေ။
သူ၏ လက်ထဲမှ နိီချိီရင်ဓားမှ ထွက်ပေါ်နေသော အစိမ်းရောင်အလင်းတန်းမှာ ပိုမို၍ တောက်ပလာသည်။
ချက်ချင်းဆိုသလိုပင် ရိုကူရို၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအတွင်းမှ အစိမ်းရောင် မိုးမခခက်များ စတင်ပေါက်ပွားလာသည်။
တစ်ချိန်တည်းမှာပင် ရိုကူရိုသည် သူ၏ အားအင်များ ဆန်းကြယ်သော နည်းလမ်းဖြင့် ဆုတ်ယုတ်လာသည်ကို ခံစားလိုက်ရသည်။
"ဒါ... ဒါက ဘာကြီးလဲ?! အဖိုးကြီး... ငါ့နားက ထွက်သွားစမ်း!"
ပျာယာခတ်သွားသော ရိုကူရိုသည် သက်ကြီးအို မိုရီကီ၏ ရင်ဘတ်ကို ရှိသမျှ အားဖြင့် ကန်ထုတ်လိုက်သည်။
အပြင်းအထန် ဒဏ်ရာရထားသော သက်ကြီးအို မိုရီကီသည် နိချိရင်ဓားကို လွှတ်လိုက်ရုံမှတစ်ပါး အခြားမရှိဘဲ နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ကျရောက်သွားရသည်။
"ဒီအကိုင်းအခက်တွေက ဘာလဲဟ?!"
ရိုကူရိုသည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားသော နိီချိီရင်ဓားကို ပျာပျာသလဲ ဆွဲထုတ်လိုက်သော်လည်း သူ၏ အသားစများထဲမှ ပေါက်ထွက်လာသော မိုးမခခက်များမှာ ပိုမို၍ များပြားသိပ်သည်းလာသည်။ ၎င်းတို့ကို ဖယ်ရှားရန် မည်မျှပင် ကြိုးစားပတ်ကုတ်စေကာမူ ကြီးထွားမှုကို မတားဆီးနိုင်ချေ။ ထိုအကိုင်းအခက်များသည် သူ၏ ခွန်အားများကို ဆက်တိုက်စုပ်ယူနေပြီး ခန္ဓာကိုယ်၏ ပြန်လည်ကုစားနိုင်စွမ်းကိုပင် ဟန့်တားနေပုံရသောကြောင့် ရိုကူရို ထိတ်လန့်သွားရသည်။
နိီချိီရင်ဓားကြောင့် ဖြစ်ရသော ဒဏ်ရာသည် ပြန်လည်ကောင်းမွန်လာမည့် အရိပ်အယောင်မျှပင် မရှိချေ။
သူ၏ ပျာယာခတ်မှုထဲတွင် ရိုကူရို၏ နဖူးပြင်ပေါ်၌ ချွေးစေးများ ထွက်ပေါ်လာသည်။ သူ အပေါ်သို့ မော့ကြည့်လိုက်သောအခါ အထက်ရှိ လမင်းကြီးမှာ အနောက်ဘက်သို့ စောင်းနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
အရုဏ်ဦးက သိပ်မဝေးတော့ချေ!
"တောက်! ငါ ဒီနို့ညှော်နံတဲ့ အကောင်တွေကို ဆက်ပြီး တိုက်နေလို့ မဖြစ်ဘူး! ငါ သွားရမယ်! ငါ ဒီနေရာကနေ ထွက်သွားရမယ်!"
တွေဝေမနေတော့ဘဲ ရိုကူရိုသည် အကိုင်းအခက်များ ပေါက်ပွားနေဆဲဖြစ်သော ဒဏ်ရာကို ဖိထားရင်း လှည့်၍ ထွက်ပြေးတော့သည်။
အောက်ခြေလမင်းနတ်ဆိုး (Lower Moon Demon) တစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် သူသည် တစ်ချက်တည်းဖြင့် ဆယ်မီတာကျော်ကို အလွယ်တကူ ခုန်ကူးသွားနိုင်သည်။
သို့သော် ရိုကူရို မီတာအနည်းငယ်မျှ ပြေးရုံရှိသေး၊ သူ၏ နောက်ကွယ်မှ လေထုကို ဖြတ်သန်းလာသော အသံတစ်ခုကြောင့် ထိတ်လန့်သွားရသည်။
သူ အချိန်မီ တုံ့ပြန်လိုက်သော်လည်း ဒဏ်ရာထဲမှ မိုးမခခက်များက သူ့ကို အဆပေါင်းများစွာ နှေးကွေးသွားစေသည်။
ဆွတ်!
"အီးးးးးးးးးး!! အဟွတ်... အဟွတ်!!"
ရိုကူရို၏ ပါးစပ်မှ သွေးအမြောက်အမြား ရုတ်တရက် ပန်းထွက်လာသည်။ ထက်မြက်လှသော နိချိရင်ဓားသည် သူ၏ လည်ပင်းကို ဖောက်ထွက်သွားခဲ့ပြီ ဖြစ်သည်။
လွှဲမြှောက်လိုက်သော အားမှာ ပြင်းထန်လွန်းသဖြင့် ရိုကူရိုကို ထိုးဖောက်ရုံတင်မကဘဲ သူ၏ တစ်ကိုယ်လုံးကိုပါ တုတ်ခိုင်သော သစ်ပင်အိုကြီးတွင် ကပ်လျက် စိုက်ဝင်သွားစေသည်။
တစ်ချိန်တည်းမှာပင် သွေးချင်းချင်းနီနေသော ရှင်အိချိီသည် ခန္ဓာကိုယ်ကို ကိုင်းညွတ်ထားဆဲဖြစ်ပြီး ဓားကို လွှဲမြှောက်လိုက်သည့် အနေအထားအတိုင်း ရှိနေသည်။ အသက်ကို ပြင်းပြင်းရှူရင်း ရှင်အိချိီသည် ခေါင်းကို မနည်းမော့လိုက်ရပြီး သူ၏ မျက်ဝန်းများမှာ သွေးအလိမ်းလိမ်း ဖြစ်နေသည်။ သူ၏ အဝတ်အစားများမှာ ရိုကူရိုကြောင့် ဆုတ်ဖြဲခံထားရပြီး ပျက်စီးနေသော ရင်ဘတ်မှ အသားစများ သိသိသာသာ ပြန်လည်ရှင်သန်နေကာ အတွင်းကလီစာများကိုပင် အထင်အရှား မြင်တွေ့နေရသည်။
"မင်း... ကောင်စုတ်! မင်း... ငါ့ရဲ့... မာရုနိီကို... ဘာလုပ်လိုက်တာလဲ?!"
ရင်ဘတ်ကြီး ပွင့်ထွက်နေလျက်နှင့် ရှင်အိချိီ၏ ဒေါသတကြီး အော်ဟစ်သံသည် ပျက်စီးနေသော တေးဂီတသေတ္တာတစ်ခုမှ ထွက်ပေါ်လာသည့် အသံဗလံကဲ့သို့ အက်ကွဲခြောက်ကပ်နေပြီး ပါးစပ်မှ သွေးများ စီးကျနေသည်။
သို့သော် ဤကဲ့သို့သော ပုံပန်းသဏ္ဌာန်ကပင် ရှင်အိချိီကို ငရဲမှ ပြန်လည်ရောက်ရှိလာသူတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။
ရှင်အိချိနှင့် မလှမ်းမကမ်းတွင် ရှီဘာအိနု ခွေးလေး မာရုနိီ၏ အသက်ရှူသံသည် ဖျော့တော့နေပြီး နိီချိီရင်ဓားကြောင့် ပြတ်တောက်သွားသော ခန္ဓာကိုယ်၏ သက်စောင့်အားအင်များမှာ လျင်မြန်စွာ ပျောက်ကွယ်နေသည်။ အကြောင်းပြချက်မရှိဘဲ လူသားဘဝမှ မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားကတည်းက ရှင်အိချိီ၏ နှလုံးသားသည် ကလဲ့စားချေလိုစိတ်တစ်ခုတည်းဖြင့်သာ ပြည့်နှက်နေခဲ့ပြီး မာရုနိီသည်သာ သူ၏ တစ်ခုတည်းသော ကျန်ရှိသည့် အဖော်မွန် ဖြစ်ခဲ့သည်။
သို့သော် ယခုမူ...
ရိုကူရို၏ လည်ချောင်းမှ ဂလုဂလု အသံများ ထွက်ပေါ်လာပြီး သူ၏ လက်နှစ်ဖက်က လည်ပင်းကို ထိုးဖောက်ထားသော နိီချိီရင်ဓားကို ဆုပ်ကိုင်ထားသည်။ ဖြည်းညှင်းစွာဖြင့် အားစိုက်ထုတ်ကာ သွေးစွန်းနေသော ဓားသွားကို တစ်လက်မချင်း ဆွဲထုတ်လိုက်သည်။ သူ၏ ရွှေရောင်မျက်ဝန်းများသည် အရှေ့ဘက် မီတာအနည်းငယ်အကွာရှိ ပုံရိပ်ဆီသို့ စူးစိုက်ကြည့်နေပြီး ဤသစ္စာဖောက်မိစ္ဆာ၏ ပုံပန်းသဏ္ဌာန်ကို သူ၏ စိတ်ထဲတွင် စွဲထင်သွားစေသည်။
ဝုန်း!
"အဲဒီမှာတင် ရပ်လိုက်စမ်း!"
ရှင်အိချိီက အစွမ်းကုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော် ရိုကူရိုကမူ ဆက်လက်ထွက်ပြေးနေဆဲ ဖြစ်သည်။