အခန်း (၄၉) - ဆန်ဂျူရိုရဲ့ ဆုံးဖြတ်ချက်
စားစရာပုံကြီးတစ်ခုကို ရန်ဂိုကူ ကျိုဂျူရိုက မြန်မြန်ဆန်ဆန်ပဲ စားသောက်ရှင်းလင်းပစ်လိုက်သည်။
"ဖြောင်း!"
"စားကောင်းလိုက်တာ၊ ကျေးဇူးပါပဲ!"
ရန်ဂိုကူ ကျိုဂျူရိုက လက်နှစ်ဖက်ကို ပူးကာ လက်ခုပ်တီးလိုက်ပြီး ပြုံးရွှင်ကျယ်လောင်စွာ ပြောလိုက်သည်။
သူ့ဘေးနားမှာရှိနေတဲ့ ဆန်ဂျူရိုကတော့ ဒါကို ကျင့်သားရနေပြီဖြစ်တာမို့ ပန်းကန်တွေကို တိတ်တဆိတ် စတင်ရှင်းလင်းနေလေရဲ့။
"ကျေးဇူးပဲ ဆန်ဂျူရို။ ကဲ... ဖုန်းယု၊ သွားကြစို့!"
ထို့နောက် သူတို့နှစ်ယောက် လေ့ကျင့်ရေးကွင်းဆီသို့ ထွက်လာခဲ့ကြသည်။
"ဖုန်းယု... ငါတို့ နတ်ဆိုးသုတ်သင််ရေးတပ်ဖွဲ့ဝင်တွေက အချင်းချင်း အထိအခိုက်ခံပြီး တိုက်ခိုက်ခွင့် မရှိဘူး။ ဒါကြောင့် သိပ်မလွန်ခင် အနေတော်လောက်ပဲ ရပ်ကြတာပေါ့!"
ရန်ဂိုကူ ကျိုဂျူရို၏ အရှိန်အဝါက အံ့မခန်း အားကောင်းလှသည်။ သူ့ကျောဘက်ရှိ မီးတောက်ပုံစံ ဟာအိုရီအင်္ကျီက တဖျပ်ဖျပ်လွင့်ဝဲနေပြီး ခါးထက်တွင်တော့ အဖြူရောင်ဓားရိုးနှင့် မီးတောက်ပုံစံ ဓားကွင်းရှိကာ အနက်နှင့်အဖြူ ရောစပ်နေသော ဓားအိမ်ကလည်း ခန့်ညားထည်ဝါမှုကို ပေါ်လွင်နေစေသည်။
သူ့၏ အရပ်မောင်းကောင်းကောင်းက အဲဒီမှာ ရပ်နေရုံနှင့်ပင် လုံခြုံနွေးထွေးတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။
"အင်း။"
ဖုန်းယုက ခေါင်းညိတ်လိုက်သည်။ ရန်ဂိုကူ ကျိုဂျူရို၏ စွမ်းအားကြီးမားလှသော အရှိန်အဝါက သူ့ကိုလည်း စိတ်အားထက်သန်လာစေသည်။
"ကောင်းပြီ ဖုန်းယု။ မင်းရဲ့ တိုက်ခိုက်လိုစိတ်ကို ငါမြင်ရပြီ၊ ကဲ... စကြရအောင်!"
ရန်ဂိုကူ ကျိုဂျူရိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် အနက်ရောင် နီချီရင်ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
"ဒါဆို ကျွန်တော် လာပြီနော်!"
ရန်ဂိုကူ ကျိုဂျူရိုက အလွန်လျင်မြန်လှကာ ဖုန်းယုကလည်း သူ့ကို တန်ပြန်တိုက်ခိုက်ရန် အိုနီကီရီဓားကို ဆွဲထုတ်လိုက်သည်။
သူတို့နှစ်ဦး၏ အားကောင်းလှသော အရှိန်အဝါများကြောင့် ပတ်ဝန်းကျင်တွင် ဖုန်တလုံးလုံး ထသွားလေသည်။
"ဟားဟားဟား ဖုန်းယု၊ မင်းက ငါ့ရဲ့ တိုက်ခိုက်လိုစိတ်တွေကို မီးမွှေးပေးလိုက်တာပဲ!"
ကျိုဂျူရိုက ရယ်မောရင်း ပိုမိုကြမ်းတမ်းပြင်းထန်သည့် တိုက်ခိုက်မှုများကို စတင်လိုက်သည်။
ဖုန်းယုကလည်း ကာကွယ်ခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်းများကို ပြုလုပ်လေသည်။
သူတို့နှစ်ယောက် လေ့ကျင့်ရေးကွင်းထဲတွင် အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။
သို့သော်လည်း၊ ဖုန်းယု သတိထားမိလိုက်သည်မှာ ရန်ဂိုကူ ကျိုဂျူရို၏ တိုက်ခိုက်လိုစိတ်များ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဝါကြန့်ကြန့် အလင်းရောင်တစ်ခုက သူ့ခန္ဓာကိုယ်ပတ်လည်တွင် ဖြည်းဖြည်းချင်း လွှမ်းခြုံပေါ်ထွက်လာခြင်းဖြစ်သည်။
"ဒါက... တိုက်ပွဲဝင်စိတ်ဆန္ဒလား?"
ရန်ဂိုကူ ကျိုဂျူရို၏ တိုက်ပွဲဝင်စိတ်ဆန္ဒသည် ကာလရှည်ကြာ သွေးဆူလေ့ကျင့်မှုများမှတစ်ဆင့် အမြင့်ဆုံးအဆင့်သို့ ချဉ်းကပ်လာနေပြီဖြစ်ကြောင်း ဖုန်းယု သိထားသည်။ မူလဇာတ်လမ်းထဲတွင်ဆိုလျှင် သူသည် အထက်လမင်း (၃) အာကာဇာ၏ အသိအမှတ်ပြုမှုကိုပင် ရရှိခဲ့သည်အထိဖြစ်သည်။
သူတို့နှစ်ယောက်၏ တိုက်ပွဲက ပို၍ပို၍ ပြင်းထန်လာပြီး နောက်ဆုံးတွင် သူတို့၏ အသက်ရှူနည်းစနစ်များကိုပါ အသုံးပြုလာကြသည်။
"မီးတောက်အသက်ရှူခြင်း၊ ပထမပုံစံ - အမည်မသိ မီးတောက်!"
ဓားသွားထံမှ ရဲရဲတောက် မီးတောက်များ ပန်းထွက်လာပြီး ဖုန်းယုဆီသို့ ဝင်ရောက်တိုက်ခိုက်လာသည်။
"အလင်းအသက်ရှူခြင်း၊ ပထမပုံစံ - လရောင်ဓားချက်!"
"ဒိုင်း!"
သူတို့နှစ်ယောက်၏ စွမ်းအားက ရင်ပေါင်တန်းနိုင်လောက်သည်။ အခြေအနေက အဖြေမပေါ်သေးသည်ကို မြင်သောအခါ၊ သူတို့သည် နည်းစနစ်များကို ပြောင်းလဲကာ အပြန်အလှန် ထပ်မံတိုက်ခိုက်ကြပြန်သည်။
"မီးတောက်အသက်ရှူခြင်း၊ ဒုတိယပုံစံ - မြင့်တက်လာသော နေမင်း!"
"ရေအသက်ရှူခြင်း၊ ပထမပုံစံ - ရေပြင်ညီဓားချက်!"
...
ဆန်ဂျူရိုက သူတို့နှစ်ယောက်၏ အစမ်းသဘော တိုက်ခိုက်နေမှုကို တိတ်တဆိတ် စောင့်ကြည့်နေပြီး သူ၏ မျက်ဝန်းများထဲတွင် အားကျသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ့အစ်ကိုကြီး၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီမျှဝေပေးနိုင်ရန်အတွက် သူသာ ဓားသမားတစ်ယောက်ဖြစ်လာနိုင်မည့် အရည်အချင်းရှိခဲ့လျှင် မည်မျှကောင်းလိုက်မည်နည်းဟု သူ ဆန္ဒပြုမိသည်။
သူ့လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိပြီး ဖုန်းယု အစောပိုင်းက ပြောခဲ့သည့်စကားများက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။
"ငါ့နည်းငါ့ဟန်နဲ့ တခြားသူတွေကို ငါ ကူညီသွားမယ်..."
"ငါ သေချာပေါက် လုပ်ပြမယ်..."
ရန်ဂိုကူ ကျိုဂျူရိုနှင့် ဖုန်းယုတို့ နှစ်ဦးသည် အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိတော့သော်လည်း၊ သူတို့၏ အတွင်းစိတ်ထဲ၌ လှိုက်ဖိုပျော်ရွှင်မှုကို ခံစားနေရသည်။
ဤအခိုက်အတန့်တွင်၊ ရန်ဂိုကူ ကျိုဂျူရိုနှင့် ဖုန်းယု နှစ်ဦးစလုံးသည် အနိုင်အရှုံးအတွက်မဟုတ်ဘဲ တိုက်ပွဲ၏ သွေးဆူစရာကောင်းလှသော ရသကိုသာ အပြည့်အဝ နစ်မြောခံစားရင်း ဤအစမ်းတိုက်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနေကြခြင်းဖြစ်သည်။
"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ တကယ်ကို အံ့မခန်းပဲ ဟားဟားဟား။ ဖုန်းယု... မင်းရဲ့စွမ်းအားကို ငါ အသိအမှတ်ပြုတယ်!"
"ဟားဟားဟား အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!"
သူ အစွမ်းကုန်ထုတ်သုံးတိုက်ခိုက်နေတာတောင်မှ သူ့ကို အပြန်အလှန် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိနေသေးသည့် ဖုန်းယုကိုကြည့်ရင်း၊ ရန်ဂိုကူ ကျိုဂျူရိုက ရင်ထဲအသည်းထဲမှ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
သူတို့၏တိုက်ပွဲက ပို၍ပို၍ အရှိန်တက်လာသည်နှင့်အမျှ၊ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသော်လည်း သူတို့က ဂရုမစိုက်ကြပေ။ ဤအချိန်လေး၌ တိုက်ပွဲ၏အရသာကိုသာ အပြည့်အဝ အာရုံစိုက် ခံစားနေကြသည်။
လေ့ကျင့်ရေးကွင်းတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီး သစ်သားတိုင် အမျိုးမျိုးတို့သည်လည်း တိုက်ပွဲ၏ အရှိန်ကြောင့် အပိုင်းပိုင်းအစစဖြစ်ကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက်၊ နောက်ဆုံးတွင် သူတို့နှစ်ယောက် ရပ်တန့်လိုက်ကြပြီး နှစ်ဦးစလုံး အမောတကော အသက်ရှူနေကြသည်။
"ဟားဟားဟား ဖုန်းယု၊ ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပဲကွ!"
ရန်ဂိုကူ ကျိုဂျူရိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဆရာရန်ဂိုကူ... ကျွန်တော်လည်း အတူတူပါပဲ။ လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဖုန်းယုက ပြုံးကာ ပြောလိုက်သည်။
တကယ်တော့၊ ရန်ဂိုကူ ကျိုဂျူရိုက "မင်းကို ငါ အသိအမှတ်ပြုတယ်" ဟု ပြောလိုက်စဉ်ကတည်းက စိန်ခေါ်မှု အောင်မြင်ကြောင်း စနစ်က အသိပေးထားပြီးဖြစ်သည်။
ရန်ဂိုကူ ကျိုဂျူရို၏ မြင့်မားလှသော တိုက်ပွဲဝင်စိတ်ဆန္ဒ၏ လွှမ်းမိုးမှုကြောင့် ဖုန်းယု၏ ယှဉ်ပြိုင်လိုစိတ်များပါ နိုးကြားလာကာ နောက်ဆုံးတွင် တိုက်ပွဲထဲသို့ အပြည့်အဝ နစ်မြောသွားခဲ့ခြင်းသာ ဖြစ်သည်။
ထိုအချိန်က သူသည် အနိုင်အရှုံးကို ဂရုမစိုက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လေ့ကျင့်ရေးလုပ်နေသည့် မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် သူ ပိုမိုအားကောင်းလာနေသောကြောင့်ဖြစ်သည်။
"ဆရာရန်ဂိုကူ၊ ဒါလေး စားလိုက်ပါ။ ဆရာ့ရဲ့ ဒဏ်ရာတွေ အရမ်းမြန်မြန် သက်သာသွားပါလိမ့်မယ်။"
ဖုန်းယုက အနာကျက်ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီးနောက် အခြားဆေးလုံးတစ်လုံးကိုပါ ထုတ်ယူကာ ကျိုဂျူရိုကို ပေးလိုက်သည်။
ဒီလို ပြင်ပဒဏ်ရာ အသေးစားလေးတွေက ကျိုဂျူရိုအတွက်တော့ ပြောပလောက်စရာ မရှိဘူးဆိုတာ သူ သိထားပေမယ့်လည်းပေါ့လေ။
"အို... ဒါက အဖွဲ့အစည်းထဲမှာ အသစ်ထွက်ပေါ်လာတဲ့ အနာကျက်ဆေးလုံးလေး မဟုတ်လား။ သူ့ရဲ့ အရည်အသွေးကို ကြည့်ရတာ အဖွဲ့အစည်းကဟာတွေထက်တောင် ပိုအဆင့်မြင့်နေသလိုပဲ။"
ရန်ဂိုကူ ကျိုဂျူရိုက တုံ့ဆိုင်းမနေဘဲ ဆေးလုံးကိုယူကာ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။
မကြာမီမှာပင်၊ ဒဏ်ရာများသည် မျက်မြင်ကိုယ်တွေ့ မြန်ဆန်လှသော နှုန်းထားဖြင့် ကျက်သွားလေသည်။
"ဒီအစွမ်းက... အဖွဲ့အစည်းက ဝေပေးတဲ့ဆေးတွေထက်တောင် ပိုပြီး အစွမ်းထက်နေပါလား!"
ရန်ဂိုကူ ကျိုဂျူရိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဆေးအတွက် အရမ်းကို ကျေးဇူးတင်တယ် ဖုန်းယုရာ!"
ထို့နောက်၊ လိပ်ပြာစံအိမ်သို့ပြန်ပြီး ကိုချို ရှီနိုဘူနှင့် ရင်ဆိုင်ရမည်ကို ဖုန်းယု အနည်းငယ် အပြစ်မကင်းသလို ခံစားနေရသောကြောင့် ကျိုဂျူရို၏အိမ်တွင် ယာယီ တည်းခိုလိုက်သည်။
ဒီအကြောင်းပြချက်အပြင် ဖုန်းယုတွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေးသည်။ ထိုအရာကတော့ ကျိုဂျူရို၏ ညီဖြစ်သူ ဆန်ဂျူရို ပင်ဖြစ်သည်။
ဖုန်းယု ထွက်မသွားခင် ညဘက်တွင်၊ သူက ဆန်ဂျူရိုကို သီးသန့်ခေါ်ထုတ်သွားပြီး ပိုးချည်ထိုးထားသော အိတ်ငယ်လေးတစ်ခုကို လက်ကမ်းပေးခဲ့သည်။
"အစ်ကိုဖုန်းယု... ဒါက ဘာကြီးလဲဟင်?"
ဆန်ဂျူရိုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"မင်း ဒီအတိုင်းပဲ ဆက်ရှင်သန်ချင်တယ်ဆိုရင်တော့ ဒါကို ဘယ်တော့မှ မဖွင့်ပါနဲ့။ တကယ်လို့ ပြောင်းလဲချင်တယ်ဆိုရင်တော့၊ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ ဒါကို အသုံးပြုလိုက်ပါ..."
"ဒါက မင်းကို ကူညီပေးနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။"
"မင်းဘာသာ သေချာ စဉ်းစားဆုံးဖြတ်လိုက်ပေါ့!"
ဖုန်းယု ထွက်သွားပြီးနောက်၊ ဆန်ဂျူရိုသည် ပိုးချည်အိတ်ငယ်လေးကို ဖွင့်ကြည့်လိုစိတ်ကို မထိန်းချုပ်နိုင်ခဲ့ချေ။
"ဒါက..."
"အစ်ကိုဖုန်းယု... ကျေးဇူးတင်ပါတယ်။"
ဆန်ဂျူရို၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာပြီး သူ၏လက်က ပိုးချည်အိတ်လေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။
နောက်တစ်နေ့တွင် ဖုန်းယုသည် ကျိုဂျူရိုနှင့် ဆန်ဂျူရိုတို့ကို နှုတ်ဆက်ခဲ့သည်။ သူ ထွက်ခွာသွားစဉ် ဆန်ဂျူရိုကို တစ်ချက်လှမ်းကြည့်လိုက်တော့ ကောင်လေးသည် ပိုးချည်အိတ်ကို ဖွင့်ကြည့်ပြီးပြီဖြစ်ကြောင်း သိသာထင်ရှားနေသည်။
"နှုတ်ဆက်ခဲ့ပါတယ် ဆရာရန်ဂိုကူနဲ့ ဆန်ဂျူရို။"
"ကောင်းကောင်းသွားပါ ဖုန်းယု!"
"ကောင်းကောင်းသွားပါ အစ်ကိုဖုန်းယု!"
...
လမ်းလျှောက်သွားရင်းဖြင့် ဖုန်းယုက သူ့ပခုံးပေါ်က ငတိလေးကို ပြောလိုက်သည်။ "ရှောင်ပိုင်... အဲဒီကလေး ဆန်ဂျူရိုရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမယ်လို့ မင်း ထင်လဲ...?"
"သခင်... ရှောင်ပိုင်လည်း မသိဘူးလေ..."
ရှောင်ပိုင်က မတရားခံရသလို လေသံလေးဖြင့် ပြောလေသည်။
"ကောင်းပါပြီကွာ... မင်းကို ငါ အပြစ်မတင်ပါဘူး..."
"အနာဂတ်မှာ ဆန်ဂျူရိုရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာကို ငါ နည်းနည်း သိချင်မိရုံပါ။"
ဖုန်းယုသည် မျှော်လင့်ချက်များ အပြည့်ဖြင့် ကျိုဂျူရို၏ အိမ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။
...