အခန်း ၄၅ - လမ်းမှာ တစ်ကောင်တည်းရှိနေတဲ့ အောက်လမင်းနတ်ဆိုးတစ်ကောင်ကို မတော်တဆ ကောက်ရခဲ့ခြင်း
"ဝှစ်..."
ပြင်းထန်သော လေစီးကြောင်းကြောင့် သစ်ပင်တန်းများသည် ယိမ်းယိုင်လာခဲ့သည်။
"အာ... အာ... သခင်၊ ကျွန်တော် ရောက်ပါပြီ!"
ရှောင်ဟေး၏ ဧရာမခန္ဓာကိုယ်ကြီးက တောအုပ်အထက်လေထုထဲတွင် လေခွင်းသံပေးလျက် ပျံသန်းလာပြီး သူ၏ကျယ်လောင်သောအော်သံကြီးက တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်သွားသည်။
"မင်းရဲ့ ကျီးကန်းပါးစပ်ကို ပိတ်ထားစမ်း! ငါ မင်းကို စိတ်ကူးပေါက်တိုင်း အကောင်ကြီးအဖြစ် မပြောင်းဖို့ ပြောထားတယ် မဟုတ်လား?"
ဖုန်းယုက ရှောင်ဟေးကို ပြောလိုက်သည်။
"သခင်... ရှောင်ဟေးက အစတည်းက ကျီးကန်းပါ..."
ရှောင်ဟေးက သူ၏ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ မတရားခံရသည့်လေသံဖြင့် ပြောလိုက်သည်။
"ကဲပါ၊ မင်းကို အပြစ်မတင်တော့ပါဘူး။ မင်းပုံစံကိုလည်း ကြည့်ဦး၊ ဇနီးသည်လေးတစ်ယောက်လို မျက်နှာငယ်လေးနဲ့။ မှောင်သွားရင် လိပ်ပြာစံအိမ်ကို ပြန်ကြတာပေါ့!"
ဖုန်းယုသည် ရှောင်ဟေး၏ စွမ်းအားများ ထပ်မံတိုးပွားလာသည်ကို ခံစားမိပြီး သူ၏ မူလအမည်းရောင်အမွေးအမှင်များပေါ်တွင် ရွှေရောင်အရိပ်အယောင်လေးတစ်ခု ပေါ်လာသည်ကို သတိထားမိလိုက်သည်။
"ကျစ်... တကယ်ပဲ ရွှေကျီးကန်းအဖြစ် ဆင့်ကဲပြောင်းလဲသွားနိုင်တာလား..."
ဖုန်းယုမှာ ဆက်တွေးကြည့်ရန်ပင် အနည်းငယ်လန့်သွားသည်။
မူလက မြေခွေးဖြူလေးဖြစ်သော ရှောင်ပိုင်ကိုပင် တိရစ္ဆာန်အသက်ရှူခြင်းနည်းစနစ်နှင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးအချို့က အမြီးနှစ်ချောင်းထွက်လာစေပြီး နတ်ဘုရားစွမ်းအားများ ပိုင်ဆိုင်လာစေခဲ့သည်။
ပိုပြီးလွန်ကျူးတာက ဒီကျီးကန်းပင်ဖြစ်သည်။
သူ့ဉာဏ်ရည်တွေက တိုးတက်လာတယ်၊ သူ့မျက်နှာအမူအရာတွေက လူတွေနဲ့ပိုပိုတူလာတယ်၊ အခုဆိုရင် သူ့အရောင်ကတောင် စတင်ပြောင်းလဲလာပြီ။
"ဒါက တကယ်ပဲ ဘိုးဘေးသွေးဆက် နိုးထလာတာများလား..."
ဖုန်းယုက စိတ်ထဲမှ တွေးလိုက်သည်။
"ကက်... ကက်... သခင်၊ သခင် ပြောင်းလဲသွားသလိုမျိုး ကျွန်တော် ဘာလို့ ခံစားနေရတာလဲ..."
ဘေးနားမှနေ၍ ရှောင်ဟေးက ကောက်ကျစ်စဉ်းလဲသော လေသံဖြင့် ပြောလိုက်သည်။
"ဟင်? ပြောင်းလဲသွားတယ်? ငါ ဘယ်နေရာများ ပြောင်းလဲသွားလို့လဲ?"
ဖုန်းယုက မေးလိုက်သည်။
"ကက်... ကက်... သခင်က ပိုပြီး စွမ်းအားကြီးလာတာလေ!"
ဖုန်းယု - “…”
ရှောင်ပိုင် - “…”
ဖုန်းယုနှင့် ရှောင်ပိုင်တို့က ရှောင်ဟေးကို အရူးတစ်ယောက်လို ကြည့်လိုက်ကြသည်။
"ကက်... ကက်... ကျွန်တော် ခန့်မှန်းတာ မှန်သွားပုံရတယ်၊ ဟားဟားဟား!"
ဖုန်းယုနှင့် ရှောင်ပိုင်တို့ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ရှောင်ဟေးက သူကိုယ်သူ အလွန်ဉာဏ်ကောင်းသွားပြီဟု ထင်မှတ်ကာ အော်ဟစ်ရယ်မောလိုက်မိသည်။
"ရှောင်ဟေးရဲ့ ဦးနှောက်များ ပျက်သွားတာလား..."
ဖုန်းယုက ရှောင်ပိုင်ကို မေးလိုက်သည်။
(အစအခန်းတွေထဲမှာ ရှောင်ပိုင်ကို အထီး၊အမ မဖော်ပြပါလို့ဒီတိုင်းအထီးပုံစံမျိုးရေးလိုက်ပါတယ်။ဒါပေမဲ့ ရှောင်ပိုင် အမ ဖြစ်နိုင်ချေများတဲ့အတွက်ကြောင့် အမပုံစံမျိုးရေးလိုက်ပါတယ်)
"သခင်၊ ကျွန်မကို မမေးပါနဲ့၊ ကျွန်မ မသိဘူး၊ သူ့ကိုလည်း ကျွန်မ မသိဘူး..."
ရှောင်ပိုင်က သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိုက်သည်။ ယခုအချိန်တွင် သူမ၏အမြင်၌ ရှောင်ဟေးသည် 'ကံဆိုးမိုးမှောင်ကျခြင်း' တစ်ခုလို ဖြစ်နေပုံရသည်။
ရှောင်ဟေးကမူ သူ့အနောက်မှ စိုးရိမ်တကြီး ကြည့်နေသော အကြည့်များကို လုံးဝသတိမထားမိဘဲ ဘေးနားတွင် တစ်ယောက်တည်း ပျော်ရွှင်နေဆဲဖြစ်သည်။
"ထားလိုက်ပါတော့ ရှောင်ပိုင်ရယ်၊ သူနဲ့ ဝေးဝေးနေကြတာပေါ့... သူက နည်းနည်း ထိုင်းမှိုင်းနေတယ်!"
ဖုန်းယုက ဆက်ကြည့်နေရန်ပင် အနည်းငယ် အဆင်မပြေဖြစ်လာသည်။
လူတစ်ယောက်နှင့် မြေခွေးတစ်ကောင်က အတူတကွ ပူးကပ်နေကြပြီး ဘေးနားမှ ကျီးကန်းကတော့ အဆုံးအစမဲ့ စွမ်းအင်တွေ ရနေသလိုမျိုး ခုန်ပေါက်နေသည်။
မကြာမီတွင် ကောင်းကင်ကြီး စတင် မှောင်မိုက်လာသည်။
ပျံသန်းရေးယာဉ်ဖြစ်သော ရှောင်ဟေးက စတင်ပျံသန်းလေပြီ။ ဖုန်းယုနှင့် ရှောင်ပိုင်တို့သည် ရှောင်ဟေး၏ကျောပေါ်တွင် ရပ်ရင်း မျက်စိမှိတ်ကာ အနားယူနေကြသည်။
ရှောင်ဟေးသည်လည်း ပထမဆုံးအကြိမ် ခရီးသည်များကို တင်ဆောင်စဉ်က သက်တောင့်သက်သာမဖြစ်ခဲ့သော်လည်း ယခုအခါ အတွေ့အကြုံရှိသော ယာဉ်မောင်းတစ်ဦးအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။
"သခင်၊ စိတ်ချလက်ချ အိပ်နိုင်ပါပြီ။ သခင် အနားယူတာကို ကျွန်တော် လုံးဝ အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး။"
ရှောင်ဟေးက မျက်နှာချိုသွေးကာ ပြောလိုက်သည်။
"အင်း။"
ဖုန်းယုက မျက်လုံးများကို မှိတ်ထားလျက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ညဉ့်နက်လေလေ၊ လရောင်က ပိုလင်းလေလေဖြစ်သည်။ ဖုန်းယုသည် မျက်လုံးများကို မှိတ်ထားရာမှ သူ၏အသက်ရှူနည်းစနစ်သည် မသိမသာပင် အလင်းအသက်ရှူခြင်း (Light Breathing) နည်းစနစ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒီအချိန်မှာ အလင်းရောင်အားလုံးကို ငါ လမ်းညွှန်ပေးနိုင်ပြီ။ ငါသိချင်တာတွေကို အလင်းက ငါ့ကို ပြောပြလိမ့်မယ်..."
ဖုန်းယုက သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
"ရှောင်ဟေး၊ ဆင်းတော့။ ပိုက်ဆံရှာရမယ့်အချိန် ရောက်ပြီ..."
ရှောင်ဟေးမှာ အနည်းငယ် ရှုပ်ထွေးသွားပုံရသော်လည်း နာခံစွာဖြင့် ဖြည်းညင်းစွာ ဆင်းသက်လေသည်။
အောက်ဘက်ရှိ မှောင်မိုက်လှသော တောအုပ်နက်ကြီးထဲတွင်၊
အောက်လမင်းမိစ္ဆာ နံပါတ်လေး ဟူသော သင်္ကေတ ရေးထိုးထားသည့် မျက်လုံးတစ်စုံ၊ ဆံပင်ဖြူဖြူနှင့် ဦးချိုနှစ်ချောင်း ပါရှိသော ဝိသေသလက္ခဏာ၊ မျက်နှာပေါ်ရှိ အချိုးညီသော အနီရောင်မျဉ်းများ၊ မေးစေ့ထိ ရှည်လျားသော ဆံပင်ဖြူများနှင့် ဦးချိုနှစ်ချောင်းကြားရှိ ပိုတိုသော ဆံပင်အနားစများပါရှိသည့် နတ်ဆိုးမလေးတစ်ကောင်။
ရိုးရှင်းသော ကီမိုနိုအနီရောင်ကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် အနက်နှင့်အဖြူ သားမွေးကော်လာကို ချည်နှောင်ထားကာ ခရမ်းရောင်ဖဲပြားကြီးတစ်ခုကို တပ်ဆင်ထားသည့် မျက်ကွင်းနီနီနှင့် ချစ်စရာကောင်းသော ထိုနတ်ဆိုးကောင်မလေးသည် လူကြီးတစ်ဦး၏ သေသပ်စွာ လှီးဖြတ်ထားသော ပေါင်သားစိမ်းကို ဇိမ်ကျကျ စားသောက်နေသည်။
"ထင်တဲ့အတိုင်းပဲ၊ ဒီအစိတ်အပိုင်းက အကောင်းဆုံးပဲ..."
တစ်ကိုက်ကိုက်လိုက်ချိန်တွင် မူကာဂို၏ မျက်နှာတွင် ပျော်ရွှင်ကျေနပ်နေသော အမူအရာတစ်ခု ပေါ်လာသည်။
သူမ၏ ပါးစပ်မှ သွားရည်များ ပိုမိုကျဆင်းလာသည်။
"ဝူး ဝူး ဝူး၊ အရမ်းအရသာရှိတာပဲ... ဒီလောက် အရသာရှိတဲ့ အသားကို မစားရတာ ကြာပြီ..."
ယခုအချိန်တွင် မူကာဂိုသည် ပြန်လည်မွေးဖွားလာသော ငတ်မွတ်နေသည့် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ သူမလက်ထဲရှိ အသားနှင့် သွေးများကို အငမ်းမရ စားသောက်နေသည်။
သို့သော်လည်း သူမသည် ရံဖန်ရံခါ ရပ်တန့်သွားတတ်ပြီး တစ်ခါတစ်ရံတွင် မျိုချသည့်အရှိန်ကို မြှင့်တင်လိုက်သည်။
"မဖြစ်ဘူး... မဖြစ်ဘူး၊ ငါ ဒီလောက် မြန်မြန်စားလို့ မဖြစ်ဘူး... ဖြည်းဖြည်းချင်း အရသာခံစားရမယ်။"
မူကာဂို၏ မျက်နှာပေါ်တွင် ရုန်းကန်နေရသည့် အမူအရာတစ်ခု ပေါ်လာသော်လည်း ၎င်းသည် လိုအင်ဆန္ဒ၏ လွှမ်းမိုးမှုကို အလျင်အမြန် ခံလိုက်ရသည်။
"ငါ အရမ်း စားချင်နေပြီ..."
ဖုန်းယုသည် သစ်ပင်ထိပ်သို့ ခုန်တက်သွားပြီး ချစ်စရာကောင်းသော ကောင်မလေး၏ စားသောက်ပွဲကို တည်ငြိမ်စွာ စောင့်ကြည့်နေလေပြီ။
"ဒီလို ပုတုတုနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးကို ကြည့်ရတာ ဒါဟာ ယုံမှားသံသယဖြစ်စရာမလိုအောင် မူကာဂိုပဲ..."
ဖုန်းယုက သူ့ယခင်ဘဝက မူကာဂိုနှင့်ပတ်သက်သည့် ဖော်ပြချက်များကို စတင်သတိရလာသည်- သူမသည် အထူးသဖြင့် ကြောက်တတ်သော နတ်ဆိုးတစ်ကောင်ဖြစ်ပြီး နတ်ဆိုးသတ်သမားတပ်ဖွဲ့မှ ဟာရှီရာ တစ်ဦးဦးနှင့် ကြုံတွေ့ရတိုင်း အမြဲတမ်း ပထမဆုံး ထွက်ပြေးလေ့ရှိသည်။ မိစ္ဆာ မဖြစ်လာမီက သူမသည် ကလေးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပြီး အစားအစာအမည်ကို မှည့်ခေါ်ထားခြင်းက သူမကို မူဇန် စားသုံးခြင်းခံရမည့် အန္တိမကံကြမ္မာကို ကြိုတင်နိမိတ်ပြနေခြင်းဖြစ်သည်။
"သူမရဲ့ သီးခြား သွေးမိစ္ဆာအတတ်ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မရှိဘူး..."
ဖုန်းယုက ဤကြောက်တတ်သော နတ်ဆိုးကောင်မလေးကို အထင်မသေးခဲ့ပေ။ အကြောင်းမှာ သူမသည် အောက်လမင်းမိစ္ဆာ တစ်ကောင်သာ ဖြစ်သော်ငြားလည်း မိစ္ဆာလမင်းဆယ့်နှစ်ပါးအနက်မှ တစ်ကောင်ဖြစ်နေသောကြောင့်ပင်။
ဖုန်းယုသည် စိတ်ထဲမှနေ၍ ရှောင်ပိုင်ကို စကားအနည်းငယ် တီးတိုးပြောလိုက်သည်။
ရှောင်ပိုင်က ခေါင်းညိတ်ပြပြီးနောက် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်။
"ဘယ်သူလဲ!"
အစာစားနေသော မူကာဂိုသည် ချက်ချင်းပင် ကာကွယ်ရေးအနေအထားသို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို နိုးနိုးကြားကြား စောင့်ကြည့်လိုက်သည်။
"ရီး?"
အမှောင်ထုထဲတွင် ရှောင်ပိုင်၏ ပုံရိပ်က မူကာဂို၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
"ငါ့ကို လန့်သွားစေတာပဲ! နတ်ဆိုးသတ်သမားတပ်ဖွဲ့က လူတစ်ယောက်များလားလို့... ကြည့်ရတာ မြေခွေးဖြူလေးတစ်ကောင်ပဲကိုး။ သွားစမ်း သွားစမ်း၊ ငါ အေးအေးဆေးဆေး စားနေတာကို လာမနှောင့်ယှက်နဲ့!"
မူကာဂို၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာပြီး ရှောင်ပိုင်ကို ကြောက်လန့်ထွက်ပြေးစေရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ရှောင်ပိုင်က ထိုနေရာတွင်သာ ထိုင်ချလိုက်ပြီး မူကာဂို စားနေသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေလေသည်။
စောင့်ကြည့်ခံနေရသဖြင့် မူကာဂိုသည် အလွန်အမင်း နေမထိထိုင်မသာဖြစ်လာပြီး ရှောင်ပိုင်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
"နံစော်နေတဲ့ မြေခွေးမ၊ ငါ အေးအေးဆေးဆေး စားနေတာကို လာနှောင့်ယှက်တယ်ပေါ့၊ သွားသေလိုက်စမ်း!"
သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် ရှောင်ပိုင်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။
ရှောင်ပိုင်က ခေါင်းလေးကို စောင်းလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသယောင်ရှိသည်။
ထို့နောက် သူမအနောက်ဘက်ရှိ အမြီးသည် နှစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး အမြီးနှစ်ချောင်းကြားတွင် ရေတွက်၍မရနိုင်သော အလင်းတန်းများ စတင်စုဆုံလာသည်။
စွမ်းအင်အတက်အကျများသည် ပို၍ပို၍ အားကောင်းလာသည်။
မူကာဂိုမှာ အလန့်တကြားဖြစ်သွားသည်။ ရှောင်ပိုင်၏ အမြီးပေါ်ရှိ စွမ်းအင်အတက်အကျများထံမှ အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို သူမ ခံစားလိုက်ရသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒီမြေခွေးက ဘာတွေဖြစ်နေတာလဲ..."
တုန်လှုပ်နေဆဲဖြစ်သော မူကာဂိုသည် ထွက်ပြေးချင်သော်လည်း ရှောင်ပိုင်က သူမကို အလိုမလိုက်ခဲ့ပေ။
စွမ်းအင်ဘောလုံးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပြီး မူကာဂိုကို တိုက်ခိုက်လိုက်သည်။
"ဒုက္ခပဲ!"
မူကာဂို အော်ဟစ်လိုက်သည်။
"သွေးမိစ္ဆာအတတ် - အငတ်ဘေး အာလူး!"
အဝါဖျော့ရောင် စွမ်းအင်တစ်ခုက မူကာဂို၏ ရှေ့တွင် ပေါ်လာသည်။
"ဘုန်း!"
ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးစွမ်းအားက တောအုပ်ထဲတွင် ဟာလာဟင်းလင်းပြင်တစ်ခုဖြစ်အောင် တိုက်ရိုက် ပေါက်ကွဲသွားစေသည်။
မီးခိုးငွေ့များ ကင်းစင်သွားသောအခါ အထိအခိုက်မရှိသော မူကာဂို ပေါ်လာသည်။ ယခုအချိန်တွင် သူမ၏မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေပြီး "ကျီးကန်းဆိုက်မယ့် မြေခွေး... နင် ငါ့ရဲ့ အရသာရှိတဲ့ အစားအစာကို ဖျက်ဆီးလိုက်တယ်... ခွင့်မလွှတ်နိုင်ဘူး!" ဟု ဆက်တိုက် ရေရွတ်နေတော့သည်။
"သွေးမိစ္ဆာအတတ် - နတ်ဆိုးဖူးငုံ (Demon Bud)!"
နွယ်ပင်များက မြေအောက်မှ ပေါက်ကွဲထွက်လာပြီး ရှောင်ပိုင်ကို ရူးသွပ်စွာ ရစ်ပတ်လိုက်ကြသည်။
ရှောင်ပိုင်မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ သူမ၏ နောက်ခြေထောက်များ ငြိတွယ်ခံလိုက်ရသည်။
ရှောင်ပိုင်သည် ထူးဆန်းသော နွယ်ပင်များကို ပေါက်ကွဲထွက်သွားစေရန် စွမ်းအင်ဘောလုံးတစ်ခုကို ထုတ်လွှတ်ချင်ခဲ့သည်။
သို့သော် မူကာဂိုက ရှောင်ပိုင်ကို လိုချင်သည့်အတိုင်း လုပ်ခွင့်မပေးပေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက လျင်မြန်စွာ ပျံထွက်လာပြီး ရှောင်ပိုင်ကို တိုက်ခိုက်လိုက်သည်။
"သခင်!"
ရှောင်ပိုင် အော်ဟစ်လိုက်သည်။
"ငါရောက်ပြီ! အပြည့်အဝ အာရုံစူးစိုက်မှု၊ အလင်းအသက်ရှူခြင်း၊ ပထမပုံစံ - လရောင်ဓားချက်!"
အဖြူရောင် ဓားအလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် ရှောင်ပိုင်အား ရစ်ပတ်ထားသော နွယ်ပင်များ အားလုံး တစ်စစီ ပြတ်တောက်သွားသည်။
"မဟန်ဘူး!"
ဖုန်းယု၏ ဓားက သူမ၏ မျက်နှာရှေ့သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မူကာဂို အော်ဟစ်လိုက်သည်။
"သွေးမိစ္ဆာအတတ် - အငတ်ဘေး အာလူး!"
အကာအကွယ်အတားအဆီးတစ်ခု ပေါ်လာပြီး သေစေနိုင်သော ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည်။
"မင်းရဲ့ တုံ့ပြန်မှုအရှိန်က တော်တော်လေး ကောင်းတာပဲ..."
ဖုန်းယုက ပြောလိုက်သည်။
"မိစ္ဆာသတ်သမား? ရှင်က မိစ္ဆာသုတ်သင်ရေး တပ်ဖွဲ့က ဟာရှီရာ တစ်ယောက်လား?"
ယခုအချိန်တွင် အိုနီကီရီဓားကို ကိုင်ဆောင်ထားပြီး ထူးဆန်းသော မြေခွေးမျက်နှာဖုံးကို တပ်ဆင်ထားသည့် ဖုန်းယုကို မြင်သောအခါ မူကာဂို၏ စိတ်ထဲတွင် ထွက်ပြေးရန် အကြံအစည်များ ပေါ်ပေါက်နေပြီဖြစ်သည်။
အကြောင်းမှာ ဖုန်းယုသည် မမြင်နိုင်သော နည်းလမ်းဖြင့် မူကာဂိုအား သဘာဝရန်သူတစ်ဦးဖြစ်ကြောင်း ခံစားရစေပြီး ထိုအရာက သူမ၏ ခြေထောက်များကို ထိန်းမရအောင် တုန်ယင်လာစေသောကြောင့်ဖြစ်သည်။
"ထွက်ပြေးဖို့တောင် မစဉ်းစားနဲ့။ မင်း လွတ်မှာ မဟုတ်ဘူး..."
ဖုန်းယုက ပြောလိုက်သည်။
"အပြည့်အဝ အာရုံစူးစိုက်မှု၊ အလင်းအသက်ရှူခြင်း၊ စတုတ္ထပုံစံ - ကယ်တင်ခြင်း!"
ဆောင်းရာသီ ကုန်ဆုံးချိန်တွင် မှေးမှိန်သွားသော အလင်းရောင်တစ်ခုကဲ့သို့ပင် သူက မူကာဂို၏ ခေါင်းကို ပိုင်းဖြတ်လိုက်သည်။
"ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဒီအရာတွေကို မယုံနိုင်စွာဖြင့် မူကာဂို မျက်ရည်ကျလာသည်။ သူမရှေ့မှ နတ်ဆိုးသတ်သမားသည် သူမ၏ သွေးမိစ္ဆာအတတ်ကို ဖောက်ထွင်းပြီး သူမ၏ခေါင်းကို အမှန်တကယ်ပင် ခုတ်ဖြတ်သွားခဲ့သည်။
"ငါ သေရတော့မယ် ထင်တယ်၊ ဒါပေမဲ့ ငါ ဘာနာကျင်မှုကိုမှ မခံစားရဘူး... နောက်ဆုံးတော့လည်း ငါ ဗိုက်ဆာနေတော့မှာ မဟုတ်ဘူး..."
မူကာဂို၏ စိတ်ထဲတွင် နတ်ဆိုးမဖြစ်မီက အမှတ်တရများကို စတင် ပြန်လည်သတိရလာသည်။
"ဒီအလင်းရောင်က တကယ်ကို နွေးထွေးတယ်။ ငါ တကယ်ပဲ ဗိုက်ပြည့်သွားသလို ခံစားရတယ်... အဲဒီအချိန်တုန်းကသာ ဒီလိုအလင်းရောင်မျိုးနဲ့ ကြုံခဲ့ရရင် ငါ..."
မူကာဂို၏ မျက်နှာတွင် ရုန်းကန်နေရသည့် အမူအရာများ မရှိတော့ပေ။ ယင်းအစား သူမ၏ တစ်သက်တာ ဆန္ဒ ပြည့်ဝသွားသည့်အလား အပြုံးတစ်ခု ပေါ်လာလေသည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်။"
မူကာဂိုသည် မြေခွေးမျက်နှာဖုံးအောက်ရှိ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ချင်ပုံရသော်လည်း သူမ ပြာအဖြစ် ပြောင်းလဲသွားသည့် အရှိန်က နောက်ဆုံးကျန်ရစ်နေသော သူမ၏ မျက်လုံးဆီသို့ ရောက်ရှိနေပြီဖြစ်သည်။
"ဒင်! ဓားဝှေ့ယမ်းခြင်းအမှတ်၂ သန်း ဆုရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။"
ပမာဏများပြားလှသော ဆုလာဘ်ကြီး ဝင်လာသည်ကို ကြည့်ပြီး ဖုန်းယု ချက်ချင်းပင် ပိုမိုကျေနပ်သွားသည်။ သူ့မျက်နှာပေါ်ရှိ မြေခွေးမျက်နှာဖုံးကိုလည်း ချွတ်လိုက်သည်။
"ဒီမျက်နှာဖုံးက မဆိုးဘူး ထင်ရတယ်..."
"ငါံကံမဆိုးသေးဘူး၊ အောက်လမင်းနတ်ဆိုး တစ်ကောင်တည်း ရှိနေတာကို တွေ့လိုက်ရတဲ့အတွက် ဒီညက တကယ်ကို အံ့သြစရာကောင်းတာ ဖြစ်ရမယ်။"