အခန်း (၃၆) - ငါက ဟာရှီရာ တစ်ယောက် ဖြစ်လာတော့မှာလား
နောက်ရက်အနည်းငယ်အတွင်းမှာ ဖုန်းယုတစ်ယောက် လိပ်ပြာနင်ဂျာကို အရိပ်အယောင်တောင် မမြင်ရတော့ပေ။
လိပ်ပြာနင်ဂျာသည် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးကို သုတေသနလုပ်ရာတွင် နစ်မြုပ်နေပြီး ရုန်းမထွက်နိုင်ဖြစ်နေမည်ဟု ဖုန်းယု ခန့်မှန်းမိသည်။
ဖုန်းယုက အပြင်ထွက်ကာ နတ်ဆိုးများကိုသတ်ပြီး နတ်ဆိုးသတ်မစ်ရှင် သုံးခုကို စောစောစီးစီး ပြီးမြောက်ချင်နေသည်။ ထိုမှသာ သူ၏ တွက်ချက်ထုတ်ဖော်ခြင်းစနစ်ကို အသက်သွင်းနိုင်မည်ဖြစ်သည်။
ထိုအချိန်ကျလျှင် သူ၏စွမ်းအားက နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။
သို့သော်လည်း လိပ်ပြာနင်ဂျာက ဖုန်းယုကို စောင့်ကြည့်ရန် ကီယိုရှီတို့ ကောင်မလေးသုံးယောက်ကို အမိန့်ပေးထားခဲ့သဖြင့် သူက ဒဏ်ရာများသက်သာလာသည်အထိ လိပ်ပြာစံအိမ်အတွင်း၌သာ သွားလာလှုပ်ရှားနေရသည်။
သေချာသည်ကတော့ ထိုကောင်မလေးသုံးယောက်သာမက ကန်ဇာကီ အာအိုအီ ကပါ ဘေးမှနေ၍ ကြီးကြပ်စောင့်ကြည့်နေသေးသည်။
"နည်းနည်းတော့ နှမြောစရာပဲ။ နတ်ဆိုးသတ်တပ်ဖွဲ့က ဟာရှီရာတွေနဲ့ ငါ့ရဲ့စွမ်းအား ဘယ်လောက်ကွာခြားလဲဆိုတာ သိရအောင် လိပ်ပြာနင်ဂျာနဲ့ ယှဉ်ပြိုင်ကြည့်ချင်သေးတာ..."
ဖုန်းယုက သက်ပြင်းချလိုက်သည်။
ကျယ်ဝန်းလှသော လေ့ကျင့်ရေးကွင်းပြင်ကြီးထဲတွင် ပြင်းထန်သော နေရောင်အောက်၌ လက်ထဲမှ ဓားကို ရူးသွပ်စွာ ဝှေ့ယမ်းလေ့ကျင့်နေသော ခါနာအို ၏ ပုံရိပ်လေးသာ ရှိနေသည်။
"ဟိုင်း..."
ဖုန်းယု ရှေ့တိုးသွားကာ ခါနာအိုကို နှုတ်ဆက်လိုက်သည်။
သို့သော်လည်း ခါနာအို က သူ့ကိုမမြင်သည့်အလား သူမ၏ ဓားရေးစွမ်းရည်များကိုသာ ဆက်လက်လေ့ကျင့်နေခဲ့သည်။
"ဟောဗျာ... ငါ့ကို လျစ်လျူရှုသွားတာပဲ..."
ဖုန်းယုက မတတ်နိုင်စွာဖြင့် ခေါင်းခါလိုက်သည်။
သူက နီချီရင်ဓားကို ထုတ်ယူကာ ဓားလွှဲလေ့ကျင့်ခြင်းကို စတင်လိုက်သည်။
ထိုအချိန်အတွင်း ခါနာအိုက ဖုန်းယုဟူသော လူတစ်ယောက် ရှိနေသည်ကိုပင် မမြင်သည့်အလား ခံစားချက်မဲ့နေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ သူမ၏ လက်မောင်းများကို ဝှေ့ယမ်းနေခဲ့သည်။
ခါနာအို၏ အသက်ရှူနှုန်းက အလွန်ချောမွေ့နေကြောင်း ဖုန်းယု တွေ့ရှိလိုက်ရသည်။ အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် သူမ ခန္ဓာကိုယ်တွင် ချွေးများထွက်နေသော်လည်း အသက်ရှူနှုန်းကတော့ လုံးဝပြောင်းလဲမသွားပေ။
"တကယ်ကို ကြောက်စရာကောင်းတဲ့ သူပဲ..."
ယခင်က သူသာဆိုလျှင် ဤအချိန်လောက်ဆို အသက်ရှူမဝဖြစ်နေလောက်ပြီဟု ဖုန်းယု စိတ်ထဲမှ တွေးမိလိုက်သည်။
"ဟူး~"
ဖုန်းယုက သူ၏စိတ်ထဲမှ အခြားအတွေးများကို ဖယ်ရှားလိုက်ပြီး စိတ်ကိုလွတ်လပ်စွာထားကာ အလင်းအသက်ရှူခြင်း၏ တတိယမြောက်စွမ်းရည်ကို ရှာဖွေရန် စတင်လိုက်သည်။
သို့သော် အချိန်အတော်ကြာသည့်တိုင်အောင် ဖုန်းယု မည်သည့် သဲလွန်စမျှ မရခဲ့ပေ။
"ဘာတွေ မှားယွင်းနေတာလဲ..."
"အလင်းအသက်ရှူခြင်း... အလင်းအသက်ရှူခြင်း... အလင်း..."
"ဟုတ်တယ်... အလင်းရောင်!"
ဖုန်းယုက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ စူးရှတောက်ပနေသော အလင်းရောင်ကြောင့် သူ မျက်လုံးများကို ဖွင့်မရနိုင်ဖြစ်သွားသော်လည်း၊ သူ၏စိတ်ထဲတွင်တော့ အလင်းရောင်ခြည်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ငါ့ရဲ့ အလင်းအသက်ရှူခြင်းက နေရာတိုင်းမှာ မြင်တွေ့နိုင်တဲ့ အလင်းရောင်နဲ့ ခွဲခြားထားလို့ မရဘူး..."
"ငါ့ဆီမှာ ဒီအချက်ကို ခံစားသိရှိနိုင်တဲ့ စွမ်းရည် နည်းပါးနေသေးတယ်။ ဒါပေမယ့် ဒီလောကကြီးရဲ့ နေရာတိုင်းမှာ အလင်းရောင်ဆိုတာ ရှိနေတာပဲ။ နေရောင်ခြည်၊ လရောင်၊ စတာတွေ အားလုံးက အလင်းရောင်တွေချည်းပဲ။ ငါက အလင်းရောင်ကို အားကိုးသလို၊ အလင်းရောင်ကလည်း ငါ့ရဲ့ လက်နက်တစ်ခုပဲ..."
"တကယ်လို့ ငါက အလင်းရောင်နဲ့ ဆက်သွယ်မှုတစ်ခု ဖန်တီးနိုင်မယ်ဆိုရင်... အလင်းရောင်က ငါ့ရဲ့ မျက်စိနဲ့နား ဖြစ်လာလိမ့်မယ်..."
ဖုန်းယု ပိုတွေးလေလေ၊ ပိုပြီး ဖြစ်နိုင်ချေရှိလေလေဟု ခံစားလာရသည်။
အလင်းအသက်ရှူခြင်း၏ စည်းချက်က ဖုန်းယု၏ ခန္ဓာကိုယ်အတွင်း စီးဆင်းလာသည်နှင့်အမျှ ခါနာအို၏ မျက်နှာပေါ်တွင်လည်း အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
သူမက လက်ထဲမှ ဓားကို ချထားလိုက်ပြီး၊ လက်ထဲရှိဓားကို ဆက်တိုက်ဝှေ့ယမ်းနေသော ဖုန်းယုကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။
ခါနာအို၏ မျက်လုံးထဲတွင်တော့၊ ဖုန်းယု၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အလင်းတန်းများဖြင့် ပြည့်နှက်နေပုံပေါ်သည်။ ထိုအလင်းတန်းများက သူ့ကို ဝန်းရံထားပြီး သူ၏ အသက်ရှူနှုန်းနှင့်အတူ ရွှင်မြူးအသက်ဝင်နေကြသည်။
ဤသည်က ဖုန်းယု အသက်ရှူလိုက်တိုင်း သူ၏ ခန္ဓာကိုယ် ပတ်ဝန်းကျင်ကို အနည်းငယ် ပိုမိုလင်းထိန်သွားစေသည်။
ခါနာအိုက ဖုန်းယုကို အနှောင့်အယှက်ဖြစ်မည် စိုးသည့်အလား မည်သည့် လှုပ်ရှားမှုမျှ မလုပ်တော့ဘဲ၊ စွမ်းရည်အသစ်များကို ဆက်လက်စမ်းသပ်နေသော သူ့ကို ဘေးမှနေ၍ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
"အရမ်း မိုက်တာပဲ..."
ခါနာအိုက သူမသာကြားနိုင်သော အသံဖြင့် အမူအရာမဲ့စွာပင် ချီးကျူးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ဖုန်းယု ရပ်တန့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"တတိယစွမ်းရည်က အခုမှ အကြမ်းဖျင်းအဆင့်ပဲ ရှိသေးတယ်။ တကယ်လို့ ဒီအကြံဉာဏ်အတိုင်းသာ ဆက်ကြိုးစားသွားမယ်ဆိုရင် နောက်ထပ် ရက်အနည်းငယ်လောက်ဆို ငါ့ရဲ့ အလင်းအသက်ရှူခြင်း တတိယစွမ်းရည် အောင်မြင်သွားမယ်လို့ ခန့်မှန်းရတယ်..."
ဖုန်းယုက သူ၏ နဖူးမှ ချွေးများကို သုတ်ရင်း ပြုံးလိုက်သည်။
ဘေးဘက်ရှိ ခါနာအိုကို လှည့်ကြည့်လိုက်ရာ၊ ခါနာအိုက သူ့ကို ကြည့်နေကြောင်း သူ သတိထားမိလိုက်သည်။
"ဟိုင်း... ခါနာအို..."
ဖုန်းယုက ထပ်ပြီး ဦးဆောင်နှုတ်ဆက်လိုက်သော်လည်း၊ ခါနာအိုက နောက်သို့လှည့်ကာ လက်ထဲရှိဓားကို အမူအရာမဲ့စွာ ဆက်လက်ဝှေ့ယမ်းနေခဲ့သည်။
ဖုန်းယု - "..."
အခြားတစ်ဖက်တွင် အောက်လမင်းမိစ္ဆာ(၃) နတ်ဆိုးအသတ်ခံလိုက်ရသည့် အချိန်၌၊ ကော်ဖီကို အေးအေးလူလူ သောက်ရင်း စာအုပ်ဖတ်နေသော အထက်တန်းလွှာ ရုပ်ရည်ချောမောသည့် အမျိုးသား၏ မူလ အနက်ရောင် မျက်တောင်အိမ်များက ချက်ချင်းဆိုသလို နီရဲသွားခဲ့သည်။
" သေသွားပြီလား။ သုံးစားမရတဲ့ကောင်..."
"အစိမ်းရောင်ဓား... ငါ တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာ... စူးရှတောက်ပနေတဲ့ အလင်းရောင်..." ကီဘူဆုဂျီ မူဇန် က တီးတိုးရေရွတ်လိုက်သည်။
"မိစ္ဆာသုတ်သင်တပ်ဖွဲ့မှာ ဟာရှီရာ အဆင့် စွမ်းအားရှိတဲ့သူ နောက်တစ်ယောက် ပေါ်လာပြန်ပြီပဲ..."
…
သူ့ကို ကီဘူဆုဂျီ မူဇန် သတိထားမိသွားပြီဆိုသည်ကို ဖုန်းယု မသိခဲ့ပေ။ ယခုအချိန်တွင် သူသည် အလင်းအသက်ရှူခြင်း၏ တတိယစွမ်းရည်ကို အမြန်ဆုံး လေ့လာပြီး ကျွမ်းကျင်ပိုင်နိုင်ချင်နေသည်။
သူက နာမည်တစ်ခုကိုပင် စဉ်းစားထားပြီးဖြစ်ကာ၊ 'အလင်းအသက်ရှူခြင်း၊ တတိယစွမ်းရည် - အလင်းလမ်းပြ' ဟု အမည်ပေးလိုက်သည်။
သို့သော် ရက်အနည်းငယ် ကြာပြီးနောက်တွင်လည်း နောက်ဆုံးအဆင့်သို့ မရောက်နိုင်သေးပေ။
ဖုန်းယု အနည်းငယ် စိတ်မရှည်ဖြစ်လာသော်လည်း၊ သူ၏ စိတ်ထဲမှ အခြားအသံတစ်ခုက အခွင့်အရေးတစ်ခု လိုအပ်နေသေးကြောင်း သူ့ကို အဆက်မပြတ် သတိပေးနေခဲ့သည်။
နောက်ထပ် နှစ်ရက်အကြာတွင်တော့ ဖုန်းယု လုံးဝ ပင်ပန်းနွမ်းနယ်သွားခဲ့သည်။ ဓားရေးစွမ်းရည်များမှ အနည်းငယ်သော တိုးတက်မှုကို ရရှိရန်အတွက် နေ့စဉ် ဓားလေ့ကျင့်ခဲ့သည်။ ထို့နောက် ရှောင်ပိုင်နှင့် ကစားကာ ရှောင်ဟေး ကို စနောက်ခဲ့သည်။
တကယ့်ကို ပျော်စရာကောင်းတဲ့ ဘဝပါပဲ။
သို့သော် လာရမည့်အရာကတော့ ရောက်လာမည်သာ ဖြစ်သည်။
ပဉ္စမမြောက်နေ့တွင် ဖုန်းယု လိပ်ပြာနင်ဂျာနှင့် ပြန်တွေ့ခဲ့သည်။
"ခင်ဗျား... ခင်ဗျားက..."
လိပ်ပြာနင်ဂျာ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အနည်းငယ် ဆိုးရွားနေပြီး၊ သူမ၏ မျက်လုံးများက သွေးကြောများနီရဲနေသည်ကို ဖုန်းယု မြင်လိုက်ရသည်။
"ဖုန်းယု၊ မတွေ့တာ ကြာပြီနော်..."
"အင်း... ကျွန်မကို ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံး နောက်တစ်လုံးလောက် ပေးလို့ရမလား..."
"ဒီရက်ပိုင်းအတွင်း ကျွန်မ အဲဒါကို သုတေသနလုပ်နေတာ ပါဝင်ပစ္စည်းတွေ ကုန်သွားလို့ပါ..." လိပ်ပြာနင်ဂျာက မျက်နှာလေး ရဲကာ ပြောလိုက်သည်။
"ရ... ရပါတယ်..."
လိပ်ပြာနင်ဂျာကို ဤကဲ့သို့သော အခြေအနေမျိုးဖြင့် မြင်ရခြင်းမှာ ဖုန်းယုအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်ဘဝက ညဉ့်နက်သည်အထိ နေလေ့ရှိသော လူငယ်များကဲ့သို့ သူမက ပင်ပန်းနွမ်းနယ်နေပုံရသည်။
"လိပ်ပြာ... နင်ဂျာ... ခင်ဗျား အရင် နားလိုက်ပါလား..."
ဖုန်းယုက သူမ ညမအိပ်ဘဲ သုတေသနဆက်လုပ်နေသည်ကို ကြည့်မနေရက်တော့ပေ။
သို့သော် လိပ်ပြာနင်ဂျာ ဆက်ပြောလိုက်သော စကားက သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
"ဖုန်းယု၊ ရှင် နောက်ထပ် ကျွန်မနဲ့အတူ သခင်ကြီး ကို လိုက်တွေ့ရမယ်!"
လိပ်ပြာနင်ဂျာက ပြုံးလျက် ပြောလိုက်သည်။
"သခင်ကြီး! နေဦး... သခင်ကြီး က ကျွန်တော့်ကို တွေ့ချင်တယ်လို့ ပြောလိုက်တာလား" ဖုန်းယု မျက်နှာက မယုံကြည်နိုင်ဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ ဖုန်းယု။ သခင်ကြီး က ရှင့်ကို တွေ့ချင်တာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ကျွန်မတို့ အားလုံးက မိစ္ဆာသုတ်သင်တပ်ဖွဲ့ဝင်တွေဖြစ်သလို၊ သခင်ကြီးရဲ့ သားသမီးတွေလည်း ဖြစ်တယ်။ ဒါ့အပြင် ရှင်က မိစ္ဆာလမင်း ဆယ့်နှစ်ပါးထဲက တစ်ပါးကိုတစ်ယောက်တည်း သတ်ဖြတ်နိုင်ခဲ့တာလေ။ ဒီတစ်ကြိမ်တော့ ရှင် မိစ္ဆာသုတ်သင်တပ်ဖွဲ့ရဲ့ ဟာရှီရာ တစ်ယောက် ဖြစ်လာနိုင်တယ်..." လိပ်ပြာနင်ဂျာက ပြောလိုက်သည်။
"ဟာရှီရာ..."
ဤတစ်ကြိမ်တွင်တော့ ဖုန်းယု တကယ်ကို ဆွံ့အသွားခဲ့သည်။ ဤမျှ မြန်ဆန်စွာ ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဘာဖြစ်လို့လဲ ဖုန်းယု" လိပ်ပြာနင်ဂျာက ထိုနေရာတွင် ရပ်ကာ ဘာတွေတွေးနေမှန်းမသိသော ဖုန်းယုကို ကြည့်ရင်း သူ၏ အတွေးများကို ဖြတ်ကာ မေးလိုက်သည်။
"အာ... ဘာမှမဖြစ်ပါဘူး... အခုပဲ ထွက်ကြရအောင်..." ဖုန်းယု သတိပြန်ဝင်လာပြီး အမြန်ပြောလိုက်သည်။
"အင်း... သွားကြတာပေါ့။"
ထို့နောက် ကြီးမားသော 'လျှို့ဝှက်' အက္ခရာများ ရေးသားထားသည့် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားသော လျှို့ဝှက်တပ်ဖွဲ့ဝင် (ကာကူရှီ) နှစ်ဦးက ဘယ်ဆီကနေမှန်းမသိ ပေါ်လာပြီး၊ ဖုန်းယုနှင့် အခြားသူများကို နတ်ဆိုးသတ်တပ်ဖွဲ့ ဌာနချုပ်ဆီသို့ ဦးဆောင်ခေါ်သွားကြသည်။
လမ်းတစ်လျှောက်လုံး၊ ဖုန်းယု အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်မသက် ဖြစ်နေခဲ့သည်။
သခင်ကြီး ယူဘူယာရှီကီ ကာဂါယာ နှင့် တွေ့ဆုံရရုံသာမက၊ အခြားသော ဟာရှီရာ အဆင့်ရှိသည့် သူများနှင့်ပါ တွေ့ဆုံရမည်ဖြစ်သည်။
ဖုန်းယုက ယခုအချိန်တွင် သူတို့နှင့် တွေ့ဆုံရန် အဆင်သင့် မဖြစ်သေးပေ။
သို့သော် အချိန်က နီးကပ်လာပြီဖြစ်သဖြင့် သူလည်း မတတ်နိုင်တော့ပေ။
"ထားလိုက်တော့... ရေလာရင် မြေနဲ့တားမယ်။ အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်တော့ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရမှာပဲလေ။"
ဖုန်းယု ရုတ်တရက် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။
"သတ္တိကြောင်မနေစမ်းပါနဲ့... အားလုံးပဲ လာခဲ့ကြစမ်း!"
ဒီလောက်ပါပဲ။
ဖုန်းယုနှင့် ရှီနိုဘူတို့သည် လျှို့ဝှက်တပ်ဖွဲ့ဝင် (ကာကူရှီ) များ၏ ဦးဆောင်မှုအောက်တွင် နတ်ဆိုးသတ်တပ်ဖွဲ့ ဌာနချုပ်သို့ ရောက်ရှိလာခဲ့ကြသည်။
…