အခန်း ၃၂ - အောက်လမင်းမိစ္ဆာသုံး ဝါကူရာဘာ
ဖုန်းယုသည် မြေပြင်ပေါ်တွင် လဲကျနေပြီး အသက်ကို လုရှူနေရသည်။ သူ၏ ခန္ဓာကိုယ်ကိုယ်တိုင် ကုသနိုင်စွမ်းမှာ အမြင့်ဆုံးအဆင့်သို့ ရောက်နေသော်လည်း၊ ကျောက်တုံးနတ်ဆိုး၏ လက်သီးချက်ကြောင့် ရရှိခဲ့သော အတွင်းဒဏ်ရာများမှာ မသက်သာသေးပေ။ သို့ဖြစ်ရာ သူသည် ကောင်းစွာမကျွမ်းကျင်သေးသော အလင်းအသက်ရှူခြင်း ဒုတိယပုံစံကို ထပ်မံအသုံးပြုခဲ့ရသည်။
ခန္ဓာကိုယ်အခြေအနေမှာ ပို၍ဆိုးရွားလာသည်။
ကျောက်တုံးနတ်ဆိုးကို သတ်ဖြတ်စဉ်က အသက်ရှူနည်းစနစ် နှစ်ခုကို တစ်လှည့်စီ ပြောင်းလဲအသုံးပြုခဲ့ခြင်းကလည်း ခန္ဓာကိုယ်အပေါ် အလွန်ဝန်ပိစေခဲ့သည်မှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။
"ငါ့တစ်ကိုယ်လုံး အရမ်းနာကျင်နေတယ်... ပြီးတော့ အရမ်းလည်း ပင်ပန်းနေပြီ... မျက်လုံးမှိတ်ပြီးတော့ အိပ်ပစ်လိုက်ချင်တော့တယ်..."
ဖုန်းယုသည် မျက်လုံးကို ပြူးထားပြီး သွားကိုကြိတ်ကာ အော်မဟစ်မိစေရန် ကြိုးစားထိန်းချုပ်ထားလိုက်သည်။
သို့သော် ရင်ကွဲမတတ် နာကျင်မှုများက ဆက်တိုက်ဆိုသလို ဝင်ရောက်လာသည်။ စပျစ်နွယ်နတ်ဆိုး ပြောခဲ့သည့်စကားများအရ ၎င်းတို့ထက် ပိုမိုစွမ်းအားကြီးမားသော မိစ္ဆာလမင်း ဆယ့်နှစ်စင်းထဲမှ တစ်ယောက်သည် ဤနေရာတွင် ရှိနေသောကြောင့် ဖုန်းယုသည် ဤနေရာမှ ချက်ချင်း ထွက်မသွားရဲသေးပေ။
ဖုန်းယုအနေဖြင့် ထိုနတ်ဆိုးသည် အထက်မိစ္ဆာထဲကလား၊ အောက်မိစ္ဆာထဲကလား ဆိုသည်ကို သေချာမသိသော်လည်း သူ၏ လက်ရှိခန္ဓာကိုယ်အခြေအနေအရ အောက်လဆယ့်နှစ်စင်းထဲကဖြစ်နေလျှင်ပင် ရင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
သူသည် တောင်အောက်သို့ဆင်း၍ အနားယူပြီးမှ ဤမိစ္ဆာဆိုးကို လာရောက်သတ်ဖြတ်ချင်သော်လည်း၊ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရင်ကွဲမတတ် နာကျင်မှုက ဝင်ဆောင့်လာသဖြင့် လုံးဝလှုပ်ရှား၍ မရတော့ပေ။
"လမင်းမိစ္ဆာဆယ့်နှစ်ပါးထဲက တစ်ကောင် မရောက်လာသေးတဲ့အချိန်မှာ ငါဒီအတိုင်း ထိုင်စောင့်နေလို့တော့ မဖြစ်ဘူး... ဒါမျိုးက ငါ့စတိုင်မှ မဟုတ်တာ..."
ဖုန်းယုသည် ထိုနတ်ဆိုး ရောက်လာမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။ အကြောင်းမှာ ယခုအချိန်တွင် တောအုပ်ထဲမှ အကြည့်တစ်ချက်က သူ့ကို စောင့်ကြည့်နေသည်ဟု ခံစားနေရသောကြောင့်ပင်။
"ဝေါ့"
ဖုန်းယုသည် အားယူ၍ ဖြည်းညှင်းစွာ ထိုင်လိုက်သော်လည်း သူ၏ အတွင်းကလီစာများ ထပ်မံထိခိုက်သွားပြီး အခဲပိတ်နေသော သွေးများက လည်ချောင်းထဲမှ ပန်းထွက်လာသည်။
"ဖူး၊ ဖူး၊ ဖူး"
ဖုန်းယုသည် ကုသဆေးလုံး အနည်းငယ်ကို ထုတ်ကာ ပါးစပ်ထဲထည့်၍ ဝါးပြီး မျိုချလိုက်သည်။
ခဏအကြာတွင် ဆေး၏ ကြီးမားလှသော အစွမ်းအာနိသင်က ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာတိုင်းကို ပြန်လည်ကုသပေးသွားသည်။
"အင်း~"
ကြီးမားလှသော ချဉ်စူးစူး ခံစားချက်ကြောင့် သူသည် တိုးညှင်းစွာ ညည်းတွားလိုက်မိသည်။
ထို့နောက် ယားယံမှုက ဝင်ရောက်လာသည်!
အမြင့်ဆုံးအဆင့်အထိပင်!
ဖုန်းယုသည် သူ၏ တစ်ကိုယ်လုံးတွင် ပုရွက်ဆိတ် အကောင်ရေ မရေမတွက်နိုင်အောင် တွားသွားနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ ခန္ဓာကိုယ်၏ အသားနှင့် သွေးကြောများကို ပြန်လည်ပြုပြင်နေသောကြောင့်ဖြစ်ကြောင်း သူသိသည်။
ဒဏ်ရာတစ်ခု အနာဖေးတက်လာသည့်အချိန်နှင့် ဆင်တူပေသည်။
၎င်းသည် ကောင်းမွန်သောအရာ ဖြစ်သော်လည်း ဖုန်းယု ဆက်၍ သည်းမခံနိုင်တော့ပေ!
"ကျစ်! ယားလိုက်တာကွာ!"
ဤအချိန်တွင် ဖုန်းယုသည် သူ၏ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ကို ရူးသွပ်စွာ ထုရိုက်နေတော့သည်။
နာကျင်မှုကိုအသုံးပြု၍ ခန္ဓာကိုယ်တွင်းရှိ ယားယံမှုကို သက်သာစေရန် ကြိုးစားနေခြင်းပင်!
"ဒုန်း ဒုန်း"
ဖုန်းယု၏ အားပြင်းလှသော ရိုက်ချက်များကြောင့် မြေပြင်ပေါ်တွင် တွင်းချိုင့်တစ်ခုပင် ဖြစ်ပေါ်သွားသည်။
ထိုအချိန်တွင်၊ ဖုန်းယုသည် လေထုထဲ၌ ပြင်းထန်သော အဆိပ်ငွေ့များ ရှိနေကြောင်း သတိပြုမိသွားသည်။
အစိမ်းရင့်ရောင် ဓာတ်ငွေ့များ တိုက်ခတ်လာပြီး ၎င်းဖြတ်သန်းသွားသော နေရာတိုင်းရှိ သစ်ပင်များသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် စတင်ပုပ်သိုးသွားကြသည်။
"မဖြစ်နိုင်ဘူး... ဒီအငွေ့တွေက အဆိပ်တွေပဲ!"
ဖုန်းယုသည် ခန္ဓာကိုယ်တွင်းရှိ ယားယံမှုကို ကြိတ်မှိတ်သည်းခံကာ အစိမ်းရင့်ရောင် ဓာတ်ငွေ့ကို ရှောင်ရှားရန် သစ်ပင်ပင်စည်ပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။
"အို? ဒီလောက်မြန်တဲ့ အမြန်နှုန်းနဲ့ တုံ့ပြန်နိုင်တာကို ကြည့်ရင် မင်းက နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့က ဟာရှီရာပဲ ဖြစ်ရမယ်!"
အစိမ်းရင့်ရောင် ဓာတ်ငွေ့များ တဖြည်းဖြည်း လွင့်စင်သွားပြီးနောက် လူရိပ်တစ်ခု ပေါ်လာသည်။
"ပြဿနာပဲ..."
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ နတ်ဆိုးတစ်ကောင် ဖြစ်နေပြီး သာမန်နတ်ဆိုးမျိုး မဟုတ်ပေ!
အောက်လမင်းမိစ္ဆာ ဆယ့်နှစ်ပါးထဲကမှ အောက်လမင်းမိစ္ဆာနံပတ်သုံး ဝါကူရာဘာ ပင် ဖြစ်သည်!
(နာမည် ရေးတာမှားရင်လည်းခွင့်လွှတ် ပေးကြပါ။ engမူရင်းမှာက အဲမိစ္ဆာ နာမည်ကမှား နေတာပါခင်ဗျာ။အမှန်ကိုပြန်ရှာထားပြီးထည့်ပေးထားပါတယ်ခင်ဗျာ)
သူ၏ မျက်နှာပေါ်တွင် ကြက်ခြေခတ် အမာရွတ်သုံးခု ရှိပြီး နားတွင် ရွှေနားကွင်းများ ပန်ဆင်ထားသည်။ ပို၍အရေးကြီးသည်မှာ သူ၏ မျက်လုံးထဲတွင် စာလုံးကြီးများ ရေးထွင်းထားခြင်းပင်။
အောက်လမင်းသုံး!
"မင်း ဒီတောအုပ်ထဲ ဝင်လာကတည်းက ငါ စောင့်ကြည့်နေခဲ့တာ။ အစကတော့ မင်းကို နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့က သာမန်ဓားသမားလေးလို့ပဲ ထင်ခဲ့တာ။ မင်းက ငါ့ရဲ့ လက်အောက်ငယ်သား လေးကောင်နဲ့ သာမန်နတ်ဆိုးတစ်အုပ်ကို သတ်ပစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းကို ငါ ဘယ်လိုသတ်ချင်နေလဲဆိုတာ မင်းသိလား..."
အောက်မိစ္ဆာလမင်းသုံး ဝါကူရာဘာ က ပြုံးလျက် ပြောလိုက်သည်။
"ပြီးတော့ မင်းရဲ့ အသားနဲ့သွေးတွေထဲက စွမ်းအင်တွေက သာမန်လူတွေထက် ပိုပြီးတော့ ကြွယ်ဝနေတာကို ငါ တွေ့ရတယ်။ မင်းက ဒဏ္ဍာရီလာ ရှားပါးသွေး ပိုင်ရှင်ပဲ ဖြစ်ရမယ်..."
"လူတစ်ရာမှာ တစ်ယောက်တောင် ရှာတွေ့ဖို့ ခက်ခဲတဲ့ ရှားပါးသွေးပိုင်ရှင်က ငါ့ရှေ့ကို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဲဒါတောင် သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသေးတယ်..."
"ငါ တော်တော်လေး ကံကောင်းတယ်လို့ မင်းမထင်ဘူးလား..."
ဝါကူရာဘာ သည် ဖုန်းယုကို ချက်ချင်းပင် စားပစ်ချင်နေသည့် လောဘရမ္မက် အပြည့်ပါသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"ပလွတ်~"
"မင်းရဲ့အသားက အရမ်းအရသာရှိမှာပဲ..."
ဖုန်းယုသည် မလှမ်းမကမ်းတွင် ရှိနေသော ဝါကူရာဘာကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။ သူ၏ လက်ထဲရှိ နီချီရင်ဓားမှာ ဓားအိမ်ထဲမှ ထွက်နေပြီဖြစ်သည်။ အရှေ့မှ နတ်ဆိုး လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူက ပြန်လည်တိုက်ခိုက်မည်ဖြစ်သည်။
ယခုအချိန်တွင် သူသည် အချိန်အနည်းငယ် ထပ်မံဆွဲထားချင်နေသည်။
ဤသို့ဆိုလျှင် သူ၏ဒဏ်ရာများ ပိုမိုသက်သာလာမည် ဖြစ်သည်။
ဤသည်မှာ အချိန်ဆွဲခြင်းဗျူဟာပင်။
ဖုန်းယု ဤသို့ပြုမူနေသည်ကို မြင်သောအခါ ဝါကူရာဘာသည် လောလောဆယ် အလျင်မလိုသေးဘဲ သူ၏သားကောင်ကို ကစားနေသည့်အလား မျက်နှာပေါ်တွင် ဖျားနာနေသည့်ပုံစံ အပြုံးတစ်ခု ပေါ်လာသည်။
"အချိန်ဆွဲထားလိုက်ပါ... မင်း အချိန်ပိုဆွဲလေလေ... အဆိပ်တွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာလေလေပဲ..."
ဖုန်းယု ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို ဝါကူရာဘာ သိသော်လည်း၊ ဖုန်းယုတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိမရှိကိုတော့ သူ မသိပေ။ အမှောင်ထဲတွင် စပျစ်နွယ်နတ်ဆိုးနှင့် တိုက်ခိုက်နေသည်ကို သူစောင့်ကြည့်ခဲ့စဉ်က ဤနတ်ဆိုးမုဆိုးသည် သူ၏ စွမ်းအားကို ဖုံးကွယ်ထားလေ့ရှိကြောင်း သူသိခဲ့သည်။
နှစ်ကာလကြာရှည် သူ၏ သတိကြီးသော စရိုက်လက္ခဏာကြောင့် ဝါကူရာဘာသည် သွေးမိစ္ဆာအတတ်ကို အသုံးပြု၍ ဖုန်းယုကို ဖြည်းဖြည်းချင်း သတ်ဖြတ်ရန်သာ တွေးနေမိတော့သည်။
"မဖြစ်ဘူး... လေထဲမှာ အဆိပ်တွေ ရှိနေတယ်..."
ဖုန်းယု သူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သောအခါ ထူးဆန်းသော ခံစားချက်တစ်ခု ရရှိသွားသလိုပင်။
အရည်ပြားပေါ်တွင် အစိမ်းရောင်အစက်အပြောက်များ ပေါ်လာကာ ခန္ဓာကိုယ်၏ အလိုအလျောက် ကုသနိုင်စွမ်းမှာ ကန့်သတ်ခံလိုက်ရပြီး အဆိပ်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်ဝင်ရောက်လာနေဆဲပင်!
ဖုန်းယုသည် သူ၏ အဝတ်အစားကို အမြန်ဆွဲဖြဲ၍ နှာခေါင်းကို အုပ်ထားလိုက်သည်။
"အိုး... နောက်ဆုံးတော့ သိသွားပြီလား? မိစ္ဆာမုဆိုး"
ဝါကူရာဘာသည် ဖုန်းယုကိုကြည့်ကာ ရယ်မောလိုက်သည်။
ဖုန်းယုသည် အားနည်းစွာဖြင့် ဒူးထောက်ကျသွားသည်။ နှာခေါင်းကို အုပ်ထားသော်လည်း အချည်းနှီးပင်။ အဆိပ်သည် ဓာတ်ငွေ့ပုံစံဖြစ်ပြီး လေထုထဲသို့ ပြီးပြည့်စုံစွာ ရောနှောနေသည်။
ဗိုင်းရပ်စ်တစ်ခုကဲ့သို့ ဆဲလ်များကို ကူးစက်စေပြီး ကျွန်ုပ်တို့ ရှူရှိုက်နေသော အောက်ဆီဂျင်ကိုပါ ကူးစက်စေသည်။
"ဟားဟားဟား၊ ငါ မင်းကို ပြောဖို့ မေ့သွားတာ၊ ဒီတောအုပ်တစ်ခုလုံးကို ငါ့ရဲ့ သွေးမိစ္ဆာအတတ်ကနေ ထွက်လာတဲ့ အဆိပ်ငွေ့တွေ ဖုံးလွှမ်းထားတာ။ မင်း ဒီတောအုပ်ထဲ ခြေချလိုက်တဲ့ အချိန်ကစပြီး လေထဲက ဗိုင်းရပ်စ်တွေကို မင်း ဆက်တိုက် ရှူရှိုက်နေခဲ့တာပဲ!"
"အခု ငါ အချစ်ရဆုံး အဆိပ်တွေက မင်းရဲ့ ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ဖျက်ဆီးနေတာကို မင်း ခံစားနေရပြီမလား၊ ဟားဟားဟား"
"မင်း တောအုပ်ထဲကို ရောက်နေတာ အတန်ကြာပြီဆိုတော့ ဘာတွေဖြစ်နေတာလဲလို့ ငါ စဉ်းစားနေခဲ့တာ။ ပုံမှန်ဆိုရင် ဒီတောအုပ်ထဲက အငွေ့ကို တစ်ချက်လောက် ရှူရှိုက်လိုက်တာနဲ့ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင် အစက်အပြောက်တွေ တဖြည်းဖြည်း ထွက်လာပြီး နောက်ဆုံးမှာတော့ အဆိပ်ရည်အိုင်အဖြစ် ပြောင်းလဲသွားမှာပဲ။ အဲဒါက အရမ်းကို အဆိပ်ပြင်းလွန်းလို့ အဲဒီတုန်းက သခင်ကြီးကိုယ်တိုင်တောင် ချီးကျူးခဲ့ရတာ..."
ဝါကူရာဘာ သည် သူ၏စိတ်ထဲတွင် ပုံရိပ်တစ်ခုကို တွေးမိလိုက်ပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်နေသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
"ဪ... ဒါကြောင့်ကိုး... ဒီတောအုပ်ထဲမှာ အမြဲတမ်း အနံ့ဆိုးတွေ ထွက်နေတာ မဆန်းပါဘူး..."
ထိုအခါမှသာ ဖုန်းယုသည် ဤတောအုပ်ထဲသို့ စတင်ခြေချလိုက်စဉ်က အဘယ်ကြောင့် အနံ့ဆိုးတစ်ခု ရနေခဲ့သနည်း ဆိုသည်ကို နားလည်သွားတော့သည်။ တောအုပ်တစ်ခုလုံးသည် ဤနတ်ဆိုး၏ သွေးမိစ္ဆာအတတ်ဖြင့် ဖုံးလွှမ်းခံထားရခြင်းဖြစ်သည်။
ဒါက လမင်းမိစ္ဆာ ဆယ့်နှစ်ပါး ပီသတယ်လို့ ပြောရမလား? သွေးမိစ္ဆာအတတ်ရဲ့ အကျယ်အဝန်းက ဒီလောက်တောင် ကျယ်ပြန့်ပြီး သေစေလောက်တဲ့ အထိပါလား။
သို့သော်လည်း ယခုအချိန်တွင် ဖုန်းယုသည် သူ၏ မျက်နှာပေါ်ရှိ ထိတ်လန့်နေသော အမူအရာကို ဖုံးကွယ်လိုက်ပြီး ဝါကူရာဘာ မမြင်နိုင်ချိန်တွင် သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။
"ဘုန်း!"
ဖုန်းယုသည် အားနည်းစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ မျက်နှာတစ်ခုလုံး အစိမ်းရောင် အစက်အပြောက်များဖြင့် ဖုံးလွှမ်းနေသည်ကို ဝါကူရာဘာ မြင်လိုက်ရပြီး အဆိပ်များ သူ၏ နှလုံးသားထဲသို့ ဝင်ရောက်သွားပြီဟု ခန့်မှန်းလိုက်သည်။
ဤနတ်ဆိုးမုဆိုးသည် မည်သည့် နတ်ဘုရားမှ ကယ်တင်၍မရနိုင်သော အခြေအနေသို့ ရောက်သွားပြီဖြစ်သည်။
"ဟေး၊ ဒီလောက်မြန်မြန်လေးနဲ့ တောင့်မခံနိုင်တော့ဘူးလား?"
ဝါကူရာဘာ ပြုံးလိုက်သည်။
ထို့နောက်
ထိုလူရိပ်သည် ဖုန်းယုရှေ့သို့ ရုတ်တရက် ပေါ်လာပြီး သူ့ကို ကန်ထုတ်လိုက်သည်!
"အရမ်းမြန်တဲ့ အမြန်နှုန်းပဲ!"
ဤနတ်ဆိုး မည်မျှမြန်ဆန်ကြောင်းကို ဖုန်းယု အံ့သြသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမျှဝေးကွာသော နေရာမှ သူ၏အနီးသို့ ရောက်ရှိလာခဲ့သည်။
ဖုန်းယုသည် သူ၏ အမြန်နှုန်းအပေါ် အလွန်ယုံကြည်မှုရှိကြောင်း သိထားရမည်ဖြစ်သည်။
"အဟွတ်..."
"မင်းက နတ်ဆိုးမဖြစ်ခင်က နင်ဂျာတစ်ယောက် ဖြစ်ခဲ့တာပဲ..."
ဖုန်းယုက နာကျင်နေသော အမူအရာဖြင့် ခက်ခဲစွာ ပြောလိုက်သည်။
"မင်းလို လူသားတစ်ယောက်က ငါ့ရဲ့ လှုပ်ရှားမှုတွေကို မြင်နိုင်ပြီး ငါ့ရဲ့ အရင်က ပုံစံကို ခန့်မှန်းနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
ဝါကူရာဘာ က တိတ်ဆိတ်စွာ ပြောလိုက်သည်။
မူလဇာတ်လမ်းထဲတွင် လမင်းမိစ္ဆာ ဆယ့်နှစ်ပါး၏ အောက်လမင်းမိစ္ဆာများအနက် အိပ်မက်ဆိုးနတ်ဆိုးမှလွဲ၍ ကျန်သူများအားလုံးသည် အမျိုးသမီး အဝတ်အစား ဝတ်ဆင်ရသည်ကို နှစ်သက်သော သူဌေးတစ်ဦး၏ လက်ချက်ဖြင့် ချက်ချင်းပင် ရှင်းလင်းခံခဲ့ရကြောင်းကို ဖုန်းယု နားလည်ထားသည်။
မည်သူမျှ အသက်မရှင်ပေ။
ဇာတ်လမ်းထဲရှိ ဝါကူရာဘာ ၏ မိတ်ဆက်မှုအရ၊ သူသည် ဝါကူရာဘာ ၏ ထွက်ပြေးသည့် လှုပ်ရှားမှုနှင့် ချက်ချင်း ထွက်ပြေးနိုင်သော လမ်းကြောင်းကိုသာ သိခဲ့ရသောကြောင့် ဝါကူရာဘာ ၏ မူလပုံစံမှာ သာမန်မဟုတ်ကြောင်း သူသိခဲ့သည်။
နင်ဂျာတစ်ယောက်၏ ခရီးသွားလာပုံသည် စဉ်းစားဆင်ခြင်ဉာဏ်ရှိပြီး ကိုယ်ပိုင်အကြံဉာဏ်များ ရှိတတ်သည်။ ထို့အပြင် သူ၏ အထက်လူကြီးကို သစ္စာဖောက်ရန်ပင် စိတ်ကူးရှိခဲ့သည်။
ရဲစွမ်းသတ္တိ၊ သတိကြီးမှု၊ ဉာဏ်ပညာရှိမှုနှင့် တစ်ချိန်တည်းမှာပင် ကြောက်ရွံ့တတ်မှုတို့ ပါဝင်သည်!
ဤသည်မှာ သူရှေ့တွင်ရှိနေသော အောက်လမင်းမိစ္ဆာသုံး ဝါကူရာဘာပင် ဖြစ်သည်။
"မင်း တော်တော်လေး တော်တယ်၊ ဒါပေမယ့် ဒီလောက်ပါပဲ!"
ထို့နောက် သူသည် ဖုန်းယုဆီသို့ လျှောက်လာခဲ့သည်။
"အခွင့်အရေး ရောက်လာပြီ!"
ဖုန်းယု စိတ်ထဲမှ တွေးလိုက်ပြီး ကျောကိုလှည့်ကာ ကျန်ရှိနေသော အဆိပ်ဖြေဆေးကို ထုတ်ယူလိုက်သည်...
"အဆိပ်ဖြေဆေးကို မယူသွားပေးတဲ့ ရှောင်ပိုင်ကို ကျေးဇူးတင်ရမယ်..."
ယခုအချိန်တွင် ဖုန်းယု ဘာလုပ်နေသည်ကို ဝါကူရာဘာ မသိခဲ့ပေ။ သူသည် အလွန်အားနည်းနေသဖြင့် မလှုပ်ရှားနိုင်တော့ဟု ထင်နေသော်လည်း၊ မြေပြင်ပေါ်တွင် လဲကျနေသော ဖုန်းယုက ရုတ်တရက် ထရပ်ပြီး သူ့ကို တိုက်ခိုက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။
"အပြည့်အဝ အာရုံစူးစိုက်မှု၊ အလင်းအသက်ရှူခြင်း ပထမပုံစံ - လရောင်ခုတ်ချက်!"
ဖုန်းယုသည် အလွန်မြန်ဆန်ပြီး အလင်းတန်းတစ်ခုကဲ့သို့ ဝါကူရာဘာ ကို တိုက်ခိုက်လိုက်သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"
"သွေးမိစ္ဆာအတတ် - သွေးကြယ်စင်လက်နက်!"
"ဒေါင်!"
ဝါကူရာဘာ ၏ တုံ့ပြန်မှုအမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး သွေးရောင် ကြယ်စင်လက်နက်က ဖုန်းယု၏ သေစေနိုင်သော ခုတ်ချက်ကို ကာကွယ်လိုက်သည်။
ကာကွယ်နိုင်ခဲ့သော်လည်း အားပြင်းလှသော အင်အားကြောင့် သူ၏ ခန္ဓာကိုယ်မှာ မီတာအနည်းငယ်အထိ လွင့်စင်သွားခဲ့သည်။
ဖုန်မှုန့်နှင့် မီးခိုးများ လွင့်စင်သွားပြီးနောက် အရှက်ရနေသော လူရိပ်တစ်ခု ပေါ်လာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်း ဘယ်လိုလုပ်ပြီး အဆိပ်မတက်တာလဲ!"
ဘင်ရဲ က အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် ဖုန်းယု၏ ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင် အစက်အပြောက်များ မရှိတော့ပေ။ အဆိပ်ဖြေဆေးကို သောက်လိုက်သည့် အခိုက်အတန့်တွင် အဆိပ်များအားလုံး ပြယ်သွားခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ်မှာလည်း အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"နှမြောစရာပဲ..."
ဖုန်းယုသည် သူ၏ ခုတ်ချက် ကာကွယ်ခံလိုက်ရသည်ကို မြင်သောအခါ ဤနတ်ဆိုးကို သတ်ရန် ဤမျှကောင်းမွန်သော အခွင့်အရေးမျိုး ထပ်ရရန် ခက်ခဲလိမ့်မည်ကို သိလိုက်သည်။
"ငါ အရမ်းလောသွားတယ်။ သူ ပိုနီးလာတဲ့အထိ စောင့်သင့်တာ..."
ယခုအချိန်တွင် နောင်တရနေ၍ အသုံးမဝင်တော့ဘဲ ဖုန်းယုအနေဖြင့် အားတင်းထားရန်သာ ရှိတော့သည်။
ဖရိုဖရဲ ဖြစ်နေသော ဝါကူရာဘာ သည် ဖုန်းယုမှာ အဆိပ်မသင့်ရုံသာမက နီးပါး အပြည့်အဝ ပြန်လည်သက်သာလာသည်ကို မြင်လိုက်ရသည်။
သူ ဘာတွေတွေးနေမှန်းပင် မသိတော့ပေ။
မျက်လုံးကြီး ပြူးကာ ဖုန်းယုကို စိုက်ကြည့်နေသည်။
ဤလူသားက သူ့ကို အလွန်ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။ တစ်စက္ကန့်တွင် အဆိပ်သင့်၍ သေလုမျောပါး ဖြစ်နေပြီး၊ နောက်တစ်စက္ကန့်တွင် ဘာမှမဖြစ်ခဲ့သည့်အလား သူ့ကိုပင် သတ်လုနီးပါး ဖြစ်သွားခဲ့သည်။
ထို့အပြင် စောစောက ခုတ်ချက်၏ အင်အားမှာ အလွန်ပြင်းထန်လှသဖြင့် ဖုန်းယုသည် သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ဘင်ရဲ ခန့်မှန်းလိုက်မိသည်။
"စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူသားတွေ!"
ဝါကူရာဘာ က သွားကိုကြိတ်ကာ ပြောလိုက်သည်။
"ဟားဟား၊ တူတူပါပဲကွာ။ မင်းက ငါ့ကို အဆိပ်ခတ်တယ်၊ ငါကလည်း မင်းကို အဆိပ်ပြန်ခတ်ဖို့ အဆိပ်သင့်ပြီး ဒဏ်ရာရချင်ယောင် ဆောင်တယ်။ နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာ ရယ်ရအောင် ကြိုးစားနေတာ မဟုတ်ဘူးလား..."
ဖုန်းယုက လက်နှစ်ဖက်ကို ဖြန့်ကာ တတ်နိုင်စွမ်းမရှိသလို ပုံစံဖြင့် ပြောလိုက်သည်။
"နောက်တာပါ။ အကယ်၍ ငါ့ဆီမှာသာ အဆိပ်ဖြေဆေး မရှိရင် ငါ သေနေတာ ကြာလောက်ပြီ..."
"စကားမစပ်၊ ဒီအဆိပ်ဖြေဆေးရဲ့ အာနိသင်က တော်တော်လေး စွမ်းတာပဲ။ အစက ငါထင်ထားတာက..."
"စနစ်က ထုတ်လုပ်လိုက်တာဆိုတော့လည်း ကျိန်းသေပေါက်ကို အသုံးဝင်တဲ့ ပစ္စည်းဖြစ်နေတာ မဆန်းပါဘူး..."
ဖုန်းယု စိတ်ထဲမှ တွေးလိုက်ပြီး အရာခပ်သိမ်း ဈေးဝယ်စင်တာတွင် ဓားခုတ်ချက် တစ်သိန်း အကုန်အကျခံကာ အဆိပ်ဖြေဆေး ငါးလုံး ထပ်ဝယ်လိုက်သည်။
"အရမ်းကောင်းတယ်၊ ဒါဆိုရင်တော့ သေချာသွားပြီ!"
…
"သွားသေလိုက်စမ်း!"
ဝါကူရာဘာ က အော်ဟစ်လိုက်ပြီး သွေးရောင် ကြယ်စင်လက်နက်ကို သူ၏လက်ထဲမှ ပစ်လွှတ်လိုက်သည်။
"ဘုန်း!"
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ထိုကြယ်စင်လက်နက်နှင့် ထိမိသမျှ အရာအားလုံးသည် နှစ်ပိုင်းပြတ်သွားသည်။ ဖုန်းယုသည် ၎င်းကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး အခြားတစ်ဖက်ရှိ မြေပြင်ပေါ်သို့ ခုန်ချလိုက်သည်။
ထို့နောက် သူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် အခြား သွေးရောင် ကြယ်စင်လက်နက်တစ်ခု ထပ်မံရောက်ရှိလာပြီး တစ်ခုပြီးတစ်ခု၊ စုစုပေါင်း ငါးခုအထိ ရောက်ရှိလာသည်။
တစ်ခုစီတိုင်းသည် အလွန်အဆိပ်ပြင်းပြီး ခုတ်ပိုင်းခံလိုက်ရသော သစ်ပင်များ၏ အရာများမှ အစိမ်းရောင် အငွေ့များ ဆက်တိုက် ထွက်ပေါ်နေသည်။
"မင်းက တော်တော် အဆိပ်ပြင်းတာပဲ!"
ဖုန်းယုက ဝါကူရာဘာ ကို ပြောလိုက်သည်။
"ဟွန့်!"
ဝါကူရာဘာ က စကားမပြောဘဲ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ မူလ ပစ်လွှတ်လိုက်သော ကြယ်စင်လက်နက်များသည် နောက်သို့ ပြန်လည်ပျံသန်းလာသည်။
သစ်ပင်တန်းများ မြေပြင်ပေါ်သို့ လဲကျသွားပြီး ဖုန်းယုမှာ ခက်ခက်ခဲခဲ ရှောင်တိမ်းနေရသည်။ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် အခြား ကြယ်စင်လက်နက်တစ်ခုက သူ့ကို တိုက်ခိုက်လာပြန်သည်။
"မဖြစ်ဘူး၊ ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူး။ ငါ့ရဲ့ စွမ်းအင်တွေ အရမ်းကုန်ဆုံးနေပြီ၊ ပြီးတော့ ငါ့ဒဏ်ရာတွေကလည်း မသက်သာသေးဘူး..."
ဖုန်းယုသည် လေထဲတွင် ဆက်တိုက် ရှောင်တိမ်းနေရင်း အမောတကော ဖြစ်နေသည်။ သူသည် သက်တောင့်သက်သာ ရှိနေပုံပေါက်သော်လည်း၊ ရှောင်တိမ်းမှုတိုင်းက သူ၏ဒဏ်ရာများကို နာကျင်စေကြောင်း ဖုန်းယုသာလျှင် သိပေသည်။
ဖုန်းယု၏ အမြန်နှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာသည်။ သူသည် အကြိမ်ပေါင်းများစွာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်ခဲ့ပြီး ကြယ်စင်လက်နက်များ၏ တိုက်ခိုက်မှုကြောင့် သူ၏ အဝတ်အစားများမှာလည်း စုတ်ပြဲနေပြီဖြစ်သည်။
ဖုန်းယု၏ မူမမှန်မှုကို ဝါကူရာဘာ သတိပြုမိသွားပုံရပြီး သူ၏ မျက်နှာပေါ်တွင် အံ့သြနေသော အမူအရာတစ်ခု ပေါ်လာသည်။
"ဒီလူသားရဲ့ အမြန်နှုန်းက နှေးသွားပြီ။ ငါထင်တဲ့အတိုင်းပဲ။ သူ့ဒဏ်ရာတွေက မသက်သာသေးဘူးပဲ..."
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး မူလက သစ်ပင်များ ထူထပ်နေသော တောအုပ်ကြီးမှာ ဖုန်းယုနှင့် ဝါကူရာဘာ တို့၏ တိုက်ပွဲကြောင့် ပြောင်ရှင်းသွားတော့သည်။
"အခုပဲ! လူသား၊ သွားသေလိုက်စမ်း!"
ဖုန်းယုတွင် အားနည်းချက်တစ်ခု ရှိနေသည်ကို ဝါကူရာဘာ မြင်လိုက်ရပြီး သူ၏လက်ထဲတွင် ကြယ်စင်လက်နက်တစ်ခု ပေါ်လာသည်။ သူသည် ခုန်ထွက်လာပြီး ဖုန်းယုကို တိုက်ခိုက်လိုက်သည်။
ဖုန်းယုသည် အလိုအလျောက် တုံ့ပြန်မှုဖြင့် ၎င်းကို ကာကွယ်လိုက်သည်။
ဖုန်းယု ဤသို့ပြုမူသည်ကို မြင်သောအခါ ဝါကူရာဘာ သည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး "မင်းတော့ လှည့်စားခံလိုက်ရပြီ၊ လူသား!" ဟု ပြောလိုက်သည်။
သူ၏ အရှေ့တွင်ရှိနေသော ဝါကူရာဘာ သည် ပျောက်ကွယ်သွားပြီး သူ၏အနောက်ဘက်တွင် ကြယ်စင်လက်နက်တစ်ခု ရုတ်တရက် ပေါ်လာကာ ဝါကူရာဘာ အဖြစ်သို့ ပြောင်းလဲသွားပြီး ဖုန်းယု၏ ကျောပြင်ကို တိုက်ခိုက်လိုက်သည်။
"ရွှမ်း"
စူးရှသော နာကျင်မှုတစ်ခု ဝင်ရောက်လာပြီး ဖုန်းယု ဒဏ်ရာရသွားသည်။
နောက်ဆုံးစက္ကန့်တွင် သေစေနိုင်သော တိုက်ခိုက်မှုကို သူ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဒဏ်ရာရသွားဆဲပင်။
ပြင်းထန်သော နာကျင်မှုများ ဝင်ရောက်လာသောကြောင့် ဖုန်းယုသည် အဆိပ်ဖြေဆေးနှင့် ကုသဆေးလုံးတို့ကို အမြန်ထုတ်ကာ ဗိုက်ထဲသို့ မျိုချလိုက်သည်။
သို့သော် ဖုန်းယု ပြန်လည်သက်သာမလာမီမှာပင်...
ဝါကူရာဘာ သည် ထပ်မံတိုက်ခိုက်လာပြန်သည်။
၎င်းမှာ ယခင်ကဲ့သို့ တူညီသော လှုပ်ရှားမှုပင်ဖြစ်သည်။
သို့သော် ယခုအကြိမ်တွင် အရပ်မျက်နှာ အသီးသီးမှ ကြယ်စင်လက်နက်များ ဖြစ်နေပြီး မည်သည့်အရာက အစစ်အမှန် ခန္ဓာကိုယ်ဖြစ်ကြောင်း ဖုန်းယု မသိနိုင်သောကြောင့် အလွန်အန္တရာယ်ကြီးမားလှသည်။
"မဖြစ်ဘူး၊ ဒီအတိုင်း ဆက်သွားရင် ငါ သူ့လက်ချက်နဲ့ သေရလိမ့်မယ်..."
"ငါ သုံးနိုင်တဲ့ တစ်ခုတည်းသော ကွက်လှည့်က ဒါပဲလား..."
ဖုန်းယုသည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို ဖြည်းညှင်းစွာ သုတ်လိုက်သည်။
၎င်းသည် နောက်ထပ် တိုက်ခိုက်မှုအသစ် တစ်ရပ်ဖြစ်သော်လည်း ဖုန်းယုသည် တိုက်ခိုက်လာသော ဝါကူရာဘာ ကိုသာ စိုက်ကြည့်နေသည်။
သူ့ပတ်ဝန်းကျင်ရှိ ကြယ်စင်လက်နက်များသည် ဝါကူရာဘာ နှင့် အမြန်နှုန်းတူညီပြီး ဖုန်းယုကို ထိမှန်တော့မည်ဖြစ်သည်။ ဝါကူရာဘာ ပြုံးလိုက်သော်လည်း မကြာမီတွင် အပြုံးများ ရပ်တန့်သွားသည်...
"အပြည့်အဝ အာရုံစူးစိုက်မှု၊ အလင်းအသက်ရှူခြင်း ဒုတိယပုံစံ - တောက်ပသောအလင်းရောင်!"
စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်!
ဖုန်းယုသည် ညင်သာစွာ ခုန်လိုက်ပြီး ကြယ်စင်လက်နက် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ဝါကူရာဘာ သည် အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ သူ၏ ကိုယ်ပိုင် ကြယ်စင်လက်နက်များကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
"အား... ငါ့မျက်လုံးတွေ!"
ဝါကူရာဘာ သည် သူ၏ မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားပြီး အော်ဟစ်လိုက်သည်။
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ!"
ပြင်းထန်သော အလင်းရောင်ကြောင့် ဝါကူရာဘာ ခေတ္တမျှ မျက်ကန်းဖြစ်သွားခဲ့သည်။
"ဟူး... ဟူး..."
ဖုန်းယုသည် အသက်ကို လုရှူလိုက်ရသော်လည်း သူ၏ မျက်နှာပေါ်တွင် အံ့သြမှုများ ပြည့်နှက်နေသည်။
"ဒီကွက်လှည့်ကို အနာဂတ်မှာ အသေအလဲ တိုက်ကွက်တစ်ခုအနေနဲ့ သုံးလို့ရနိုင်ပုံပဲ..."
ယခုအချိန်တွင် ဝါကူရာဘာ တွင် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ မျက်စိလည်း မမြင်ရတော့သဖြင့် သူသည် ထွက်ပြေးရန်သာ ဆန္ဒရှိတော့သည်။
သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ဆက်စပ်ရန် ဂရုမစိုက်နိုင်တော့ဘဲ၊ သူ၏ ခေါင်းမှ လက်နှင့် ခြေထောက်များ ထွက်လာကာ ချုံပုတ်များကြားထဲတွင် လျင်မြန်စွာ ပုန်းအောင်းသွားသည်။
"ပြေးဖို့တောင် မစဉ်းစားနဲ့!"
ဖုန်းယုသည် ၎င်းကိုမြင်သောအခါ လျင်မြန်စွာ လိုက်ဖမ်းလိုက်သည်။ ဤသည်မှာ သူ့ကိုသတ်ရန် အလွန်ကောင်းမွန်သော အခွင့်အရေးပင်ဖြစ်သည်။
ဖုန်းယုသည် အလွန်မြန်ဆန်ပြီး ဝါကူရာဘာ မှာ မျက်စိမမြင်ရသောကြောင့် အလွန်နှေးကွေးစွာ ပြေးနေရသည်။
ခဏအကြာတွင် ဖုန်းယုက သူ့ကို ဖမ်းမိသွားသည်။
"ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ... ငါ နောက်ဘယ်တော့မှ ဘယ်သူ့ကိုမှ ဒုက္ခမပေးတော့ပါဘူး၊ ငါ့ကို ယုံပါ..."
ဝါကူရာဘာ သည် သူ၏ မျက်လုံးများကို မှိတ်ထားပြီး သနားညှာတာရန် တောင်းပန်တော့သည်။
"ဖြစ်နိုင်မယ်လို့ မင်းထင်နေတာလား... ငါ့ရဲ့ စွမ်းအားရင်းမြစ်တစ်ခုပဲ ဖြစ်လိုက်စမ်းပါ!"
"အလင်းအသက်ရှူခြင်း ပထမပုံစံ - လရောင်ခုတ်ချက်!"
"ဟင့်အင်း!"
အော်ဟစ်သံများက တောအုပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
ဖုန်းယုသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်သွားတော့သည်...