အခန်း (၃) - ခြောက်လအကြာ၊ မိစ္ဆာတစ်ကောင်၏ အစပြုခြင်း
"ဦးလေး... မင်္ဂလာပါဗျာ..."
"အေး... မင်္ဂလာပါ ဖုန်းယုလေး..."
စောစောစီးစီး နိုးလာကြသူများသည် ရွာအဝင်ဝတွင် စုဝေးနေကြသည်။ ဖုန်းယုနှင့် မေရှူး၏ဖခင်တို့မှာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် ကုန်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ကျကျနန ချည်နှောင်ထားခြင်း ရှိမရှိကို ဟိုဆွဲသည်ဆွဲ၊ ဟိုပုတ်ဒီပုတ်နှင့် စစ်ဆေးကြတော့သည်။
ခေတ္တအကြာ စစ်ဆေးမှုများပြီးစီးသောအခါ ထိုသူနှစ်ဦးသည် မေရှူးနှင့် သူမ၏မိခင်ကို နှုတ်ဆက်ကာ ခရီးစတင်ခဲ့ကြသည်။
ကုန်ပစ္စည်းများတင်ဆောင်သည့် နွားလှည်းတစ်စီးတွင် တစ်ဦးက ရှေ့၊ တစ်ဦးက နောက်မှ လိုက်ပါလာကြရာ မေရှူး၏ဖခင်က ရှေ့မှဦးဆောင်ပြီး ဖုန်းယုကမူ လှည်းနောက်မှနေ၍ ကုန်ပစ္စည်းများ ခိုင်ခံ့မှုရှိမရှိကို ကြည့်ရှုစစ်ဆေးပေးခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် မေရှူး၏ဖခင်က ဖုန်းယုကို ဒေသန္တရဗဟုသုတများအကြောင်းနှင့် သူနှင့် ဖုန်းယု၏ဖခင်တို့ အတူတကွ ကုန်ပို့စဉ်က ကြုံတွေ့ခဲ့ရသည့် စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်များကို ပြောပြတတ်သည်။
ထို့အပြင် မြို့ပေါ်တွင် သူကြားဖူးခဲ့သည့် ကြောက်မက်ဖွယ်ရာ ပုံပြင်များကိုလည်း ပြောပြသေးသည်...။
"ရှေးလူကြီးတွေ ပြောကြတာကတော့ နေဝင်သွားပြီဆိုရင် လူတွေကို လိုက်လံရန်ပြုတတ်တဲ့ မိစ္ဆာနတ်ဆိုးတွေ ရှိတတ်တယ်တဲ့။ အဲ့ဒီနတ်ဆိုးတွေကို သတ်ဖြတ်ပြီး လူတွေကို အကာအကွယ်ပေးတဲ့ နတ်ဆိုးမုဆိုးတွေလည်း ရှိတယ်လို့ ဆိုကြတာပဲ..."
မေရှူး၏ဖခင်က သူကိုယ်တိုင်လည်း နတ်ဆိုးတစ်ကောင်ကို မြင်ဖူးသည်ဟု ကြွားလုံးထုတ်သေးသော်လည်း ဖုန်းယုကမူ မယုံကြည်ပေ။ အကယ်၍သာ နတ်ဆိုးနှင့် တကယ်တွေ့ခဲ့ပါက ထိုဦးလေးကြီးသည် ယခုကဲ့သို့ သူ့ရှေ့တွင် ကြွားဝါနေနိုင်မည်မဟုတ်ဟု သူတွေးမိသည်။
"ဦးလေး... နတ်ဆိုးတွေက လူသားတွေကို စားတတ်တယ်လို့ ဦးလေးပြောခဲ့တယ်မဟုတ်လား? အဲ့ဒါဆိုရင် ဦးလေးက ဘယ်လိုလုပ် လွတ်လာခဲ့တာလဲဗျ?" ဖုန်းယုက မေးလိုက်သည်။
"ဟားဟားဟား... ငါကြွားနေတာကို မင်းက အတည်မှတ်နေတာလား? ငါ့တစ်သက်မှာ အဲ့ဒီလို နတ်ဆိုးဆိုတာမျိုး တစ်ခါမှ မမြင်ဖူးပါဘူးကွာ။ ဘာပဲဖြစ်ဖြစ် ဒီပုံပြင်ကို ပြောပြတဲ့လူက အဲ့ဒီလိုပဲ ပြောခဲ့တာပဲ။ ငါကလည်း ပုံပြင်အဖြစ် ပြန်ပြောပြတာပါ။ ပြီးတော့ ဒီပုံပြင်က အမှန်ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ငါမွေးကတည်းက အခုအသက် ၂၅ နှစ်အထိ တစ်ခါမှ နတ်ဆိုးမတွေ့ဖူးသေးဘူး။ ကလေးတွေ ညဘက် လျှောက်မလည်အောင် ခြောက်လှန့်ဖို့ လုပ်ကြံထားတဲ့ ပုံပြင်ပဲ ဖြစ်မှာပါ..."
အမှန်တကယ်ပင်၊ ဤကမ္ဘာရှိ ခေါင်းပါးသော ကျေးလက်ရွာလေးများတွင် သတင်းအချက်အလက် စီးဆင်းမှုမှာ အလွန်နှေးကွေးလှသည်။ တစ်စုံတစ်ယောက်က နတ်ဆိုးကို တွေ့မြင်ခဲ့လျှင်ပင် ထိုသူသည် နတ်ဆိုးသုတ်သင်ရေးတပ်ဖွဲ့ (Demon Slayer Corps) မှ အဖွဲ့ဝင်တစ်ဦး မဟုတ်ပါက သတင်းပျံ့နှံ့ရန်မှာ မလွယ်ကူပေ။
ဖုန်းယုတို့အဖွဲ့ မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိရန် သုံးနာရီခန့် ကြာမြင့်ခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် တိုင်းရှောခေတ် (Taisho era - ၁၉၁၂ မှ ၁၉၂၆) ဂျပန်နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့၏ အသွင်အပြင်ကို ဖုန်းယုကိုယ်တိုင် ပထမဆုံးအကြိမ် ထိတွေ့ခံစားဖူးခြင်း ဖြစ်သည်။ သူ၏ယခင်ဘဝက ကြားဖူးနားဝအရ ဤခေတ်ကာလသည် ဂျပန်နိုင်ငံ၏ သမိုင်းတစ်လျှောက် တိုတောင်းသော်လည်း ငြိမ်းချမ်းတည်ငြိမ်သည့် ကာလတစ်ခုဟု ဆိုကြသည်။
လူတိုးဝှေ့သွားလာနေသည့် မြို့ငယ်လေးကို ကြည့်ရင်း "တစ်ရပ်တစ်ကျေး..." ဟူသည့် စကားလုံးကို ဖုန်းယု သတိရမိသည်။
သူ့မျက်ဝန်းများ မှေးမှိန်သွား၏။
ယခုအချိန်တွင် သူ့မိဘများ မည်သို့ရှိနေမည်ကို သူ မသိနိုင်တော့ပေ။ သူ ပျောက်ဆုံးသွားကြောင်း သိလိုက်ရလျှင် သူတို့ မည်မျှပင် ပူဆွေးနေကြမည်နည်း...။
မေရှူး၏ဖခင်သည် ငိုင်တိုင်တိုင် ရပ်နေသော ဖုန်းယု၏ မျက်ဝန်းထဲမှ ဝမ်းနည်းရိပ်ကို မြင်သောအခါ သူသည် မိဘများကို လွမ်းဆွတ်နေခြင်း ဖြစ်လိမ့်မည်ဟု တွေးတောမိကာ - "ဖုန်းယုလေးရေ... သွားကြစို့။ ရိက္ခာတွေကို ကုန်သည်ဆီ အပ်ပြီးရင် ငါ မင်းကို အရသာရှိတဲ့ မုန့်တွေ လိုက်ကျွေးမယ်" ဟု ခေါ်လိုက်လေသည်။
မကြာမီပင် မေရှူး၏ဖခင်သည် ဖုန်းယုကို ခေါ်ဆောင်ကာ ကုန်သည်နှင့် ကုန်ပစ္စည်းဈေးနှုန်း တွက်ချက်အပြီးသတ်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် လူစည်ကားသော လမ်းမထက်တွင် လျှောက်လည်ကြသည်။ မေရှူး၏ဖခင်က ဖုန်းယု တစ်ခါမှ မမြင်ဖူးသည့် အရာမျိုးစုံကို လိုက်လံပြသကာ စကားတပြောပြောနှင့် လိုက်ပါလာသည်။ သူ၏အမှတ်သညာထဲတွင် ဖုန်းယုသည် ရွာမှထွက်၍ မြို့သို့ တစ်ခါမှ မရောက်ဖူးသောကြောင့် ဖြစ်သည်။
သို့သော် ဖုန်းယုကမူ အိမ်သို့ အမြန်ဆုံးပြန်ချင်နေပြီး ယနေ့အတွက် ကျန်ရှိနေသည့် ဓားလေ့ကျင့်ခန်းများကို အမီပြုလုပ်ကာ၊ အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် စနစ် (System) ကို အမြန်ဆုံး အသက်သွင်းလိုနေသည်။
ဖုန်းယုအနေနှင့် အရာအတော်များများကို သိရှိထားသော်လည်း ကျွန်းနိုင်ငံလေး၏ ထူးခြားသည့် ဒေသထွက်ပစ္စည်းအချို့မှာမူ သူ့အတွက် ဆန်းသစ်နေဆဲ ဖြစ်သည်။
ဤခေတ်ကာလတွင် ကျွန်းနိုင်ငံလေး၌ သေနတ်များ စတင်ပေါ်ပေါက်နေပြီဖြစ်ကာ စည်ကားရာဒေသအချို့တွင် ကွန်ကရစ်တိုက်မြင့် အဆောက်အအုံများပင် စတင်ရှိနေပြီဖြစ်သည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးသည် နေ့စဉ်သုံးပစ္စည်းအချို့နှင့် မေရှူးအတွက် မုန့်အချို့ကို ဝယ်ယူပြီးနောက် နွားလှည်းကို မောင်းနှင်ကာ ရွာသို့ ပြန်ခဲ့ကြသည်။
ဤရာသီတွင် နေဝင်ချိန်မှာ အနည်းငယ် နောက်ကျတတ်သည်။ သူတို့နှစ်ဦး အိမ်သို့ ပြန်ရောက်သောအခါ နေမဝင်သေးဘဲ နီမြန်းသော နေဝင်ဆည်းဆာရိပ်သည် ဖုန်းယု၏ မျက်နှာထက်တွင် ထင်ဟပ်နေသည်။
နုပျော့သော လေပြေညင်းကို ခံစားရင်း ဖုန်းယုသည် သူ၏ခန္ဓာကိုယ်မှာ တစ်ခုခု ထူးခြားပြောင်းလဲလာသလို ခံစားရသည်။
သို့သော် သူ သိပ်ပြီး ဂရုမစိုက်မိဘဲ ယခင်ဘဝကို လွမ်းဆွတ်မိ၍ ဖြစ်မည်ဟုသာ တွေးလိုက်သည်။
မည်သို့ပင်ဆိုစေ... ဤနေရာသည် သူ့အတွက် တစ်ရပ်တစ်ကျေး ဖြစ်နေသည်မဟုတ်လား...။
အထုတ်အပိုးများ သိမ်းဆည်းပြီးနောက် ဖုန်းယုသည် ကျန်ရှိနေသော နေအလင်းရောင်ကို အသုံးပြုကာ ဓားထုတ်လေ့ကျင့်ခန်းကို စတင်တော့သည်။
မကြာမီပင် နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ခြောက်လတာ ကာလအတွင်း ဖုန်းယုသည် နေ့စဉ် ထမင်းဟင်းချက်ခြင်း၊ ဓားလေ့ကျင့်ခြင်းနှင့် တစ်ပတ်လျှင် တစ်ကြိမ် ကုန်စည်ပို့ဆောင်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်ခဲ့ပြီး ထူးထူးခြားခြား ပြောင်းလဲမှု မရှိခဲ့ပေ။
သို့သော်လည်း သူ့ကို နေ့စဉ် စောင့်ကြည့်နေတတ်သည့် မျက်လုံးဝိုင်းလေးတစ်စုံ ရှိနေတတ်သည်။ အစပိုင်းတွင် သူ အနည်းငယ် နေရခက်သော်လည်း လွန်ခဲ့သည့် ခြောက်လအတွင်း ဤအရာသည် ဖုန်းယုအတွက် နေ့စဉ်ဖော်တစ်ဦးကဲ့သို့ ဖြစ်လာခဲ့သည်။
ဖုန်းယုသည် တစ်ခါတစ်ရံ မေရှူးတို့အိမ်တွင် ထမင်းသွားစားတတ်သည်။ တခြားသူ ချက်ကျွေးသည့် ထမင်းကို စားရပြီးနောက် ဓားလေ့ကျင့်ရခြင်းမှာ ပို၍ အားရှိစေသည် မဟုတ်ပါလား။
ဤခြောက်လအတွင်း ဖုန်းယုသည် နေ့စဉ် ခန္ဓာကိုယ်ပန်းတိုင်ရောက်သည်အထိ မိမိကိုယ်ကို လေ့ကျင့်ပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ စနစ် (System) ၏ အကူအညီကြောင့် နောက်တစ်နေ့တွင် ခန္ဓာကိုယ်မှာ ပြန်လည်လန်းဆန်းလာစမြဲဖြစ်ပြီး ဓားထုတ်သည့် အရှိန်မှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြန်ဆန်လာခဲ့သည်။
ထို့ကြောင့်ပင် စနစ်မျက်နှာပြင် (System Panel) ပေါ်ရှိ ဓားလွှဲသည့် အကြိမ်ရေမှာ (၇) သိန်းအထိ ရောက်ရှိသွားခဲ့သည်။
ယခုဆိုလျှင် တစ်နေ့လျှင် အကြိမ်ရေ တစ်သောင်းနီးပါးအထိ လွှဲနိုင်နေပြီဖြစ်ရာ သူ၏ ဓားလွှဲနှုန်းမှာ မည်မျှမြန်ဆန်နေသည်ကို သိသာစေသည်။
"ပန်းတိုင်ရှိနေရင် ဓားက အလိုအလျောက် ထွက်လာလိမ့်မယ်" ဆိုသည့် စကားမှာ အမှန်ပင် ဖြစ်လိမ့်မည်။
ထို့အပြင် ခြောက်လအကြာတွင် ဖုန်းယုသည် သူ၏ခန္ဓာကိုယ်မှာလည်း ထူးထူးခြားခြား ပြောင်းလဲလာသည်ကို တွေ့ရသည်။ သူသည် အလွန် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ယခင်က အရပ်အမြင့် ၁.၄၅ မီတာသာ ရှိခဲ့သော်လည်း ယခုအခါ ၁.၆ မီတာခန့်အထိ ရှိနေပြီဖြစ်သည်။ ခြောက်လအတွင်း အရပ်အမြင့် ဤမျှအထိ ခုန်တက်သွားခြင်းမှာ အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှသည်။
ကျွန်းနိုင်ငံသားများသည် ယေဘုယျအားဖြင့် အရပ်ပုကြပြီး မေရှူးလေးတို့ မိသားစုမှာမူ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘဲ သာသာယာယာပင် နေထိုင်စားသောက်နေကြသည်။
"နီးနေပြီ။ အခုအရှိန်နဲ့ဆိုရင် ဓားလွှဲတဲ့အကြိမ်ရေက မကြာခင် ၁ သန်းပြည့်တော့မယ်။ အဲ့ဒီကျရင် စနစ်ကို အသက်သွင်းလို့ ရပြီ။"
"ဒါနဲ့... ငါ့ရင်ထဲမှာ ဘာလို့ တစ်ခုခုကို စိုးရိမ်ထိတ်လန့်နေသလို ခံစားနေရတာလဲ? မကြာခင်မှာ ဆိုးဝါးတဲ့အရာတစ်ခုခု ဖြစ်တော့မလိုပဲ..."
အင်္ကျီချွတ်ကာ ဓားလေ့ကျင့်နေသည့် ဖုန်းယုသည် မျက်မှောင်ကြုတ်လျက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
"ဟိုဘက်အရပ်ကနေ... ငါ့စိတ်ကို ဂနာမငြိမ်ဖြစ်အောင် လုပ်နေတာ..."
လက်ထဲမှ သစ်သားဓား လှုပ်ရှားမှု ရပ်တန့်သွားသောအခါ မေရှူးက နားမလည်နိုင်စွာဖြင့် - "အစ်ကိုဖုန်းယု၊ ဘာလို့ ရပ်လိုက်တာလဲ? တစ်ခုခု ဖြစ်လို့လား?" ဟု မေးလိုက်သည်။
ဖုန်းယုက ခေါင်းယမ်းလိုက်ရုံသာ ပြုပြီး ဘာမှ ထပ်မပြောတော့ပေ။ ဤသည်မှာ သူ့ရင်ထဲမှ ခံစားချက်သက်သက်သာ ဖြစ်နေနိုင်ပြီး ဤကမ္ဘာသို့ ရောက်လာကတည်းက စိုးရိမ်စိတ် လွန်ကဲနေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။
သို့သော် မကြာမီပင် ဖုန်းယု၏ စိုးရိမ်ထိတ်လန့်မှုမှာ အမှန်တကယ် ဖြစ်လာခဲ့တော့သည်...။
"ဟေ့... နင်တို့ ကြားပြီးပြီလား? ဟိုဘက်ရွာမှာ လူသားစားတဲ့ သားရဲတစ်ကောင် ရောက်နေတယ်တဲ့။ လူအတော်များများလည်း ပျောက်ဆုံးနေကြတယ်လို့ ပြောကြတယ်။ အဲ့ဒီလူတွေကို တောင်ပေါ်ဆွဲသွားပြီး စားပစ်တာတဲ့။ ပြန်တွေ့တဲ့အချိန်မှာ အသားစတွေ၊ ခြေလက်တွေနဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေပဲ ကျန်တော့တယ်ဆိုပဲ။ အကုန်လုံးကို ပြောင်အောင် စားသွားတာတဲ့..."
"အခု အဲ့ဒီရွာကလူတွေဆို ကြောက်လန့်တကြား ဖြစ်နေကြတာ။ အပြင်တောင် မထွက်ရဲကြဘူး။ ညဘက်ဆိုလည်း တံခါးတွေကို သေချာ ပိတ်ထားကြရတယ်...။ သက်ဆိုင်ရာ စစ်သည်တော်တွေက အဲ့ဒီသောက်ကျိုးနည်း သားရဲကို အမြန်ဆုံး လာသတ်ပေးရင် ကောင်းမှာပဲ။ နောက်ထပ် လူတွေ ထပ်မသေအောင်ပေါ့..."
"ဟုတ်ပါ့... သားရဲကို အမြန်သတ်ပစ်မှ ဖြစ်မယ်။ မဟုတ်လို့ကတော့ ဟိုဘက်ရွာကလူတွေကို စားလို့ဝသွားရင် ငါတို့ရွာဘက်ကို ပြေးလာမှာ စိုးရတယ်..."
"တော်ပြီ... ဆက်မပြောနဲ့တော့။ ဒီရက်ပိုင်း ညဘက်ဆို တံခါးတွေ၊ ပြတင်းပေါက်တွေ သေချာပိတ်ရမယ်။ အိပ်ရာဘေးမှာလည်း ခုခံဖို့ လက်နက်တစ်ခုခု ထားမှဖြစ်မယ်။ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ..."
"ဟုတ်တယ်... ဟုတ်တယ်..."
နံနက်စောစောတွင် ရွာထဲမှ သက်ကြီးရွယ်အိုအချို့သည် အားလပ်ချိန်၌ တစ်နေရာတည်းတွင် စုဝေးကာ ထိုသတင်းကို ပြောဆိုနေကြခြင်း ဖြစ်သည်။
ဖုန်းယုသည် ထိုသူများ၏ စကားကို နားထောင်ရင်း စိတ်လှုပ်ရှားစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ခံစားနေရသည့် မသိမသာ ထိတ်လန့်မှုသည် ထိုအဖြစ်အပျက်များ ဖြစ်ပွားနေသည့် ဘေးရွာဘက်ဆီမှ လာခြင်းပင် ဖြစ်သည်။
"မထင်မှတ်ဘဲ ဒီကမ္ဘာက လူသားစားတဲ့ မိစ္ဆာနတ်ဆိုးတွေနဲ့ စောစောစီးစီး ရင်ဆိုင်ရတော့မှာပဲ..."
"ငါ့ရဲ့ ဆဌမအာရုံကလည်း တကယ်ကို စူးရှတာပဲ..."
ဖုန်းယုက အသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီးနောက် အိမ်သို့အမြန်ပြေးကာ ဓားလေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်သည်။ ထို့အပြင် အိပ်ရာဘေးတွင်လည်း သားလှီးဓားတစ်လက်နှင့် ပုဆိန်တစ်လက်ကို အသင့်ထားလိုက်သည်။
အကယ်၍ ထိုအရာသည် အမှန်တကယ် မိစ္ဆာနတ်ဆိုး ဖြစ်နေပါက ရိုးရိုးဓားနှင့် ပုဆိန်သည် အသုံးမဝင်ကြောင်း၊ နတ်ဆိုးသုတ်သင်ရေးတပ်ဖွဲ့၏ လက်ထဲမှ နေဝန်းဓား (Nichirin Sword) သာလျှင် မိစ္ဆာနတ်ဆိုးကို သတ်နိုင်ကြောင်း သူ သိရှိထားပြီးသား ဖြစ်သည်။
"လာစမ်းပါစေ..." ဖုန်းယု ထိုသို့ တွေးလိုက်ရင်း တစ်နေ့တာ ဓားလေ့ကျင့်ခန်းကို စတင်လိုက်တော့သည်။
ထိုသို့ဖြင့် တစ်ပတ်တာ ကာလသည် အေးအေးချမ်းချမ်းဖြင့် ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် ရှစ်ရက်မြောက်နေ့၌မူ ထိုသတင်းဆိုးသည် ဖုန်းယုတို့ရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေတော့သည်။